ဆောင်းပါး

မြန်မာ-ရုရှား စစ်ဘက် ဆက်ဆံရေး ဘာလဲ ဘယ်လဲ

This article has been converted from Zawgyi One to Unicode

၂၀၁၆ ခုနှစ် မေလ ၅ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ်ချုပ်မြင့်နွယ်က “မြန်မာ-ရုရှား စစ်ဘက် ဆိုင်ရာ ပူးပေါင်းဆက်ဆံရေး သဘောတူညီမှုစာချုပ်အား လက်မှတ်ရေးထိုးနိုင်ရန်” အတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနအကြား ချုပ်ဆိုမည့် အဆိုပါစာချုပ်ကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ လွှတ်တော်သို့ တင်ပြလာခြင်းဖြစ်ပြီး အဆိုပါစာချုပ်နှင့်ပတ်သတ်၍ လွှတ်တော်အမတ်များအနေဖြင့် ဆွေးနွေးမှုများပြုလုပ်ကာ အတည်ပြုပေးနိုင်ခြင်းရှိ/မရှိကို ဆုံးဖြတ်ပေးရမည် ဖြစ်သည်။

နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်ကို ဖော်ဆောင်နေသော မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော သမ္မတဦးထင်ကျော်၏ အစိုးရလက်ထက်တွင် အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့် ပိုမိုရင်းနှီးနွေးထွေးသော ဆက်ဆံရေးတရပ် ပေါ်ထွန်းလာနိုင်သည်ဟု နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများက လေ့လာသုံးသပ်နေကြသလို အနောက်နိုင်ငံ များအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် အားယူလျက်ရှိနေကြသည်ကို ထင်သာမြင်သာ တွေ့လာရပေသည်။ သို့သော် တပ်မတော်ဘက်ကမူ အမေရိကန်နှင့် ဥရောပတို့၏ ပိတ်ဆို့အရေးယူမှုများကို ခံနေရပြီး ကမ္ဘာ့အနောက်ဘက် မျက်နှာစာတွင် ဆက်ဆံရေးတင်းမာနေသော ရုရှားနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆက်ဆံရေး သဘောတူ စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းလာသည်။

၁၉၈၈ နောက်ပိုင်းတွင် အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ခံခဲ့ရပြီး နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင်အထီးကျန်ခဲ့သော မြန်မာနိုင်ငံသည် အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်အပေါ်တွင် မှီခို အားထားခဲ့ရသလို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့သော ရုရှားနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးတရပ်ကို ထူထောင်ထားနိုင်ခဲ့သည်။ သို့သော် ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေများနှင့်အတူ မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး အခင်းအကျင်း ပုံစံမှာလည်း ပြောင်းလဲလာဖွယ်ရှိသည်ဟု မှန်းဆချက်များ ရှိနေသော်လည်း တပ်မတော်ဘက်က ရုရှားနှင့် စစ်ဘက်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်သွားရန် ကြိုးစားလာခြင်းမှာ စိတ်ဝင်စားစရာ ကောင်းလှသလို မည်သည့်အတွက်ကြောင့် ထိုသို့ကြိုးစားလာရခြင်းဖြစ်သည်ကိုလည်း လေ့လာသုံးသပ်ကြည့်သင့်သည်။

ဆက်ဆံရေး သမိုင်းကြောင်း

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရပြီးချင်း ၁၉၄၈ခုနှစ် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် ဆိုဗီယက်ပြည်ထောင်စုနှင့် သံတမန် ဆက်ဆံရေးကို စတင်တည်ထောင်ခဲ့သည်။ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ကတည်းက မြန်မာနိုင်ငံသည် ကမ္ဘာ့အင်အားကြီး နိုင်ငံတနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး စတင်ခဲ့ရာ အရှေ့တောင်အာရှတွင် အမေရိကန်၏ သြဇာလွှမ်မိုးမှုကို စိုးရိမ်ပူပန်နေခဲ့သော ဆိုဗီယက်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရပြီးချင်း သံတမန်ဆက်ဆံရေး စတင်ခဲ့သည်။

ထိုအချိန်က မြန်မာနိုင်ငံသည် ဘက်မလိုက် ကြားနေရေးမူဝါဒကို ကျင့်သုံးခဲ့ပြီး အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကောင်းခဲ့သလို ဆိုဗီယက်ပြည်ထောင်စုနှင့်လည်း ရင်းနှီးသောဆက်ဆံရေးကို တည်ထောင်နိုင်ခဲ့သည်။ နှစ်နိုင်ငံကြားက ခိုင်မာသော ဆက်ဆံရေး၏ ပြယုဂ်အနေဖြင့် ၁၉၅၅၊ အောက်တိုဘာလ ၂၁ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ဝန်ကြီးချုပ်ဦးနုသည် ဆိုဗီယက်ပြည်ထောင်စုသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး အပြန်အလှန်အားဖြင့် ၁၉၅၅ ဒီဇင်ဘာလတွင် ဆိုဗီယက်ပြည်ထောင်စုခေါင်းဆောင် ခရူးရှက်ဗ်သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။ ထို့အတူ ခရူးရှက်ဗ်သည် ၁၉၆၀၊ ဖေဖေါ်ဝါရီလတွင်လည်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထပ်မံလာရောက်ခဲ့သည်။

အဆိုပါခရီးစဉ်များ၏ အကျိုးဆက်အနေဖြင့် ဆိုဗီယက်ပြည်ထောင်စုသည် မြန်မာနိုင်ငံရှိမြို့များ ပြန်လည်တည်ဆောက်ရေးကို အကူအညီပေးရန် ကတိကဝတ်ထားရှိခဲ့သလို ရန်ကုန် နည်းပညာတက္ကသိုလ်ကျောင်း၊ အင်းလျားကန်စပ်ရှိ အခန်း ၂၀၆ ခန်းပါ အင်းလျားလိတ်ဟိုတယ်နှင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ တည်ဆောက်ရေးတို့ကို အကူအညီပေးခဲ့သည်။ ခရီးမိုင် ၆၂၅၆.၈၉ မိုင်ကွာဝေးသော မြန်မာနိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုအကြားတွင် အတော်စောစောကပင် ခိုင်မာသော သံခင်းတမန်ခင်း ဆက်ဆံရေးကောင်းတရပ်ကို တည်ထောင်နိုင်ခဲ့ပြီး စီးပွားကုန်သွယ်ရေးနှင့် နည်းပညာအကူအညီ ပေးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြသော်လည်း စစ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးပိုင်းတွင်မူ ၁၉၆၀ ကျော်ကာလများအထိ သိသာထင်ရှားသည့် ဆက်ဆံရေးအနေအထားမျိုးကို မတွေ့ရှိခဲ့ရပေ။

၁၉၅၅ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံအစိုးရအဖွဲ့မှ ပစ္စည်းအဝယ်တော်အဖွဲ့သည် အစ္စရေး၊ ယူဂိုဆလားဗီးယား၊ ဟန်ဂေရီ၊ ချက်ကိုစလိုဗက်ကီးယား၊ အရှေ့ဂျာမဏီနှင့် ဆိုဗီယက်ပြည်ထောင်စုသို့ ပစ္စည်းဝယ်ယူရေး ခရီးစဉ် သွားရောက်ခဲ့ရာ စစ်ဘက်အဖွဲ့အဝင်အဖြစ် ဒုတိယ စစ်ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးဝန် ဗိုလ်မှုးထွန်းရွှေနှင့်အဖွဲ့ လိုက်ပါသွားခဲ့ပြီး ဆိုဗီယက် ပြည်ထောင်စုမှ စစ်လက်နက်ပစ္စည်းဝယ်ယူရေးကို စတင်ကြိုးပမ်းခဲ့သည်ဟု မှတ်တမ်းများက ဆိုခဲ့သည်။ သို့သော် ထိုအချိန်က ဘက်မလိုက်ကြားနေရေးမူဝါဒကို ကျင့်သုံးနေခဲ့သော မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးများနှင့် စစ်ရေးဆိုင်ရာ ဆက်ဆံရေးကို အထူးဂရုပြု၍ သတိထားဆောင်ရွက်နေရသည့် အနေအထားမျိုးဖြစ်နေ၍ မြန်မာနှင့် ဆိုဗီယက်ပြည်ထောင်စု အကြား စစ်ဘက်ဆိုင်ရာဆက်ဆံရေးမှာ သံတမန်ဆက်ဆံရေးလောက် အားမကောင်းခဲ့ပေ။

တော်လှန်ရေးကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူခဲ့ပြီးနောက် ၁၉၆၃ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ဆိုဗီယက်ပြည်ထောင်စု၏ ကာကွယ်ရေးဝန်ကြီး မာရှယ်မာလင်နော့စကီးနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်မှာ အစောပိုင်းကာလ မြန်မာ-ဆိုဗီယက် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာဆက်ဆံရေး၏ အမြင့်ဆုံး ပြယုဂ်တစ်ခုပင်။ ၁၉၆၅ ခုနှစ်တွင် တော်လှန်ရေး ကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းသည် ဆိုဗီယက်ပြည်ထောင်စုသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သိသာထင်ရှားသည့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးအနေအထားမျိုးကို မတွေ့ရပေ။

သို့သော် ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့သော မြန်မာနိုင်ငံသည် အိမ်နီးချင်းတရုတ်နိုင်ငံအပေါ် မှီခိုအားထားခဲ့ရသလို အခြားသော ရွေးချယ်မှုတခုအဖြစ် ရုရှားနိုင်ငံနှင့်ဆက်ဆံရေးကို ပြန်လည်ထူထောင်လာခဲ့သည်။ ၁၉၉၀ ကျော်ကာလများတွင် ပုံမှန်ဖြစ်လာခဲ့သော မြန်မာနှင့် ရုရှားတို့၏ ဆက်ဆံရေးသည် ၂၀၀၀ ကျော်ကာလများတွင် အရှိန်အဟုန် မြင့်မားလာခဲ့ပေသည်။

နှစ်ဘက်ဆုံမှတ်

၁၉၁၇ တွင် ဆိုဗီယက်ပြည်ထောင်စု၏ တော်လှန်ရေးခေါင်းဆောင်ကြီး ဗလာဒီမာ လီနင်က “အရှေ့ကို မျက်နှာမူကြစို့။ အနောက်ကို သိမ်းပိုက်ဖို့ အရှေ့က ကျွနု်ပ်တို့ကို ကူညီလိမ့်မယ်” ဟု ကြွေးကြော်ခဲ့သည်။

လက်ရှိသမ္မတပူတင်လည်း နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် အာရှ-ပစိဖိတ်ဒေသ၏ အရေးပါမှုနှင့် တရုတ်၏ သြဇာကြီး ထွားလာမှုတို့ကို မျက်စိကျလာခဲ့ပြီး ခေါင်းဆောင်ကြီးလီနင်၏ ကြွေးကြော်သံအတိုင်း အရှေ့ဘက်သို့ လှည့်လာခဲ့သည်။ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံများမှာ အရေးပါလာသည်။ ထို့ကြောင့် ရုရှားနိုင်ငံသည် ၁၉၉၄ ခုနှစ်တွင် အာဆီယံ ဒေသတွင်း ဆွေးနွေးပွဲဖိုရမ် (ASEAN Regional Forum) တွင် ပါဝင်လာခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံ (ASEAN dialogue partner) ဖြစ်လာခဲ့သည်။

ခေတ်မီစစ်တပ်များကို တည်ဆောက်နေသော အရှေ့တောင်အာရှ ဈေးကွက်ကြီးသည် ရုရှားအတွက် စိတ်ဝင်စားစရာ ဖြစ်နေခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံများသည် လက်နက်နည်းပညာပိုင်းအတွက် ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ ခန့်အထိ အသုံးပြုဖွယ်ရှိသည်ဟု နိုင်ငံတကာကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။

မကြာသေးမီ နှစ်ပိုင်းအတွင်းတွင် ရုရှား၏ နိုင်ငံတကာ လက်နက်ဈေးကွက်မှာ ဆုတ်ယုတ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ အဓိက လက်နက်ဝယ်ယူသည့် နိုင်ငံတနိုင်ငံဖြစ်ခဲ့သော တရုတ်အနေဖြင့် ပြည်တွင်းလက်နက် ထုတ်လုပ်မှုကို ပိုမိုအာရုံစိုက်လာသဖြင့် ရုရှားထံမှ လက်နက်ဝယ်ယူမှု ကျဆင်းလာသည်။ နေတိုးဘက်သို့ ယိမ်းယိုင်သွားသော ဥရောပဈေးကွက်ကို လက်လွှတ်လိုက်ရသလို အရှေ့အလယ်ပိုင်း လက်နက်ဈေးကွက်မှာ ရပ်ဆိုင်းလုနီးပါး ဖြစ်နေပေသည်။ အီရတ်၊ အာဖဂန်လက်နက် ဈေးကွက်များကို လုံး၀ လက်လွှတ်လိုက်ရသလို အီဂျစ်၊ အီရန်ဈေးကွက်များမှာလည်း တရိပ်ရိပ် ကျဆင်းနေသည်။ ထို့အတူ အဓိက လက်နက်ဈေးကွက်ကြီးဖြစ်သော လစ်ဗျားနှင့် ဆီးရီးယားမှာလည်း ပဋိပက္ခများကြောင့် လက်နက်ဝယ်ယူမှု လုံး၀ ရပ်ဆိုင်းနေသည်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အိန္ဒိယ၏ လက်နက်ဝယ်ယူမှု ၇၅ ရာခိုင်နှုန်းကို ရုရှားမှ တင်ပို့ခဲ့သော်လည်း လာမည့်နှစ်များအတွင်းတွင် အိန္ဒိယဈေးကွက်မှာလည်း ကျဆင်းလာဖွယ် အလားအလာများ ရှိနေသည်။

လက်ရှိအချိန်တွင် ရေနံဈေး ကျဆင်းမှု၊ စီးပွားရေး ဖရိုဖရဲဖြစ်နေမှု၊ အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ မှုနှင့် ဆက်ဆံရေး တင်းမာမှုများကြောင့် အကျပ်ရိုက်နေသည့် ရုရှားအနေဖြင့် အရှေ့ဘက်သည်သာ အဓိကထွက်ပေါက်ကဲ့သို့ ဖြစ်နေသည်။

တဖက်တွင်လည်း မြန်မာနိုင်ငံသည် ၁၉၈၈ နောက်ပိုင်း အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် တရုတ်အပေါ် အကြီးအကျယ် မှီခိုလာရပြီး ထိုကဲ့သို့ အလွန်အမင်းမှီခိုရမှုအပေါ် စိုးရိမ်လာသည့်အတွက် ပြန်လည်ဟန်ချက်ညီ ထိန်းညှိရန် ရုရှားနှင့် ဆက်ဆံရေးကို ပြန်လည်တည်ဆောက်လာခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံမှ MiG-29 လေယာဉ်များကို ဝယ်ယူခဲ့သလို ၂၀၀၉ ခုနှစ်တွင်လည်း တရုတ်နိုင်ငံမှ ရောင်းချသော J-10 နှင့် FC-1 လေယာဉ်များကို ငြင်းပယ်ကာ ရုရှားနိုင်ငံမှ MiG-29 လေယာဉ်များကို ထပ်မံဝယ်ယူခဲ့သည်။

၂၀၀၆ခုနှစ် ဧပြီလတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေး မော်စကိုသို့ အလည်အပတ် သွားရောက်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် စွမ်းအင်ကဏ္ဍ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကဏ္ဍများတွင်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။

၂၀၀၇ ခုနှစ် မြန်မာနိုင်ငံနှင့်ပတ်သတ်၍ ပိတ်ဆို့အရေးယူမှုများဆောင်ရွက်ရန် အမေရိကန်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တင်သွင်းခဲ့ရာ ရုရှားနိုင်ငံသည် တရုတ်နှင့်အတူ ဗီတိုအာဏာသုံး၍ ပယ်ချခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်များကို အကာအကွယ် ပေးခဲ့ပေသည်။

အဆိုပါကာလများအတွင်း၌ပင် မြန်မာနိုင်ငံသည် ပြည်တွင်းတွင် နျူကလီးယားသုတေသန စင်တာတခု တည်ဆောက်ပြီး နျူကလီးယားဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်သွားရန်အတွက် ရုရှားနှင့် အကြိမ်ကြိမ် ညှိနှိုင်းပြီးသဘောတူညီမှုများ ပြုလုပ်ခဲ့သည်။ နျူကလီးယားသုတေသနလုပ်ငန်း အကောင်အထည် မပေါ်လာသော်လည်း မြန်မာနိုင်ငံသည် ရုရှား သို့ ပညာတော်သင်များ စေလွှတ်ကာ စစ်ဘက်ရေးရာ သင်တန်းများ၊ နည်းပညာဆိုင်ရာ သင်တန်းများကို သင်ယူစေခဲ့သည်။ ရုရှားပညာရေး ဝန်ကြီးဌာန၏ မှတ်တမ်းအရ ၁၉၉၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ရုရှားနိုင်ငံတွင် လာရောက်ပညာသင်ကြားသည့် မြန်မာကျောင်းသားပေါင်း ၄၇၀၅ ဦးရှိခဲ့သည်ဟု သိရသည်။

မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းသည့်အချိန်တွင်လည်း ရုရှားနိုင်ငံသည် မြန်မာနိုင်ငံအား အပြည့်အဝထောက်ခံပေးခဲ့သလို ဦးသိန်းစိန်ဦးဆောင်သော အရပ်သားအစိုးရလက်ထပ်တွင်လည်း သံတမန်ရေး၊ စစ်ဘက်ရေးရာဆိုင်ရာ ဆက်ဆံရေး ကောင်းများကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။

စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုအနေဖြင့်လည်း ၂၀၁၃ မတ်လတွင် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်းဂူးသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သလို အပြန်အလှန်အားဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်လည်း ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။

ဆာဂေးရွှိုင်းဂူးသည် မာရှယ်မာလင်နော့စကီး လာရောက်လည်ပတ်ခဲ့ပြီး နှစ် ၅၀ အကြာတွင် လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ခရီးစဉ်များအတွင်း စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် ဆွေးနွေးညှိ နှိုင်းခဲ့ကြသည်။ ထိုကဲ့သို့ နောက်ခံအခြေအနေ ဖြစ်ပေါ်တိုးတက်မှုများအပေါ် အခြေပြုပြီး ယခု နောက်ဆုံးအခြေအနေတွင် “မြန်မာ-ရုရှားစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆက်ဆံရေး သဘောတူစာချုပ်”ရေးထိုးရန် ဖြစ်လာခဲ့ခြင်းပင်။

ပထဝီနိုင်ငံရေးအရဆိုလျှင် မြန်မာနိုင်ငံတွင် တရုတ်၏ လွှမ်းမိုးမှုက ကြီးမားနေသလို အစိုးရ အပြောင်းအလဲများနှင့်အတူ အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့်ဆက်ဆံရေး အလာအလားကောင်းများ ဖြစ်ထွန်းလာနိုင်ဖွယ် ရှိနေသည်။ ထို့ကြောင့် ရုရှားအနေဖြင့် အကျပ်အတည်းကာလများတွင် ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့ရသော မြန်မာနိုင်ငံအား လွယ်လွယ်နှင့် လက်လွှတ်မခံလိုပေ။ အထူးသဖြင့် အစိုးရသစ်၏ အနေအထားနှင့် မူဝါဒများကို စောင့်ကြည့်နေရချိန်တွင် မိတ်ရင်းဆွေရင်းဖြစ်သော တပ်မတော်ဘက်မှ ချဉ်းကပ်ကာ မြန်မာနိုင်ငံတွင် ၎င်း၏ အနေအထားကို ပိုမိုခိုင်မာအောင် တည်ထောင်လာခြင်းမျိုး ဖြစ်နိုင်ပေသည်။

ရုရှား စစ်ဘက်ရေးရာ ကျွမ်းကျင်သူ ရာချာစလဗ်ဆီလျူကိုက မြန်မာ-ရုရှား စစ်ဘက်ဆက်ဆံရေးနှင့် ပတ်သတ်ပြီး “မြန်မာနိုင်ငံအနေနဲ့ကတော့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေ အမြောက်အများ ဝယ်ယူနိုင်လောက်တဲ့ငွေတော့ မရှိပါဘူး။ ဒါပေမယ့် ရုရှားအနေနဲ့ ဒီတိုင်းပြည်မှာ ခြေကုပ်ရမယ်ဆိုရင်တော့ နောက်ဆို ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ အင်ဒိုနီးရှားကို လက်နက်စရောင်းခွင့် ရှိလာမယ်။ အဲဒါ့အပြင် ဗီယက်နမ်ဘက် လက်နက်တင်ပို့ရောင်းချတာကိုလည်း ချဲ့ထွင်လို့ရမယ်”ဟု သုံးသပ်ခဲ့သည်။

မည်သို့ပင်ဆိုစေ တပ်မတော်၏ ယခုအရွှေ့မှာ စိတ်ဝင်စားစရာ ကောင်းသည်။ လက်ရှိအနေအထားအရ တပ်မတော်အနေဖြင့် တရုတ်၏ လက်နက်များအပေါ် မှီခိုအားထားမှုကို လျှော့ချလာရန် ကြိုးစားလာသလို အနောက်အုပ်စု၏ လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ထားမှုကြောင့် ခေတ်မီတပ်မတော်တည်ဆောက်ရန် ရုရှားသည်သာ အဓိကရွေးချယ်စရာ ဖြစ်နေသည်။ ခိုင်မာသည့် ဆက်ဆံရေးသမိုင်းရှိခဲ့သလို လက်ရှိအချိန်အထိလည်း ပညာသင်များ ပုံမှန်စေလွှတ်နေပြီး နည်းပညာအရလည်း နီးစပ်မှုရှိသောကြောင့် ရုရှားနှင့် စစ်ဘက်ဆက်ဆံရေးတိုးမြှင့်ခြင်းသည် အကောင်းဆုံးရွေးချယ်မှုဟု စဉ်းစားထားပုံ ရပါသည်။

(ကိုယဲ သည် တကောင်းအင်စတီကျူ့၏ executive director ဖြစ်သည်။ တကောင်းအင်စတီကျုသည် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို လေ့လာသုံးသပ်သည့် အဖွဲ့ဖြစ်သည်။)

Loading