အဖြူ၊ အစိမ်း ဝတ်ဆင်ထားသည့် အမျိုးသမီးနှင့် အမျိုးသားများ စုပေါင်း၍ ပျော်ရွှင်စွာ ပြေးလွှားနေကြသည်။ အသက်အရွယ်အားဖြင့် အသက် ၂၀ ကျော်မှ အသက် ၅၀ ကျော်အထိ ပါဝင်သော်လည်း ကလေးငယ်များ ကဲ့သို့ပင် လွတ်လပ်ပေါ့ပါးစွာဖြင့် မြန်မာ့ရိုးရာ အားကစားနည်းဖြစ်သည့် “ရွှေစွန်ညို ဘာလိုလို့ဝဲ” ဆိုသည့် ကစားနည်းကို ကစားနေကြခြင်းဖြစ်ည်။ သူတို့အားလုံးသည် အခြေခံပညာရေး၏ မူလတန်းကျောင်းဆရာ၊ ဆရာမများဖြစ်ပြီး လာမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စတင်တော့မည့် ကလေးဗဟိုပြု နည်းလမ်းဖြင့် ပညာရေးစနစ်သစ်အတွက် ကြိုတင်ပြင်ဆင်နေကြခြင်းဖြစ်သည်။
ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ပြောင်းလဲလိုက်သည့် မူလတန်းကြို သင်ရိုးညွှန်းတန်းပုံစံသည် ယခင်နှစ်ပေါင်း ၄၀ ကျော်ကြာ ကျင့်သုံးခဲ့သည့် သင်ကြားရေးပုံစံနှင့် လုံးဝမတူညီတော့ကြောင်း၊ သူငယ်တန်း ကလေးငယ်များအတွက် “ ဝလုံး” “ က ” ရွတ်ဆိုပြီး လက်ရေးလှ လေးကြောင်းမျဉ်း စာရွက်များပေါ်တွင် အော် ဆို ရေးသားရသည့် စနစ်အစား ကဗျာများ၊ သီချင်းများ ရွတ်ဆိုခြင်းနှင့် ကခုန်ကစားခြင်းများဖြင့် ကလေး ငယ် များ၏ ပြောဆိုဆက်သွယ်မှု၊ ဖွံ့ဖြိုးရေးတို့ကို အဓိက လုပ်ဆောင်သွားမည့် ပညာရေးစနစ်သစ်တခု ဖြစ်ကြောင်း သိရှိရသည်။
ထိုပညာရေး စနစ်သစ်ကို အကောင်အထည်ဖော် သင်ကြားပေးမည့် ဆရာ၊ ဆရာမများကို သက်ဆိုင်ရာမြို့နယ် ပညာရေးရုံးများက ကျောင်းသားကျောင်းသူများအား ပြန်လည်သင်ကြားနိုင်ရန် သင်တန်းများ ပို့ချသင်ကြား လျက်ရှိကြောင်း၊ ကလေးများ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လျင်မြန်စွာ တုန့်ပြန်နိုင်ခြင်း၊ သွက်လက်စွာသွားလာခြင်း၊ မေးခွန်းမေးလျှင် ပြန်ဖြေနိုင်ခြင်း၊ ပျော်ရွှင်မှုကိုဖော်ပြနိုင်ခြင်း၊ တီထွင်မှု၊ စူးစမ်းလေ့လာမှုနှင့် သိလိုစိတ်များဖြင့် မေးခွန်းများ မေးမြန်းမှု၊ ပူးပေါင်းပါဝင်မှု စသည့်အချက်များစွာကို အခြေခံပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို ဦးတည် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၄ အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်မိုး က “အရင်တုန်းကလိုတောင် ဆရာမတွေက စားပွဲနဲ့ ကုလားထိုင်နဲ့တောင်ထိုင်ဖို့ အချိန်ရှိမှာ မဟုတ်ပါဘူး။ ကလေးက အောက်မှာ အခင်းနဲ့ထိုင်ရင် ဆရာမတွေကလဲအတူတူ ကလေးတွေနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး မေးခွန်းမေး၊ပုံပြင်ပြောရင် တယောက်မျက်နှာတယောက် ကြည့်ပြောရမှာပါ။ ကလေးနဲ့ ဆရာမနဲ့ တသား တည်းဖြစ်တာကို တွေ့ရမှာပါ ” ဟု ပြောသည်။
ယခုအကောင်အထည်ဖော်မည့် ပညာရေးစနစ်သစ်အရ သူငယ်တန်း တခန်းလျှင် ကလေးစုစုပေါင်း ၃၅ ဦး အထိသာ ထားရမည်ဖြစ်ပြီး ကလေးများအတွက် ဆရာမ တဦး၊ အကူ ဆရာမတဦး ရှိရမည်ဖြစ်သည်။ တနေ့လျှင် စာသင်ကြားချိန် လေးနာရီ ရှိရမည်ဖြစ်ကြောင်း သိရသည်။
သင်ရိုးသစ်တွင် သူငယ်တန်းကျောင်းသားကျောင်းသူ များအတွက် စာမေးပွဲစစ်ဆေးခြင်း ရှိမည်မဟုတ်ဘဲ ကလေးများ၏ ဖွံ့ဖြိုးမှုကို ဆရာများအနေနှင့် နေ့စဉ်စောင့်ကြည့်လေ့လာ မှတ်တမ်းတင်ထားရမည်ဖြစ်ပြီး သင်ကြားသည့် ဆရာမနှင့် ကျောင်းအုပ်ကြီးတို့အကြား ကလေးများ၏တိုးတက်မှုကို အမြဲမပျက် ထိတွေ့မေးမြန်းနေရမည်ဖြစ်ကြောင်း ဆရာမကြီး ဒေါ်တင်တင်မိုးက ပြောသည်။
“သူတို့ရဲ့ ကြွက်သားလေးတွေသန်မာဖို့ သဲတွေဆုပ်မယ်၊ ရွှံ့ရုပ်တွေ လုပ်မယ်။ ရောင်စုံချယ်မယ်၊ ခြေထောက်တွေ သန်မာဖို့အတွက် အတက်အဆင်း လုပ်ရမယ်။ အဲဒါတွေကို ဆရာမတွေက သင်ပေးမှာ ဖြစ်တဲ့အတွက် ကလေးတွေအကြိုက် ဖြစ်သွားမယ်။ ကလေးတွေဘယ်လို တိုးတက်မှုဖြစ်လာသလဲဆိုတာ ကျမတို့ကလဲ ထိတွေ့မေးမြန်းနေရမှာပါ” ဟု ၎င်းက ဆိုသည်။
ကလေးများအား သင်ကြားမှုပြုရာတွင် အထောက်အကူပြုပစ္စည်းများ အသုံးပြုနိုင်ရန် ကလေး ၃၅ ဦးစာ အခန်းတခန်းအတွက် သင်ထောက်ကူပစ္စည်း ထည့်ထားသည့်ပုံးတပုံး ထားရှိပေးမည်ဖြစ်ကြောင်း သိရသည်။
“ပေးထားတဲ့ပုံးထဲမှာတော့ ကလေး ၃၅ ဦးအတွက် လုံလောက်အောင် ထည့်ပေးထားတယ်။ ကစားနည်းမျိုးစုံ အတွက် ထည့်ပေးထားတယ်။ ကစားနည်း ၇ မျိုး အနည်းဆုံးပါတယ်။ လိုအပ်တာတွေ အကုန်ပါတယ်။ နောက်ပြီး သူတို့အနေနဲ့ ကစားတတ်မယ့်ဟာတွေကို ကျောင်းအနေနဲ့ရော၊ မိဘတွေအနေနဲ့ပါ ပံ့ပိုးနိုင်ရင် ပိုကောင်းတာပေါ့ ” ဟု ဆရာမကြီး ဒေါ်တင်တင်မိုးက ဆိုသည်။
ထိုကစားနည်းများသည် ကလေးများအတွက် တီထွင်နိုင်မှုဉာဏ်၊ စိတ်ကူးဉာဏ်၊ ဖန်းတီးနိုင်မှုဉာဏ်များ ဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုသည့် သင်ကြားနည်းများဖြစ်ကြောင်း သိရသည်။
ကလေးများအတွက် စနစ်တကျ သင်ကြားနိုင်ရန် ဆရာ၊ ဆရာများအတွက် သင်ကြားရေးလမ်းညွှန် စာအုပ်များ ထုတ်ပေးထားကြောင်၊ ဆရာများက သင်ကြားရေးလမ်းညွှန် စာအုပ်များ ကိုင်ဆောင်ရမည် ဖြစ်သော်လည်း သူငယ်တန်း ကလေးငယ်များက ဖတ်စာအုပ်များ၊ ဗလာစာအုပ်များ သယ်ဆောင်ရန် မလိုအပ်ကြောင်း သိရ သည်။
ပညာရေး စနစ်သစ်အရ ကလေးငယ်များ သင်ကြားမည့် စာသင်ခန်းပတ်ဝန်းကျင် ဖန်တီးမှုအခြေအနေကိုလည်း အလေးပေးလုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ဗိုလ်တထောင်မြို့နယ် အမှတ် ၅ အခြေခံပညာ အထက်တန်း ကျောင်း မှ ဆရာမ ဒေါ်ပိုးအိစိုးက ပြောသည်။
“ ဒီစနစ်သစ်မှာ ကျမတို့ဆရာမတွေက ကလေးတွေကို ပစ္စည်းလေးတွေ ပေးလိုက်မယ်။ သမီးတို့၊ သားတို့ ကြိုက်တာ ပုံဖော်နိုင်တယ်။ အဲဒီတော့ သူတို့တွေမှာ တီထွင်မှု အခြေခံကောင်းတွေ ရသွားမယ်။ ပတ်ဝန်းကျင် မှာရှိတဲ့ အရာတွေကို ပြောနိုင်ခွင့်ရှိမယ်။ ကလေးတိုင်းပါဝင် လုပ်ဆောင်ခွင့်လဲရှိမယ်။ နောက်ပြီး သူတို့တွေမှာ နဂိုအသိခံလေးတွေ ရှိတာတွေကို ဆရာမတွေပါ ဖော်ထုတ်နိုင်အောင် အခွင့်အလမ်း ပေးလိုက်တာမျိုးပေါ့” ဟု ဆရာမဒေါ်ပိုးအိစိုးက ဆိုသည်။
ယခုနှစ်သင်ကြားမည့် ပညာရေးနည်းစနစ်သစ်သည် သင်ကြားရေး သင်ထောက်ကူပြုပစ္စည်းများဖြင့် ပထမဆုံး သင်ကြားမည့် ကလေးဗဟိုပြု ချဉ်းကပ်သင်ကြား နည်းစနစ်ဖြစ်ကြောင်း ဆရာဆရာမများက ပြောသည်။
ယခုနှစ် ပညာသင်ကြားမှု ပြုပြင်ပြောင်းလဲရေး အစီအစဉ်သစ်သည် သူငယ်တန်း ကျောင်းသားလေးများ အတွက်သာ အခြေခံပြောင်းလဲလိုက်သည့် စနစ်သစ်ဖြစ်ပြီး ထိုစနစ်သစ်ဖြင့် သင်ကြားရသည့် ကလေးများက တနှစ်ပြီးတနှစ် အတန်းမြင့်တက်သည့် အချိန်တိုင်း သင်ရိုးစနစ်သစ်များကိုသာ ဆက်လက်သင်ယူ သွားရမည့် အစီအစဉ်ဖြစ်သည်။
သင်ရိုးညွှန်းတန်းသစ် သင်ကြားမှုစနစ်သစ်အရ ကျောင်းစာသင်နှစ်၏ နောက်ဆုံးနှစ်လတွင်သာ စာရေးသား နည်းကို သင်ကြားပေးမည်ဖြစ်ပြီး စာရေးသားရာတွင်လည်း မြန်မာဗျည်း အက္ခရာများထဲမှ စာလုံး ၂၅ လုံး၊ အင်္ဂလိပ်စာ ဗျည်းစာလုံး ၂၆ လုံး၊ မြန်မာ ဂဏန်းအက္ခရာ ၁ မှ ၁၀ အထိနှင့် အင်္ဂလိပ်ဂဏန်း အက္ခရာ 1 မှ 10 အထိသာ အရင်ဆုံး သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
“ အများစိုးရိမ်နေသလို မြန်မာဗျည်းတွေကိုထားခဲ့တာ မဟုတ်ပါဘူး။ ကလေးတွေ ဆိုတဲ့အခါမှာတော့ ဗျည်း ၃၃ လုံးကို အားလုံးထည့်ဆိုရမှာပါ။ ဒါပေမယ့် ကလေးတွေကို စာရေးနည်းသင်တဲ့အခါမှာ သူတို့မှတ်မိနိုင်မယ့် အလွယ်ဆုံး ရေးနည်းတွေကို ကျမတို့စသင်ရမှာပါ။ ကဗျာတွေနဲ့ မှတ်မိအောင်သင်မယ်။ သူတို့ကို ချက်ချင်း ခဲတံကိုင် စာရေးတော့လို့ သင်လို့မရနိုင်ပါဘူး။ သူတို့တွေ အရင်ဆုံး စာရေးပုံ၊ ရေးနည်းတွေ အရင် သင်ကြားရမှာပါ။ ဒါကို ကလေးမိဘတွေက နားလည်ပေးဖို့လိုပါတယ် ” ဟု ဆရာမကြီး ဒေါ်တင်တင်မိုးက ဆိုသည်။
ပညာရေးစနစ်သစ် ပြောင်းလဲမှုတွင် ဆရာ၊ ဆရာမများအတွက် စိန်ခေါ်မှုများ ရှိလာနိုင်ပြီး အဓိက စိန်ခေါ်မှု တခုမှာ ပညာရေးကို အပြိုင်အဆိုင်လိုလားနေသည့် မိဘများနှင့် ထိပ်တိုက်ရင်ဆိုင်ရမှု ဖြစ်လာနိုင်ကြောင်း ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းအုပ် ဆရာကြီး ဦးကျော်ကျော်ထွန်းက ပြောသည်။
“ ဒီစနစ်က စာမေးပွဲ မစစ်ရဘူး။ တဦးချင်းရဲ့လုပ်ဆောင်မှုကို နေ့စဉ်လေ့လာ အကဲခတ်သွားရမှာ။ ကိုယ့်ကလေး တိုးတက်တယ်၊ မတိုးတက်ဘူးဆိုတာ နေ့စဉ်မှတ်တမ်းတွေက ဖော်ပြနေမှာ။ နောက်ပြီး ကျောင်းမှာ ကိုယ့်ကလေး က စာတော်တယ်၊ အဆင့်တစ်ရတယ် ဆိုတာတွေ မရှိတော့ဘူး။ ဒါတွေကို မိဘတွေက နားလည် သဘောပေါက်စေချင်တယ်။ အထူးသဖြင့် ပညာရေးစနစ်သစ်မှာ ဆရာနဲ့ မိဘတွေကြား အခက်အခဲ ဖြစ်လာနိုင်တယ် ” ဟု ဆရာကြီး ဦးကျော်ကျော်ထွန်းက ဆိုသည်။
ပညာရေးစနစ်သစ်၏ သင်ကြားရေးပြောင်းလဲမှုအပေါ် မိဘများအနေနှင့် နားလည်သဘောပေါက်ရန် လိုအပ် ကြောင်း၊ ဆရာ၊ ဆရာများနှင့် မိဘများအကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခြင်းကို မလိုလားကြောင်း ဆရာမဒေါ်ပိုးအိစိုးက သူ့အမြင်ကို ပြောပြသည်။
“မိဘတွေကလေ စာမပါလာရင် ဘာကြောင့်စာမပါလာတာလဲ။ သူတို့အနေနဲ့က အဓိက စာပါလာဖို့ပဲလေ။ အဓိက ကလေးတွေအတွက် စာတခုတည်း မဟုတ်ပါဘူး။ ဒီစနစ်က စာတခုတည်းတင် မဟုတ်ဘဲ ကလေးတွေရဲ့ ပေါင်းသင်း ဆက်ဆံရေးတွေ ပိုကောင်းလာမယ်။ သူတို့ရဲ့ ကိုယ်ပိုင်အသိဉာဏ်တွေနဲ့ ဖော်ထုတ်ရမယ်။ ဒီပညာရေးစနစ်က ကလေးတွေအတွက် အရမ်းကောင်းပါတယ်” ဟု ဆရာမ ဒေါ်ပိုးအိစိုးက ဆိုသည်။
ပညာရေးစနစ်သစ်အတွက် အခြားစိန်ခေါ်မှုများမှာ မြို့ပေါ်ရှိကျောင်းများတွင် သူငယ်တန်းကျောင်းသား များပြားခြင်း၊ စာသင်ခန်း မလုံလောက်ခြင်းနှင့် ဝေးလံခေါင်ဖျားသည့် ဒေသများ၊ ကျေးလက်ဒေသများတွင် ဆရာ၊ ဆရာမအင်အား မလုံလောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဆရာဆရာမ အချို့က သုံးသပ် ပြောဆိုသည်။
လာမည့် ဇွန်လ ၁ ရက်တွင် စတင်ကျင့်သုံးတော့မည့် ကလေးဗဟိုပြု သင်ကြားရေးစနစ်သစ် အောင် အောင်မြင်မြင် ကျင့်သုံးနိုင်ရေးအတွက် ကျောင်းသားမိဘနှင့် ဆရာ၊ ဆရာများ၏ ပူးပေါင်း ဆောင်ရွက်မှု မဖြစ်မနေ လိုအပ်နေကြောင်း ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။