ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း-မြန်မာ နယ်စပ်၌ရှိသော “ဝ” ပြည် သွေးစည်းညီညွှတ်ရေး ပါတီ၊ “ဝ” ပြည် သွေးစည်းညီညွှတ်ရေး တပ် မတော် (UWSP/UWSA) ၏ တောင်ပိုင်း တပ်စခန်းများကို နောက်ဆုတ်ပေးရန် ထိုင်းဘက်က တောင်းဆို လိုက်ပြန်သည်။
မေလ ၃၀ ရက်က မယ်ဆိုင်မြို့တွင် ပြုလုပ်သည့် ၈၆ ကြိမ်မြောက် နှစ်နိုင်ငံ နယ်ခြားကော်မတီ အစည်းအဝေး၌ ထိုင်းဘက်က တောင်းဆိုခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းတောင်းမြို့နယ်နှင့် မယ်ဟောင်ဆောင်ခရိုင် ပိုင်မြို့နယ် အစပ်များတွင် ရှိသော UWSA တပ် စခန်းများသည် နှစ်နိုင်ငံ နယ်စပ်မျဉ်းကို ကျော်လွန်နေသဖြင့် နောက်ဆုတ်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ထိုင်းဘက်က အကြောင်းပြချက်ပေးသည်။
ထိုအစည်းအဝေးကို မြန်မာနိုင်ငံဘက်မှ ဒု ဗိုလ်မှူးကြီး အောင်မြင့်ဦး ဦးဆောင်သည့် အဖွဲ့ဝင် ၂၅ ဦးတက်ရောက်၍ ထိုင်းနိုင်ငံ ဘက် က ဗိုလ်မှူးကြီး ပရာပက် ဖောင်ဆူဝမ်(Prapat found Suwan) ဦးဆောင်သည့် အဖွဲ့ဝင် ၄၇ ဦး တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ နယ်စပ် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် UWSA တပ်စခန်းများ ဆုတ်ခွာရေးကို ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
မြန်မာဘက်ကလည်း တာချီလိတ်မြို့အနီး ဒွိုင်လန် နယ်မြေ၌ ထိုင်းဘက်က နယ်ခြားမှတ်တိုင် စိုက်ထူထားပြီး နယ်ခြားစောင့် တပ်များ လာရောက်စခန်းချထားခြင်းကို ဖယ်ရှားပေးရန် ထိုအစည်းအဝေးတွင် တင်ပြတောင်းဆိုခဲ့သည်။
သို့သော် ၂၀၀၁ ခုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ ချွန်ဘူရီမြို့၌ ကျင်းပသော အစည်းအဝေးတွင် နှစ်နိုင်ငံသဘောတူညီမှုရရှိခဲ့ပြီး ဖြစ်၍ ဖယ်ရှားပေးမည် မဟုတ်ကြောင်း ထိုင်းဘက်က တာဝန်ရှိသူများက တုံ့ပြန်ပြောဆိုခဲ့ပြီး ပူးတွဲနယ်ခြား ကော်မတီ(JBC) အစည်း အဝေးများတွင် ဆက်လက် ဆွေးနွေးသွားကြရန်သာ ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
ထို့အပြင် နှစ်နိုင်ငံပိုင်သည့် မယ်ဆိုင်ချောင်းတွင် ထိုင်းဘက်က ချောင်းကိုပိတ်ပြီး ရေစီးလမ်းကြောင်းပြောင်းလဲစေရန် လုပ်ဆောင် နေမှု ကိုလည်း ရပ်တန့်ပေးရန် မြန်မာဘက်က တင်ပြတောင်းဆိုခဲ့သည်ဟု ဆိုသည်။
ထိုင်းဘက်ကတောင်းဆိုသည့် UWSA တပ်စခန်းပြောင်းရွှေ့ပေးရေးနှင့် ပတ်သက်ပြီး အထက်အဆင့်ဆင့်တင်ပြထားပြီး မကြာမီ ပြေလည်မှုရရှိလိမ့်မည်ဟု မြန်မာဘက်က ပြောဆိုခဲ့ကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ်က UWSA တောင်ပိုင်း တပ်များ ဆုတ်ခွာပေးရေးနှင့်ပတ်သက်ပြီး ယခင်တွေ့ဆုံခဲ့သည့် နှစ်နိုင်ငံ နယ်ခြား ကော်မတီ အစည်းအဝေးများတွင်လည်း ထိုင်းဘက်က တောင်းဆိုခဲ့ဖူးသည်။
ထိုတောင်းဆိုမှုများ နောက်ပိုင်းတွင် UWSA နှင့် အစိုးရ တပ်မတော်တို့ကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားလေ့ရှိခဲ့ပြီး ထိုင်းနယ်စပ်ရှိUWSA တပ်စခန်းများ အနေနှင့် ရွှေ့ပြောင်းရခြင်းမရှိဘဲ ပြီးဆုံးသွားလေ့ရှိသည်ကိုလည်း တွေ့ရသည်။
သို့သော် ယခုအကြိမ် တောင်းဆိုမှုအပေါ် UWSA အသိုင်းအဝိုင်းဘက်ကတော့ သံသယ ဝင်မှုရှိနေကြသည်။
ထိုသံသယဝင်မှုတွင် UWSA တပ်များဆုတ်ခွာပေးရေး ထိုင်းဘက်က တောင်းဆိုမှုမပြုလုပ်မီ သုံးရက်အလိုက တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် သွားရောက်ခဲ့မှုလည်း အပါအဝင်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၂၅ ရက်ကနေ ၂၇ ရက်အထိ ထိုင်းနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် သွားရောက်ခဲ့သည်။
တရားဝင် ထုတ်ပြန်ချက်များအရ ထိုခရီးစဉ်တွင် ထိုင်းတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွမ်မိုင်း ခိုထီရာ(Sommai Kaotira)နှင့် တွေ့ဆုံခဲ့ပြီး ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အကူ အညီများပေးခဲ့ခြင်းအပေါ် ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုခဲ့သည်ဟု ဆိုသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် UWSA ကို အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးစေရန် ၎င်းနှင့် ဆက်ဆံရေး ရေချိန်ကောင်းနေသည့် ထိုင်းအစိုးရဘက်ကနေ တဘက်လှည့်၍ ပါးနပ်စွာ ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု UWSA နှင့် နီးစပ်သူ တချို့က ယူဆနေကြသည်။
“အခုက မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ်နဲ့က ဆက်ဆံရေးသိပ်ကောင်းနေတယ်။ အစိုးရ စစ်တပ် အနေနဲ့ UWSA ကို အပစ်ရပ် လက် မှတ်ထိုးဖို့ စည်းရုံးမှုတွေက အခုချိန်ထိ မအောင်မြင်ဘူး။ ဒါကို တဘက်လှည့်အနေနဲ့ ပရိယာယ်သုံးပြီး ပါးပါးနပ်နပ် ကြိုးစားနေတဲ့ သဘောလို့ ထင်ပါတယ်”ဟု UWSA နှင့် နီးစပ်သူ တဦးက ပြောသည်။
မြန်မာနိုင်ငံတွင် UWSA သည် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသည်မှာ ၂၆ နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သည်။
UWSA ကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အပစ်ရပ် လက်မှတ်ထိုးရန် ဖိတ်ခေါ်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် အပစ် အခတ် ရပ်စဲရေး လုပ်ပြီးကာလအတွင်း ပျက်ပြယ်ခြင်း မရှိသေးသဖြင့် အစိုးရနှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ပြုလုပ်နေသည့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ်ချုပ်ဆိုရာတွင် ပါဝင်စရာမလိုဟု ပြောဆိုထားသည်။
ယခုအစိုးရသစ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွင် အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဦးဆောင်ရန် UWSA က တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ အပစ်မရပ်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်တချို့က လက်မခံ၍ ပျက်ပြယ်မှု ရှိခဲ့သည်။
UWSA အနေဖြင့် ပြည်နယ် အဆင့်သတ်မှတ်ပေးရန် ယခင်အစိုးရလက်ထက်တွင်လည်း တစိုက်မတ်မတ် တောင်းဆိုခဲ့ပြီး သမ္မတ ဦးထင်ကျော် အစိုးရသစ်လက်ထက်တွင် ထိုတောင်းဆိုမှုကို ဆက်လက်ဆွဲကိုင်သွားမည်ဟု ဆိုသဖြင့် အစိုးရသစ် အနေဖြင့် UWSA နှင့် မည်သည့်ပုံစံဖြင့် ဆွေးနွေးကြမည်ဆိုသည်မှာလည်း စိတ်ဝင်စားစရာ ကောင်းလှသည်။
UWSA အပေါ် တပ်မတော်က ဖိအားပေးရာတွင် UWSA တောင်ပိုင်းနှင့်ထိစပ်နေသည့် ထိုင်းအစိုးရဘက်က အကူအညီယူ သကဲ့သို့ အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) ကို အသုံးချပြီး ဖိအားပေးမှုများလည်း ပြုလုပ်လာနိုင်သည်ဟု စစ်ရေး အကဲခတ်တချို့က သုံးသပ်ပြောဆိုကြသည်။
RCSS/SSA တပ်တချို့သည် အစိုးရနှင့် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း UWSA ရှေ့တန်း တပ်စခန်းတချို့၏ လှုပ်ရှားနယ်မြေ များ အနီးသို့ လှုပ်ရှားမှုများ ပြုလုပ်လာသည်ကို မြေပြင်တွင် တွေ့မြင်နေရသည်ဟု ဆိုသည်။
“ဝ တောင်ပိုင်းမှာဆို ဟိုဘက်က ထိုင်းနိုင်ငံ၊ ဒီဘက်ရှေ့တန်း နယ်မြေတွေမှာဆိုရင် RCSS တပ်တွေနဲ့ အစိုးရ တပ်မတော် စစ်ကြောင်း တွေက ထိစပ်နေတယ်။ တပ်မတော်အနေနဲ့ ဒါတွေကိုအသုံးချပြီး လှုပ်ရှားမှုတွေ လုပ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် အခုအချိန် က မိုးတွင်းကာလဖြစ်တာကြောင့် တိုက်ပွဲတွေ ဖြစ်မလာနိုင်ဘူးလို့ ယူဆပါတယ်။ ဖြစ်လာခဲ့ရင်လည်း တခြားတိုက်ပွဲတွေမှာ ပေး ဆပ် ခဲ့ရတာထက် အသက်ပေါင်းများစွာ ပေးဆပ်ကြရလိမ့်မယ်”ဟု စစ်ရေး အကဲခတ်တဦးက ပြောဆိုသည်။
UWSA မြောက်ပိုင်းအဖွဲ့ ထိန်းချုပ်နယ်မြေနှင့် ထိစပ်နေသည့် သံလွင်မြစ်အနောက်ခြမ်းက ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တပ်စခန်းတွေကို တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ထိုအခြေအနေသည် လည်း စစ်ရေးအရ UWSA အပေါ် ဖိအားပေးနေခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်။
UWSA နှင့် SSPP/SSA တို့သည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ မဟာမိတ်များဖြစ်ကြပြီး တပ်မတော်အနေဖြင့် သံလွင် အနောက် ခြမ်းက SSPP/SSA စိုးမိုးကုန်းများကို သိမ်းပိုက်နိုင်လျှင် UWSA အပေါ် စစ်ရေးအရ ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်သည်ဟုလည်း ဆို သည်။
ထိုသို့သော စွပ်စွဲချက်များနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံး တို့မှ ပြောခွင့်ရပုဂ္ဂိုလ်များထံ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ရှိ သူများက ဖြေဆိုရန် မအားလပ်သေးကြောင်းသာ တုံ့ပြန် ဖြေကြားခဲ့သည်။
UWSA သည် ရှမ်းပြည်နယ်အတွင်း၌ တောင်ပိုင်း၊ မြောက်ပိုင်း ခွဲအုပ်ချုပ်ပြီး စုစုပေါင်း အင်အား သုံးသောင်းခွဲခန့် ရှိကြောင်း စစ်ရေး အကဲခတ်များက ခန့်မှန်းပြောဆိုကြသည်။
UWSA တပ်မဟာ ၅ ခုရှိသည့် တောင်ပိုင်းတွင် အင်အား ၂ သောင်းကျော်ရှိကြောင်း သိရပြီး တောင်ပိုင်းအဖွဲ့သည် စစ်အင်အားအပြင် စီးပွားရေး အရလည်း မြောက်ပိုင်းထက် အားကောင်းကြောင်း သိရသည်။
တောင်ပိုင်းအဖွဲ့သည် နယ်စပ်လမ်းကြောင်းမှတဆင့် ထိုင်းနှင့် စီးပွားရေး ဆက်နွယ်မှုရှိထားပြီး ယင်းနေရာကို ထိန်းချုပ်ထားနိုင်လျှင် စီးပွားရေးအပြင် စစ်ရေးအရပါ အသာစီးရယူထားနိုင်ကြောင်း၊ UWSA အနေဖြင့် ယင်းနေရာများမှ ဆုတ်ခွာပေးမည်ဆိုလျှင် ထိုအခြေအနေများကို ထိခိုက်မှုရှိလာနိုင်ဖွယ် ရှိကြောင်းလည်း ဆိုသည်။
UWSA ကတော့ အဆိုပါနေရာများမှ တလက္မမျှ ဆုတ်ခွာပေးလိုခြင်း မရှိပေ။
ထို့ကြောင့် တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ဆင်ရေးပြုလုပ်နေသည့် တပ်မတော် တပ်မကြီး တချို့ နောက်တန်းပြန် အနားယူချိန်မှစ၍ တောင်ပိုင်းစစ်ဒေသတွင် ယခင်ထက် ပိုမို တောင့် တင်းသည့် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟု သိရသည်။
UWSA တပ်စခန်းများ ထိုင်းနယ်စပ်မျဉ်းကနေ ဆုတ်ခွာပေးရန် ယခင်က တောင်းဆိုမှုများကို UWSA အနေဖြင့် ဆုတ်ခွာပေးရခြင်း လည်းမရှိ၊ သေနတ်လည်း တချက်မှ မပေါက်ဘဲ ပိုနေမြဲကျားနေမြဲ ဆက်လက် ရပ်တည်နိုင်ခဲ့သည်။
ယခုအကြိမ်တွင်မူ အစိုးရတပ်မတော်နှင့် UWSA တို့ကြား မည်သို့ဆွေးနွေး ဆောင်ရွက်ကြမည် ဆိုသည်ကိုတော့ စောင့်ကြည့်ရ ဦး မည် ဖြစ်ပါသည်။ ။