တာမလာစော ၇ နှစ်အရွယ်တွင် မြန်မာစစ်တပ်က ကရင်ပြည်နယ်ရှိ သူ၏ရွာကို တိုက်ခိုက်ခဲ့သောကြောင့် မိသားစုနှင့် အတူထွက်ပြေးခဲ့သည်။ ထို့နောက် မြစ်ကိုဖြတ်ကူးကာ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး နယ်စပ်တလျောက်ရှိ လုံခြုံသော ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာခဲ့သည်။
ဆယ်စုနှစ်များစွာကြာအောင် ဒုက္ခသည်စခန်းများတွင် ကန့်သတ်ခံထားခဲ့ရသော ဒုက္ခသည်များသည် ကူညီထောက်ပံ့ရေး အဖွဲ့များက ပံ့ပိုးမှုဖြင့် မိမိတို့ကိုယ် မိမိတို့ ပညာရေးဖြင့် မြင့်တင်ကြပြီး အဖွဲ့ အစည်းအတွင်း ပိုမိုကောင်းမွန်စေမည့် မည်သည့်လုပ်ငန်းကိုမဆို ဆောင်ရွက်နိုင်ခဲ့ကြောင်း တာမလာစောက ပြောသည်။ ယခုအခါ အသက် ၃၄ နှစ်ရှိပြီဖြစ်သော သော တာမလာစောက လူမှုဖူလုံရေးအဖွဲ့အစည်းတခုဖြစ်သော ကရင်အမျိုးသမီးအစည်းအရုံး (KWO) တွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါသည်။
“ဒီဒုက္ခသည်စခန်းက ကျမတို့အတွက် သင်ယူစရာနေရာတခုလို့ ခံစားရပါတယ်။ ကျမတို့ ဘယ်လို အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကိုမှ ကြောက်စရာ မလိုခဲ့ပါဘူး။ တိုက်ပွဲတွေ သေဆုံးမှုတွေကိုလည်း ကျမတို့ စိုးရိမ်ဖို့ မလိုအပ်ခဲ့ပါဘူး”ဟု တာမလာစောက မဲဆောက်မြို့အပြင်ဘက်ရှိ KWO ၏ ရုံးခန်းငယ်တွင် ပြောသည်။ နယ်စပ်မြို့တမြို့ ဖြစ်သည့် မဲဆောက်မြို့သည် မြန်မာနိုင်ငံမှ ဒုက္ခသည်များကို ကူညီထောက်ပံ့သော အဖွဲ့အစည်းများအတွက် အဓိက အခြေစိုက် စခန်းနေရာတခု ဖြစ်ပါသည်။
“ဘ၀ အတွက် လှုပ်ရှားရုန်းကန်ရမယ်၊ အသက်ရှင်ကျန် ရပ်တည်ရေး ကြိုးပမ်းရမယ်” ဟု သူက ပြောသည်။ အနာဂတ် တွင် မြန်မာနိုင်ငံသို့ ပြန်ရာ၌ ပညာရေး၏ အခန်းကဏ္ဍကို ပြောသောအခါ “အဲဒါက ကျမတို့ကိုယ် ကျမတို့ ပြင်ဆင်ထားတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် အချိန်ကျတဲ့ အခါမှာ ကျမတို့က အဆင်သင့် ဖြစ်နေရမယ်” ဟု တမလာစော က ပြောသည်။
နယ်စပ်ဒုက္ခသည်စခန်း ၉ ခုမှ ကရင်ဒုက္ခသည် အများစုသည် အိမ်နှင့်အဝေးတွင် ၂၅ နှစ်ကျော်ကြာ အချိန်ကုန်ဆုံးခဲ့ပြီး ကမ္ဘာ့ အရှည်ကြာဆုံး ဒုက္ခသည် ပြဿနာများ၏ ပျမ်းမျှသက်တမ်းထက် ပိုပါသည်။
တကမ္ဘာလုံးတွင် နေအိမ်မှ စွန့်ခွာထွက်ပြေးရသူ အရေအတွက် မြင့်မားလာသည့်အတွက် မေလ ၂၃-၂၄ ရက်နေ့များတွင် World Humanitarian Summit ထိပ်သီးအစည်းအဝေးကို တူရကီနိုင်ငံ အီစတန်ဘူမြို့တွင် ကျင်းပခဲ့ကြသည်။
ထိုသို့ ကိစ္စရပ်နှင့် ပတ်သက်၍ ပထမဆုံးပြုလုပ်သော အစည်းအဝေးတွင် အစိုးရများအနေဖြင့် ကမ္ဘာပေါ်ရှိ အဓမ္မ ရွှေ့ ပြောင်းခံနေရသူ သန်း ၆၀ အတွက် အရေးတကြီးလိုအပ်သော အကူအညီများပေးရန်နှင့် ၎င်းတို့ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရေး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရေးများကို ပြည့်စုံသော နည်းလမ်းအသစ်တရပ်ဖြင့် ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။
အဆိုပါ ထိုင်းဒုက္ခသည်စခန်းများက ရေရှည်အတွက် အသုံးဝင်မည့် အချက်များကို ပေးနိုင်ခဲ့သည်။ စခန်းမှ ထွက်ခွာခြင်းနှင့် အလုပ်ရှာဖွေရန် တားမြစ်ခံထားရသော ဒုက္ခသည်များသည် ထိုစခန်းတွင် ကူညီသော အဖွဲ့အစည်းများ၏ အထောက်အပံံ့ဖြင့် နေထိုင်ရင်း ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာ ဖြန့်ဝေခြင်းမှ အစ ဒီမိုကရေစီ၏ အခြေခံများ အထိ အရာအားလုံးကို သင်ယူခြင်းဖြင့် ဆယ်စုနှစ်များစွာ အချိန်ကုန်ဆုံးခဲ့ပါသည်။
၎င်းတို့က ကော်မတီများအတွက် ခေါင်းဆောင်များ ရွေးချယ်ကြပြီး စခန်းကို လည်ပတ်စေပါသည်။ တာမလာစော ကဲ့သို့ KWO အဖွဲ့ဝင်များက ကျန်းမာရေး၊ ပညာရေး၊ လှုမှုဖူလုံရေးနှင့် အမျိုးသမီးအခွင့်အရေးကိစ္စရပ်များကို အဓိကထား ဆောင်ရွက်ပါသည်။
နိုင်ငံခြားသား အလှူရှင်များ၊ အဖွဲ့အစည်းများနှင့် အတူ အလုပ်လုပ်ခြင်းက ၎င်းတို့ အနေဖြင့် ပွင့်လင်းမြင်သာမှုှနှင့် တာဝန် ယူမှုတို့ကို သင်ယူရန် လိုအပ်လာခဲ့သည်။
ထိုသို့ သင်ခန်းစာများက ရာစုနှစ်တဝက် စစ်အုပ်ချုပ်ရေးပြီးနောက် မတ်လတွင် အာဏာရရှိခဲသော ပထမဆုံး အရပ် သားအစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံမှ လူအများစုထက် သူတို့ကို ပို၍ ရှေ့ရောက်စေခဲ့သည်။
“မြန်မာနိုင်ငံမှာ အရာအားလုံးကို ဖုံးကွယ်ထားခဲ့တယ်။ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ဘာသက်သေခံ အထောက် အထားမှ ချန်မထားဘူး။ ပွင့်ပွင့်လင်းလင်းလင်း စကား မပြောဘူး။ သတင်းအချက်အလက်တွေကို မဝေမျှဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘယ်သူ့ကိုမှ ယုံလို့မရလို့ပဲ”ဟု စခန်းများရှိ ဒုက္ခသည်များကို အစားအစာ၊ အမိုးအကာနှင့် အခြား ပစ္စည်းများ ထောက်ပံ့ပေးသည့် အဖွဲ့အစည်းတခုဖြစ်သော The Border Consortium (TBC) ၏ အမှူဆောင် ဒါရိုက်တာ Sally Thompson ကပြောသည်။
အချိန်မတန်သေး
မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာကြာအောင် နယ်စပ်ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ တပ်များကြား မကြာခန တိုက်ခိုက်ခဲ့သည့်အတွက် နိုင်ငံတွင်းကြီးမားသော ရွေ့ပြောင်းမှုများ ပေါ်ပေါက်ခဲ့ရပြီး သိန်းနှင့်ချီသော ပြည်သူများ ဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိခဲ့ရသည်။
ဒုက္ခသည်ပေါင်း ၁၀၀၀၀၀ ကျော်တို့သည် တတိယနိုင်ငံများသို့ ပြောင်းရွှေ့ အခြေချသည့် ဒုက္ခသည် ၁၀၀၀၀၀ ကျော် ရှိ ပြီး အမေရိကန်နိုင်ငံတွင် ဒုက္ခသည်ပေါင်း ၈၀၀၀၀ နေထိုင်ကြသည်။ ထိုဒုက္ခသည်စခန်းများမှ ဆရာများနှင့် ဆရာဝန်များကဲ့သို့ ပညာတတ်အများစုက ပထမဆုံး ရွေ့ပြောင်းလေ့ရှိပါသည်။
ထိုင်းဒုက္ခသည်စခန်းများတွင် လူဦးရေ ၁၀၀၀၀၀ ခန့်ကျန်ရှိနေပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြောင်းလဲမှု များတိုးတက်လာပြီး ပြီးခဲ့သည့် အောက်တိုဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့်အတွက် ယခုအခါ အိမ်ပြန်ရန် အလားအလာကို မြင်တွေ့နေရပြီ ဖြစ်သည်။
သို့သော် ဒုက္ခသည်များက အိမ်ပြန်လျှင် ၎င်းတို့၏ လုံခြုံမှုကို စိုးရိမ်ပြီး အကယ်၍ တိုက်ပွဲများ ပြန်ဖြစ်လျှင် မကာကွယ်နိုင်မည်ကို စိုးရွံ့သည့်အတွက် ၎င်းတို့၏ တရားဝင် ဒုက္ခသည်အခြေအနေကို လက်လွှတ်ရမည်ကို တွန့်ဆုတ်နေကြပါသည်။
တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့အနက် ၇ ဖွဲ့က အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် မြန်မာအစိုးရအပေါ် မယုံကြည်ခြင်း နှင့် စစ်တပ်က အာဏာကို ဆက်လက် ကိုင်စွဲထားခြင်း တို့ကြောင့် ဖြစ်သည်။ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိပါသည်။
ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (Karen Refugee Committee )၏ ဒုတိယ ဥက္ကဌ ဖြစ်သူ အသက် ၆၅ နှစ်အရွယ် George က အလှူရှင်များက ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေး ထောက်ပံ့ပေးရန် စိတ်ဝင်စားခဲ့ကြောင်း ပြောသည်။
မြန်မာနိုင်ငံမှ ၁၉၇၅ ခုနှစ်ကတည်းက ထွက်ပြေးလာခဲ့သော George က အဆိုပါ အလှူရှင်များအား အခုထိ အချိန် မကျသေးကြောင်း ထိုင်းနိုင်ငံတွင် ဒုက္ခသည်များမှာ အလှူရှင်များ၏ အကူအညီပေါ်တွင် မှီခိုနေရသေးကြောင်း ပြောခဲ့ သည်။
“ကျနော်တို့မှာ ဝင်ငွေမရှိဘူး အသက်မွေးဝမ်းကြောင်း အလုပ်မရှိဘူး။ ကျနော်တို့က လောဘကြီးတဲ့သူတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်ဘ၀ ရပ်တည်နိုင်ဖို့ လိုတယ်”ဟု George က ပြောသည်။
အလှူရှင်များ “ရောင်းကောင်းတဲ့ ပစ္စည်း”
မတ်လ ၃၁ ရက်နေ့တွင် ဒါဇင်ပေါင်းများစွာသော ဒုက္ခသည် ခေါင်းဆောင်များနှင့် ကူညီထောက်ပံ့ရေး ဝန်ထမ်းများ မဲဆောက်မြို့စွန်တွင် တွေ့ဆုံခဲ့ကြပြီး ၎င်းတို့ အိမ်ပြန်မည့်ကိစ္စကို ဆွေးနွေးခဲ့ကြသည်။
ဒုက္ခသည်ကိုယ်စားလှယ်များက အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဍာန်စားပွဲတွင် နေရာယူကြပြီး သူတို့ အိမ်ပြန်နိုင်ရေး ကြိုတင် ပြင်ဆင်မှု အခြေအနေများကို နားထောင်ခဲ့ကြသည်။ သူတို့က အစည်းအဝေးတွင် ဝင်ရောက်ဆွေးနွေးရန်လည်း ကြိုးစားခဲ့ကြပြီး သူတို့ကိုယ်တိုင် သွားရောက်လေ့လာစဉ် တွေ့ရှိခဲ့ရသည့် ရွာများ၏ အခြေအနေများကို ဖလှယ်ခဲ့ကြသည်။
“စခန်းမှာဆိုရင် အိမ်တိုင်း အိမ်သာရှိတယ််််််။ ဒါပေမယ့် အိမ်မှာဆိုရင် အချို့ရွာတွေမှာ အိမ်ပေါင်း ၃၀ မှာမှ အိမ်သာ ၂ လုံးပဲ ရှိတယ်”ဟု မဲဆောက်မြို့ တောင်ပိုင်း နိုပိုးစခန်း ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးဇော်ဂျော်က ပြောသည်။ သူက မတ်လနှောင်းပိုင်းတွင် လူ ၂၀ နှင့်အတူ မြန်မာနိုင်ငံသို့ သွားရောက်လေ့လာခဲ့သည်။
“ရွာမှာ ယင်လုံအိမ်သာ မရှိတဲ့အတွက် ဝမ်းရောဂါဖြစ်ပွားခဲ့တယ်လို့ ပြီးခဲ့နှစ်က ကြားခဲ့ရတယ်”ဟု ဦးဇော်ဂျော်က ဘာသာပြန်ပေးသူမှ တဆင့် ပြောသည်။
လွန်ခဲ့သော ၄ နှစ် အတွင်း ဒုက္ခသည်ပေါင်း ၁၂၀၀၀ ခန့် စခန်းများမှ ထွက်သွားခဲ့သော်လည်း ၎င်းတို့အကုန်လုံး မြန်မာနိုင်ငံသို့ ပြန်သွားသလားဆိုသည်မှာ အတိအကျ မသိရကြောင်း ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ senior coordinator Iain Hall က ပြောသည်။
မိမိဆန္ဒအလျောက် မြန်မာနိုင်ငံပြန်မည့် ဒုက္ခသည်များအတွက် ပြင်ဆင်မှုလုပ်မပေးလျှင် တာဝန်မဲ့ရာကျမည် ဖြစ်ကြောင်း သို့သော်လည်း ထွက်သွားရန် ဖိအားပေးခြင်းမျိုးလည်း မရှိကြောင်း Iain Hall ကပြောသည်။
“လူတွေက စိုးရိမ်နေကြတယ်။ နှစ်ပေါင်းများစွာကြာအောင် စခန်းထဲမှာ နေခဲ့ရတဲ့သူတွေ အနေနဲ့ စိုးရိမ်တာ သဘာဝကျ ပါတယ်”ဟု Hall က အစည်းအဝေးတွင် ပြောသည်။
ဘယ်သူကိုမှ ပြန်ပို့မည် မဟုတ်ကြောင်း Hall က ပြောသည်။ “တကယ်လို့ သူတို့ မပြန်ချင်ဘူးဆိုရင် မပြန်ပါနဲ့ ။ ကျနော်တို့ ဒီမှာ သူတို့ကို ကာကွယ်ပေးဖို့အတွက် ရှိနေပါတယ်” ဟုလည်း သူကဆိုသည်။
ဆီးရီးယား စစ်ပွဲနှင့်အတူ ဥရောပတွင် ဒုက္ခသည် အရေအတွက်တိုးလာသည့်အတွက် ရေရှည် အခြေအနေတွင် ဒုက္ခ သည်များအား ကူညီကယ်ဆယ်ရန် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ငွေကြေးထောက်ပံ့မှုများ ခက်ခဲလာကြောင်း Iain Hall ကပြောသည်။ အသက် ၂၄ နှစ်အရွယ် Iain Hall သည် အာဖရိက၊ ဥရောပနှင့်အာရှတို့တွင် UNHCR နှင့် တာဝန် ထမ်းဆောင်ခဲ့သော ဝါရင့် ဝန်ထမ်းတယောက်ဖြစ်သည်။
“နှစ် ၃၀ ကြာပြီးတဲ့ အထိ သူတို့မှာ နေစရာမရှိသေးဘူး။ ဒါပေမယ့် ကျနော်တို့ အတွက် မျှော်လင့်ချက် အနည်းငယ်ရှိ ပါတယ်။ ကျနော်တို့မှာ အောင်မြင်ဖို့ အခွင့်အရေးတခုရှိပါတယ်။ အလှူရှင်တွေကလည်း နားလည်ကြပါလိမ့်မယ်။”
(Thomson Reuters Foundation မှ Alisa Tang ၏ After 30 Years in Thailand, Glimmers of Hope for Burmese Refugees ကို ဘာသာပြန်သည်)