မြန်မာနိုင်ငံတဝန်းမှာ အယ်လ်နီညိုရဲ့ ဒဏ်ကြောင့် ရာသီဥတု ဆိုးရွားလာတယ်။ အပူဒဏ်ကို အလူးအလဲ ခံစားနေရတယ်။ မြန်မာပြည် အထက်ပိုင်းမှာတော့ လေပြင်းမုန်တိုင်းကျပြီး မိုးသီးတွေ ကြွေတယ်။ ထိခိုက်ဒဏ်ရာရမှုနဲ့ သေကြေ ပျက်စီး ဆုံးရှုံးမှုတွေ ရှိတယ်။ မြန်မာပြည် အလယ်ပိုင်းမှာတော့ မိုးခေါင်ရေရှား ဖြစ်တယ်။ သီးနှံတွေ ပျက်စီးကုန်တယ်။ ရာသီဥတု ဖောက်ပြန်မှု သတင်းတွေက အခုတလော ကြီးစိုးနေပါတယ်။
၂၀၁၅၊ ၂၀၁၆ မှာ စူပါအယ်လ်နီညို လာမယ်လို့ ပညာရှင်တွေက ခန့်မှန်းခဲ့ပါတယ်။ အဲဒီ အယ်လ်နီညိုနဲ့ ရာသီဥတု ပြောင်းလဲခြင်း (Climate Change) ဟာ စပ်ဆက်မှုရှိတယ်လို့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေက ပြောပါတယ်။
သမုဒ္ဒရာတွေ ပူနွေးလာပြီး ကမ္ဘာကြီး တနေ့တခြား ရာသီဥတုဖောက်ပြန်တဲ့ အကြောင်းအရာ သတင်းတွေကို ရုပ်သံတွေမှာ နေ့စဉ်လိုလို တွေ့မြင်နေရပါတယ်။ ဒီကြီးမားတဲ့ သဘာဝ ဘေးအန္တရာယ်ကို ကာကွယ် ရင်ဆိုင်ဖို့အတွက် အစိုးရတွေက ဘာတွေ ပြင်ဆင်နေပြီလဲလို့မေးရင် Political will ရှိတဲ့ အစိုးရတွေ ကတော့ အစီအစဉ်ရှိရှိနဲ့ ဦးဆောင်ပြီးတော့ ပြင်ဆင်နေတယ်လို့ ပြောနိုင်ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ်ကရော ဘယ်လို ပေါ်လစီတွေနဲ့ ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာ ပြည်သူတွေ သိဖို့လိုပါတယ်။ Climate Change ရဲ့ ဒဏ်ကြောင့် အပူရှိန်တွေ ပိုပြီးမြင့်လာနေတယ်။ ဒါကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ ရေအရင်းအမြစ် ရှားပါးမှု၊ မြစ်ချောင်းတွေ တိမ်ကောမှုနဲ့ စီးဆင်းမှု ပြောင်းလဲမှုတွေ ရှိလာပါတယ်။ တောရိုင်းတိရစ္ဆာန်များစွာ မျိုးသုဉ်းကုန်တယ်။
ပင်လယ်သမုဒ္ဒရာရဲ့ ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ကမ်းရိုးတမ်းဒေသတွေက မြို့ကြီးတွေဟာ နောက်ပိုင်းမှာ နေထိုင်လို့ မရတော့ဘဲ ဖြစ်သွားနိုင်တယ်။ မတည်မငြိမ်မှုတွေ ဖြစ်လာနိုင်တယ်။ မိုးခေါင်ရေရှားမှုတွေကြောင့် စိုက်ပျိုးမှုတွေ၊ စားနပ်ရိက္ခာတွေ ထိခိုက်မယ်။ တောင်သူလယ်သမားတွေ ဒုက္ခရောက်မယ်။ အိန္ဒိယမှာဆိုရင် လယ်သမားတွေ မိမိကိုယ်ကိုယ် သတ်သေကြတဲ့ သတင်းတွေ ကြားရပါတယ်။
မီးလောင်မှုတွေ၊ ရေကြီးမှုတွေရဲ့ ဒဏ်ကို မြို့တွေ၊ ရွာတွေမှာ ခံကြရမယ်။ တချို့တိုင်းပြည်၊ ဒေသတွေမှာဆိုရင် အရင်ကထက် အရေအတွက် ပိုများတဲ့ မုန်တိုင်းတွေရဲ့ ဒဏ်ကို ခံရမယ်။ ပျက်စီးဆုံးရှုံးမှုတွေ အများကြီး ဖြစ်မယ်။ ကမ်းရိုးတမ်းဒေသတွေမှာ နေထိုင် လုပ်ကိုင် အသက်မွေးဝမ်းကျောင်းသူတွေရဲ့ တည်ငြိမ်မှုတွေ၊ စားဝတ်နေရေးတွေ၊ ပိုပြီး ခက်ခဲလာတယ်။ စီးပွားရေးကို တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။
ဒါ့အပြင် ရာသီဥတု ပြောင်းလဲ ဖောက်ပြန်တဲ့အတွက် ရောဂါဘယတွေ၊ ကူးစက်ရောဂါတွေ ပိုပြီးတော့ ဖြစ်ကုန်မယ်။ ရာသီဥတု ပြောင်းလဲမှုရဲ့ ဒဏ်ကို အကြီးအကျယ် ခံလိုက်ရတဲ့ မြို့တွေ၊ ရွာတွေမှာ နေထိုင်လို့ မဖြစ်နိုင်တော့တဲ့ အတွက် ဒေသတွင်းက လူတွေ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့မှုတွေ ဖြစ်လာမယ်။ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်တွေ အများအပြား ရှိလာနိုင်ပါတယ်။
အကျိုးဆက်ကတော့ နိုင်ငံရေးအရ မတည်မငြိမ်မှုတွေ ဖြစ်လာနိုင်တယ်။ အစိုးရတွေက မထိန်းနိုင်ရင် ဆူပူလှုပ်ရှားမှုတွေ ဖြစ်လာမယ် ဆိုတဲ့သဘောကို ပြောတာဖြစ်ပါတယ်။ အရင်ကတည်းက ပဋိပက္ခတွေ၊ ပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံတွေဆိုရင် အဲဒီရာသီဥတု ဖောက်ပြန် ပြောင်းလဲခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို ပိုခံရမယ်။ ဆင်းရဲတဲ့ နိုင်ငံတွေ ပိုဆင်းရဲ သွားမယ်။ နောက်ဆုံးမှာတော့ ရေသဘာဝ အရင်းအမြစ်ရှိတဲ့ နိုင်ငံတွေကို လိုအပ်နေတဲ့ နိုင်ငံတွေက (ဥပမာ အင်အားကြီး အိမ်နီးချင်း နိုင်ငံက အိမ်နီးချင်း နိုင်ငံငယ်ကို အနိုင်ကျင့်တာမျိုး) မိမိရဲ့ အင်အားအပေါ်မှာ မူတည်ပြီး မျက်စောင်းထိုး ရန်ရှာလာမယ် ဆိုတဲ့အထိ ရေအရင်းအမြစ်အပေါ် မူတည်တဲ့ ဒေသတွင်း ပဋိပက္ခတွေ စစ်ပွဲတွေအထိ ဖြစ်သွားနိုင်တယ်။
လေအေးစက် တပ်ဆင်ထားတဲ့ အခန်းထဲမှာ ထိုင်၊ ဈေးကြီးတဲ့ ဇိမ်ခံကားပေါ်ကဆင်း၊ ကိုယ်ပိုင်လေယာဉ်ပျံ ဝယ်/ငှားစီးနိုင်တဲ့ သစ်ခုတ်ပြီး ကြွယ်ဝချမ်းသာလာတဲ့ သူဌေးကြီး တယောက်က ဘယ်သူသေသေ ငတေမာစိတ်နဲ့ Climate Change ဆိုတာ သူသောက်နေကြ ဈေးကြီးတဲ့ ဝိုင်နာမည်ထဲက တခုလားလို့ တွေးချင်တွေးမယ်။ အဲဒီလိုပဲ သူ့ရဲ့မိတ်ဆွေ နိုင်ငံရေးသမားကလည်း Climate Change ဆိုတာ၊ အယ်လ်နီညိုဆိုတာ မိုးလေဝသ ဇလဗေဒ အလုပ်ပဲလို့ ထင်ချင်ထင်မယ်။
မြန်မာအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေမှာလည်း ဒီ Climate Change ရဲ့ ဒဏ်ကို ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။ အစိုးရတွေဟာ ကုလသမဂ္ဂ (UN) စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရမယ်။ UN မှာလည်း Climate Change နဲ့ ပတ်သက်တဲ့ ဌာနဖွဲ့စည်းပြီးသား ဖြစ်ပါတယ်။ တကယ် တတ်ကျွမ်း နားလည်သူတွေကို ဖိတ်ခေါ်၊ မိမိပြည်တွင်းက ဒီအရေးမှာ ပါဝင်လှုပ်ရှား နေသူတွေ၊ ပညာပေးအဖွဲ့တွေ၊ သတင်းမီဒီယာတွေ၊ NGO တွေ၊ အစိုးရအဖွဲ့တွေနဲ့ အစည်းအဝေးတွေ၊ ညီလာခံတွေ ကျင်းပရမယ်။ ပြီးရင် ဒီ Climate Change နဲ့ ပတ်သက်ပြီး နိုင်ငံအဆင့် ပေါ်လစီ (National policy) ကို ရေးဆွဲရမှာ ဖြစ်ပါတယ်။ မီဒီယာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ပညာပေးလှုံ့ဆော်မှုတွေ၊ ဒီပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေပြီး အသိပေးရမှာပါ။
သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေတဲ့ ခရိုနီစီးပွားရေး သမားကြီးတွေရဲ့ လုပ်ငန်းတွေကို တိုင်းပြည်ကို တင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီ ခရိုနီကြီးတွေကို ကာကွယ်မယ့် နိုင်ငံရေးသမားတွေ ရှိလာခဲ့ရင်လည်း ဖော်ထုတ်၊ ဖွင့်ချ ရေးသားရမှာ ဖြစ်ပါတယ်။ အချုပ်မှာ ဆိုရင်တော့ ဒီ Climate Change နဲ့ ဒီနေ့ မြန်မာပြည်မှာ ရင်ဆိုင်ရမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို အစိုးရနဲ့ တာဝန်ရှိသူတွေက အလေးအနက်ထားပြီး နှစ်တို၊ နှစ်ရှည် ပေါ်လစီတွေ ဆွဲရမယ်။ ကြိုတင်ပြင်ဆင်မှုတွေ၊ ထိန်းချုပ်မှုတွေ၊ သဘာဝ ပတ်ဝန်းကျင်အတွက် တင်းကျပ်တဲ့ စည်းကမ်းတွေ ထုတ်ရမှာဖြစ်တယ်။
အဆိုးဆုံးဖြစ်လာနိုင်တဲ့ အခြေအနေတွေ အတွက်လည်း ပြင်ဆင်ထားရမှာဖြစ်တယ်။ Climate Change အတွက် မြန်မာအစိုးရမှာ ဌာနတခု ဖွင့်သင့်ပြီလို့ ထင်ပါတယ်။ သမ္မတ ဦးထင်ကျော် အစိုးရပုခုံးပေါ်မှာ Climate Change ကလည်း တာဝန်တရပ် ဖြစ်တယ် ဆိုတာ ပြောပါရစေ။