ရာသီဥတုကြောင့် နှစ်စဉ်အရှုံးပေါ်နေရတဲ့ မြစ်ဝကျွန်းပေါ်ဒေသ လယ်သမား အများစုဟာ အနိမ့်ပိုင်းဒေ သက လယ်တွေမှာ မိုးစပါးမစိုက်ဖို့ ဆုံးဖြတ်ထားကြပါတယ်။
တနှစ်ထက် တနှစ်ပိုမိုဆိုးရွားလာတဲ့ ရာသီဥတုဒဏ်ကို ခံစားနေရတဲ့ လယ်သမားတွေထဲမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကော့ကက်ကြီးကျေးရွာက ကိုအောင်ကြွယ်တို့ မိသားစုလည်း ပါဝင်ပါတယ်။ မနှစ်တုန်းက သူတို့လယ် ၁၄ ဧကမှာ ထက်ဝက်လောက်က ရေနစ်မြုပ်သွားတဲ့အတွက် စပါးတွေ ပျက်စီးပြီး အရှုံးပေါ်ခဲ့ရတာပါ။
ဒီနှစ် နွေစပါးပေါ်ချိန်မှာလည်း ရာသီဥတုဖောက်ပြန်၊ ဆောင်းကာလ ရှည်ကြာနေတာနဲ့ ကြုံရပြီး နွေစပါးအထွက်နှုန်း သိ သိသာသာလျော့ကျသွားတယ်လို့ ကိုအောင်ကြွယ်က ဆိုပါတယ်။
“အရင်က တဧကကို တင်း၁ဝဝ ထွက်တယ်ဆို အခု ၇၅တင်းပဲ ရတော့တယ်။ ရေကြောက်လို့ ဒီနှစ်မိုးလယ်မှာ အနိမ့်ပိုင်း လယ်တွေ မစိုက်တော့ဘူး”လို့ သူက ပြောပါတယ်။
ဒေသတွင်း မအူပင်မြို့နယ်၊ ပလောင်ကျေးရွာက ဦးကျော်မင်းကလည်း အလားတူ ဆုံးဖြတ်ထားပါတယ်။
“တော်သလင်း၊ သီတင်းကျွတ်လောက်ဆိုရင်တော့ ရေပြန်ကျသွားလောက်ပြီ။ အဲဒီအချိန်မှာမှ ရာသီကုန် (သီးနှံ) ဖြစ်တဲ့ ပြောင်းတို့၊ သခွားတို့ ပြန်စိုက်မယ်”လို့ မနှစ်က ရေကြီးမှုကြောင့် မိုးစပါး ၇ ဧက ဆုံးရှုံးခဲ့ရတဲ့ ဦးကျော်မင်းက ပြောပါတယ်။
နိုင်ငံရဲ့စပါးကျီလို့ တင်စားကြတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ အနိမ့်ပိုင်းလယ်မြေတွေထဲ မိုးတွင်းကာလမှာ စိုက်ပျိုးတဲ့ သက်ကြီးစပါးမျိုးဟာ တဧကအထွက်နှုန်း နည်းပါးရုံသာမက ပူပြင်းခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းအစရှိတဲ့ ရာသီဥတုဒဏ် ကြောင့် ဆုံးရှုံးမှုများတဲ့အတွက် ဒီနှစ်တော့ လယ်သမားအများအပြားက စိုက်ပျိုးဖို့ လက်ရှောင်နေကြပါပြီ။
ဒီနှစ်အတွက် စပါးအထွက်နှုန်း
ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် လွတ်လပ်သော လယ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌဦးသိန်းအောင်က မိုးစပါးမစိုက် တော့ဘူးဆိုတဲ့ မြေနိမ့်ဒေသ လယ်ဧကပေါင်း နှစ်သိန်းဝန်းကျင်ရှိပေမယ့် အထွက်နှုန်းနည်းတဲ့ စပါးမျိုးစေ့တွေကိုသာ စိုက်ပျိုးနိုင်တာကြောင့် ဒေသတွင်း စပါးအထွက်နှုန်းကိုတော့ သိသိသာသာထိခိုက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
မြန်မာနိုင်ငံဟာ ဒီဘက်ပိုင်း ဆယ်စုနှစ်တွေအတွင်း မိုးခေါင်ရေရှားခြင်း၊ အချိန်အခါမဟုတ် မိုးကြီးခြင်း စတဲ့ ရာသီဥတု ဒဏ်တွေကို နှစ်စဉ်ခံစားနေရပါပြီ။ ပြီးခဲ့တဲ့နှစ် ဇူလိုင်၊ သြဂုတ်လတို့မှာ တိုက်ခိုက်ခဲ့တဲ့ ကိုမန်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပုံမှန်ထက် ပိုတဲ့ မိုးကြီးရေလျှံမှုတွေ နိုင်ငံအနှံ့ ဖြစ်ခဲ့ရာမှာ ဧရာဝတီတိုင်းဒေသကြီးတခုတည်း အတွင်းမှာတင် မိုးစပါးဧက ပေါင်း ၂၆ဝ,ဝဝဝကျော် ထိခိုက်ပြီး ဧကပေါင်း ၅၂,ဝဝဝ ထက်မနည်း ပျက်စီးဆုံးရှုံးသွားပါတယ်။
ဆိုးရွားလာတဲ့ ရာသီဥတုနဲ့ သင့်လျော်အောင် စိုက်ပျိုးနည်းစနစ်တွေ ပြောင်းလဲဖို့နဲ့ စိုက်ပျိုးသီးနှံတွေ ရွေးချယ်နိုင်ဖို့ဟာ လယ်သမားတွေအတွက် သေရေးရှင်ရေးဖြစ်နေပါပြီ။
မိုးလေဝသပညာရှင် ဦးထွန်းလွင်ကလည်း မြန်မာနဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ မုတ်သုံဝင်ချိန်နောက်ကျ၊ မုတ်သုံ ထွက်ချိန် စောလာတတ်တာကြောင့် စိုက်ပျိုးနည်းစနစ်တွေ မဖြစ်မနေ အပြောင်းအလဲ လုပ်ရတော့မယ်လို့ သတိပေးပါ တယ်။
“သမားရိုးကျနည်းနဲ့တော့ သွားလို့ မရတော့ဘူး။ အခြေအနေကို ညှိပြီးတော့၊ ပြောင်းလဲပြီးတော့ စိုက်ပျိုးရမှာပါပဲ” လို့ သူ က ပြောပါတယ်။
နိုင်ငံအောက်ပိုင်းမှာ အချိန်အခါမဟုတ် မိုးကြီးနိုင်တာကြောင့် လုပ်ငန်း အမြန်ပြီးဖို့အတွက် မိရိုးဖလာထုံးစံတွေအတိုင်း လုပ်ကိုင်ခြင်းထက် ရိတ်သိမ်း၊ အခြောက်ခံ၊ အစေ့ခြွေတာတို့ကို စက်ကိရိယာတွေ အားကိုးမှ သင့်တော်မယ်လို့ သူက ဆက်ပြောပါတယ်။
“စက်ကိရိယာ အကူအညီနဲ့ လုပ်ဖို့လိုတယ်။ အဲဒါတွေ ရဖို့အတွက် သက်ဆိုင်ရာလယ်သမားအနေနဲ့တော့ တတ်နိုင်ချင်မှ တတ်နိုင်မှာပေါ့။ အစိုးရအနေနဲ့ ကူညီဖို့လိုတာပေါ့” လို့ ဦးထွန်းလွင်က ဆိုပါတယ်။
တိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး ဦးဘဟိန်းက ဒေသအတွင်း စိုက်ပျိုးရေးကဏ္ဍ တိုး တက်ဖို့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ပူးပေါင်းပြီး ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော်ဖို့ အတွက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ မျိုးကောင်းမျိုးသန့်တွေ သုံးပြီး စိုက်ပျိုးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
“ရာသီဥတုဆိုတာကတော့ သဘာဝ ဘေးအန္တရာယ်ဖြစ်တဲ့အတွက် ကာကွယ်ဖို့ တော်တော်ခက်ခဲပါတယ်။ လူလုပ်တဲ့ အန္တရာယ်တွေကိုတော့ အဓိက ဦးစားပေးပြီး ဖြေရှင်းသွားမှာပါ” လို့ သူက ပြောပါတယ်။
စိုက်ပျိုးရေးကဏ္ဍ အကြံပြုမှုများ
ဒေသတွင်း ဆန်တင်ပို့မှု အများဆုံး နိုင်ငံတခုဖြစ်ခဲ့ဖူးတဲ့၊ လူဦးရေ ၇ဝ ရာခိုင်နှုန်းဝန်းကျင်က တောင်သူလယ်သမားတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကဏ္ဍနဲ့ တောင်သူလယ်သမားတွေရဲ့ဘဝမြင့်မားရေးကို ဦးစားမပေးခဲ့ပါဘူး။
ပြည်ထောင်စု လွှတ်တော်ရဲ့တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ၊ မအူပင်မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်ပေမယ့်လည်း အစိုးရအဆက်ဆက်က စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးသုံးစွဲမှု အလွန်နည်းပါးတယ်လို့ ပြောပါတယ်။
စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် သိမ်းဆည်းခံ လယ်ယာမြေပြန်လည်ရရှိဖို့က အရေးပါတဲ့အချက်ဖြစ်သလို အစိုးရသစ်အနေနဲ့ တောင်သူတွေ အချိန်မီ စိုက်ပျိုးနိုင်အောင် ချေးငွေအချိန်မီ ထုတ်ချေးဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
“(ဆန်စပါး) သုတေသနပိုင်းမှာ သီးနှံမျိုးစေ့စီမံကိန်းတွေကို အလေးထားပြီး ဆောင်ရွက်မှု အားနည်းတာကို တွေ့ရပါတယ်” လို့ ဦးစိန်ဝင်းက ပြောပါတယ်။
စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ အစိုးရသစ်ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးနဲ့ ဆွေးနွေးမယ်လို့ ပြောပါတယ်။
“ကိုယ့်ပါတီက ကိုယ့်ဝန်ကြီးပဲဗျာ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် ကျနော်တို့ ကြိုးစားညှိနှိုင်းအဖြေရှာသွားမှာပါ” လို့ သူ က ဆိုပါတယ်။
ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ဒီနှစ် ပြည်ပပို့ကုန်ထဲ ဆန်မပါဝင်နိုင်ဘူးလို့ ပြောပါ တယ်။
“ဒီနှစ်မှာတော့ ရာသီဥတုကြောင့် ဆန်စပါးအထွက်၂ဝရာခိုင်နှုန်းလောက် နည်းသွားပါတယ်။ ဒေသတွင်း စားသုံးဖို့ကတော့ ဖူလုံနိုင်ပေမယ့် နိုင်ငံခြားတင်ပို့ဖို့ကတော့ မဖြစ်နိုင်ပါဘူး” လို့ သူက ပြောပါတယ်။
အလားတူ သုံးသပ်သူတဦးကတော့ မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်း ဖြစ်ပါတယ်။ ပူပြင်း ခြောက်သွေ့တဲ့ အယ်လ်နီညိုရာသီဥတုသက်ရောက်ပြီး သိသိသာသာ မိုးနည်းလာနိုင်တာကြောင့် သက်တမ်းတိုတဲ့ စပါး မျိုးတွေ စိုက်ပျိုးသင့်တဲ့အတွက် ရေအရင်းအမြစ်ကို အလေးထားရမယ်လို့ သူက ဆိုပါတယ်။
“မြန်မာနိုင်ငံမှာက ရေရနိုင်တဲ့နည်းတွေ ရှိပါတယ်။ မြစ်ကြီးတွေမှာ ရှိနေတဲ့ရေကို လိုအပ်သလို ထိန်းသိမ်းနိုင်ရင် စိုက်ပျိုး ရေးကဏ္ဍက ပြန်ပြီး မြင့်တက်လာမယ်” လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။
မအူပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးသိုက်စိုးက သူတို့ ဝန်ကြီးဌာနအနေနဲ့ လယ်သမားတွေကို အယ်လ်နီညို ရာသီ ဥတုနဲ့ ပတ်သက်ပြီး နည်းပညာပေးခြင်း၊ မျိုးစပါးတွေ ဖြန့်ဝေပေးခြင်း အစရှိတာတွေကို ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါ တယ်။
“ပျိုးခင်း၊ စိုက်ခင်းတွေ ရေရဖို့ အခက်အခဲဖြစ်နိုင်တယ်။ သီးနှံအထွက်နှုန်း လျော့နည်းသွားနိုင်တယ်။ သက်တမ်းတိုတဲ့စပါး တွေ စိုက်ပျိုးသင့်တယ်” လို့ ဦးသိုက်စိုးက ပြောလိုက်ပါတယ်။