ဆောင်းပါး

“အလှူရှင်ကြီး မစ္စတာ ဂျွန်”

This article has been converted from Zawgyi One to Unicode

ကနေဒါနိုင်ငံသား ဇင်ဗုဒ္ဓဘာသာ သံယာတော်တပါးဖြစ်ပြီး အသက် ၆၀ ကျော်ရှိ ဂျွန် ဒီ စတီဗင် (John D. Stevens) ဟာ ၂၀၀၅ ခုနှစ်မှာ သူ့ဘဝနဲ့ ထောင်ပေါင်းများစွာသော မြန်မာ ကလေးငယ်များရဲ့ ဘဝကို ပြောင်းလဲစေခဲ့တဲ့ ခရီးတခု စတင်ခဲ့ပါတယ်။

တရားရှုမှတ်နည်း သင်ကြားပေးဖို့  မန္တလေးသို့ ရောက်ရှိစဉ် စတီဗင်ရဲ့  ကျောင်းသားတယောက်ဖြစ်တဲ့ ကောလိပ်ကျောင်းဆင်း ဆိုက်ကားဆရာ ကိုမောင်မောင်ကြီးက သူ့ရွာကို ခေါ်သွားခဲ့တယ်။ အဲဒီရွာလေးမှာ မြင်တွေ့ခဲ့ရတာတွေက စတီဗင်ကို အလွန် အံအားသင့်စရာတွေ ဖြစ်ခဲ့တယ်။ ရွာသားတွေက ယိုယွင်းပျက်စီးလု သက်ကယ်မိုး အိမ်လေးတွေမှာ သောက်ရေ သုံးရေ မရှိ၊ လျှပ်စစ်မီးမရှိဘဲ နေထိုင်ကြတယ်။ စာသင်ကျောင်း ဆိုတာကလည်း သေးသးငယ်ငယ် အိုမင်းယိုင်ရွဲ့ နေတဲ့ သစ်သား အဆောက်အအုံလေး ဖြစ်ပြီး အမိုးက အမြှောင်းလေးတွေ ပုံဖော်နေတယ်။  ဆယ်စုနှစ်ပေါင်းများစွာ အစိုးရရဲ့ လျစ်လျူရှုခြင်းခံခဲ့ရတဲ့ အကျိုးဆက် အပျက်အစီးတွေပေါ့။

အဲဒီအချိန်က ‘တခုခုတော့ လုပ်သင့်ပြီ’ လို့ စတီဗင် နားလည်လိုက်တယ်။ အဲဒီနောက် သူဟာ ရေစုပ်စက်၊ စိုက်ပျိုး မွေးမြူရေးသုံး ပစ္စည်းကိရိယာလို အထောက်အပံ့များ  အဲဒီကျေးရွာကို ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီထက် ပိုပြီး သူလုပ်ပေးနိုင်တာ သူသိနေခဲ့တယ်။ စတီဗင်ကို စာသင်ကျောင်း တကျောင်း ဆောက်ပေးဖို့ တောင်းဆိုကြတယ်။ အဲဒီ တချိန်တည်းမှာပဲ တခြားပြဿနာနဲ့ ရင်ဆိုင်ရပြန်တယ်။

၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံဟာ စစ်အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲ ဖြစ်တာကြောင့် နိုင်ငံခြားသားများ နိုင်ငံအတွင်း လှုပ်ရှား သွားလာတာတွေကို သတိထား စောင့်ကြည့်ခံနေရတဲ့ ကာလလည်း ဖြစ်တယ်။

“အစကတော့ မြန်မာအစိုးရက သံသယဝင်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ သူတို့က နိုင်ငံခြားသားတွေ အကုန်လုံးကို မသင်္ကာဘူးလေ။ သူက သာသနာပြု တယောက်လား။ အစိုးရ အေဂျင်စီ အဖွဲ့တခုခုကလား။ အခြေခံအားဖြင့်ကတော့ ကျနော် ဘာကြောင့် ဒီလို ကူညီချင်တာလဲ ဆိုတာ သူတို့ သိချင်ကြတယ်” လို့ စတီဗင်က ပြောပါတယ်။

အခက်အခဲ အကြပ်အတည်း ဖြစ်နေချိန်မှာ မိတ်ဆွေတယောက်ရဲ့ အကူအညီ ရရှိခဲ့တယ်။  ၁၉၉၇ ခုနှစ်၊ မန္တလေးမှာ ရွှေချည်ထိုး ပန်းချီကား ဝယ်စဉ်က ပန်းချီဆရာတဦးဖြစ်သူ ဦးစိန်မြင့်နဲ့ စတီဗင် အမှတ်မထင် တွေ့ဆုံရတယ်။

အဲဒီကာလက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  အမျိုးသား မိုက်ကယ်အဲရစ်နဲ့လည်း ဦးစိန်မြင့်က မိတ်ဆွေတွေဖြစ်ပြီး အစိုးရနဲ့ ဆက်ဆံရေး ကောင်းမွန်သူလည်း ဖြစ်ပါတယ်။ ပထမဆုံး စာသင်ကျောင်းကို စတီဗင် တည်ဆောက်နေစဉ် အတွင်း ဦးစိန်မြင့်ရဲ့ ကူညီမှုနဲ့ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် နောက်ဆုံးမှာ ဒေသ အာဏာပိုင်များရဲ့  ခွင့်ပြုချက် ရခဲ့ပါတယ်။ သူနဲ့ သူ့အဖွဲ့ဟာ စာသင်ကျောင်း ဆောက်လုပ်တာကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ကြတယ်။

စတီဗင်ကို မြန်မာနိုင်ငံ ကျေးလက်ဒေသများရဲ့  ဆင်းရဲနွမ်းပါးမှုတွေနဲ့ စတင် မိတ်ဆက်ပေးခဲ့တဲ့ ကိုမောင်မောင်ကြီးက လုပ်ငန်းစီမံခန့်ခွဲသူအဖြစ် ယနေ့အချိန်ထိ တာဝန်ယူ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်က စခဲ့တဲ့ စတီဗင်ရဲ့  ပရဟိတလုပ်ငန်း 100Schools ဟာ အခု ဗြိတိန်နိုင်ငံမှာ လူမှုပရဟိတ အသင်းအဖြစ် မှတ်ပုံတင်ထားပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခြေစိုက်ပါတယ်။ ဆယ်စုနှစ် တခုအတွင်း 100Schools က မြန်မာနိုင်ငံ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တို့ှရှိ ဝေးလံခေါင်ဖျား ဒေသတွေမှာ စာသင်ကျောင်း ၄၉ ကျောင်း ဆောက်ပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်မှာလည်း တောင်ပေါ်ဒေသ ကလေးများ အတွက် မူလတန်းကျောင်း တကျောင်းကိုလည်း ဆောက်ပေးခဲ့ပါတယ်။ အဆိုပါ ကျောင်းတွေမှာ ကျောင်းသား ၁ သောင်းကျော် တက်ရောက် ပညာသင်ယူနေကြပါတယ်။ စတီဗင်နဲ့ သူ့အဖွဲ့က မြန်မာနိုင်ငံ အလယ်ပိုင်းမှာလည်း စာသင်ကျောင်း ၂ ကျောင်း ထပ်မံ ဆောက်ပေးနေပါတယ်။

ကျေးလက်ဒေသရှိ အစိုးရပိုင် ကျောင်းတွေဟာ အများအားဖြင့် အထောက်အပံ့ မရှိသလောက် လျစ်လျူရှုခံခဲ့ရပြီး ပြန်လည် ပြင်ဆင်မွမ်းမံခြင်း မရှိတဲ့၊ မူလစတင်ကတည်းက အဖြစ်သဘော ဆောက်လုပ်ထားတဲ့ အဆောက်အဦလေးများသာ ဖြစ်ပါတယ်။

ကျောင်းများ ဆောက်လုပ်ပေးရန် အတွက် 100Schools အဖွဲ့မှာ မြန်မာနိုင်ငံသား လက်သမားနဲ့ ပန်းရံသမား  ၃၅ ဦး ပါဝင်တဲ့ အဖွဲ့တဖွဲ့ ရှိပါတယ်။ ကျောင်းအခြေခံ အုတ်မြစ်ချရာမှာ သက်ဆိုင်ရာ ရွာတွေက စေတနာ့ဝန်ထမ်း လုပ်အားပေး ပါဝင် ကူညီသူများလည်း ရှိတာကြောင့် အချိန်ကုန် ငွေကုန် သက်သာတယ်လို့ ဆိုပါတယ်။ ကျောင်းတွေ ဆောက်လုပ်တဲ့ အခါ တောင့်တင်းခိုင်မာရေး အဓိက ဦးစားပေး ဆောက်လုပ်တာဖြစ်ပြီး အုတ်စီ အဆောက်အဦ စတုရန်း ၁ ပေ ပတ်လည်ကို အမေရိကန်ဒေါ်လာ ၁၀ မှ ၁၂ ဒေါ်လာအထိ ကုန်ကျပါတယ်။ ယင်းကုန်ကျစရိတ်ဟာ ကျေးလက်နေ တောင်သူ လယ်သမားများအတွက် အလွန်များတဲ့ ငွေကြေးပမာဏ ဖြစ်ပါတယ်။

စတီဗင်ရဲ့ အဖွဲ့က အဆောက်အအုံတွေ ဆောက်လုပ်ရာမှာ ငလျင်ဒဏ်၊ ရေကြီးမှုနဲ့ တခြား သဘာ၀ ဘေးအန္တရာယ်များ ခံနိုင်ရည်ရှိရေးကို အဓိက ဦးစားပေး လုပ်ကိုင်ပါတယ်။

“စာသင်ကျောင်း တကျောင်း ဆောက်ပေးဖို့ လေ့လာရွေးချယ်မှု ပြီးပြီဆိုရင် ကျနော်တို့ ပြီးတဲ့အထိ အကုန် တာဝန်ယူတယ်။ အရည်အသွေး ကောင်းတဲ့ အဆောက်အအုံတခု ဖြစ်ဖို့အတွက်  ကျနော်တို့ ကိုယ်ပိုင် အလုပ်သမားတွေကိုပဲ သုံးတယ်” လို့ စတီဗင်က ပြောပါတယ်။

“ဆောက်လုပ်ရေး ဝန်ထမ်းတွေ အားလုံးအတွက် ကျနော်တို့ အလုပ်အကိုင် အခွင့်အလမ်းတွေ မပြတ်အောင် ဖန်တီး ပေးတယ်။ အဲဒါကြောင့် သူတို့ကလည်း ကျနော်တို့နဲ့အတူ နှစ်တွေ အကြာကြီး အလုပ်တွဲလုပ်တယ်။ ဆောက်လုပ်ရေး ဝန်ထမ်း ၃၅ ယောက်ထဲက အများစုက ကျနော်တို့အဖွဲ့ စကတည်းက လုပ်ခဲ့ကြတဲ့ လူတွေပါ” လို့ သူက ဆိုပါတယ်။
အဲဒီအပြင် ဆောက်လုပ်ရေး ဝန်ထမ်းများရဲ့ ဇနီးနဲ့ ဆွေမျိုးတွေ အတွက်လည်း 100Schools က အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားပါသေးတယ်။ ကျောင်းနေအရွယ် ကလေးများအတွက် အခမဲ့ ထောက်ပံ့ပေးတဲ့ ကျောင်းဝတ်စုံတွေ ချုပ်လုပ်ရာမှာ လုပ်ကိုင်ကြရတာပါ။

100Schools က ဆောက်လုပ်ပေးတဲ့ ကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသား ၁ သောင်းကျော်ကို ကျောင်းဝတ်စုံအပြင် မှတ်စုစာအုပ်များ၊ စာရေးကိရိယာများလည်း ထောက်ပံ့ပေးတယ်။ နောက်ပြီး ကျောင်းဆရာများ အတွက် နားနေဆောင်များ၊ စားပွဲများ၊ ကုလားထိုင်များ၊ ကျောက်သင်ပုန်းများနဲ့ အိမ်သာများကိုလည်း ဆောက်လုပ်ပေးတယ်။

အဲဒီလို အထောက်အပံ့ ပေးတာကြောင့် သက်ဆိုင်ရာ ရွာသူရွာသားတွေက စတီဗင်အား “အလှူရှင်ကြီး မစ္စတာ ဂျွန်” လို့ တလေးတစား ခေါ်ဝေါ်ကြပါတယ်။ အဲဒီလို ခေါ်ဝေါ်တာကို လက်မခံဘဲ စတီဗင်က “ဂျွန်” လို့ပဲ သုံးနှုန်းခေါ်ဝေါ်ဖို့ ပြောဆိုတယ်။

“ကျနော်က ငမွဲတယောက်ပါ” လို့ စတီဗင်က နောက်ပြောင်လေ့ရှိပြီး သူက အလှူရှင်တွေနဲ့ အကူအညီ လိုအပ်နေသူများ အကြား ပေါင်းကူးတံတား တခုသာ ဖြစ်တယ်လို့ ပြောလေ့ ရှိပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က စတင်ခဲ့တဲ့ အဆိုပါ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုက အောင်မြင်ပေမယ့် မြန်မာနိုင်ငံမှာတော့ စာသင်ကျောင်းတွေရဲ့ အခြေအနေဟာ အလွန်ဆိုးရွားနေဆဲပါ။

ပြီးခဲ့တဲ့နှစ်  ပညာရေး ဝန်ကြီးဌာနက နိုင်ငံတဝှမ်း စာသင်ကျောင်း ၇၈၀၀ မှာ အရေးတကြီး ပြင်ဆင်မှုများ လိုအပ်နေကြောင်း လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း ကျောင်းပေါင်း ၂၈၀၀ ကို ပြန်လည် ပြင်ဆင်ရန် လျာထားကြောင်း ပြောဆိုခဲ့ပါတယ်။

စတီဗင် ထောက်ပံ့ပေးနေတဲ့ အလုပ်တွေထဲက တချို့ကို အစိုးရသစ်က ယခုနှစ်မှာ ဖြည့်ဆည်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ်က မူလတန်းကျောင်းသား အားလုံးကို ပုံနှိပ်စာအုပ်များနဲ့ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

အစိုးရက ပြင်ဆင်မှုများ ပြုလုပ်နေချိန်မှာ စတီဗင်ကလည်း သူ့အဖွဲ့ရဲ့ လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ပေးရန် လိုအပ်နေဆဲလို့ ယူဆပါတယ်။

“အစိုးရသစ် တက်ခါစ၊ ဒီ ပထမ ၂ လ အတွင်းမှာပဲ စာသင်ကျောင်းသစ်၂ ကျောင်း ဆောက်လုပ်ဖို့အတွက် ခွင့်ပြုချက် ရထားတယ်။ အဲဒါကြောင့် အစိုးရသစ်နဲ့လည်း ဘာပြဿနာမှ မရှိပါဘူး” လို့ စတီဗင်က ပြောတယ်။

စာသင်ကျောင်းတွေ ဆောက်လုပ်လှူဒါန်းတာ အပြင် 100Schools က ကျေးလက်ဒေသနေ ကျောင်းသားများအတွက် အထောက်အပံ့တွေလည်း ပေးပါတယ်။ ထူးချွန်ကျောင်းသားများ ကောလိပ်ဆက်တက်ရန် အတွက် ပညာသင်ဆုများ ရွေးချယ် ပေးအပ်ပါတယ်။ ကွန်ပျူတာ သိပ္ပံဘာသာရပ် လေ့လာနေတဲ့ ကျောင်းသား တယောက်က သူ့ရွာကို ပြန်ကာ ကွန်ပျူတာပညာနဲ့ တခြားကျောင်းသားတွေကို သူ့ရဲ့ ဗဟုသုတတွေ ပြန်လည်ဝေမျှသွားမယ် ဆိုတဲ့ အကြောင်း၊ တခြား ကျောင်းသား တဦးကလည်း သူဘွဲ့ရပြီးရင် ကျေးလက်ဒေသကို ပြန်ပြီး စာသင်ကြားပေးမယ့် အစီအစဉ် ရှိကြောင်း သိရတဲ့ အတွက် ဝမ်းသာရတယ်လို့ စတီဗင်က ဆိုပါတယ်။

စတီဗင်ဟာ ကလေးဘ၀ ကတည်းက သူတပါးကို ကူညီချင်စိတ် ပြင်းပြခဲ့တာဟာ ဗုဒ္ဓဘာသာဝင် အဖွားနှစ်ဦးရဲ့ စေ့ဆော်မှုကြောင့်လို့ သူက ပြောပါတယ်။

စတီဗင်ဟာ ပြင်သစ်မှာ နှစ်ပေါင်း ၂၀ နေထိုင်ခဲ့ပြီး အရှေ့တောင်အာရှသို့ မရွှေ့ပြောင်းမီ ဇင်ဗုဒ္ဓဘာသာ သံယာတော်တပါး အဖြစ် ခံယူခဲ့ပါတယ်။ သူဟာ သူ့ဘ၀ လက်ကျန်ရက်တွေမှာ ကလေးငယ်တွေကို ကူညီအားပေးခြင်းနဲ့ ဘ၀ ပါရမီကို ဖြည့်ဆည်း ကျင့်ကြံသွားမှာ ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။

“စာသင်ကျောင်းတွေက ကလေးတွေအတွက် အခွင့်အလမ်းတွေ ဆောင်ကျဉ်းပေးမယ်။ ကျနော် ကျန်းမာရေး ကောင်းနေသရွေ့ ဆက်လုပ်သွားမှာပါ” လို့ စတီဗင်က ပြောပါတယ်။

Loading