ဆောင်းပါး

လိင်ကုန်သွယ်ရေးမှ ထွက်ပြေးခြင်း

This article has been converted from Zawgyi One to Unicode

မကြာသေးမီက ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်ဖြူမြို့နယ်မှ ရခိုင်အမျိုးသမီး ၃ယောက်သည် မြန်မာ – တရုတ်နယ်စပ်မြို့ Ruili ဟုသိကြသည့် တရုတ်မြို့တမြို့ဖြစ်သော ရွှေလီမြို့တွင် အမှတ်မထင် တွေ့ဆုံခဲ့ကြသည်။

တရုတ်နိုင်ငံသို့ သွားရန် ယုံကြည်ချက်ခိုင်မာသော အဆိုပါ ရခိုင်အမျိုးသမီး ၃ယောက်သည် နယ်စပ်ရှိ ဖွံဖြိုးတိုးတက်သောမြို့တွင် အကျိုးအမြတ်များသော စက်ရုံတွင်းအလုပ်အကိုင်များရရှိမည်ဟူသော ကတိများဖြင့် သွေးဆောင်ဖျားယောင်းခြင်းကို ခံခဲ့ရသည်။

၎င်းတို့သည် မြန်မာနိုင်ငံတွင်းရှိ မူဆယ်မြို့သို့ ကားဖြင့်ထွက်ခွာလာခဲ့ကြပြီး ၇ရက်ဗီဇာဖြင့် နယ်စပ်ကို ဖြတ်ကျော်ပြီးနောက် မှောင်ခိုသမားများက လာရောက်ကြိုဆိုခဲ့ကာ ရွှီကော့တည်းခိုခန်းသို့ရောက်ရှိခဲ့သည်။ ရခိုင်အမျိုးသမီး ၃ယောက်သည် အဆိုပါ တည်းခိုခန်းတွင် ရက်အနည်းငယ်မျှ နေထိုင်ခဲ့ကြသည်။

တနေ့တွင် ရခိုင်အမျိုးသမီး၃ဦးအနက် ၁ဦးဖြစ်သော မနှင်းစန္ဒာဖြိုးသည် မှောင်ခိုသမားများအချင်းချင်း စကားပြောနေသည်ကို ခိုးနားထောင်ခဲ့သည်။

“ကျမ အရမ်းလန့်သွားတယ်”ဟု ကျောက်ဖြူမြို့နယ် တောင်ရင်းရွာဇာတိဖြစ်သော မနှင်းစန္ဒာဖြိုးကပြောသည်။

မှောင်ခိုသမားများအနေဖြင့် အကျိုးတော်ဆောင်ခ သိန်း ၄၀ ကျပ်ရနိုင်သော အပျိုစင်ဈေးကွက်အကြောင်းနှင့် အငယ်ဆုံးဖြစ်သော အသက် ၁၇ နှစ်အရွယ် မသူဇာခင်မှာ သိန်း ၅၀ ကျပ်အထိ ရနိုင်ကြောင်း မှောင်ခိုသမားများ
အချင်းအချင်းပြောနေသည်ကို မနှင်းစန္ဒာဖြိုးက ကြားခဲ့သည်။ မှောင်ခိုသမားများက အဆိုပါ မိန်းကလေးများသည် တရုတ်ဖောက်သည်များနှင့် လက်ထပ်ခြင်းဖြင့် ရရှိသော ဝင်ငွေများအား ၎င်းတို့၏မိသားစုများကို ထောက်ပံ့ပေးနိုင်လိမ့်
မည်ဖြစ်ကြောင်းပြောသည်။

“ကျမ ဒီလိုမျိုးုဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ဘာလို့လည်းဆိုတော့ ကျမ သူ့ကိုယုံတယ်လေ”ဟု မနှင်းစန္ဒာဖြိုးက ပြောသည်။

“ကျမဘာလုပ်ရမှန်း မသိဘူး။ တညလုံးငိုနေခဲ့တယ်။ ကျမချစ်သူကိုလည်း သတိရတယ်။ ကျမသွားမယ့် ခရီးအကြောင်းကို ကျမချစ်သူကို မပြောဖြစ်ခဲ့ဘူး။ ဘာလို့လည်းဆိုတော့ ကျမတရုတ်နိုင်ငံကို အလုပ်လုပ်ဖို့ သွားတာလေ။ သူစိမ်းတယောက်နဲ့ လက်ထပ်ဖို့သွားတာမှ မဟုတ်တာ” ဟု မနှင်းစန္ဒာဖြိုးက ပြောသည်။

အသက် ၂၀ အရွယ် မနှင်းစန္ဒာဖြိုးသည် အလွန်တုန်လှုပ်ခြောက်ခြားခဲ့သည်။

“ရုတ်တရက် ကျမ ဇောချွေးတွေနဲ့ ကျောချမ်းသွားတယ်”ဟု မနှင်းစန္ဒာဖြိုးက ပြောသည်။

ထိုအခါ ရခိုင်အမျိုးသမီး ၃ ယောက်မှာ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ကြသည်။ နိုင်ငံခြား ဘာသာစကားများဖြင့် ပြည့်နှက်နေသည့် အစိမ်းသက်သက် ပတ်ဝန်းကျင်တခုတွင် ၎င်းတို့သိထားသည့်အရာက ထွက်ပြေးခြင်း
ဖြစ်သည်။

“ကျမတို့ တည်းခိုခန်းကနေ ည ၁၀ နာရီလောက်ဝန်းကျင်လောက် ထွက်လာခဲ့ကြတယ်။ တရုတ်စကားလည်း မပြောတက်တော့ အကူအညီမဲ့တယ်လို့ ခံစားခဲ့ရတယ်။ အကူအညီတောင်းဖို့တောင်မှ ခက်ခဲပါတယ်”ဟု မသူဇာခင်ကပြောသည်။

ကံကောင်းစွာဖြင့် ၎င်းတို့သည် ရွှီကော့ တည်းခိုခန်းအနီးတွင် ကွမ်းယာဆိုင်ဖွင့်ထားသော မြန်မာအမျိုးသားတယောက်နဲ့ တွေ့ဆုံခဲ့သည်။

အဆိုပါအမျိုးသားက သူ၏အိမ်တွင် တညတာ ပုန်းခိုရန် ခေါ်သွားခဲ့သည်။ သို့သော် ၎င်းတို့နောက်မှ မှောင်ခိုသမားများလိုက်ရှာနေသည်ကို သိသည့်အတွက် နောက်တနေ့မနက်တွင် ထိုအမျိုးသားက ရွှေလီ – မူဆယ် နယ်စပ်ဂိတ်သို့ ခေါ်ဆောင်သွားခဲ့ပြီး မန္တလေးသို့ သွားသည့် ကားလက်မှတ်များဝယ်ရန် ပိုက်ဆံပေးခဲ့သည်။

မန္တလေးသို့ ရောက်သောအခါ  ၎င်းတို့တွင် လက်ကျန်ငွေ မရှိတော့ပေ။ ထို့နောက် ၎င်းတို့သည် စစ်တွေသို့ အလကားလိုက်ပါစီးနင်းခွင့်ပြုရန် ကားလုပ်ငန်း တာဝန်ရှိသူတစ်ဦးအား အသနားခံခဲ့ကြသည်။ စိတ်သဘော
ထားပြည့်ဝသော အဆိုပါတာဝန်ရှိသူကလည်း လိုလိုလားလား ကူညီပေးခဲ့သည်။

၎င်းတို့သည် စစ်တွေမြို့သို့ မေလ ၁၅ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာသောအခါ ဘတ်စ်ကားမောင်းသူက စစ်တွေရဲစခန်း လူကုန်ကူးမှု ကာကွယ်တားဆီးရေးဌာနသို့ ဆက်သွယ်ခဲ့သည်။ ရဲမှူး ဦးကျော်ညွန့်က အဆိုပါ ရခိုင်အမျိုးသမီး ၃ယောက်နှင့် တွေ့ဆုံခဲ့ပြီး စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်ခဲ့သည်။

ရဲမှူး ဦးကျော်ညွှန့်၏ ပြောပြချက်အရ မှောင်ခိုကူးသူများမှာ မတူကွဲပြားသည့် ရပ်ကွက်များတွင် နေထိုင်ကြသော ကျောက်ဖြူဒေသခံများဖြစ်ကြောင်း သိရသည်။ အဆိုပါ လူကုန်ကူးသူများ၏ ဆွေမျိုးသားချင်းများမှာ တရုတ်နိုင်ငံတွင် အလုပ်လုပ်နေသည့်အတွက် တလလျှင် လစာ အမေရိကန်ဒေါ်လာ ၁၅၀ ဖြင့် တရုတ်စက်ရုံတရုံတွင်အလုပ်ရမည်ဟု  ကတိပေးပြီး ချဉ်းကပ်ခဲ့ကြောင်းသိရသည်။ ဆင်းရဲသော ရွာများတွင် နေထိုင်သည့် ရခိုင်အမျိုးသမီးများအတွက် အလုပ်ကောင်းတခုရရန် မျှော်လင့်ချက်မှာ စိတ်ဝင်စားဖွယ်ကောင်းခဲ့သည်။

ရဲစခန်းက အဆိုပါ မိန်းကလေးများ၏ ဖြစ်ရပ်ကို မှတ်တမ်းယူပြီးနောက် ၎င်းတို့အား အမြန်ရေယဉ်တစင်းဖြင့် ကျောက်ဖြူသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

မေလ ၁၈ ရက်နေ့တွင် ဒေသခံ ရဲစခန်းက ဒေါ်စန်းစန်း၊ ဒေါ်မြင့်မြင့်သန်း၊ ဒေါ်လှရွှေ၊ ဒေါ်မနေ စုစုပေါင်းအမျိုးသမီး ၄ ဦးကို လက်ရဖမ်းဆီးခဲ့ပြီးနောက် လူကုန်ကူးမှုဖြင့် တရားစွဲချက်တင်လိုက်ပြီဖြစ်သည်။

မသူဇာခင်က ထိုလူကုန်ကူးသူများမှာ ထောင်အနှစ် ၄၀ အထိ ကျစေချင်ကြောင်း ပြောသည်။

“သူတို့မှာ ကလေးတွေလည်းရှိတာပဲ။ သားသမီးချင်း ကိုယ်ချင်းစာသင့်ပါတယ်”ဟုပြောသည်။

သို့သော်  လူကုန်ကူးသူများအား တရားမျှတစွာ ဆောင်ရွက်နိုင်သော်လည်း စိတ်ဒဏ်ရာရခဲ့သော မသူဇာခင်အတွက် အကူအညီဖြစ်ပုံမပေါ်ပါ။ ၎င်းသည် ချစ်သူနှင့် မေလ ၁၉ ရက်နေ့တွင် နေအိမ်၌တွေ့ဆုံခဲ့သည်။ သို့သော် သူမျှော်လင့်ထား
သည့် ပျော်ရွှင်သော ပြန်လည်တွေ့ဆုံရခြင်းမျိုး မဟုတ်ခဲ့ပေ။

“ကျမ သူ့ကို အကုန်လုံး ပြောပြချင်ပါတယ်။ ဒါပေမယ့် ကျမ ဘာမှ မပြောနိုင်ခဲ့ဘူး” ဟု မသူဇာခင်က ပြောသည်။

Loading