မြန်မာနိုင်ငံကို လုပ်ငန်း ကိစ္စကြောင့် ဖြစ်စေ၊ အလည်အပတ် ဖြစ်စေ လာရောက်ကြတဲ့ နိုင်ငံခြားသား မိတ်ဆွေ အများစုဟာ Street Food , Street Food ဆိုပြီး လမ်းဘေး အစားအစာကို တမ်းတ တောင်းဆိုကြတာ မကြာခဏ ကြုံတွေ့ရပါတယ်။
ခရီးသွားလုပ်ငန်း ကုမ္ပဏီ လုပ်ကိုင်နေတဲ့ မိတ်ဆွေ တယောက်ကလည်း သူ့ရဲ့ နိုင်ငံခြားသား ဧည့်သည်တွေကလည်း ရန်ကုန်မြို့ကို ရောက်လာတိုင်း အဲဒီလိုပဲ တောင်းဆိုကြကြောင်း ပြောပြပါတယ်။
တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ တခြားသော ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေ လာရောက် လည်ပတ်ကြတဲ့ မြို့တွေ ကမ်းခြေတွေမှာ Street Food တွေ လွယ်ကူပေါများသလောက် ဈေးနှုန်း သင့်တင့်၊ သန့်ရှင်း ဘေးကင်းပြီး အရသာလည်း ကောင်းမွန်ကြောင်း မကြာခဏ ချီးမွှမ်း ပြောဆိုသံတွေ ကြားနေရတော့ ကြားရ နားဝ မသက်သာ ဖြစ် မိတာ အမှန်ပါပဲ။
ယခင်အစိုးရ လက်ထက်က ရန်ကုန်မြို့ရဲ့ များပြားကြပ်သိပ်လှတဲ့ လမ်းဘေး ဈေးသည်တန်းတွေထဲက လမ်းပေါ် အစားအစာတွေ (Street Food Stalls)ရဲ့ သန့်ရှင်းလတ်ဆတ် ဘေးအန္တရာယ် ကင်းရှင်းရေး၊ စီမံကြပ်မတ်ရေး(Food Safety Management and Administration) နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အစားအစာနဲ့ ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ဌာန(FDA) ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ(YCDC) နဲ့ ကျန်းမာရေး ဝန်ကြီးဌာန တို့ သုံးပွင့်ဆိုင်အကြား ဘယ်ဌာနက တာဝန်ရှိပြီး တာဝန်ယူသင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အတော်ပင် အငြင်းပွားမှု ဖြစ်ခဲ့ကြောင်း မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
အလာတူပဲ School Meal စာသင်ကျောင်း မုန့်ဈေးတန်း အစားအစာနဲ့ ပတ်သက်လို့ လည်းကောင်း၊ တရားမဝင် တင်သွင်းလာတဲ့ အစားအသောက် ကုန်ပစ္စည်း၊ ပြီးတော့ ပြည်တွင်းမှာပဲ ထုတ်လုပ် ရောင်းချနေတဲ့ စားသောက်ကုန်တွေရဲ့ စံချိန်စံညွှန်းနဲ့ ဘေး အန္တရာယ် ကင်းရှင်းမှု အတွက် ဘယ်ဌာန က ကိုင်တွယ် စီမံဖြေရှင်း အရေးယူသင့်သလဲ ဆိုတာဟာလည်း လျစ်လျူရှု ထားရမယ့် အရေးကိစ္စတွေ မဖြစ်သင့်ပါဘူး။
အစားအစာ ဘေးကင်းလုံခြုံရေး (Food Safety) ရဲ့အရေးကြီးမှုဟာ နိုင်ငံတခုရဲ့ပို့ကုန် စီးပွားရေးတင်မက နိုင်ငံသားတွေရဲ့ ပြည်သူ့ ကျန်းမာရေး ကဏ္ဍ နဲ့ လူမှု ပတ်ဝန်းကျင် ဒေသအတွင်း ကူးစက်ရောဂါ မဟုတ်သော ရောဂါ ဘယ်လို ဖြစ်ပွားပျံ့နှံ့မှု အထိပါ အရေး ပါ နေတာကို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ အစိုးရရော၊ ဥပဒေပြု ကြပ်မတ် ထိန်းကျောင်းရေး တာဝန်ယူထားတဲ့ လွှတ်တော်တွေကပါ အစဉ်မပြတ် အလေးထား ကိုင်တွယ်ဆောင်ရွက်နေတဲ့ အရေးကိစ္စတခုအဖြစ် ရှုမြင်သုံးသပ်ပြီး လက်တွေ့တက်ကြွစွာ အချိန်နဲ့ တပြေးညီ လုပ်ဆောင်နေတာ တွေ့ရပါတယ်။
အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး မပြည့်စုံမှုကြောင့် နိုင်ငံရဲ့ အသုံးစရိတ် ဘတ်ဂျက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ် စေရုံသာမက လူသား အရင်းအမြစ်ရဲ့ ကုန်ထုတ်လုပ်မှု စွမ်းအင် Productivity ကျဆင်း ဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်စေနိုင်သလို အရေးကြီးဆုံးက နိုင်ငံရဲ့ပုံရိပ် Image နဲ့နာမည်ကောင်း Good Will ကိုထိခိုက်နစ်နာစေခြင်းက အကြီးမားဆုံးသော ဆုံးရှုံးမှုကြီး ဖြစ် ပါတယ်။
ဥပမာ ပေးရရင် ၂၀၀၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ 2008 Chinese Milk Scandal တရုတ်နိုင်ငံတွင်း နို့မှုန့် အန္တရာယ် အရေးအခင်း၊ ၂၀၁၁ ဂျာမနီနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ Ecoli 0104 : H4 Outbreak ကတဆင့် စိုက်ပျိုးထုတ်ကုန် နစ်နာဆုံးရှုံးမှု၊ ၂၀၀၄ နဲ့ ၂၀၀၆ ခုနှစ်မှာ ဖြစ် ပွားခဲ့တဲ့ H5N1 Bird Flu Outbreak ကြက်ငှက်တုပ်ကွေး ရောဂါ ပျံ့နှံ့မှုကြောင့် ထိုင်းနိုင်ငံရဲ့ စားသောက်ကုန် ထုတ်လုပ်မှု ပို့ကုန် နဲ့ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း Tourism Industry ကိုပါ အကြီးအကျယ် ထိခိုက်စေရုံသာမက ဒေသ အတော်များများ က အသင့် အစားအစာ ဆိုင်ခွဲ Fast Food Chicken Shop တွေ ဖြစ်တဲ့ KFC , Mc Donald’s တို့ရဲ့ ရောင်းအားကိုပါ ထိုးနှက်ခံခဲ့ရတာတွေဟာ သင်ခန်းစာယူ သတိမူစရာ ဖြစ်ရပ် မှတ်တမ်းတွေ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု အစားအစာနဲ့ ဆေးဝါး ကွပ်ကဲရေး ဌာန (Food and Drug Administration – FDA) ၊ စိုက်ပျိုးရေး ထုတ်ကုန် ဌာန (United State Department of Agriculture – USDA) တို့ရဲ့ ညီနောင် ဌာန တခုဖြစ်တဲ့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ဗဟို (Center of Diseases Control and Prevertion – CDC) ရဲ့ ၂၀၁၁ ခုနှစ် အစီရင်ခံ သတင်းထုတ်ပြန်ချက် အရ အမေရိကန်မှာ နှစ်စဉ် လူပေါင်း ၄၈ သန်း ဟာ အစားအစာ မသန့်ရှင်းမှုက တဆင့် ဖြစ်ပွားတဲ့ ရောဂါဘေးအန္တရာယ် (Foodborne Illness) ကိုခံစားရကြောင်း ဖော်ပြထား ပါတယ်။
အဲဒါက နိုင်ငံသား ၆ ဦးမှာ ၁ ဦးခံစားရတဲ့ သဘောပါပဲ။ လူ ၁ သိန်း ၂ သောင်း ရှစ်ထောင် ဆေးရုံတက် ကုသမှုခံယူခဲ့ရပြီး လူ ၃၀၀၀ ဟာ အဲဒီ အစားအစာကြောင့် ကူးစက်ပျံ့ပွား ခံစားရတဲ့ ဘေးအန္တရာယ် ရောဂါဘယကြောင့် သေဆုံးခဲ့ရတယ်လို့ အစီရင်ခံ ဖော်ပြထားပါတယ်။
အဲဒီ အထဲက ပြင်းထန်တဲ့ အစားအသောက်ကြောင့် ဖြစ်ပွားတဲ့ ရောဂါပိုး တမျိုးဖြစ်တဲ့ Salmoneda bacteria က တဆင့် ဖြစ်ပွားတဲ့ Salmonellasis ရောဂါကြောင့် ဆေးကုသမှု စရိတ်၊ ရောဂါထပ်မံ မဖြစ်ပွားရအောင် ကြိုတင်စီမံ လုပ်ဆောင်ရတဲ့ စရိတ်နဲ့ အလုပ်ပျက်ကွက်မှုကြောင့် ကုန်ထုတ် တန်ဖိုး Productive Value Loss ဟာ အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရှိခဲ့တယ်လို့ ဖော်ပြ အစီရင် ခံ ထားပါတယ်။
အဲဒီလို အစားအစာတွေရဲ့ စံချိန်စံညွှန်းမပြည့်မီမှုနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး သတ်မှတ်ချက် ချို့ယွင်းမှုတွေကြောင့် နိုင်ငံမှာ ငွေကြေး ကုန်ကျစရိတ် ဆုံးရှုံးနစ်နာမှုတွေ၊ ပြည်သူတွေ အသက်ဆုံးရှုံး သေကျေကြရမှုတွေ မဖြစ်ပွားရအောင် ရည်ရွယ်ပြီး အမေရိကန် အောက်လွှတ်တော် (State Congress)က Food Safety Modernization Act – FSMA ကို ၂၀၀၉ ခုနှစ်က စတင်အဆိုပြု ဆွေးနွေး လာခဲ့ပါတယ်။
အဲဒီ ဆွေးနွေးချက်ကို ၃ နှစ်အကြာ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ သမ္မတ ဘားရက် အိုဘားမား က လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပြီး အဲဒီနေ့မှာပဲ စတင် အကျုံးဝင် အကျိုးသက်ရောက် ပါတော့တယ်။
အဲဒီ ဥပဒေရဲ့ အနှစ်သာရကတော့ အစားအစာ ထုတ်လုပ်ဖြန့်ချိ ရောင်းချမှုနဲ့ အတူ ဝန်ဆောင်မှု၊ ပြည်ပတင်ပို့ ပြည်တွင်း တင်သွင်း ကုန်သွယ်မှု လုပ်ငန်းရပ် အားလုံးရဲ့ စံချိန်စံညွှန်းနဲ့ ဘေးအန္တရာယ် ကင်းရှင်းမှု Standard and Safety အပြင် စားသောက်ကုန် တခု ရဲ့ ကုန်ကြမ်းမှသည် သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပြုပြင် စီမံခြင်း Processing မှသည် တည်ခင်းကျွေးမွေး ဝန်ဆောင်မှု ပေးခြင်း Servicing အထိ အဆင့်တိုင်းကို သက်ဆိုင်ရာ ဌာနပေါင်းစုံတွေက တဌာနနဲ့ တဌာန ဘော်လီဘော ပုတ်ပြီး တာဝန် ရှောင် လွှဲခြင်း၊ လုပ်ပိုင်ခွင့် အကန့်အသတ် ရှိတာကြောင့် အပြည့်အဝ မလုပ်ဆောင်နိုင်ခြင်း တို့ကနေ ရှောင်ရှားဖို့ အစားအစာနဲ့ ဆေးဝါး ကြီးကြပ် ကွပ်ကဲမှုဌာန(FDA) တခုတည်းကိုပဲ လုပ်ပိုင်ခွင့် အာဏာ အပြည့်အဝ ပေးအပ်လိုက်တဲ့ ဥပဒေ ဖြစ်ပြီး FDA ဟာ ဈေးကွက် တွင်း ရောင်းချနေတဲ့ အစားအစာ ထုတ်ကုန် အားလုံးကို ပြန်လည်သိမ်းဆည်း ဖျက်ဆီးပိုင်ခွင့်အာဏာ လုပ်ပိုင်ခွင့်လည်း ရရှိသွား ပါ တယ်။
နောက်ဆက်တွဲ အနေနဲ့ လွှတ်တော်ကနေပြီး FDA အတွက် လိုအပ်တဲ့ အသုံးစရိတ်တွေကို အပြည့်အဝ ချပေးခြင်း၊ ဝန်ထမ်း စွမ်း အားပြည့် ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းနဲ့ အဂတိ လိုက်စား ကင်းရှင်းမှုကို ကြီးကြပ် အရေးယူမည့် ဥပဒေကိုလည်း ဆက်လက် ဆွေးနွေး အဆိုပြု တင်သွင်းဖွယ် ရှိနေကြောင်း တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးရဲ့ လက်ရှိ မြေပြင် အခြေအနေ၊ အစားအစာကြောင့် ရောဂါ ဖြစ်ပွားမှု၊ သေ ဆုံးမှု၊ အထူးသဖြင့် အစားအစာကြောင့် ကင်ဆာ ရောဂါ အမျိုးမျိုး ဖြစ်ပွားခံစားနေရမှုကို စာရင်းဇယား မှတ်တမ်း ကောက်ယူ ထုတ်ပြန် ပေးရေး နဲ့ ထိရောက်တဲ့ အရေးယူ လုပ်ဆောင်နိုင်မယ့် ဥပဒေ ပြဌာန်းရေးကို လွှတ်တော် ၃ ရပ်က လက်ရှိ ပြဌာန်းပြီး ဥပဒေများကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ထပ်မံ ပြင်ဆင် ဖြည့်စွက် အဆိုတင်သွင်း ဆွေးနွေးမှုများ ပြုလုပ်သင့်ပြီလို့ ယုံကြည် ပါတယ်။
ပြည်ပပို့ကုန်သာမက ပြည်တွင်း သွင်းကုန်ပစ္စည်းနဲ့ အစားအသောက် ရောင်းချခြင်း ဝန်ဆောင်မှု လုပ်ငန်းတွေမှာလည်း စားသောက် ဆိုင်ကြီးတွေ၊ ဟိုတယ်တွေသာမက Street Food Stall လမ်းပေါ်ခင်းကျင်း ရောင်းချနေကြတဲ့ အစားအသောက်တွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး နဲ့ သတ်မှတ်စည်းကမ်းချက်၊ စံချိန်စံညွှန်း ပြည့်မီရေးဟာလည်း အရေးကြီးပါတယ်။
အဲဒါတွေနဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက်မှုတွေမှာလည်း ဌာနတွေများပြီး တာဝန်ယူမှု မပြတ်သားတဲ့ ဖြစ်ရပ်မျိုးကိုရှောင်ရှား သင့်ပါတယ်။
ဌာနတိုင်းရဲ့ လုပ်ငန်းတာဝန်ကိုလည်း တိကျပြတ်သားစွာ သတ်မှတ် လုပ်ပိုင်ခွင့်ပေးပြီး အဂတိလိုက်စားမှုနဲ့ လာဘ်ပေး လာဘ်ယူမှု တွေကို မှန်ကန်ပြတ်သားစွာ ကြပ်မတ် အရေးယူနိုင်ဖို့အတွက် လွှတ်တော်မှာ ဆွေးနွေးပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ ဌာနတွေက ဦးဆောင် လုပ်ကိုင်သွားဖို့ လိုအပ်နေပါတယ်။
မကြာသေးခင် ရက်ပိုင်းအတွင်းက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး က ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း လုပ်ငန်းရှင်များနဲ့ တွေ့ဆုံရာမှာ လာမယ့် ၅ နှစ်အတွင်း ပို့ကုန် ၃ ဆ တိုးတက်အောင်၊ အထူးသဖြင့် စားသောက်ကုန် လုပ်ငန်း ပို့ကုန် တိုးတက်အောင် ဆောင်ရွက်မယ်လို့ ပြောကြားသွားတာ တွေ့ရပါတယ်။
လက်ရှိ အခြေအနေမှာကို ကမ္ဘာပေါ်မှာ ထိုင်းစားသောက်ကုန် တင်သွင်းမှုမှာ စတုထ္တ နေရာရှိနေတဲ့ မြန်မာနိုင်ငံဟာ လာမယ့် ၃ နှစ် (၂၀၁၈)မှာ စတင် အကျိုးသက်ရောက်တော့မယ့် AFTA (Asean Free Trade Area) နဲ့ AEC (Asean Economics Community) မှာ ဘယ်လို ရှင်သန်အောင် လုပ်ဆောင်ရမယ် ဆိုတာ အရေးအကြီးဆုံး အချက် ဖြစ်ပါကြောင်းလည်း အကြံပြု တင်ပြလိုက်ရပါတယ်။ ။
ဒေါက်တာ စိုးခိုင်သည် အစားအစာ ဘေးကင်း လုံခြုံရေး(Food Safety) နှင့် ပတ်သက်ပြီး အကြံပေး လုပ်ကိုင်နေသူ (Food Safety Consultant and Management) တဦး ဖြစ်ပါသည်။