ဆောင်းပါး

လူအများ ဂရုမပြုမိသည့် လက်တကမ်းက ကြောက်စရာအန္တရာယ်

This article has been converted from Zawgyi One to Unicode

နေ့စဉ် သွားလာနေရင်း လူတိုင်းလူတိုင်း ခဏလေးအတွင်းကြုံတွေ့နိုင်သည့် လက်တကမ်းက အလွန်ကြောက်စရာကောင်းသော အန္တရာယ် တခုရှိသည်။

ထိုအန္တရာယ်ဖြင့် ကြုံတွေ့လိုက်ရလျှင်လည်း ကြားရသူအပေါင်း စုတ်တသပ်သပ်ဖြစ်လေ့ ရှိသော်လည်း ကြိုတင်ကာကွယ်မှု အလွန် အားနည်းကြသည်မှာ လျှပ်စစ် အန္တရာယ် ဖြစ်ပါသည်။

မေလ ၂၀ ရက်က စဉ့်ကူးမြို့ ကွက်သစ်(၁)မှ ကလေးငယ် ၄ ဦး လျှပ်စစ်ဓာတ်စီးဝင်နေသော ဘေးအိမ် ခြံစည်းရိုးနှင့် ထိမိရာမှ နေ ရာ တွင် သေဆုံးခဲ့ရသည့်နောက် မိဘများ ရင်ကွဲပက်လက်ဖြစ်ခဲ့ရသည်။ ကြားရသူတိုင်း စိတ်မကောင်း ဖြစ်ကြရသည်။

ထို့နောက် မရှေးမနှောင်းပင် ရန်ကုန်မြို့တွင်လည်း ဘူတာကြီးရှေ့ ရေအိုင်ထဲ ဆင်းလျှောက်ရာမှ လူငယ်တဦး ဓာတ်လိုက် သေဆုံး ခဲ့ရပြန်ပါသည်။

မေးစရာတခုတော့ ရှိလာသည်။ ယခုကဲ့သို့ကိစ္စရပ်များအား နောက်ဆက်တွဲမည်သို့မည်ပုံ အရေးယူဖြေရှင်းသနည်း ဆိုသည့်ကိစ္စဖြစ် သည်။

အမှန်စင်စစ် စဉ့်ကူးမြို့မှ ကလေး ၄ ဦး နေရာတွင်ပင် ဓာတ်လိုက် သေဆုံးခဲ့ရသကဲ့သို့ မန္တလေးတွင်လည်း ထိုဖြစ်ရပ်နှင့်် ဆင်ဆင် တူသည့် ဖြစ်ရပ်တခု ယမန်နှစ်ကဖြစ်ခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ဖြစ်ပွားခဲ့သည့် အချိန်သည်လည်း ၃ ရက်သာ ခြားပါသည်။

၂၀၁၅ မေလ ၁၇ ရက်တွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၅ လမ်း မိုးသောက်ပန်း လမ်းသွယ်ထောင့်တွင် လမ်းပေါ်ပြုတ်ကျနေ သည့် Over Head ကြိုး (လျှပ်စစ်ဓာတ် လွှတ်မထားသည့် ဒန်သတ္တုဖြင့် လုပ်ထားသည့် ကြိုး)အား ကလေးငယ် ၂ ဦးက ကောက် ကိုင်ရာမှ တခြား လျှပ်စစ်ကြိုးများနှင့် ငြိပြီး ဓာတ်လိုက် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ထိုစဉ်က ကလေးမိဘများကို မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး ဌာနမှ လူမှုထောက်ပံ့ကြေး အနေဖြင့် တစ်ဦးလျှင် ကျပ် ၁၀ သိန်း စီ ထောက်ပံ့ ပေးခဲ့သည်။

စဉ့်ကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းကျော်က လေတိုက်၍ ဆားဗစ် မိန်းကြိုးပြတ်ကျပြီး ခြံစည်း ရိုးပေါ် တင်နေကြောင်း၊ ထိုနေ့က မိုးရွာထားသည့် အတွက် အစိုဓာတ်လည်း ရှိနေ၍ ယခုကဲ့သို့ ဓာတ်လိုက်သေဆုံး သွားခြင်းဖြစ်ကြောင်း ဧရာဝတီ ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

“လျှပ်စစ်ကော်ပိုရေးရှင်းက လူမှုကူညီရေးသဘောအနေနဲ့ ကလေးတယောက်ကို ကျပ် ၃ သိန်းနှုန်းနဲ့ ၁၂ သိန်းကူညီပေးပါတယ်” ဟု ၎င်းက ပြောသည်။

လျှပ်စစ်ဓာတ်ကြိုး အန္တရာယ်သည် မြန်မာနိုင်ငံတွင် ဆန်းပြားလှသည်မဟုတ်ပါ။ အင်တာနက် Google ၌ ဓာတ်လိုက်ဟု Search Boxတွင် ရိုက်ထည့်လိုက်ပါက မြန်မာနိုင်ငံအတွင်း အမြို့မြို့အနယ်နယ်မှ ဓာတ်လိုက်သေဆုံးသည့် သတင်း အများအပြား တက် လာ မည်ကို တွေ့ရမည်ဖြစ်ပါသည်။

မီးလောင်သည့် အမှုအများစု ဖြစ်ပွားစေသည့် အကြောင်းရင်းသည်လည်း ဝါယာရှော့ ဟူသော လျှပ်စစ်အန္တရာယ်ကြောင့်သာ ဖြစ်ပါသည်။

နေ့စဉ်သုံးစွဲနေသည့် လျှပ်စစ်ပစ္စည်းများ၊ အသုံးပြုမှုများက စံနှုန်း ပြည့်မီပါသလား

၂၀၁၄ ခုနှစ်က သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ပြဌာန်းလိုက်သော လျှပ်စစ်ဥပဒေ အခန်း(၇) ပုဒ်မ (၃၀)တွင် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းစစ်ဆေးခြင်းနှင့် လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာ စစ်ဆေးခြင်း လုပ်ငန်းများကို ဝန်ကြီးဌာနက ဆောင်ရွက်ရမည်ဟု ပြဌာန်း ထားပြီး ပုဒ်မ ၃၄တွင် ဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်း ကိရိယာ စစ်ဆေးခြင်း လုပ်ငန်းတို့နှင့် စပ်လျဉ်း၍ အရည်အသွေး အတည်ပြုနိုင်ရန် လိုအပ်သော နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများကို တည်ထောင် ဖွင့်လှစ်ထားရှိရမည်ဟု ပြဌာန်းထားပါသည်။

ရပ်ကွက်တချို့တွင် လျှပ်စစ်အသုံးများသော ကားဘော်ဒီရုံ၊ တွင်ခုံ စသည်တို့အား လုပ်ကိုင်လျက် ရှိသော်လည်း လုပ်ငန်းသုံး မီတာ အစား ရိုးရိုးမီတာဖြင့်သာ သုံးစွဲနေသကဲ့သို့ တချို့သော ရေခဲစက်များကလည်း လည်နေသည့်အတွက် ရပ်ကွက် များတွင် မီးအားမပြည့်မှု နေ့စဉ်ကြုံတွေ့နေရကြောင်း မန္တလေးမြို့ စိန်ပန်း၊ သံလျက်မှော် အနောက်ရပ်နေ ဦးစိုးဝင်းထွန်းက ပြောသည်။

“လျှပ်စစ် ဝန်ကြီးဌာနအနေနဲ့ နေ့စဉ်မဟုတ်တောင်မှ တလတခါလောက် ရှောင်တခင် ဝင်ရောက်စစ်ဆေး ပေးစေချင်တယ်”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းသို့ အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံတို့မှ လျှပ်စစ်ပစ္စည်းများ အဓိကဝင်ရောက်ပြီး ပြည်သူအများစု အနေဖြင့်် ဈေးကွက်အတွင်း ငွေကြေး သက်သာသည့် တရုတ် လျှပ်စစ်ပစ္စည်းကိုသာ ရွေးချယ်သုံးစွဲလေ့ရှိကြောင်း တိုင်းလျှပ်စစ်ရုံးမှ ဝန်ထမ်းတဦးက ပြော သည်။

“အရည်အသွေးမမီတဲ့ လျှပ်စစ်ပစ္စည်းတွေ ဈေးကွက်ထဲ ဝင်ရောက်နေတာကို ထိထိရောက်ရောက် တားနိုင်ဖို့ လိုပါတယ်”ဟု ၎င်းက ပြောဆိုသည်။

လျှပ်စစ်ပစ္စည်းများ တပ်ဆင်အသုံးပြုရာတွင်လည်း ကျွမ်းကျင်လုပ်သားများအစား သာမန်လူများကို အသုံးပြုခြင်းကလည်း အန္တရာယ် များလှပါသည်။

“လိုင်းကြိုး သွယ်တဲ့အခါ သက်မှတ်စံညွှန်းအတိုင်း မလုပ်ရင်၊ ကြိုး အရွယ်အစားမတူရင် တချိန်ချိန်မှာ ပြဿနာဖြစ်မှာပဲ”ဟု Golden Lion Wire ကုမ္ပဏီ(မန္တလေး ရုံးခွဲ) တာဝန်ရှိသူတဦးက ပြောသည်။

ဂိတ်မပြည့်သော(ကြေးကြိုး အတုတ်ကို လျှော့ထားသော)ဝါယာကြိုးများနှင့် ဂိတ်ပြည့်သော ဝါယာကြိုးများကို ဒဏ်ခံကြိုး မထည့် ဘဲ တိုက်ရိုက် တေ့ဆက်ဆက်ကာ သွယ်တန်းခြင်းများသည်လည်း ဝါယာရှော့ဖြစ်စေသည့် အဓိကအချက်ဖြစ်ကြောင်းလည်း ၎င်းက ပြောပြသည်။
One Coat (ပလတ်စတစ် တထပ်သာ ဖုံးထားသော) ကြိုးဆိုလျှင် အိမ်တွင်း သွယ်သည့်အခါတွင်သာ သုံးရမည်ဖြစ်ပြီး ပြင်ပ လမ်းမီး တိုင်နှင့် ချိတ်ဆက်သုံးရမည့် ကိစ္စမျိုးဆိုလျှင် အနိမ့်ဆုံး Two Coat ဖုံးထားသော ကြိုးများကိုသာ သုံးရမည်ဖြစ်သည်။

မော်တာကဲ့သို့ မီးအားမြှင့်သော ပစ္စည်းမျိုးဆိုလျှင် Single ကြိုး (အဝင် လျှပ်စီးကြိုးနှင့် အထွက် လျှပ်စစ်ကြိုးအား သီးသန့်ခွဲခြားထား သော ကြိုး)သာ အသုံးပြုရမည် ဖြစ်သော်လည်း တချို့ကမူ Twin ကြိုး (အဝင်အထွက် လျှပ်စီးကြိုးအား ပူးထားသောကြိုး)သုံးသည့် အတွက် လျှပ်စစ်အန္တရာယ်များ ကြုံတွေ့ရလေ့ ရှိပါသည်။

ပြည်သူများစု အနေဖြင့်လည်း လျှပ်စစ်နှင့် စပ်လျဉ်းသော ဗဟုသုတ အားနည်းပါသည်။

လောလောလတ်လတ်ပင် ယခုလ ၂၇ ရက်ကလည်း မိုးကုတ်မြို့တွင် အသက် ၂၄နှစ် အရွယ် လူငယ်တစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ ရပြန်ပါသည်။

မာစီဖူးလ် ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်အတွင်း ကျောက်တူးလုပ်ငန်း လုပ်ဆောင်နေစဉ် ရေများ မြင့်တက်လာသည့် အတွက် မော်တာဖြင့် ရေစုပ်ရာမှ ဓာတ်လိုက်သေဆုံးခြင်း ဖြစ်သည်။

ဓာတ်ကြိုးကိုသွားကိုင်မှ ဓာတ်လိုက်သည်ဟု အများစုက ယူဆလေ့ ရှိသော်လည်း ယင်းအယူအဆသည် မှားယွင်းကြောင်း လျှပ်စစ် ပညာပေး ဆောင်းပါးများ ရေးသားနေသော ဦးသန်းစိုး က ပြောသည်။
ဦးသန်းစိုးသည် မန္တလေးထုတ် သတင်းစာများတွင် လျှပ်စစ်ပညာပေး ဆောင်းပါးများ ရေးသားနေသည့် လျှပ်စစ် ဝန်ထမ်းဟောင်း တစ်ဦးဖြစ်သည်။

“လူ့ခန္ဓာကိုယ်က ၆၅ ကီလိုဗို့ ထွက်တာမို့ ခုခံအားရှိပါတယ်။ မိန်းကြိုးကြီးဗို့အားက ၁၃၂၀၀၀ ဗို့ရှိတယ်။ တခါ ကျနော့် ဝန်ထမ်း တဦး ဓာတ်ကြိုး ပြုတ်ကျတာကို အုန်းလက်နဲ့ သွားဖယ်တယ်။ ဓာတ်ကြိုးနဲ့ ထိဖို့ ၃ ပေလောက် လိုသေးပေမယ့် ဓာတ်လိုက်သေတာ ပါပဲ၊ ဓာတ်ကြိုး တန်းလန်းကျနေရင် အရမ်းအန္တရာယ် များပါတယ်။ ပေ ၂၀ လောက် အနည်းဆုံး ရှောင်ကွင်းသွားမှ အန္တရာယ် ကင်းမယ်”ဟု ဦးသန်းစိုးက ပြောသည်။
One Coat ဝါယာကြိုး ကိုက် ၁၀၀ လျှင် ပြည်တွင်းထုတ် ဝါယာကြိုးဈေးသည် ကျပ် ၁၂၀၀၀ မှ ၁၄၀၀၀ ကြားရှိပြီး ထိုဈေးထက် များစွာလျော့နည်းသည့် တရုတ် ဝါယာကြိုးများကိုလည်း ဈေးကွက်အတွင်း နားလည်မှုနှင့် ရောင်းချနေမှုများလည်း ရှိကြောင်း လျှပ်စစ် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းများထံမှ သိရသည်။

“တရုတ်ကနေ တရားမဝင် သွင်းလာတဲ့ ကြိုးတွေက ပြည်တွင်းထုတ် ကြိုးတွေထက် ဈေးပိုသက်သာတာတွေရှိတယ်။ သူတို့က ဂိတ် (ကြေးကြိုး အရွယ်အစား)ကို ခိုးထားတယ်။ တချို့ဆိုရင် သံကြိုးကို ကြေးရည်လောင်းပြီး ဈေးချိုချိုနဲ့ ရောင်းနေတာတွေ ရှိတယ်၊ ပြည် တွင်း ဝါယာထုတ်တဲ့ ကုမ္ပဏီတွေက တိုင်တန်းလို့ လိုက်စစ်ဆေးတာတော့ ကြားဖူးတယ်။ အစိုးရကနေ သူ့ဘာသူ လိုက်စစ် တာ တော့ တခါမှ မကြုံဖူးသေးဘူး”ဟု မန္တလေးမြို့ ဈေးချိုတော်တွင် လျှပ်စစ်ပစ္စည်းဆိုင် ဖွင့်ထားသည့် ကုန်သည်တဦးက ပြော သည်။

လျှပ်စစ်ပစ္စည်းများ အရည်အသွေးစံချိန်မီ မမီစစ်ဆေးခြင်းအား စက်ဖြင့်စစ်ဆေးရမည်ဖြစ်ပြီး တိုင်းပြည်ဘဏ္ဍာရေး အခြေအနေအရ လောလောဆယ် အဆင်မပြေသေးသည့်အတွက် မိမိ လျှပ်စစ်ဝန်ကြီး တာဝန်ယူခဲ့စဉ်က အဆိုပါပြဌာန်းထားသည့် ဥပဒေ နှင့် အညီ မလုပ်ဆောင်နိုင်ခဲ့ကြောင်း ၂၀၁၃ မှ ၂၀၁၆ ဧပြီ လပိုင်း အထိ မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး တာဝန်ယူခဲ့သော ဦးကျော်မြင့်က ပြော သည်။

“ဓာတ်တိုင်တွေ၊ မီးကြိုးတွေ စစ်ဆေးတာအပြင် ပြည်သူတွေနေ့စဉ်သုံးနေတဲ့ လျှပ်စစ်ပစ္စည်းတွေပေါ့။ အဲယားကွန်းတွေက အစ လိုက်စစ်ရမယ်၊ အဲဒီလို လိုက်စစ်တဲ့စက်က ဗဟိုမှာ တခုပဲ ရှိတယ်။ ဥပဒေက ပြဌာန်းထားတဲ့အတိုင်း စစ်ဆေးရေးအဖွဲ့ ဖွဲ့မယ်ဆိုရင် တိုင်းနဲ့ပြည်နယ်တိုင်းမှာ ဖွဲ့ရမယ်”ဟု မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီးဟောင်း ဦးကျော်မြင့်က ပြောဆိုသည်။

လက်ရှိ မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး တာဝန်ယူနေသည့် ဦးဇာနည်အောင်အား တိုင်းဒေသကြီး အစိုးရရုံးသို့ မေ ၂၇ ရက်နေ့တွင် သွားရောက် တွေ့ဆုံမေးမြန်းသော်လည်း ရုံးတွင် မရှိသောကြောင့် မေးမြန်းခွင့်မရခဲ့ပါ။ ဦးဇာနည်အောင် ၏ လက်ကိုင်ဖုန်း ၀၉၂၀၂၃၉၀၉ သို့ ဆက်သွယ်သေ်ာလည်း စက်ပိတ်ထားသောကြောင့် မေးမြန်းမရခဲ့ပါ။

စစ်ဆေးခတော့ ကောက်ပါသည်

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်း လျှပ်စစ် စစ်ဆေးရေးဌာန အနေဖြင့် လျှပ်စစ်စစ်ဆေးခြင်း ၄၈၇၉ ခု ပြုလုပ်ခဲ့ပြီး အောင်မြင်မှု ၁၅၃ ဒသမ ၈၆ ရခိုင်နှုန်း ရှိသည်ဟု သတင်းထုတ်ပြန်ထားပါသည်။ လျှပ်စစ် စစ်ဆေးခ အနေဖြင့် ကျပ်သန်း ၄၇ ဒသမ ၅၇၇ ရရှိခဲ့ကြောင်းလည်း သိရသည်။

လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် ပြည်သူများသုံးစွဲမည့် ဓာတ်အားပမာဏကို ခန့်မှန်း၍ အဆိုပါ ဓာတ်အားပမာဏကိုဖြည့် ဆည်း ပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားလေ့တော့ ရှိသည်။
သို့သေ်ာလည်း ယခုနှစ်ရာသီဥတု လွန်စွာပူပြင်းသည့်အတွက် အဲယားကွန်းများ၊ ပန်ကာများ လူတိုင်းလိုလို ဝယ်သုံးကြသည့်အခါ ဝန်ကြီးဌာနက မူလခန့်မှန်းထားသည်ထက် ဓာတ်အားသုံးစွဲမှု ပိုမိုများပြားလာခဲ့တော့သည်။
ထို့အပြင် လျှပ်စစ်ခိုးသုံးမှုများ၊ အရည်အသွေးမမီသည့် လျှပ်စစ်ပစ္စည်းများ၊ ကျွမ်းကျင်လုပ်သားများမဟုတ်ဘဲ အဆင်ပြေသလို တပ်ဆင် သူများရှိသည့် နောက်တွင်တော့ ဓာတ်အား ခွဲရုံများ မနိုင်ဝန်ရုန်းရသည့်အခါ ဓာတ်ကြိုးပြတ်မှုများ၊ ဝါယာရှော့များ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

လက်ရှိအသုံးပြုနေသော မီးကြီးတချို့သည် လွတ်လပ်ရေး မရခင်ကတည်းက သုံးစွဲနေသည့် မီးကြိုးများဖြစ်သည့်အတွက် လျှပ်စစ် ဓာတ်ပို့လွှတ်ရာတွင် လမ်း၌ ဓာတ်အား လေလွင့်ဆုံးရှုံးမှုများ ရှိသကဲ့သို့ လိုင်းမန်းများနှင့် ပေါင်း၍ မီးကြိုး ခိုးချိတ်ခြင်း စသည်တို့လည်း ရှိကြောင်း လျှပ်စစ်ဝန်ကြီးဟောင်း ဦးကျော်မြင့်က ပြောသည်။

စီမံခန့်ခွဲမှုများ မည်သို့ရှိသလဲ

နိုင်ငံတကာမြို့ကြီးများတွင် မြို့ပြဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရသည့်အခါ မြို့တော်ဝန်၏ စီမံခန့်ခွဲမှုအောက်တွင်သာ အဓိက လုပ်ကိုင်ရလေ့ ရှိသေ်ာလည်း မြန်မာနိုင်ငံကမူ တကျောင်း တဂါထာ ဆန်းပြားပါသည်။
လျှပ်စစ်လုပ်ငန်းများသည် စည်ပင်နှင့် သက်ဆိုင်မှုမရှိကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်း ရေးမှူး ဦးသက်နိုင်ထွန်း က ပြောသည်။

“စည်ပင်က မီးခွန်ကောက်တာတော့ ဟုတ်ပါတယ်။ အဲဒါက လမ်းမီးတိုင်တွေ ထွန်းခပါ။ လျှပ်စစ်လုပ်ငန်းတွေက သူ့ဝန်ကြီးဌာန လက်အောက်မှာပဲ ရှိပြီး စည်ပင်အောက်မှာ မရှိပါဘူး”ဟု ဦးသက်နိုင်ထွန်း ပြောဆိုသည်။
လျှပ်စစ်လုပ်ငန်းများ လစ်ဟာ အားနည်းရခြင်းတွင် ဌာနဆိုင်ရာများ ညှိနှိုင်းမှု အားနည်းခြင်းသာမက အတွေ့အကြုံရင့်သော ဝန်ထမ်း များကို နေရာမပေးဘဲ တပ်မတော်အရာရှိများ ဦးစီးရာထူး ဝင်ယူခြင်းသည်လည်း အကြောင်းခြင်းရာ တရပ်ဖြစ်စေပါသည်။

“စီမံခန့်ခွဲမှုတွေ ဘယ်လောက်လွဲတယ်ဆိုတာ မပြောနဲ့တော့၊ အိမ်တွင်းလျှပ်စစ် စစ်ဆေးရေးဌာနက လျှပ်စစ်ဝန်ကြီး လက်အောက်မှာ မရှိဘူး။ စက်မှုဝန်ကြီးဌာန လက်အောက်မှာ ရှိနေတာပဲ ကြည့်ပေတော့၊ ကျနော်ဆို လုပ်သက် နှစ် ၂၀ ကျော်ပြီ၊ ရုံးစာရေးကြီး ဘဝမှာပဲ တန့်နေတယ်။ ဦးစီးတွေ နေရာက စစ်တပ်က လူတွေ ဝင်နေရာယူကြတာပဲ”ဟု လျှပ်စစ် ဝန်ထမ်းတဦးက ပြောသည်။

မန္တလေးတိုင်း လျှပ်စစ်ရုံး အမှုဆောင် အရာရှိချုပ်အား အဆိုပါကိစ္စရပ်များ မေးမြန်းရန် သွားရောက်ခဲ့သော်လည်း အစည်းအဝေး တက် နေသဖြင့် မေးမြန်းခွင့် မရခဲ့ပါ။

လျှပ်စစ် ဝန်ထမ်းဘဝမှ အလုပ်ထွက်လာပြီး ကျုရှင်ဆရာလုပ်နေသည့် ကိုသန်းစိုးကတော့ အကောင်းမြင်ပါသည်။

“အခုဆို ပုဂ္ဂလိက ကုမ္ပဏီတချို့က လမ်းပေါ် ဓာတ်ကြိုးပြတ်ကျလည်း လူကို အန္တရာယ်မဖြစ်စေတဲ့ Cover Coated ကြိုးတွေ သုံး နေကြပြီ။ ဒါမျိုးတွေ တနိုင်ငံလုံးသုံးလာရင်၊ ဈေးချိုတဲ့ပစ္စည်းအစား အရည်အသွေးမီတဲ့ပစ္စည်းကိုပဲ သုံးလာအောင် ပညာပေးနိုင်ရင် လျှပ်စစ်အန္တရာယ်တွေ လျော့နည်း လာမှာပါ”ဟု ပြောဆိုပါသည်။

Loading