ဆောင်းပါး

အန္တရာယ်ကြားက အကာအကွယ်မဲ့ ကျောက်ထုတ်လုပ်သားများ

This article has been converted from Zawgyi One to Unicode

အလေးချိန် ပေါင် ၂၀ နီးပါးရှိတဲ့ တူကြီးကို ခွန်အားပါပါမပြီး လူတဖက်လောက်ရှိတဲ့ ကျောက်တုံးကြီးကို ရိုက်ခွဲနေသူ က အသက် ၂၅နှစ်ဝန်းကျင် လူငယ်တယောက်ဖြစ်တယ်။

တူရိုက်ချက်ကြောင့် ကျောက်မှုန်တွေက ပတ်ဝန်းကျင်ကို တဖွားဖွား လွင့်စင်နေတယ်။ ခွဲပြီးသားကျောက်တွေကို အတူပါ လာတဲ့ လူနှစ်ယောက်က ထွေလာဂျီကားပေါ် ပစ်တင်ပေးနေကြတယ်။ ရာသီဥတု သာယာတဲ့နေ့တွေမှာ ကျောက်ကား တွေ ဥဒဟို ဝင်ထွက်သွားလာနေကြပေမယ့် မနေ့ညက မိုးရွာထားလို့ ကျောက်မိုင်းမှာ ကျောက် ကား အနည်းငယ်သာ ရှိ တယ်။

မန္တလေးမြိူ့နဲ့ ၁၅မိုင် ဝေးတဲ့ မန္တလေး-ပြင်ဦးလွင် ကားလမ်းနံဘေး ပုသိမ်ကြီးမြို့နယ်ထဲက ထုံးဘိုရွာမှာရှိတဲ့ ကျောက်မိုင်း တခုရဲ့ကျောက်ထုတ်လုပ်ရေး မြင်ကွင်းဖြစ်တယ်။


ပုသိမ်ကြီး မြို့နယ်အတွင်းက ထုံးဘို၊ အုန်းချော၊ ကျောက်ချော စတဲ့ ရွာတွေမှာ ကျောက်မိုင်းလုပ်ငန်း လုပ်ကိုင် ကြတယ်။ ကျောက်မိုင်းက ထွက်တဲ့ ကျောက်အရွယ်စုံက မန္တလေးမြို့တွင်းအတွက်သာမက မြန်မာနိုင်ငံ အနှံ့ အပြားက မြို့ကြီးပြကြီး တွေအထိ ယာဉ်မျိုးစုံနဲ့ ပို့ဆောင်ပေးနေရတယ်။

ဧရာဝတီမြစ်ကြောင်းက သဘောၤတွေနဲ့ပို့သလို မီးရထားတွေနဲ့လည်း ပို့ဆောင်ပေးနေတယ်။ တွဲကားကြီးတွေနဲ့ ပို့ရတဲ့အခါတွေလည်း ရှိပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကျောက်တွေဖြစ်တဲ့ ကျောက်မှုန်၊ ဘီကျောက်၊ ချီပင်ကျောက်၊ သုံးမူး ကျောက်၊ ငါးမူးကျောက်၊ ဝမ်းတူး (၁လက်မx၂လက်မ)၊ တူးဖိုး (၂လက်မx၄လက်မ)၊ ခြောက်ကိုး (၆လက်မx၉လက်မ) အရွယ်စုံ ထုတ်လုပ်ပေးနေတယ်။

ကျောက်မိုင်းအနီး ဝါးရုံတောမှာ တဲထိုးနေသူက အသက်၅၀ ကျော်အရွယ် ကျောက်ကန်ထရိုက်တာ ဦးကပ်ကျော် ဖြစ်ပါတယ်။ ကျောက်ထုတ်မယ့်သူတွေက ကျောက်ကန်ထရိုက်တာဆီမှာ ကျောက်ထုတ်ယူခွင့် တောင်းရတယ်။ ထွေလာဂျီ တစီး ကျောက်ထုတ်နိုင်ဖို့ ကျပ်၁၀၀၀ ပေးကြရတယ်။

ဦးကပ်ကျော် ကိုယ်တိုင် အရင်က ကျောက်ထုတ်လုပ်သားဖြစ်ခဲ့ပေမယ့် အခု ကျောက်ကန်ထရိုက် လုပ်နေတယ်။ ကိုယ် တိုင် ကျောက်ထုတ်လုပ်ခဲ့သူဖြစ်လို့ ကျောက်ထုတ်လုပ်သားတွေအပေါ် စိတ်တိုင်းမကျတာတွေလည်း ရှိတယ်လို့ ဆိုတယ်။
“တချို့အလုပ်သမားတွေက ခိုချင်ကပ်ချင်ကြတယ်။ ကိုယ်တိုင်လုပ်လာတာဆိုတော့ သိတယ်။ ဒီနေ့ မိုးကရွာတော့ အလုပ် က လုပ်မရဘူး။ တယောက်မုန့်ဖိုး ကျပ်၅၀၀ဆီ ပေးလိုက်ရတယ်။ ဝမ်းရေးက မပြည့်စုံတော့လည်း ပေးရတာပဲ။ ကိုယ့်ဘာ သာကြည့်လုပ်ကြ၊ တိုင်ပင်လုပ်ကြ၊ ကျောက်တုံးကြီးရင် တချို့အလုပ်သမားက (တူနဲ့) မရိုက်ချင်ကြတော့ဘူး။ အဲဒီအခါ ကိုယ်တိုင်ဝင်ရိုက်ရတော့တာပဲ” လို့ ဦးကပ်ကျော်က ဆိုတယ်။


လူတဖက်မကတဲ့ ကျောက်တုံးကြီးတွေကို ကိုယ်တိုင်ဝင်ရိုက်တာပဲလို့ ပြောတဲ့ ဦးကပ်ကျော်ရဲ့ ဘယ်ဘက် လက်ကောက် ဝတ်နေရာမှာ ငုံးတိတိပြတ်နေတဲ့အပြင် ဘယ်မျက်လုံးတဖက်က ဟောက်ပက်ကြီးဖြစ်နေတယ်။ ဘယ်လို ရိုက်ခွဲမှာလဲလို့ မေးခွန်းထုတ်တော့ ဦးကပ်ကျော်က တဲထဲမှာရှိတဲ့ ပေါင် ၂၀ တူကြီး ထုတ်လာတယ်။

တဲအနီးက ကျောက်တုံးပေါ်မှာ ထိုင်နေတဲ့ သူ့သမီးကို နေရာဖယ်ခိုင်းပြီး ကိုင်ထားတဲ့ ပေါင် ၂၀ တူကြီးကို လေထဲမြှောက် ပြီး ရိုက်ချလိုက်တယ်။ ပထမတူရိုက်ချက်မှာ ကျောက်တုံးကြီး အက်သွားပြီး ဒုတိယရိုက်ချက် မှာတော့ ကျောက်တုံးကြီးကွဲ သွားတယ်။

ဘာကြောင့် ကိုယ်အင်္ဂါ ချို့ယွင်းခဲ့ရတာလဲလို့ ဦးကပ်ကျော်ကို မေးမြန်းကြည့်တဲ့အခါမှာ လွန်ခဲ့တဲ့ ၁၂နှစ်က သူ့ဘ၀ ဇာတ် ကြောင်းကို ထမင်းစားရေသောက် ခပ်အေးအေး ပြန်ပြောပြတယ်။

“စစ်ကိုင်းတံတား နှာပေါက် (ဧရာဝတီတံတား-ရတနာပုံ) ဖောက်တုံးက ကျောက်ကန်ထရိုက်တာလုပ်ရင်း ကျောက်မိုင်း ခွဲတော့ ထိခိုက်သွားတာ။ တာဝန်ခံ အင်ဂျင်နီယာက ထောက်ခံစာလုပ်ပေးခဲ့ဖူးတယ်။ လေနဲ့ မိုးနဲ့ဆိုတော့ စုတ်သွားပြီ။ အခုတော့ အဲဒီထောက်ခံစာလည်း မရှိတော့ဘူး။ အင်ဂျင်နီယာလည်း မရှိတော့ဘူး”လို့ ရယ်ရယ ်မောမော ပြောတယ်။

ကျောက်မိုင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် အလုပ်သမားတွေကို စိတ်တိုင်းမကျတဲ့အခါတိုင်း လက်ကျန် လက်တဖက် တည်းနဲ့ ပေါင် ၂၀ တူကြီးနဲ့ ကျောက်တွေကို ထုရိုက်နေဆဲဖြစ်တယ်။

ကျောက်မိုင်းမှာ ကျောက်ထုတ်လုပ်သားတွေ မကြာခဏ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ လွန်ခဲ့တဲ့ နှစ်လကလည်း ကျောက်တောင်ပြိုလို့ ထိခိုက်ဒဏ်ရာ ရကြသူတွေရှိတယ်။ မေ ၃၁ရက်က အမျိုးသမီးတဦး ကျောက်မိုင်းခွဲရာက ကျောက် တုံးပိပြီး အသက်ဆုံးရှုံးခဲ့တယ်။

ကျန်းမာရေးဝန်ကြီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးအောင်မြင့်က လုပ်ငန်းခွင်ကျန်းမာရေးနဲ့ ပတ်သက် ပြီး အခုလို ရှင်းပြတယ်။

“ကျောက်မိုင်းတွေမှာ လုပ်ကိုင်တဲ့သူတွေ ကျောက်မှုန်တွေ အမြဲရှူနေရလို့ အဆုတ်မှာ ကျောက်မှုန်တွေ စုနေ တတ်တယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ တီဘီရောဂါ၊ ကင်ဆာရောဂါတွေ ဖြစ်ဖို့ အခွင့်အလမ်း များတယ်။ ကျယ်လောင်တဲ့ အသံတွေ ကြားနေရလို့ အကာအကွယ် ပါဖို့လိုတယ်။ မပါခဲ့ရင် နားစည်ကွဲတာ နားပင်းတာတွေ ထိဖြစ်နိုင်တယ်။ ကျောက် ထုတ်လုပ်ငန်းခွင်တွေမှာ (အစိုးရကပဲလုပ်လုပ်၊ ပုဂ္ဂလိက ကပဲ လုပ်လုပ်) ထိုက်သင့်တဲ့ အကာအကွယ်တွေ ပြုလုပ်ပေးရ မယ်။ ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ပေးရမယ်။ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးသင်တန်းတွေ ပေးထားရမယ်” လို့ ဒေါက်တာဦးအောင်မြင့်က ဆိုပါတယ်။

မြင်းမူမြို့နယ်မှ မူးမန္တလေးရွာသား ဦးလှငွေဟာလည်း ကျောက်ထုတ်လုပ်ရေးလုပ်ငန်းမှာ လုပ်နေတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ သူ့ ကျောက်ထုတ်လုပ်တဲ့ အတွေ့အကြုံတွေက စိတ်ဝင်စားဖို့ ကောင်းတယ်။ အသက် ၂၂ နှစ်အရွယ်မှာ ကျောက်ထုတ် လုပ်ငန်းဝင်ရောက်လုပ်ကိုင်ခဲ့ပြီး အခု အသက်၅၇နှစ်အရွယ်ကို ရောက်ရှိနေပြီ။ အသောက်အစား၊ လောင်းကစားမရှိခဲ့ပေ မယ့် ကျောခင်းဖို့ ဝမ်းစာရှာဖို့ အခုချိန်ထိ ပင်ပင်ပန်းပန်း လုပ်ကိုင် စားသောက်နေရဆဲဖြစ်တယ်။

“ဒီ ကျောက်ခွဲတဲ့တူက (ဒီနေ့ ပေါက်ဈေး) တလက် တသိန်းလောက် ပေးရတယ်။ ဝယ်တုံးကတော့ ပေါင် ၂၀ တူပဲ။ အခု ၁၈ပေါင်လောက်ပဲ ရှိတော့မယ်။ မိုးရွာရင် မလုပ်ရဲဘူး။ ဒီနေ့ မနက်ပဲ တောင်ပြိုထားသေးတာ။ အခု ကျနော်တို့ လုပ်နေတဲ့ တောင်က ဦးစိုးရတောင်တဲ့။ ရွှေတောင် ဆိုတာ ရှိသေးတယ်။ တမာတောင် ဆိုတာ လည်းရှိတယ်။ အရင်က ဒီနေရာတွေက ယုန်တွေ ကြောင်တွေရှိခဲ့တာပေါ့။ အခုတော့ ဟိုးခပ်ဝေးဝေးက တောင်ရိုးတွေမှာပဲ ရှိတော့တယ်။ ကျောက်ကန်ထရိုက်တွေ ထဲမှာ ဆိုးတဲ့သူလည်းရှိတယ်။ ကောင်းတဲ့သူ လည်းရှိတယ်။ ပေ ၅၀၀ လောက်မြင့်တဲ့တောင်တွေဆို ကျောက်ထုတ်ပါများ တော့ ဟိုဘက်ဒီဘက် ပေါက်သွား တာပဲ။ ဒီနေ့လို မိုးရွာလို့ အလုပ်နားရင် ဆန်ဆိုင်က ဆန်အကြွေး ဝယ်စားရတာပဲ။ ဆန် ဆိုင်က အကြွေးပေး တယ်ဆိုပေမယ့် နိုင်တဲ့ဝန်ပဲ ထမ်းတယ်။ မနိုင်ဝန် မထမ်းဘူး။ ကျောက်ကားတွေ ဝင်လာလို့ အလုပ်ရ တဲ့အခါ ပြန်ဆပ်ပေါ့” လို့ ဦးလှငွေက ရှင်းပြပါတယ်။

ကျောက်ကားတွေက ကျောက်ထုတ်လုပ်သား ခေါင်းဆောင်တွေဆီက ပြန်ဝယ်ကြရတာပါ။ ကျောက် ထွေလာဂျီ တစီး ကျပ် ၉၀၀၀ ဖြစ်ပါတယ်။ ကျောက်ထုတ်သူတွေက ထွေလာဂျီတစီး ရောင်းရရင် ကျောက် ကန်ထရိုက် ကို ကျပ် ၁၀၀၀ ပေးကြရ တယ်။ ကျောက်ထုတ်လုပ်သားတွေက ကျောက်ထွေလာဂျီ တစီးစာ ကျပ် ၂၀၀၀ ရကြတယ်။

ကျောက်ကန်ထရိုက်တွေက အစိုးရဆီ အခွန်ဆောင်ထားတဲ့ တောင်ပိုင်တွေကို ကျောက်ဖိုးပြန်သွင်းကြရတယ်။ ကျောက်မိုင်းတွင်းတွေဆီက ကျောက် တင်ပြီး ရွာထဲက ကျောက်ဆိုင်မှာ ပို့ပေးရင် ကျောက်ကားလိုက်သူ တယောက် ကျပ် ၁၅၀၀ ရကြတယ်။ ရွာထဲက ကျောက် ဒိုင်တွေက တဆင့် ဆောက်လုပ်ရေး ဈေးကွက်ထဲ ရောက်ကြတာပါ။

အန္တရာယ်ကြားက ကျောက်မိုင်းလုပ်သားတွေက သက်စွန့်ဆံဖျားလုပ်နေကြပေမယ့် လူမှုဖူလုံရေးနဲ့ လုပ်ငန်းခွင် လုံခြုံမှုတွေ ဝေးကွာနေဆဲဖြစ်ပါတယ်။ လူမှုဖူလုံရေးဆိုရာမှာ ကျောက်မိုင်းလုပ်သားတွေအတွက်သာမက ဇနီး၊ သားသမီးတွေရဲ့ ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေးတွေအထိ တာဝန်ယူခြင်းတွေ ပါဝင်ပါတယ်။

အခုချိန်ထိ ကျောက်မိုင်းလုပ်သားတွေက လူမှုဖူလုံရေး ခံစားခွင့်တွေမရရှိသေးဘဲ သက်စွန့်ဆံဖျား လုပ်ကိုင် စားသောက် နေကြရဆဲဖြစ်ပါတယ်။

Loading