ဆောင်းပါး

အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ပြန်လာပြီ

This article has been converted from Zawgyi One to Unicode

မန္တလေးမြို့မှာ အခြေစိုက်တဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကို ၂၀၁၆ ခုနှစ် မေလ တတိယပတ်မှာ အထူးအစည်းအဝေး ကျင်းပအပြီး ပြန်လည် ဖွဲ့စည်းလိုက်ကြပါတယ်။

အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဖြစ်မြောက်ရေးကော်မတီက စာရေးဆရာဆူးငှက်ကို ဥက္ကဌအဖြစ် ရွေးချယ်ခဲ့ပြီး လူငယ်စာရေးဆရာ သတင်းစာဆရာတွေနဲ့ စာပေနယ်မှာ လက်ရှိရေးသားနေကြတဲ့ စာရေးဆရာတွေလည်း အမှုဆောင် အဖြစ် အရွေးချယ်ခံခဲ့ကြတယ်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဘယ်လိုဖြစ်ပေါ်လာသလဲ။

အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ရည်ရွယ်ချက်တွေက ဘာတွေဖြစ်မလဲ။ စာပေလောကအကျိုးအတွက် ဘာတွေ သယ်ပိုးကြမလဲ စတဲ့ မဆုံးနိုင်တဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက အခုမှ မိုးကျ ပင်ပေါက်တွေလို ပေါ်ပေါက်လာတဲ့ အသင်းမဟုတ်ဘူး။

ဒုတိယ ကမ္ဘာစစ်မတိုင်မီကတည်းက မန္တလေးမြို့က စာရေးဆရာတွေ အင်နဲ့အားနဲ့ ပူးပေါင်းပါဝင်တည်ထောင်ခဲ့တဲ့ အသင်းကြီးဖြစ်တယ်။ တော်စိန်ခို၊ ကျောက်စာဝန်ဟောင်းဦးမြ၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၊ ဆရာတော် ရွှေကိုင်းသား၊ ပါမောက္ခ ဦးကျော်ရင်၊ လူထုဦးလှ၊ လူထု ဒါ်အမာ စတဲ့သူတွေ ဝါယမစိုက် တည်ထောင်ခဲ့တဲ့ကြတယ်။

အဲဒီ အသင်းကြီးကပဲ စာဆိုတော်နေ့တွေရောက်တိုင်း မြို့လူထုက မော်ကြည့်ရတဲ့ စာတမ်းပေါင်းများစွာကို အနောက် ကျုံးလမ်းက ဓမ္မဗိမာန်မှာ ဖတ်ခဲ့ကြတယ်။ လူထုဒေါ်အမာရဲ့ ဗမာသံတွေ ပျောက်ကုန်ပြီ၊ မြန်မာ့ဖန်ကျီ လုပ်ငန်း ၊မောင် စွမ်းရည်ရဲ့ ဗမာစာပေ ဘာလဲဘယ်လဲ စတဲ့ စာတမ်းတွေဟာ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဓမ္မဗိမာန် အလုပ် စခန်းက ထွက်ပေါ်လာတဲ့ ရလဒ်ကောင်းတွေဖြစ်တယ်။

အခုအခါ စကားပြောသလို ရေးကြတယ်ဆိုတာ မဆန်းပေမယ့် အဲဒီခေတ် အဲဒီအခါက ဗမာစာပေ ဖျက်ဆီးတယ်ဆိုပြီး တံဆိပ်ကပ်ခံခဲ့ရတယ်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက “ပြောသလိုရေးမယ်” ဆိုတဲ့ မူကို ဆုပ်ကိုင်ပြီး စာပေကို လူထုကြားရောက်အောင် လမ်းဖောက်ခဲ့ကြတယ်။ ဒီမူက ဆင်သွားလမ်းဖြစ်မူ အဖြစ် စာပေနယ်မှာ ထင်ရှားတယ်။

အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက ကြီးမှူးကျင်းပတဲ့ စာတမ်းဖတ်ပွဲတွေရဲ့ အသီးအပွင့်အဖြစ်  မောင်သာနိုး၊ တက္က သိုလ်မောင်စောလွင်၊ မောင်မိုးသူ၊ မောင်သိန်းနိုင်၊ မောင်လေးအောင်၊ မောင်စွမ်းရည်၊ တက္ကသိုလ် မောင်ထွန်းဝေ၊ တင်မိုး၊ ကြည်အောင်၊ ကိုလေး(အင်း၀ ဂုဏ်ရည်)၊ ဘုတလင် ချစ်လေး၊ မောင်ပေါက်စည် စတဲ့ မန်းတက္ကသိုလ် စာပေ မျိုးဆက်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်လာချိန်မှာ မြန်မာ့ဆိုရှယ်လစ်ပါတီကို နိုင်ငံတော်ရဲ့ တခုတည်းသော ဦးဆောင် ပါတီအဖြစ် ထားရှိပြီး အသင်းအဖွဲ့ အားလုံးကို ပါတီရဲ့ ထီးရိပ်အောက် သွပ်သွင်းခြင်း ခံလိုက်ရတယ်။ အထက် ဗမာနိုင်ငံ စာရေးဆရာအသင်းက မဆလရဲ့ ထီးရိပ်မခိုဘဲ အသင်းလှုပ်ရှားမှုတွေကို ယာယီရပ် ဆိုင်းလိုက်တယ်။ (ယာယီဆိုပေမယ့် ရာစုနှစ်တစ်ဝက်ကျော် ဘာလှုပ်ရှားမှုမှ မလုပ်နိုင်ဘဲ ရပ်ဆိုင်းထားလိုက်ရပါတယ်။)

အခု ပွင့်လင်းရာသီ ရောက်လာချိန်မှာ တချိန်က သြဇာရှိခဲ့တဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ပြန်လည် အသက် ဝင်လာပါပြီ။ အသင်းရယ်လို့ ပီပီပြင်ပြင် မဖြစ်ခင်မှာ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌအဖြစ် ညီပုလေးနဲ့ ဖြစ်မြောက်ရေး ကော်မတီဝင်တွေက ညီစေမင်း၊ ကျော်ရင်မြင့်၊ ဆူးငှက်၊ သိုက်ထွန်းသက်၊ ညို ထွန်းလူ၊ ကိုရိုးကွန့်စတဲ့သူတွေ ပါဝင်ခဲ့ကြတယ်။

ဖြစ်မြောက်ရေး ကော်မတီက အစည်းဝေးတွေ အကြိမ်ကြိမ် ခေါ်ခဲ့ကြတယ်။ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းတွေ မူဝါဒတွေ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အညီ ချမှတ်နိုင်ခဲ့ကြတယ်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း အမည်ယူထားပေမယ့် တနိုင်ငံလုံးက စာရေးဆရာ၊ ဓာတ်ပုံဆရာ၊ ပန်းချီဆရာ၊ သုတေသီ၊ ကာတွန်းဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာတွေ
ပါဝင်နိုင်ဖို့ လမ်းဖွင့်ထားတယ်။

ရှေးယခင် လူကြီးတွေရဲ့ ကောင်းမွေတွေကို ဆက်ခံမှာမို့ မူလအမည်၊ မူလရည်ရွယ်ရွယ်ချက်၊ မူလဖွဲ့စည်းပုံတွေအတိုင်း သန္ဓေမပျက်အောင် မတို့မထိ ထားရှိတာပါ။ စာပေနဲ့ဆိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ သုတေသန စာတမ်းဖတ်ပွဲတွေ၊ ယဉ်ကျေးမှု ဖလှယ်ရေးတွေ ကျင်းပကြမယ်။ အခါအားလျော်စွာ ပြည်တွင်းပြည်ပ ချစ်ကြည်ရေးခရီးစဉ်တွေ ထွက်ကြ မယ်။

စာပေဖွံ့ဖြိုးရေး၊ ယဉ်ကျေးမှုအစဉ်အလာ ဖော်ထုတ်ရေး၊ သုတေသနလုပ်ငန်းတွေ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူ လုပ်ဆောင်ရေး စတဲ့ လုပ်ငန်းတွေလည်း လုပ်ကြမယ်။ အသင်းကြီးကို ရှေးမူတွေအတိုင်း သီးခြားလွတ်လပ်ပြီး အမှီ အခိုကင်းတဲ့ အဖွဲ့အစည်းအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်သွားမှာဖြစ်ပါတယ်။

အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဝင်လိုသူတွေက ပတ်စ်ပို့ ဓာတ်ပုံနှစ်ပုံ၊ နှစ်စဉ်ကြေးနဲ့ အသင်းဝင်ကြေး ကျပ် ၆၀၀၀နဲ့ အတူ အသင်းဥက္ကဌ ဆရာဆူးငှက်ထံမှာ အသင်းဝင်အဖြစ် ဝင်နိုင်ပါတယ်။

မြန်မာစာပေဖွံ့ဖြိုးတိုးတက်ဖို့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက တတပ်တအား ပါဝင်ဖို့ အသင့်ဖြစ်နေပါပြီ။ မိတ်ဆွေတို့ရဲ့ အကြံဉာဏ်တွေ ငွေအား လူအား ပူးပေါင်းပါဝင်မှုတွေကို ကြိုဆိုနေပါတယ်။

Loading