ထိုင်းနိုင်ငံက ရာဘာခြံတခုမှာ တရက်ကိုအနည်းဆုံး လုပ်အားခ ဘတ် ၂၀၀ (မြန်မာကျပ် ၆၀၀၀) ခန့်ရမယ်ဆိုတဲ့ လူပွဲစားရဲ့ သတင်းစကားအပေါ် ကိုခင်မောင်ဝင်း စိတ်ဝင်စားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ကရတဲ့ လုပ်အားခတရက်ကျပ်သုံးထောင်ထက်စာရင် ထက်ဝက်ကွာနေပြီး ပုံမှန်အလုပ် လုပ်ကိုင်နေရမယ်ဆိုရင် တိုးတက်မှုပိုရှိမယ်လို့ ယုံကြည်ခဲ့တာကြောင့် ထိုင်းကိုထွက်ပြီး အလုပ်လုပ်ကိုင်ဖို့ ကိုခင်မောင်ဝင်း ဆုံးဖြတ်လိုက်ပါတယ်။
အသက် ၂၇ နှစ်အရွယ် ကိုခင်မောင်ဝင်းက ပဲခူးတိုင်း၊ ကဝမြို့နယ် သပြုကျေးရွာဇာတိဖြစ်ပြီး ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာခဲ့တဲ့ သံရည်ကြိုလုပ်ငန်းမှာ တရက်သုံးထောင်ကျပ်နဲ့ အိုးတွေ၊ ခွက်တွေ လုပ်ကိုင်တယ်။
မိသားစု ၅ ဦးမှာ အကြီးဆုံးဖြစ်တဲ့အတွက် တာဝန်တွေက သူ့ပုခုံးပေါ်အလိုလိုရောက်နေပြီး တရက်ကျပ် ၂၅၀၀၊ ၃၀၀၀ ဝင်ငွေနဲ့က စားဝတ်နေရေးအတွက် မလုံလောက်တာကြောင့် ထိုင်းကိုသွားပြီး အလုပ်လုပ်ဖို့ တွန်းအားတရပ် ဖြစ်စေခဲ့တယ်။
ဒီလိုအခြေအနေတွေကြောင့် ၂၀၁၂ ခုနှစ် ဇွန်လမှာ ရွာကိုကျောခိုင်းပြီး ပဲခူး၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ် ကတဆင့် ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ကို ကားအဆင့်ဆင့်စီးပြီး ခရီးနှင်ခဲ့ပါတယ်။ ကော့သောင်းမြို့ကိုရောက်တော့ လူပွဲစားတွေက တဘက်ထိုင်းနိုင်ငံ ရနောင်းမြို့မှာရှိတဲ့ လူပွဲစားတွေနဲ့ ချိတ်ဆက်ပြင်ဆင်ပေးတယ်လို့ ဆိုပါတယ်။
ကော့သောင်းမှာ ကိုခင်မောင်ဝင်းလိုပဲ ဟိုဘက်နိုင်ငံကိုသွားပြီး အလုပ်လုပ်ကြမယ့် မြန်မာနိုင်ငံသားတွေ ပွဲစားဆီမှာ တပုံကြီးရှိနေတာကို တွေ့ရတယ်လို့ ပြောပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ သွားလာခဲ့ရတဲ့နေ့က ကော့သောင်းမြို့ကနေ ထိုင်းနိုင်ငံဘက်ကို ကူးသန်းတော့မယ့်နေ့က နောက်ဆုံးနေ့ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဘက်ကိုသွားဖို့ ဘာအထောက်အထားမှမရှိတဲ့ ကိုခင်မောင်ဝင်းနဲ့ မြန်မာနိုင်ငံသားတသိုက်ရဲ့ တရားမဝင်ခရီးက ကော့သောင်းနဲ့ ရနောင်းမြို့အကြားမှာရှိတဲ့ ပါချန်မြစ်ကို ကူးဖြတ်မှုကနေ စတင်ခဲ့တယ်လို့ ဆိုရမှာပါ။
တရားမဝင် ဝင်ရောက်လာတာလဲဖြစ်၊ ထိုင်းစကားလည်း မတတ်တော့ ရနောင်းဘက်ကို ရောက်ရှိချိန်မှာ ကိုခင်မောင်ဝင်းအပါအဝင် စုစုပေါင်းမြန်မာနိုင်ငံသား အယောက် ၂၀ က ပွဲစားခိုင်းတာလုပ် ပွဲစားပြောတာယုံ၊ ပွဲစားစေရာသွားရုံကလွဲပြီး အချိန်တော်တော်များများမှာ နှုတ်ဆိတ်နေခဲ့ရပြီး၊ ကိုယ့်နိုင်ငံလည်း မဟုတ်ပြန်တော့ ကြောက်စိတ်လည်းကြီးစိုးနေတယ်လို့ ကိုခင်မောင်ဝင်းက ဆိုပါတယ်။
လူပွဲစားတွေက မြန်မာအလုပ်သမားတွေကို ရနောင်းမြို့ကနေ လျှို့ဝှက်ထုတ်သွားဖို့ ပြင်ဆင်ကြပါတယ်။ အဲဒီအတွက် ဟိုင်းလတ်ကားတစီးရဲ့ နောက်ခန်းထဲမှာ ဘေးတစောင်းတန်းစီပြီး အိပ်ခိုင်းပါတယ်။ လမ်းမှာကျော်ဖြတ်ရမယ့် စစ်ဆေးရေးဂိတ်တွေမှာ ထိုင်းရဲတွေမတွေ့အောင် အယောက် ၂၀ လုံး အထပ်ထပ်တန်းစီပြီး အပေါ်ကနေ ကတ်ထူပြားတွေခင်း၊ အဝတ်ထုပ်တွေနဲ့ အခြားပစ္စည်းတွေတင်ပြီး ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
“လူတွေလည်း အများကြီးဆိုတော့ ကြပ်ညပ်နေတာဗျာ။ အသက်ရှုလည်းကြပ်၊ စစ်ဆေးရေးဂိတ်တွေ ရောက်ရင် လှုပ်လို့တောင်မရဘူး။ လှုပ်လိုက်မိလို့ ပုလိပ် (ထိုင်းရဲ) မိသွားရင် အဖမ်းခံရမယ်လေ။ အဲဒါကြောင့်မို့လို့ နာရီအတော်ကြာ အောင့်အီးသည်းခံပြီး လိုက်သွားရတာ” လို့ ကိုခင်မောင်ဝင်းက သူရဲ့အတွေ့အကြုံတွေကို ရှင်းပြပါတယ်။
ရနောင်းကနေ တမြို့ဝင်တမြို့ထွက်နဲ့ ညဘက်တွေ ခရီးဆက်ခဲ့ရတယ်။ စစ်ဆေးရေးဂိတ်တွေ နားရောက်ရင် မိသွားမှာစိုးလို့ အသက်တောင်ပြင်းပြင်း မရှုရဲဘဲ လိုက်ပါသွားတယ်လို့ ဆိုပါတယ်။ ကိုခင်မောင်ဝင်းတို့ လိုက်ပါလာတဲ့ကားဟာ မလေးရှားနယ်စပ်ဘက်ကို ဦးတည်သွားနေပြီး လမ်းကမြို့တချို့မှာ ကားထဲက မြန်မာအလုပ်သမားတွေကို ၂ ဦးထားခဲ့ ၃ ဦးထားခဲ့နဲ့ လာကြိုတဲ့လူတွေနဲ့ ချန်ထားခဲ့တာကို တွေ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ ဘာအလုပ်တွေ လုပ်ကြရမလဲဆိုတာတော့ မသိရှိရပါဘူး။
ညအမှောင်ထုကိုအားပြုပြီး သယ်ဆောင်လာတဲ့ လူမှောင်ခိုကားဟာ ကိုခင်မောင်ဝင်းနဲ့ လက်ကျန် မြန်မာနိုင်ငံသားတချို့ကို ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရက်ဌာနီခရိုင်၊ စီချုံမြို့နယ်က ခနူံဆိုတဲ့ ငါးဖမ်းလှေဆိပ်ကို ပို့ခဲ့ပါတယ်။ ခနူံလှေဆိပ်ကိုရောက်တော့ လူပွဲစားတွေက ရွာကနေစခေါ်လာတုန်းက ပြောခဲ့သလို ရာဘာခြံ အလုပ်မဟုတ်ဘဲ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းမှာလုပ်ဖို့ ပြောလာပါတယ်။ နောက်ဆုံးတော့ မထူးဇာတ်ခင်းပြီး လက်ခံလိုက်ရတယ်လို့ သူကဆိုပါတယ်။
ပင်လယ်ငါးဖမ်းလှေမှာ လိုက်ပါအလုပ်လုပ်ရမယ်ဆိုတာ ခနုံလှေဆိပ်မရောက်ခင်အထိ တခါမှမစဉ်းစားဘူးခဲ့တဲ့ ကိုခင်မောင်ဝင်းတယောက် တကယ်တမ်း ပင်လယ်ထဲကိုလိုက်သွားချိန်မှာ လှိုင်းဒဏ်တွေကိုမခံနိုင်ဘဲ သုံးရက်လောက်လှိုင်းမူးပြီး အန်နေတာကြောင့် အလုပ်လည်းမလုပ်ချင်လောက်အောင် စိတ်ပျက်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကိုယ့်အိမ်အလုပ်လို မူးပြီးလှဲနေလို့မရတော့ အားတင်းပြီး လုပ်ကိုင်ခဲ့ရတယ်။ ငါးဖမ်းလှေလိုက်ဖို့ စည်းရုံးစက ၆ လတကြိမ် လစာရှင်းပေးမယ်လို့ သူဌေးကိုယ်တိုင်က ပြောဆိုခဲ့ပေမယ့် တကယ့်လက်တွေ့မှာ ရှင်းမပေးခဲ့ဘူး။ ၆ လပြည့်လို့ လစာတောင်းတဲ့ အလုပ်သမားတချို့ကို တောင်းရကောင်းလားဆိုပြီး လိပ်ကျောက်မှီး၊ ကျိန်လုံး၊ သစ်သားတုတ်တွေနဲ့ ရိုက်နှက်တဲ့အပြင် ထိုးကြိတ်ကန်ကျောက်တာတွေ လုပ်တယ်လို့ ဆိုပါတယ်။
ငါးဖမ်းလှေက ၁၅ ရက်တကြိမ် ကမ်းကိုငါးတွေသွားပို့ပေမယ့် သူဌေးက ဆေးလိပ်ဖိုးထက် ပိုမပေးပါဘူး။ နှစ်နဲ့ချီလာတဲ့အထိ ရသင့်ရထိုက်တဲ့ လခတွေ မပေးဘူး။ မပေးတော့ ထွက်ပြေးကြတယ်။ တချို့ လွတ်သွားတယ်။ တချို့ ပြန်မိလာတဲ့ အလုပ်သမားတွေဆိုရင် မသေမရှင်နည်းမျိုးစုံနဲ့ ရိုက်နှက်ညှင်းဆဲမှုတွေ ပြုလုပ်ခဲ့တယ်။
“ကျနော်တို့ မြန်မာအလုပ်သမားတွေဆိုရင် လူလို့ကိုမသတ်မှတ်ဘူး။ သူဌေးကိုယ်တိုင်ကလည်း ပြောတာပဲ။ မင်းတို့ဟာ ပင်လယ်ထဲကငါးတကောင်လောက်တောင် တန်ဖိုးမရှိဘူးတဲ့။ ဒီမှာလိုက်လာသူတချို့က ရေတောင် မကူးတတ်ဘူး။ ကျနော့်ရှေ့မှာတင် နှစ်ယောက် ပင်လယ်ထဲပြုတ်ကျသွားတယ်။ ရေမကူးတတ်တော့ သေသွားတယ်။ သူဌေးက ထားလိုက်တဲ့ ဘာမှမဖြစ်ဘူးတဲ့” ဟု ကိုခင်မောင်ဝင်းက ပြောပါတယ်။
လှေပေါ်မှာ အသက်အကြီးဆုံးဖြစ်တဲ့ မြန်မာလုပ်သားဦးလှမြင့်က အသက် ၆၃ နှစ်ရှိပြီ။ ထမင်းချက်တာဝန်ကို လုပ်ကိုင်နေတဲ့ ဦးလှမြင့်လို အသက်ကြီးလုပ်သားတယောက်တောင် သူဌေးရဲ့ ဆဲဆိုကြိမ်းမောင်းမှုတွေအောက်မှာ ဘာအခကြေးငွေမှမရဘဲ လုပ်ကိုင်နေရတာ နှစ်နဲ့ချီကြာခဲ့ပြီ။ သူလည်းသူ့မိသားစုရှိရာ အိမ်ပြန်ချင်ပေမယ့် ပြန်ခွင့်မရ၊ ထွက်ပြေးဖို့ဆိုတာလည်း လွတ်မြောက်ဖို့ မလွယ်ကူတဲ့ အခြေအနေလို့ ဆိုပါတယ်။
အသက် ၃၅ နှစ် အရွယ်ရှိတဲ့ကိုရဲက သူဌေးကို ပြန်ပြောမိလို့ သူဌေးနဲ့အပေါင်းအပါတွေက လိပ်ကျောက်မှီး၊ သစ်သားတုတ်၊ ကြိမ်လုံးအပါအဝင် သံရိုက်တူတွေနဲ့ မသေမရှင် ထုနှက်ကန်ကြောက်လို့ ၂ ပတ်လောက် အလုပ်မဆင်းနိုင်ဘဲ ဖြစ်သွားတယ်။
ဒီလိုရိုက်နှက်ကန်ကျောက်မှုတွေကို ဒီလှေပေါ်မှာ ကိုရဲတယောက်တည်းမဟုတ်ဘဲ တခြားလူတွေလည်း မကြာခဏ ခံနေရတာဖြစ်လို့ ပင်လယ်ပြင်ထဲက ငါးဖမ်းလှေဟာ ငရဲခန်းလို ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
“အလုပ်မလုပ်လို့ဆိုပြီး ထမင်းမကျွေးဘဲ ပစ်ထားတာတွေ၊ ကိုယ့်နိုင်ငံသားတယောက်ကို အခြားလူမျိုးတယောက်က လက်လွတ်စပယ်ရိုက်နှက်နေတာတွေကို ဘယ်သူကခံနိုင်မလဲဗျာ။ သူတို့နိုင်ငံ၊ သူတို့ရေမြေမှာ တုန့်ပြန်လိုက်ရင် မမှားသင့်တဲ့အမှားတွေ ထပ်ဆင့်ထပ်ဆင့်ကျုးလွန်မိသလို ဖြစ်သွားမှာပေါ့။ ဒီလိုပဲ ကျနော်တို့ အံကြိတ်ခံနေကြရတာပေါ့” လို့ မချိတင်ကဲလေသံနဲ့ ကိုခင်မောင်ဝင်းက ပြန်လည်ပြောပြပါတယ်။
ငါးဖမ်းလှေပေါ်မှာ နေ့စဉ်ပုံမှန်တွေ့နေရတာက ပင်လယ်ပြင်ကြီးနဲ့ ကောင်းကင်ကြီးပါပဲ။ လပြည့်တဲ့ရက်တွေဆိုရင် အခါကြီးရက်ကြီး နားရက်တွေကို သတိရကြတယ်။ သင်္ကြန်ကာလတွေက သူတို့နဲ့မဆိုင်သလိုဖြစ်နေလို့ ဝမ်းနည်းပြီး ကြိတ်ငိုမိခဲ့ရတယ်လို့ ကိုခင်မောင်ဝင်းက ဆိုပါတယ်။
ကိုယ့်နိုင်ငံမှာ စားဝတ်နေရေးအဆင်မပြေလို့ တနယ်တကြေးကို စွန့်စွန့်စားစားထွက်လာပြီး အလုပ်ကာမှ လစာလည်းမရ၊ မွေးရပ်မြေနဲ့လည်း အဆက်အသွယ်မရတဲ့အပြင် ကိုယ့်ရဲ့မိသားစုဝင်တွေ၊ ကိုယ့်မိဘ၊ ကိုယ့်သားသမီးတွေ သက်ရှိထင်ရှား ရှိမရှိမသိရတဲ့ အခြေအနေက နှစ်ချီရှိပေမယ့် ငါးဖမ်းလှေပေါ်ကနေ ရုန်းထွက်နိုင်ခြင်း မရှိခဲ့ကြပါဘူး။
မခံနိုင်တဲ့အဆုံးမှာ ထွက်ပေါက်ရှာဖို့ လှေလုပ်သား ၆ ဦး လျှို့ဝှက်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်ရှိတဲ့ပိုက်ဆုံနဲ့ ဖုန်းတလုံးဝယ်လိုက်ပြီး ထိုင်းနိုင်ငံမှာ အဓမ္မရောင်းစားခံနေရတဲ့ လှေလုပ်သားတွေကို ကယ်တင်နေတယ်ဆိုတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ကို ၂၀၁၆ ဧပြီလထဲမှာ ဖုန်းဆက် အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။
MAT ဘက်က တောင်းဆိုတဲ့ အချက်အလက်တွေကိုလည်း ကမ်းကပ်တဲ့အချိန်မှာ ဖုန်းနဲ့တဆင့် ပို့ပေးကြတယ်။ လွတ်မြောက်ရေးအတွက် လျို့ဝှက်စီစဉ်ခဲ့ကြတဲ့ သူတို့ ၆ ဦး အတွက် မေလ ၁၅ ရက်နေ့က စိတ်အလှုပ်ရှားဆုံးနေ့ တနေ့လို့ဆိုပါတယ်။ ကမ်းကပ်နေတဲ့ သူတို့ရဲ့ငါးဖမ်းလှေ ပင်လယ်ထဲ ပြန်ထွက်တော့မယ့်နေ့ဖြစ်သလို MAT အဖွဲ့ကလည်း အချိန်မီလာကယ်မယ်လို့ ကတိပေးထားတဲ့နေ့ပဲ ဖြစ်ပါတယ်။
လှေထွက်ဖို့အချိန် နီးလာချိန်မှာ အမည်မသိ အရပ်ဝတ်နဲ့လူတစု ရောက်လာပြီး လှေကိုဝင်စီးပြီး စစ်ဆေးမှုတွေ လုပ်တယ်။ အဲဒီအထဲမှာ မြန်မာစကားပြောတတ်တဲ့လူတွေလည်း ပါလာတော့ ဆက်သွယ်ထားတဲ့ MAT အဖွဲ့ ရောက်ရှိလာတယ်ဆိုတာ သိလိုက်ရလို့ ဝမ်းသာကြရတယ်လို့ ဆိုပါတယ်။
ငါးဖမ်းလှေကို လာရောက်စစ်ဆေးတဲ့ အဖွဲ့မှာ MAT အဖွဲ့နဲ့အတူ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန (DSI)၊ လူကုန်ကူးမှု အထူးတိုက်ဖျက်ရေးရဲတပ်ဖွဲ့ (AHTD) နဲ့ နယ်မြေခံရဲတပ်ဖွဲ့တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာပဲ ကိုခင်မောင်ဝင်းတို့ လျှို့ဝှက်တိုင်ပင်ထားတဲ့ ၆ ယောက်က ကျန်တဲ့မြန်မာအလုပ်သမား ၇ ယောက်ကို သူတို့ရဲ့အစီအစဉ်တွေကို ချပြပြီး၊ မူလကလျှို့ဝှက်တိုင်ပင်ရခြင်းက မတော်တဆ သူဌေးနားကို ပေါက်ကြားသွားပါက အားလုံးအသက်အန္တရာယ်နဲ့ ရင်ဆိုင်ရမှာဖြစ်တာမို့ မပြောဖြစ်ခဲ့ကြောင်း ရှင်းပြလိုက်ပြီး အခုလွတ်မြောက်မှုမှာ အားလုံးအတူတူ လိုက်ပါနိုင်တဲ့အကြောင်း ပြောပြလိုက်ချိန်မှာ အားလုံးလည်း ဝမ်းသာအားရနဲ့ လိုက်ပါခဲ့ကြတယ်လို့ ဆိုပါတယ်။
ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးရဲ့ အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ အဖွဲ့ဝင်လည်းဖြစ်တဲ့ MAT က ထိုင်းအာဏာပိုင်တွေနဲ့ တိုင်ပင်ပြီး လုပ်အားခတွေပေးဖို့ လှေသူဌေးဆီကို ဥပဒေကြောင်းအရ တောင်းပေးခဲ့လို့ တလဘတ် ၇၅၀၀ (ကျပ် ၂ သိန်းကျော်) နှုန်းနဲ့ သူဌေးက ရှင်းပေးလိုက်လို့ ဆိုပါတယ်။
လှေလုပ်သားတချို့ လုပ်အားခအပြည့်ရကြပေမယ့် ကိုခင်မောင်ဝင်းရဲ့အမည်က စာရင်းစာအုပ်ထဲမှာ ၂ နှစ်ကျော် ပျောက်နေတယ်ဆိုပြီး သူဌေးကပြောဆိုလို့ ကျပ်သိန်း နှစ်ဆယ်ကျော်နဲ့ပဲ ကျေနပ်လက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ထိုင်းအလုပ်ရှင်ကို လုပ်အားခမပေးဘဲ အဓမ္မစေခိုင်းမှု၊ ညှင်းပန်းနှိပ်စက်မှု စတာတွေနဲ့ တရားစွဲကြဖို့ ဆန္ဒရှိပေမယ့် ထိုင်းရဲတွေအပေါ် ယုံကြည်မှုမရှိတာရယ်၊ တရားစွဲမယ်ဆိုရင် ရုံးချိန်းရက်တွေ လနှစ်တွေအထိချီပြီး စောင့်နေရမှာ ဖြစ်တာကြောင့် MAT တာဝန်ရှိသူတွေက ရတဲ့ပိုက်ဆံတွေကိုယူပြီး မြန်မာပြည်ကိုပြန်ကြပြီး အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ဖို့ တိုက်တွန်းပါတယ်။ ဒီလိုညှိနှိုင်းချက်ကို လွတ်မြောက်လာတဲ့ လှေလုပ်သားတွေကလက်ခံပြီး မြန်မာပြည်အမြန်ဆုံး ပြန်နိုင်ဖို့ ဆုံးဖြတ်ကြတယ်လို့ ဆိုပါတယ်။ အမြန်ဆုံးပြန်နိုင်ဖို့အတွက် မြန်မာသံရုံးက ဆောင်ရွက်ပေးတယ်လို့ ကိုခင်မောင်ဝင်းက ပြောပါတယ်။
မေလ ၁၇ ရက်မှာ မြန်မာသံရုံးရဲ့စီစဉ်ပေးမှုနဲ့ ဘန်ကောက် – မဲဆောက်ကနေ ထိုင်း – မြန်မညနယ်စပ် မြဝတီမြို့ကို ရောက်ရှိကြပါတယ်။ တချိန်တည်းမှာပဲ သူတို့ရဲ့စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေက မဲဆောက်-မြဝတီ နှစ်နိုင်ငံဖြတ်ကူးတဲ့ ချစ်ကြည်ရေးတံတားကြီးပေါ်မှာ ကျန်ခဲ့ပြီး လွတ်လပ်ပေါ့ပါးစွာ ပြန်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
“အခုကျနော်တို့ မြန်မာနိုင်ငံမြေပေါ် ရောက်လာပြီ။ ဝမ်းသာလွန်းလို့ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ ကျနော်ထိုင်းမြေကို စနင်းတဲ့နေ့က ကြောက်စိတ်တွေနဲ့ စတင်ခဲ့တယ်။ အခုမြန်မာ့မြေကို ပြန်နင်းတဲ့နေ့ ကျနော်ဝမ်းသာလွန်းလို့ ငိုပါငိုချင်တယ်ဗျာ။ ကျနော်မိသားစုက ကျနော်သေလားရှင်လား မသိသေးဘူး။ ကျနော်လည်း အဆက်အသွယ် မရသေးဘူး။ မနက်ဖြန်တော့ အိမ်ပြန်ရောက်မှာပါ” လို့ ကိုခင်မောင်ဝင်းက ဝမ်းသာအားရ ပြောဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ငါးဖမ်းလုပ်ငန်းဟာ မြန်မာနိုင်ငံသားအလုပ်သမားတွေကို အားကိုးလုပ်ကိုင်နေရတဲ့ လုပ်ငန်းတခုဖြစ်ပြီး တရားမဝင် လုပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး အဓမ္မခိုင်းစေမှု၊ ညှင်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုတွေ ရှိနေတဲ့ နေရာတခုပါ။ မကြာခင်ကာလက ထိုင်းငါးဖမ်းလုပ်ငန်းကနေ မြန်မာရေလုပ်သား ငါးသောင်းလောက် နေရပ်ကိုပြန်သွားကြတဲ့အကြောင်း ထိုင်းသတင်းမီဒီယာတွေက ရေးသားခဲ့ကြပါတယ်။
ဒီအတွက် ထိုင်းငါးဖမ်းလုပ်ငန်းမှာ အလုပ်သမားရှားပါးမှုနဲ့ ကြုံတွေ့နေရပြီး နောက်ထပ် အလုပ်သမားခေါ်ယူမှုတွေမှာ မြန်မာနိုင်ငံသားတွေက ရှေ့ဆုံးကပါဝင်လာဦးမှာ အသေအချာပါပဲ။ ဒါကို တရားဝင်နည်းလမ်းနဲ့ဖြစ်အောင် နှစ်နိုင်ငံအစိုးရတွေက ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေကြသူတွေက ပြောဆိုပါတယ်။
ထိုင်းငါးဖမ်းလှေတွေက အလုပ်သမားခေါ်ရင် နောက်တကြိမ်ထပ်သွားဖို့ ဆန္ဒရှိမရှိနဲ့ ပတ်သတ်ပြီး ကိုခင်မောင်ဝင်းက“အဲဒီ ငရဲခန်းကို ကျနော်ဘယ်တော့မှ ပြန်မသွားဘူး” လို့ သူ့ရဲ့အိမ်အပြန်လမ်းမှာ ခိုင်မာစွာထုတ်ဖော်ပြောဆိုသွားပါတော့တယ်။