ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ပြည်တွင်းစစ် ပြဿနာအတွက် အဖြေရှာရေးက သူတို့၏ ထိပ်တန်း ဦးစားပေးများ ထဲမှ တခုဖြစ်သည်ဟု မြန်မာအစိုးရသစ်က ကြေညာထားခဲ့သည်။ အဆိုပါ အချက်သည် ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ စတင် တည်ထောင်သည့် အချိန်တွင် ထုတ်ပြန်ခဲ့သည့် မူဝါဒများနှင့်လည်း ကိုက်ညီမှုရှိပါသည်။
“တိုင်းရင်းသားအရေးနှင့် ပတ်သက်သော နှစ် ၄၀ ကြာ သမိုင်းသည် ဝမ်းနည်းစရာ ကိစ္စတခု ဖြစ်နေခဲ့သည်။ နိုင်ငံတော် ဘတ်ဂျက်၏ ၄၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ရေး အတွက် သုံးစွဲခဲ့ရသဖြင့် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးကို ကြီးမားစွာ ထိခိုက်နစ်နာစေခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့က တိုင်းရင်းသားလူနည်း စုများအတွက် ရေရှည်အကျိုးရှိမည့် အဖြေတခုကို ရှာဖွေရမည် ဖြစ်သည်။ လူနည်းစုများ၏ မွေးရာပါ အခွင့်အရေး၊ ပြည်ထောင်စုတခုလုံး အေးချမ်းသာယာစေရေး တို့နှင့် လိုက်လျောညီထွေ ဖြစ်စေမည့် အမြင့်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိစေရေးမှာ အဖွဲ့ချုပ်၏ ရည်မှန်းချက် ဖြစ်သည်” ဟု သူတို့က ဖော်ပြခဲ့သည်။
သို့သော်လည်း ငြိမ်းချမ်းရေး ရရှိရန်မှာ အစိုးရသစ်အနေဖြင့် ဆန်းသစ်သည့် ချဉ်းကပ်မှုတခုကို ရှာဖွေရမည် ဖြစ်ကြောင်း ထင်ရှားနေသည်။
၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် ယခင်သမ္မတဟောင်း ဦးသိန်းစိန်က MPC ခေါ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (Myanmar Peace Center) အမည်ရှိ အဖွဲ့အစည်းတခုကို နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြီးမားသော ဘဏ္ဍာရေး အထောက်အပံ့ဖြင့် တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ဆွေးနွေးမည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ရန် ဖြစ်ပါသည်။
သို့သော်လည်း ပြဿနာမှာ MPC က အဆင့်ကျော်၍ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အရင်လက်မှတ်ထိုးပြီး နိုင်ငံရေး ဆွေးနွေးမှုများကို နောက်ပိုင်းမှ ပြုလုပ်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ်မှာ အစိုးရ နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိသည့် အဖွဲ့များကို အကျိုးအမြတ် များပြားသည့် စီးပွားရေး အခွင့်အလမ်းများ ပေးအပ်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ နောက်ပိုင်းကျမှသာ နိုင်ငံရေး ဆွေးနွေးမှု တချို့ ပြုလုပ်ကောင်းပြုလုပ်မည် ဖြစ်ပါသည်။
အဆိုပါ မူဝါဒ အပြည့်အ၀ ကျရှုံးသွားခဲ့ခြင်းက အံ့အားသင့်ဖွယ်ရာ မဟုတ်ပါ။ သဘောတူခဲ့သူ တချို့တော့ ရှိပါသည်။ ရာထူး သက်တမ်း မကုန်ဆုံးမီ ၁၁ နာရီ အလိုတွင် သမ္မတဦးသိန်းစိန် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ကို နေပြည်တော်သို့ ဖိတ်ခေါ်ခဲ့သေးသည်။ ရွေးကောက်ပွဲ မကျင်းပမီ တလပင် မလိုတော့သည့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၅ ရင်နေ့က နေပြည်တော်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေး ထိုးခဲ့ခြင်းက အတော်ပင်ထူးခြားသော တိုက်ဆိုင်မှုတခု ဖြစ်သည်။
လက်မှတ်ထိုးခဲ့သည့် အဖွဲ့ ၈ ဖွဲ့ ရှိ သော်လည်း ၅ ဖွဲ့မှာ လက်နက်ကိုင်တပ်ဖွဲ့ မရှိသည့် အဖွဲ့များ ဖြစ်ကြသည်။ တဖွဲ့ အပါအဝင် ဖြစ်သည့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) မှာ ၁၉၉၄ ခုနှစ် ဒီဇင်ဘာဘတွင် ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက် လာပြီးကတည်းက အစိုးရနှင့် မဟာမိတ်ပြုထားသည့် အဖွဲ့အစည်းတခု ဖြစ်သည်။ ထို့ကြောင့် လက်မှတ်ထိုးခဲ့သည့် အဖွဲ့များထဲတွင် အစိုးရနှင့် အမှန်တကယ် လက်နက်ကိုင် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် အဖွဲ့အစည်းဟူ၍ KNU နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့သာ ပါဝင်သည်ဟု ဆိုနိုင်ပါသည်။
မြန်မာနိုင်ငံမှာ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးများ ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (ရှမ်းပြည်နယ် အရှေ့ပိုင်း)၊ ရှမ်းပြည်တပ်မတော် (SSA) တို့ အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးရာတွင် မပါဝင်ခဲ့ကြပါ။ အဆိုပါ အဖွဲ့များသည် မြန်မာနိုင်ငံ တွင်းမှ တိုင်းရင်းသား လက်နက်ကိုင် အင်အား စုစုပေါင်း၏ ၅ ပုံ ၄ ပုံ ရှိနေသည့် အဖွဲ့များ ဖြစ်ကြပါသည်။
နောက်ပိုင်းတွင် အဆိုပါ သဘောတူညီချက်ကြောင့် လက်မှတ်ထိုးခဲ့သည့် အဖွဲ့အစည်းများနှင့် မထိုးသည့် အဖွဲ့အစည်းများ ကြားတွင် ကွဲပြားမှုများဖြစ်စေခဲ့သည်။ အစိုးရတပ်၏ အသိအမှတ်ပြုမှုကို ရရှိထားသော RCSS က ထိုင်းနိုင်ငံ နယ်စပ် တလျှောက် ၎င်း၏ စခန်းများမှ တပ်သား ၂၀၀၀ ခန့်ကို ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ရွှေ့ပြောင်း၍ ပလောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် TNLA နှင့် တိုက်ခိုက်ခဲ့သည်။ TNLA မဟာမိတ်များ ဖြစ်သည့် UWSA၊ KIA ၊ ရှမ်းပြည်တပ် မတော် နှင့် MNDAA တို့က လည်း RCSS ကို တိုက်ခိုက်ရန် ကတိပြုခဲ့ကြသည်။
KNU က တရားဝင် ကွဲပြားခြင်း မရှိခဲ့ပါ။ သို့သော်လည်း အစိုးရနှင့် ပြုလုပ်ခဲ့သည့် အငြင်းပွားဖွယ်ရာ သဘောတူညီချက် များကို အကြောင်းပြု၍ အဖွဲ့အစည်း အတွင်းတွင် ကွဲပြားမှုများ နက်ရှိုင်းစွာ ဖြစ်စေခဲ့သည်။ နေပြည်တော်တွင် လက်မှတ်ထိုးပြီး ၃ ပတ်ပင် မကြာသည့် နိုဝင်ဘာလ ၅ ရက်နေ့တွင် UWSA ၏ ဌာနချုပ် ပန်ဆန်းတွင် ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီး အစည်းအဝေးသို့ KNU ထိပ်တန်းခေါင်းဆောင် ၂ ဦး တက်ရောက် လာခဲ့သည်ကို အံ့အားသင့်ဖွယ်ရာ တွေ့ရှိရသည်။ သို့သော်လည်း သူတို့က ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) ကို ကိုယ်စား ပြု၍ တက်ရောက်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် ကရင် တော်လှန်ရေး လှုပ်ရှားမှုတွင် အက်ကြောင်း တခုရှိနေကြောင်း ဖော်ပြသလို မဖြစ်ခဲ့ပါ။
အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကို သွေးဆောင် စည်းရုံးခြင်း ကဲ့သို့သော သွေးခွဲသည့် မူဝါဒဖြင့် ရှေ့ဆက်သွားရန် ခက်ခဲနိုင်ပါသည်။ အကောင်းဆုံးမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ရရှိခဲ့သည့် သဘောတူညီချက်ကို ဘေးဖယ်ထားလိုက်ရန် ဖြစ်သည်။
တခြားဘက်မှ ကြည့်လျှင် လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တခြားသော သိသာမြင်သာသည့် နည်းလမ်းတခုဖြင့် ပါဝင်ရန် ပျက်ကွက်ခဲ့ကြပါသည်။ ထို့အပြင် သူတို့သည် ဖြစ်လာနိုင်သည့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်းထက် ဖြစ်လာမှသာ တုံ့ပြန်ခဲ့ကြသည်။ ယခု အခါတွင်လည်း အစိုးရသစ်က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်လာမည်ကို စောင့်ဆိုင်းနေခြင်းထက် အနည်းငယ်မျှသာ ပို၍ လုပ်နေခဲ့ကြသည်။ အရာရာတွင် အပြစ်မြင်တတ်သူများကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် တချို့သည် သူတို့ကို အစိုးရသစ်က ကမ်းလှမ်းလာမည့် အကျိုးအမြတ်များသော သဘောတူညီချက်များကို (အကယ်၍ ကမ်းလှမ်းမှုများသည် ယခင် အစိုးရက KNU ၊ RCSS နှင့် တခြား အဖွဲ့များကို ပေးခဲ့သည့် စီးပွားရေး သဘောတူညီချက်များ ထက်ပင် ပို၍ ကောင်းခဲ့လျှင်) စောင့်ဆိုင်း နေကြသည်ဟု ပြောနိုင်ပါသည်။
မြန်မာနိုင်ငံအတွင်းမှ အခြေအနေသည် နိုင်ငံခြားသား ပွဲစားများကြောင့် ရှုပ်ထွေးနေသည်ဟု ဆိုလျှင်ပင် ငြိမ်းချမ်းရေး အတွက် ကျယ်ပြန့်သည့် လမ်းပြမြေပုံတခု ပေါ်ထွက်လာရေးက မခက်ခဲသင့်ပါ။ သူတို့ကိုယ်သူတို့ ငြိမ်းချမ်းရေး အကျိုးဆောင်များဟု ရည်ညွှန်းခဲ့သူများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပြဿနာများနှင့် ပတ်သက်၍ လုံးဝနားမလည်သူများ သို့မဟုတ် အနည်းငယ်မျှသာ သိထားသူများ ဖြစ်ကြောင်း တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ သူတို့၏ အဓိက စိတ်ဝင်စားမှုမှာ နိုင်ငံခြားမှ ရန်ပုံငွေများ စီးဝင်နေသည့် ငြိမ်းချမ်းရေး ရတနာသိုက် အတွင်းမှ ငွေရှာနိုင်ရန် ဖြစ်သည်။ ဝေးလံခေါင်ဖျားသည့် နေရာများမှ ပြည်သူတို့၏ နာကျင်ခံစားမှုများကို ဖယ်ထုတ်ရန် မဟုတ်ပါ။
ရှေ့ဆက်သွားနိုင်မည့် ရိုးစင်းသော နည်းလမ်းတခုမှာ ပထမ အဆင့်အနေဖြင့် အစိုးရက တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး တခုကို ကြေညာသင့်ပါသည်။ ထိုအဆင့်တွင် မည်သူမျှ လက်မှတ်ထိုးရန် မလိုပါ။ သို့သော်လည်း မြေပြင်လက်တွေ့ အခြေအနေကို စောင့်ကြည့်မှု အချို့ လိုအပ်လာပါလိမ့်မည်။
ထို့နောက် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် ဘာသာရေး အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ ရှေ့ဆက်သွားမည့် လမ်းကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးသင့်ပါသည်။
တတိယ အဆင့်မှာ ပြည်ထောင်စုကို ခိုင်မာစေပြီး တိုင်းရင်းသား ပဋိပက္ခများအတွက် ရေရှည်တည်မြဲသည့် အဖြေများပေးမည့် ဖက်ဒရယ်ပုံစံများကို လေ့လာခြင်း ဖြစ်ပါသည်။ ဆယ်စုနှစ်များစွာ ပြဿနာ ဖြစ်နေခဲ့သည့် ပြည်တွင်းစစ်ပွဲကို ဆက်နေခြင်းက အမျိုးသား ညီညွတ်ရေးကို ထိခိုက်နစ်နာမှုသာ ဖြစ်စေပါလိမ့်မည်။
ထို့နောက် ဖက်ဒရယ်ပုံစံမှာလည်း ဗမာမဟုတ်သည့် ပြည်သူများ၏ ရည်မှန်းချက်နှင့် NLD ၏ ၁၉၈၈ ခုနှစ် ကြေညာချက်တွင် ကတိပြုထားသည်များ နှင့် ကိုက်ညီသော သဘောတူညီမှု ပုံစံတခု ဖြစ်သင့်ပါသည်။
ပဉ္စမမြောက်နှင့် နောက်ဆုံးမှာ နိုင်ငံရေး သဘောတူညီချက် တခုကို လက်မှတ်ရေးထိုးပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဖျက်သိမ်း၍ ဒေသခံရဲတပ်ဖွဲ့များ သို့မဟုတ် အရပ်ဘက်အဖွဲ့အစည်း နှင့် အစိုးရ အစရှိသဖြင့် ပြောင်းလဲသွားခြင်း သာလျှင် အကောင်းဆုံး အဖြေဖြစ်ပါလိမ့်မည်။ ထိုသဘောတူညီချက်ကို ၁၉၄၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်းက တိုင်းရင်းသားခေါင်းဆောင်များ နှင့်အတူ ပြည်ထောင်စု မြန်မာနိုင်ငံကို မည်သို့ ဖွဲ့စည်းမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည့် သမိုင်းဝင်ပင်လုံ စာချုပ်ကို ဆက်ခံသည့် သဘောတူညီချက် တခုဟု စဉ်းစားနိုင်ပါသည်။ သို့သော်လည်း ပထမ ပင်လုံစာချုပ်ကဲ့သို့ပင် မြန်မာနိုင်ငံတွင် မည့်သို့သော နိုင်ငံရေး တည်ဆောက်ပုံ တခုရှိသင့်သည် ဆိုသည်ကို အားလုံး တစိတ်တဝမ်းတည်း သဘောတူညီသည့် အနေအထားကို ရောက်ရှိပြီးမှ လက်မှတ်ရေးထိုး သင့်ပါသည်။
ထိုသို့ ဖြစ်လာရန် လွယ်ကူမည်တော့ မဟုတ်ပါ။ သို့သော်လည်း ဆယ်စုနှစ်များစွာ ရှိခဲ့သည့် ပဋိပက္ခများကို ဖြေရှင်းခြင်းက မည်သည့် အချိန်တွင်မှ မရှိခဲ့ပါ။ အနည်းဆုံးတော့ ထိုသို့ ပြုလုပ်ခြင်းသည် ယခင်အစိုးရနှင့် ၎င်းကို ထောက်ပံ့နေသည့် နိုင်ငံ တကာအလှူရှင်များ၏ မူဝါဒများထက်တော့ ပို၍ အပြုသဘော ဆောင်ပါလိမ့်မည်။ အဓိက တာဝန်မှာ ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ဆုံး လူမျိုးစု စစ်ပွဲများထဲမှတခုကို အဆုံးသတ်ပေးရန် ဖြစ်ပါသည်။ အဓိပ္ပါယ်မရှိသော ငြိမ်းချမ်းရေး စီမံကိန်း အမျိုးမျိုးတို့၏ ရန်ပုံငွေမှ အကျိုးအမြတ်ရယူရန် မဟုတ်ပါ။ NLD က ၁၉၈၈ ခုနှစ်တွင် ပြောကြားခဲ့သလို ဆယ်စုနှစ်များစွာ ကံဆိုးမိုးမှောင် ကျခဲ့ရသော မြန်မာပြည်သူများသည် လူမျိုးဘာသာ မခွဲခြားဘဲ ငြိမ်းချမ်းစွာ၊ တဦးနှင့် တဦး သဟဇာတဖြစ်စွာ နေထိုင်ရန် အလွန်ထိုက်တန်လှပါသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Bertil Linter ၏ How the NLD Can Fulfill Its Promise of Peace ကို ဘာသာပြန်ဆိုသည်။)