ဆောင်းပါး

နာမည်ကောင်း ပြန်ရအောင် ကြိုးစားနေတဲ့ မြန်မာ့တပ်မတော်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အသက် ၆၀ ထဲ ဝင်လာပါပြီ။ ဒါပေမယ့် လူတွေ ထင်ထားသလို သူ အငြိမ်းစား ယူဖို့ မရှိသလို အေးအေးလူလူ နေသွားဖို့လည်း မမြင်ရသေးဘူး။ ဒီအစား မြန်မာ့တပ်မတော်ကို ဆက်ဦးဆောင်သွားပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးတို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲသွားမယ်လို့ နေပြည်တော်မှာ မေ ၁၃ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒါဟာ အစိုးရသစ် ဧပြီလမှာ တာဝန်လွှဲပြောင်းယူပြီးနောက်ပိုင်း တပ်ချုပ်က လုပ်တဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲပါ။ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော် အကြံပေး ဒေါ်အောင်ဆန်းစုကြည်တို့တောင် ဒီလို သတင်းစာရှင်းလင်းပွဲ မလုပ်ရသေးပါဘူး။ နိုင်ငံရေး စောင့်ကြည့်သူ အတော်များများအဖို့ အစိုးရသစ်ဟာ ဘယ်လိုမူဝါဒမျိုးနဲ့ ဘယ်လိုစီမံခန့်ခွဲပြီး အုပ်ချုပ်သွားမယ်ဆိုတာ မရှင်းလင်းလှသေးသလို အစိုးရသစ် ကိုယ်နှိုက်ကလည်း ပေါ်လစီသစ် ချမှတ်ရေး အတော်လုံးပန်းနေရပုံပါ။ ဒီအချိန်မှာ တပ်ချုပ်က ထွက်လာပြီး ရှိနေတဲ့ မေးခွန်းတွေကို ရှင်းဖို့ မီဒီယာတွေနဲ့ တွေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစိုးရသစ်နဲ့ တွဲလုပ်သွားမယ်လို့ ပြောတာကို သတင်းထောက်တွေက အကောင်းမြင်ကြတယ်။ စစ်သား တလျှောက်လုံးလုပ်လာပေမယ့် တချို့က ထင်ထားတာထက် ပိုပြီး နိုင်ငံရေးအမြင် ရှိတယ်ဆိုတာ တပ်ချုပ်ရဲ့ အဖြေတွေကို ကြည့်ရင် သိနိုင်တယ်။ လက်ရှိ နိုင်ငံရေးဝါစဉ်မှာ တပ်ချုပ်ဟာ သမ္မတရဲ့ အောက်မှာလို့ ပြောပြီး သူ့နေရာကို သူ ရှင်းတယ်။ ဒါပေမယ့် ဒီသတင်းစာရှင်းလင်းပွဲ လုပ်မှာ သမ္မတ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြပြောဆိုခဲ့သလားဆိုတာတော့ မရှင်းပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ရဲ့ ပြည်သူ့ဆက်ဆံရေးဟာ ဒီတကြိမ် အစွမ်းထက်တယ်လို့ ဆိုရမယ်။ ဒီသတင်းစာရှင်းလင်းပွဲဟာ ဆိုးခဲ့တဲ့ တပ်မတော်ရဲ့ ပုံရိပ်ကို ပြန်အဖတ်ဆယ်ဖို့ လုပ်တဲ့ဗျူဟာကို အကောင်အထည်ဖော်မှုရဲ့ အစိတ်အပိုင်းလားလို့လည်း သံသယဝင်မိတယ်။

သတင်းစာရှင်းလင်းပွဲတက်သူ သတင်းထောက်တွေ အံ့အားတကြီး ဖြစ်ရတာ ရှိသေးတယ်။ တပ်ချုပ်ဟာ နာရီအတော်ကြာကြာ သတင်းထောက်တွေ မေးသမျှ စိတ်ရှည်လက်ရှည် ဖြေတာကြောင့် မီဒီယာတွေနဲ့ တကယ်ပဲ ရင်းနှီးချင်တဲ့ပုံ ပေါ်ပါတယ်။ တပ်ချုပ်ဟာ တချို့နိုင်ငံရေးသမားတွေထက် ပိုပြီး အိမ်စာလုပ်ထားပါတယ်။ အမေးအဖြေကဏ္ဍက စိတ်ဝင်စားစရာ ဖြစ်ခဲ့တယ်။

အရင်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း နီးသွားတာကို အကြောင်းပြုပြီး သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တပ်ချုပ် ပူးသွားခဲ့တယ်။ အခုပွဲမှာ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိကဝတ်ပြုခဲ့တာကြောင့် အများက စိုးရိမ်တကြီး စောင့်ကြည့်နေကြတဲ့ အစိုးရသစ်လက်ထက် တပ်မတော် ဘယ်လိုစခန်းသွားမလဲဆိုတဲ့ သံသယ နည်းနည်းတော့ လျော့ပါးသွားခဲ့တယ်။

မနှစ်ကစပြီး တပ်ချုပ် မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား တွေ့ဆုံမှု အကြိမ်ကြိမ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အစဉ်မပြေတာတွေ ရှိပေမယ့် ၂ ဘက် ဆက်ဆံရေး တည်တည်ငြိမ်ငြိမ် ရှိလာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံ ခန့်အပ်ရေး လွှတ်တော်ထဲမှာ တပ်ကိုယ်စားလှယ်တွေ ကန့်ကွက်ခဲ့မှုကို တပ်ချုပ်က ဒီကိစ္စဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီကြောင်း ပြောပြီး သဘောတူကြောင်း ပြခဲ့ပေမယ့် အနာဂတ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲဖို့ တပ်မတော်က မကန့်ကွက်ဘူးလို့ ဆိုတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးကို ၅ နှစ်အတွင်း ရအောင်ယူမယ်၊ ပြီးရင် နိုင်ငံရေးကနေ တပ်မတော်က ထွက်ခွာသွားမယ်လို့ဆိုလိုက်တာကြောင့် အံ့အားသင့်စရာ ဖြစ်ကြရတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း တပ်မတော်ကို ကူညီနိုင်စရာတွေ ရှိပါတယ်။ အမေရိကန်အစိုးရနဲ့ နိုင်ငံရေးသမားတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာ အတိုင်းအတာ ကြီးကြီးမားမား သက်ရောက်မှု ရှိတာကြောင့် တပ်မတော်ရဲ့ စီးပွားပိုင်ဆိုင်မှုတွေကို ပိတ်ဆို့အရေးယူထားတာ လျှော့ချဖို့၊ ၂ နိုင်ငံကြား စစ်တပ်အချင်းချင်းဆက်ဆံရေး ပြန်ကောင်းလာစေဖို့ ဒေါ်အောင်ဆန်းစုကြည် ကူညီနိုင်ပါတယ်။ ဒါကြောင့်လည်း အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ တပ်ချုပ် ပြောတာကို အလွယ်တကူ နားလည်နိုင်ပါတယ်။

ဒီနေရာမှာ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှုက အခရာပါပဲ။ အစိုးရသစ်နဲ့ စစ်ဘက်ဆက်ဆံရေး အနာဂတ်မှာ ဘယ်လို အချီအချဖြစ်မလဲဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး။ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနီးပါးနဲ့ အပေးအယူ ဖြစ်နိုင်ဖို့ ကြိုးစားမယ့် ဒေါ်အောင်ဆန်းစုကြည် စီစဉ်နေတဲ့ “၂၁ ရာစု ပင်လုံညီလာခံ” ကျင်းပရေးကို တပ်မတော်က လက်ခံမယ့် သဘော ရှိနေပါတယ်။

မြန်မာ့လွတ်လပ်ရေး ဗိသုကာနဲ့ တပ်မတော်ကို စတင်တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းတုန်းက ဗမာ လူများစုနဲ့ တိုင်းရင်းသား လူနည်းစုကြား ညီညွတ်ရေးတည်ဆောက်ပြီး လွတ်လပ်ရေးရယူဖို့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ သဘောတူစာချုပ် ချုပ်ခဲ့ကြတယ်။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံပြီး ပြည်နယ်တွေက ခွဲထွက်လိုရင် ခွဲထွက်ပိုင်ခွင့်ကိုပါ ပေးခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ဖခင်လို ၂၁ ရာစု ပင်လုံညီလာခံဆိုတာဟာ သူ့သမိုင်းရဲ့ အစိတ်အပိုင်း ဖြစ်လိုပါတယ်။ ငြိမ်းချမ်းရေးအတွက် တပ်ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဆီက ပူးပေါင်းဆောင်ရွက်မှုကို ဒေါ်အောင်ဆန်းစုကြည် လိုတယ်။ တိုင်းရင်းသား နယ်မြေတွေဆီ အာဏာခွဲဝေပေးရမယ့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်မူဝါဒက သီးခြား ဖြစ်လာမယ်ဆိုရင်တော့ အငြင်းအခုံ ပွဲကြမ်းလာနိုင်ပါတယ်။

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ “ထာဝရ ငြိမ်းချမ်းရေး”ကို ရအောင်လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ကမ်းလှမ်းပြီး အမှတ်ယူထားလိုက်ပါပြီ။ ၂၁ ရာစု ပင်လုံညီလာခံဟာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ညီညွတ်ရေးတို့အတွက် ဖြစ်တယ်လို့ တပ်ချုပ်က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ဆိုခဲ့တယ်။ တပြိုင်တည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က နိုင်ငံရေးရည်မှန်းချက် မရှိဘဲ တိုက်နေတယ်လို့လည်း ပြောခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်တွဲလုပ်ဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောခဲ့ပေမယ့် တိုင်းရင်းသားတွေဘက်က ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့အရေးကို လျစ်လျူရှုခဲ့ပြီလို့ ထင်မြင်ယူဆချက်တွေ ပေါ်ထွက်လာနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ကြားက နီးကပ်သွားမယ့် ဆက်ဆံရေးဟာ အခက်အခဲတွေကို ပိုဖြစ်လာစေနိုင်ပါတယ်။ တချို့တိုင်းရင်းသားအဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည်ကိုရော မြန်မာ့တပ်မတော်ကိုပါ ပိုသံသယ ကြီးလာနေတယ်။ ဗမာ လူများစုတွေရဲ့ အဖွဲ့ ၂ ဖွဲ့ ပိုနီးသွားပြီး တိုင်းရင်းသား လူနည်းစု အရေးကို နောက်တန်းပို့နေပြီလို့ ထင်မြင်လာနေပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ထမြောက် အောင်မြင်ဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ တိုင်းရင်းသားတွေကို ဘယ်လို ဟန်ချက်ညီညီ ဆက်ဆံသွားနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတော့တယ်။

(အင်္ဂလိပ်လို ရေးသားထားသော မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ပါ။) 

Did you find apk for android? You can find new Free Android Games and apps.
Loading