ဆောင်းပါး

ဦးခန်း သို့မဟုတ် တောင်ကြီးမှ ပင်လုံဆီ ဗိုလ်ချုပ်နှင့်အတူ

This article has been converted from Zawgyi One to Unicode

အသက်တရာ ရှိပြီ ဖြစ်တဲ့ ဦးခန်းဟာ ပြည်ထောင်စုနေ့ ဖြစ်လာမည့် ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အတွက် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သူဆောင်ရွက်ပေးခဲ့တာ အတွက် ယနေ့တိုင် ဂုဏ်ယူနေဆဲပါ။

နှစ်ပေါင်း ၇၀ ကြာခဲ့ပြီဖြစ်ပေမယ့် ဦးခန်းဟာ ၆၄ မိုင်ခန့် ရှည်လျားတဲ့ တောင်တက်တောင်ဆင်းလမ်းကနေ ဗိုလ်ချုပ်အောင်ဆန်းကို ရှမ်း၊ ကချင်နဲ့ ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လက်မှတ်ရေးထိုးဖို့ တောင်ကြီးမြို့ကနေ ပင်လုံအထိ ကားမောင်းပို့ခဲ့ရတာ အမြဲအမှတ်ရ နေပါတယ်။

ဒီပင်လုံစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တွေကတော့ အခုအချိန်မှာ အကုန် ကွယ်လွန်ကုန် ကြပါပြီ။ ဗိုလ်ချုပ်က အရင်ဆုံး ကွယ်လွန်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရဖို့ ၆ လ အလို ၁၉၄၇ ခုနှစ် ဇူလိုင်လမှာ လုပ်ကြံခံခဲ့ ရတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်နဲ့ တနှစ်တည်း ၁၉၁၅ ခုနှစ်မှာ မွေးတဲ့ ဦးခန်းဟာ ကျန်းမာရေး ကောင်းမွန်ဆဲ ဖြစ်ပြီး တခါတရံဆို တောင်ကြီးမြို့ လမ်းတွေပေါ် ကိုယ်တိုင် ကားမောင်း သွားလာနေတာကို ယနေ့တိုင် မြင်နိုင်ပါတယ်။ သူဟာ တောင်ကြီး ဇာတိဖြစ်ပြီး အဖေကတော့ မြန်မာနိုင်ငံမှာ လာရောက်အခြေကျတဲ့ မူဆလင်တယောက် ဖြစ်ပြီး အမေကတော့ ရှမ်းလူမျိုး ဖြစ်ပါတယ်။ ဦးခန်းဟာ သူ့ကိုယ်သူ အစ္စလာမ်ဘာသာဝင် တယောက်လို့ ခံယူထားပါတယ်။

ပန်းစည်းလက်ခံနေသော ဗိုလ်ချုပ်အောင်ဆန်းကို ကားမောင်းပို့ခဲ့သော ဦးခန်း
ပန်းစည်းလက်ခံနေသော ဗိုလ်ချုပ်အောင်ဆန်းကို ကားမောင်းပို့ခဲ့သော ဦးခန်း

ဦးခန်းဟာ အတိတ်ဖြစ်ရပ်တွေကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲဖြစ်ပြီး သူ့ဆီ လာလည်တဲ့ ဧည့်သည်တွေကို သူ့အိမ် နံရံမှာ ချိတ်ဆွဲထားတဲ့ သမိုင်းဝင် ဓာတ်ပုံတွေကို ဝမ်းသာအားရနဲ့ လိုက်ပြလေ့ရှိပါတယ်။
ဗိုလ်ချုပ်က တောင်ကြီးမြို့မှာ ဒေသခံ အမျိုးသမီးငယ်တဦးဆီက ပန်းစည်း လက်ခံရယူူနေတဲ့ဓာတ်ပုံကို ထိုးပြပြီး သူက “ အဒီနေ့မှာ ကျနော် သူ့ကို ပင်လုံကို မောင်းပို့ခဲ့တာပေါ့” လို့ ပြောပါတယ်။ ပုံထဲက ကားမောင်းသူ ထိုင်ခုံမှာ ထိုင်နေတဲ့ သူက ဦးခန်းပါ။ ပင်လုံမှာ ဗိုလ်ချုပ်က တိုင်းရင်းသား ခေါင်းဆောင်တွေကို ပြောခဲ့တဲ့ စကားတွေကိုလည်း ဦီးခန်းက မှတ် မိနေပါတယ်။

“ဒီ သဘောတူညီချက်ကို မကျေနပ်ရင် နောက် ၁ဝ နှစ် နေရင် ခင်ဗျားတို့ ပြည်နယ်တွေ ဗမာပြည်က ခွဲထွက်ရင် ခွဲထွက် နိုင်တယ် လို့ ဗိုလ်ချုပ်က ပြောတာ” ဟု ဦးခန်းက ပြန်ပြောပြပါတယ်။

“အဲဒီတော့ ပထမဆုံး သမ္မတ ဖြစ်လာတဲ့ ညောင်ရွှေစော်ဘွား အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ပြည်ထောင်စု အတွက် လက်မှတ်ထိုးမယ့် အချိန်မှာ ခွဲထွက်ဖို့ ကိစ္စ မပြောဖို့ ဗိုလ်ချုပ်ကို ပြန်ပြောခဲ့ကြတယ်” လို့ ဦးခန်းက ဆက်ပြောပါတယ်။

ဒါပေမယ့်လည်း ထိုသမိုင်းဝင် ပင်လုံစာချုပ်ထဲမှာ ပါတဲ့ လူနည်းစု တိုင်းရင်းသားတွေ အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကတော့ ဒီနေ့ အထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။ တိုင်းရင်းသားတွေ ကိုယ်တိုင်ကလည်း ထိုကိုယ်ပိုင် အုပ်ချုပ်ရေး ရဖို့ အတွက် ယနေ့တိုင် ကြိုးစားဆဲ ဖြစ်ပါတယ်။

တူညီတဲ့ ရပ်တည်မှု

နိုင်ငံရေးနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု အပေါ် နှစ်ယောက်စလုံးက ရပ်တည်မှု တူတဲ့ အတွက် ယခင်ကတည်းက ဦးခန်းနဲ့ ဗိုလ်ချုပ်ဟာ အသိအကျွမ်းတွေ ဖြစ်ကြပါတယ်။

“ဗိုလ်ချုပ်က နိုင်ငံတဝန်း လွတ်လပ်ရေး ကြိုးပမ်းမှုတွေ လုပ်နေချိန်မှာ ကျနော်က ရှမ်းပြည်နယ်မှာ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ လုပ်နေခဲ့တာ” လို့ ဦးခန်းက ပြောပါတယ်။ “ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ်မှာ ဦးတင်ဧနဲ့ အတူ ကျနော် အလုပ် လုပ်ခဲ့ပါတယ်”

တရုတ်သမ္မတ လူရှောက်ချီနဲ့ မြို့တော်ဝန် ဦးခန်း
တရုတ်သမ္မတ လူရှောက်ချီနဲ့ မြို့တော်ဝန် ဦးခန်း

ဦးခန်းထက် တနှစ်ငယ်ပြီး အခု ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဦးတင်ဧဟာ ဗိုလ်ချုပ်ရဲ့ ပင်လုံ အစီအစဉ်ကို ရှမ်းလူမျိုး အများအပြားက ယုံကြည်လာအောင် လုပ်ဆောင်ပေးခဲ့တဲ့ ရှမ်းခေါင်းဆောင်အနည်းငယ်ထဲက တယောက် ဖြစ်ပါတယ်။

လွတ်လပ်ရေး ရပြီး ၄ နှစ် အကြာ ၁၉၅၂ ခုနှစ်မှာ ဦးခန်းဟာ ရှမ်းပြည်နယ်မြို့တော် ဖြစ်တဲ့ တောင်ကြီးမြို့ရဲ့ ပထမဆုံး မြို့တော်ဝန် အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ နောက် ၄ နှစ် အကြာမှာလည်း မြို့တော်ဝန် ဒုတိယ သက်တမ်း အတွက် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး တောင်ကြီးမြို့ စည်ပင်သာယာရေး ကော်မတီရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း ခန့်အပ်ခြင်း ခံရပါတယ်။

အဲဒီကာလတွေမှာ မြို့တော်ဝန် တယောက်အနေနဲ့ ဦးခန်းဟာ ပြည်တွင်း ပြည်ပ နိုင်ငံ့ခေါင်းဆောင်တွေကို လက်ခံ တွေ့ဆုံခဲ့ ပါတယ်။ သူ့အိမ်နံရံပေါ်က ဓာတ်ပုံတွေမှာတော့ သူနဲ့ မြန်မာပြည်ရဲ့ ဒုတိယမြောက် သမ္မတကြီး ဦးဘဦး၊ နောက်ပြီး သူနဲ့ တရုတ် သမ္မတ လျိူရှောက်ချီတို့ရဲ့ ဓာတ်ပုံတွေကို တွေ့ရပြီး သူတို့တွေ တောင်ကြီးကို လာရောက် လည်ပတ်စဉ်မှာ ရိုက်ထားတဲ့ပုံတွေ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဝန်ကြီးချုပ် ဦးကျော်ငြိမ်း၊ ဦးဘဆွေတို့နဲ့လည်း သူက သိကျွမ်းပါတယ်။ မြို့တော်ဝန် အဖြစ် ဆောင်ရွက်နေတဲ့ အချိန်တည်းမှာပဲ ဦးခန်းဟာ အောင်မြင်တဲ့ စီးပွားရေး သမားလည်း ဖြစ်ခဲ့ပါတယ်။ တောင်ကြီးနဲ့ တခြား ရှမ်းပြည်တောင်ပိုင်း မြို့တွေမှာ ရုပ်ရှင်ရုံတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူ့အတွက် ကံဆိုးမိုးမှောင်ကျတဲ့နေ့ ရောက်လာခဲ့ပါတယ်။ အဲဒီနေ့ကတော့ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာ သိမ်းလိုက်ချိန်မှာတော့ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ဖြစ်ပါတယ်။ တကယ်တော့ အဲဒီသောကြာနေ့ဟာ ဦးခန်း အတွက် သာမက တနိုင်ငံလုံး အတွက်လည်း ကံဆိုးမိုးမှောင် ကျတဲ့နေ့ ဖြစ်ပါတယ်။

မတ်လ ၁ ရက်နေ့ ညသန်းခေါင်ကျော် ကတည်းက ဗိုလ်ချုပ်နေဝင်းရဲ့ တပ်တွေဟာ အစိုးရအဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အိမ်ကို စ ဝိုင်းပါတယ်။ တိုင်းရင်းသား ခေါင်းဆောင် အများစုကတော့ ရန်ကုန်နဲ့ ရှမ်းပြည်နယ် တနံတလျားမှာ ရှိနေတဲ့ စော်ဘွားတွေ ဖြစ်ပါတယ်။ (ကရင်လူမျိုး) သမ္မတကြီး မန်းဝင်းမောင်နဲ့ ဝန်ကြီးချုပ် ဦးနု အပါအဝင် အစိုးရအဖွဲ့ တခုလုံးကို ဖမ်းဆီး ခဲ့ပါတယ်။ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမတ်တွေ ဖြစ်တဲ့ ရှမ်းစော်ဘွား ၂၅ ယောက်လုံး နီးပါးနဲ့ ပြည်သူ့လွှတ်တော်အမတ် ၂၅ ယောက်အပြင် နိုင်ငံရေးသမား တွေလည်း အဖမ်းခံခဲ့ရပါတယ်။

မြန်မာ သမ္မတ ဦးဘဦးနဲ့ ဦးခန်း
မြန်မာ သမ္မတ ဦးဘဦးနဲ့ ဦးခန်း

မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ ဖြစ်ခဲ့ပြီး အဲဒီအချိန်က လူမျိုးစုလွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်ဟာလည်း ရန်ကုန်က သူ့နေအိမ်မှာ အဖမ်းခံခဲ့ရပါတယ်။ ဖမ်းဆီးနေစဉ်အတွင်း သူ့ရဲ့ ၁၇ နှစ်အရွယ် သားတယောက် အသတ်ခံခဲ့ရပါတယ်။ ဦးနေဝင်းရဲ့ အာဏာသိမ်း အစိုးရကတော့ စပ်ရွှေသိုက်ရဲ့ အိမ်တော်စောင့်တွေနဲ့ စစ်သားတွေ အပြန်အလှန် ပစ်ခတ်ကြရာက သူ့ရဲ့သား သေဆုံးသွားတာလို့ ဆိုပါတယ်။ ဒီသေဆုံးမှု တခုကလွဲရင် သွေးမြေမကျတဲ့ အာဏာသိမ်းမှု လို့ ပြောကြပါတယ်။

ဦးနေဝင်းရဲ့ အာဏာသိမ်းမှုဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပင်လုံမှာ တည်ဆောက်ခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဗမာအများစု ကြီးစိုးထားတဲ့ စစ်အစိုးရဟာ နိုင်ငံရဲ့ လူအများစုနဲ့ လူနည်းစု တိုင်းရင်းသား အများအပြားကြား အယုံအကြည်ကင်းမဲ့မှုကို နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒါဟာ အဲဒီအချိန်မှာ ဆယ်စုနှစ် ၂ ခုမြောက်ကို ဝင်လာပြီ ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ပြီးဆုံးနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်တွေ အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တခုဖြစ်ခဲ့တယ် ဆိုတာကတော့ သံသယဖြစ်ဖွယ် မရှိပါဘူး။

“ခဏလောက်လိုက်ခဲ့ပါ”

အဖမ်းခံရတဲ့ အထဲမှာ ဦးခန်းလည်း အပါအဝင်ပါ။

“ကျနော်ကို အင်းစိန် တိုးချဲ့ အကျဉ်းထောင်ကို ပို့လိုက်ကြပါတယ်” လို့ ဦးခန်းက ပြောပါတယ်။ သူပြောတဲ့ တိုးချဲ့ အကျဉ်းထောင်ဆိုတာ စပ်ရွှေသိုက်နဲ့ အခြား နိုင်ငံရေးအကျဉ်းသားတွေကို ထားခဲ့တဲ့ အင်းစိန် အကျဉ်းထောင်ဝင်း ထဲက ထောင်တခုပါ။ ဦးခန်းက ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ နံနက်ခင်းတခုကို သူ မမေ့နိုင်သေးဘူး လို့ ပြောပါတယ်။

“နံနက် ၇ နာရီလောက်မှာ စပ်ရွှေသိုက်က ဝင်းထဲမှာ လမ်းလျှောက်နေရင်း ကျနော်တို့ကို ‘နေကောင်းလား’ လို့ လှမ်းအော် သွားပါတယ်။ မနက် ၁၁ နာရီလောက်မှာတော့ သူသေသွားပါရော။ ဘာကြောင့်မှန်း ကျနော်တို့ မသိဘူး” လို့ ဦးခန်းက ပြောပါတယ်။

ကျနော်တို့ ဘေးမှာ ထိုင်နေတဲ့ မိတ်ဆွေ တယောက်က “အဆိပ်ခတ်ခံခဲ့ရတာ” လို့ ဝင်ပြောပါတယ်။ ဦးခန်းက “သိတာပေါ့ အဲဒါ ပြောလို့ မကောင်းဘူး” လို့ ပြန်ပြောပါတယ်။

မြို့တော်ဝန် ဦးခန်း (အလယ်လူ)နှင့် တောင်ကြီး အုပ်ချုပ်ရေးအဖွဲ့
မြို့တော်ဝန် ဦးခန်း (အလယ်လူ)နှင့် တောင်ကြီး အုပ်ချုပ်ရေးအဖွဲ့

စပ်ရွှေသိုက်ဟာ အချုပ်ခံနေရစဉ်အတွင်း အသတ်ခံရတယ် လို့ အများစု ယုံကြည်ကြပါတယ်။

ဦးခန်းဟာ တရားစွဲဆိုခြင်း မခံရဘဲ ထောင်ထဲမှာ ၆ နှစ်ကြာ နေခဲ့ရပြီးနောက် ပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အမှန်တကယ် လုံးဝ လွတ်လပ်သွားတာတော့ မဟုတ်ပါဘူး။

သူ့ လှုပ်ရှားမှုတွေကို ပိုပြီး စောင့်ကြည့်နိုင်ဖို့ အတွက် အာဏာပိုင်တွေက သူ့ကို တောင်ကြီး ပြန်ခွင့် မပေးဘဲ ရန်ကုန်မှာပဲ နေဖို့ အမိန့်ပေးခဲ့ပါတယ်။ အဲဒီ ‘မြို့အကျယ်ချုပ်’မှာ သူ ၄ နှစ် ကျခံခဲ့ရပါတယ်။

“သူတို့ (အာဏာပိုင်)က သူတို့နဲ့ ခဏလောက် လိုက်ခဲ့ဖို့ ပြောတယ်။ အဲဒီ ခဏလေးက အချုပ်ခံလိုက်ရတာ ၁၀ နှစ် ကြာသွားတယ်” လို့ ဦးခန်းက ပြောပါတယ်။

ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ အစိုးရက “မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နိုင်ငံတဝန်း စီးပွားရေး တွေကို ပြည်သူပိုင်သိမ်းရာမှာ ဦးခန်းရဲ့ ရုပ်ရှင်ရုံ ၂ ရုံ အပါအဝင် စီးပွားရေး လုပ်ငန်းအချို့လည်း ပြည်သူပိုင် အသိမ်း ခံလိုက်ရပါတယ်။

“အဲဒီ ရုပ်ရှင်ရုံနေရာ တနေရာမှာ အခု အင်းဝဘဏ် ဖွင့်ထားတယ်လေ” လို့ သူက ပြောပါတယ်။ အင်းဝဘဏ် ဆိုတာ စစ်တပ်က ပိုင်တဲ့ စီးပွားရေး အုပ်စုဖြစ်တဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းက တည်ထောင်ထားတဲ့ ဘဏ်ပါ။ ဦးခန်း အတွက်တော့ လူအဖမ်းခံ၊ ပစ္စည်း အသိမ်းခံရလို့ ၂ ခါနာ ဖြစ်ရုံတင်မက မြင်တိုင်းနာကျင်နေရတဲ့ အဖြစ်ပါ။

သူဆုံးရှုံးခဲ့ရတဲ့ လုပ်ငန်းတွေ အတွက် ဘာလျော်ကြေးမျိုးကိုမှ ဦးခန်း မရခဲ့ပါဘူး။ သူ ထောင်က လွတ်ပြီးနောက် တောင်ကြီးမှာ ဆောက်လုပ်ရေး လုပ်ငန်းကို ပြန်လုပ်ခဲ့ပါတယ်။

“ငါ နိုင်ငံရေးနဲ့ ကင်းကင်းပဲ နေတော့တယ်” လို့ သူက ပြောပါတယ်။

အာဏာရှင်စနစ်ကြောင့် ဒဏ်ရာတွေ ရခဲ့တဲ့ ဦးခန်းဟာ အာဏာရှင် ဦးနေဝင်းနဲ့ သူ့နေရာကို ဆက်ခံခဲ့တဲ့ သူတွေရဲ့ လောင်းရိပ်အောက်မှာ မိနေဆဲ ဖြစ်ပါတယ်။

“ငါ ဒီလောက်အများကြီး မပြောသင့်ဘူး” လို့ ကျနော်တို့ စကားပြောတာ ပြီးလုပြီးခင်မှာ သူက ပြောပါတယ်။

“အများကြီး ပြောရင် ထောင်ထဲပြန်ခေါ် ခံနေရဦးမယ်” တဲ့။

ပင်လုံစာချုပ် အထိမ်းအမှတ် ကျောက်တိုင် (ဓာတ်ပုံ - ကျော်စွာမိုး/ဧရာဝတီ)
ပင်လုံစာချုပ် အထိမ်းအမှတ် ကျောက်တိုင် (ဓာတ်ပုံ – ကျော်စွာမိုး/ဧရာဝတီ)

အခု အစိုးရ အဲဒီလောက်တောင် ဆိုးမယ်လို့ ထင်လားလို့ မေးတဲ့ အခါမှာတော့ သူက ချက်ချင်းပြန်ပြောပါတယ်။ “အစိုးရ ဆိုးတယ်လို့ ငါမပြောပါဘူး။ အစိုးရက ကောင်းပါတယ်”အစိုးရ မကောင်းကြောင်း ဘာမှ မရေးနဲ့နော်။ အစိုးရ မကောင်းကြောင်း ငါ မပြောဘူး။ အစိုးရက တကယ်ကောင်းတယ်” လို့ သူက ဆက်ပြောပါတယ်။

“အားလုံးကောင်းပါတယ်။ ကောင်းတယ်။ အစိုးရကို ဆန့်ကျင်တာ ဘာမှ မရေးနဲ့။ အားလုံးကောင်းတယ် လို့ ပြော။ အခု အစိုးရလည်း အရမ်းကောင်းတယ်”ဦးခန်းက ဒီလိုပြောတဲ့ေ နာက်မှာတော့ သူ့သားက “သူ မပြောရဲတော့ဘူး” လို့ ဝင်ပြော ပါတယ်။

ဦးခန်းရဲ့ သားက အဲလိုဖြစ်သွားရတဲ့ အကြောင်းရင်း တခုကို ရှင်းပြပါတယ်။ ဦးခန်းက နိုင်ငံရေးနဲ့ လုံးဝ ကင်းရှင်းအောင် နေခဲ့ပေမယ့်လို့ ၁၉၈၈ ခုနှစ် နိုင်ငံတဝန်း ဒီမိုကရေစီ တောင်းဆိုတဲ့ လူထုအုံကြွမှု ဖြစ်ပွားစဉ်မှာ ရက် အတန်ကြာ ထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဖမ်းခံခဲ့ရတာ နှစ်ပေါင်း ၅၀ ကျော်ကြ၊ အခုအချိန်မှာတော့ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ ဦးခန်းဟာ အကြောက်တရား တွေနဲ့ ရှင်သန်နေရဆဲလို့ ကျနော် ခံစားမိပါတယ်။

ဦးခန်း အနေနဲ့ နိုင်ငံရေးမှာ မပတ်သက်ချင်တော့ ပေမယ့် နိုင်ငံရေးမှာ စိတ်ဝင်စားမှုကတော့ လျော့မသွားခဲ့ပါဘူး။ ဒီလိုပဲ အတိုက်အခံနဲ့ နိုင်ငံရေးအရ နှီးနွှယ်မှုကို ဖော်ထုတ်ပြသဖို့ ကိုလည်း သူ့အနေနဲ့ ဝန်မလေးခဲ့ပါဘူး။
သူ့ဧည့်ခန်းထဲက မီးလင်းဖိုမှာ တင်ထားတဲ့ ဓာတ်ပုံ တပုံမှာတော့ ဦးခန်းနဲ့ NLD ကို ဖွဲ့စည်းတည်ထောင်သူတွေထဲက တယောက်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးကို တွေ့ရပါတယ်။

“သူ (ဦးတင်ဦး)က လွန်ခဲ့တဲ့ လအနည်းငယ်က ငါ့အိမ်ကို လာလည်တယ်။ ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည်) က အရမ်း ကောင်းပြီး တော်တယ်။ ငါက နိုင်ငံရေးသမားတော့ မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးတော့ စိတ်ဝင်စားတယ်” လို့ ဦးခန်းက ပြောပါတယ်။ “မြန်မာနိုင်ငံကို ကောင်းစေချင်တယ်။ တိုးတက်စေချင်တယ်”

သူရဦးတင်ဦးနှင့် ဦးခန်း
သူရဦးတင်ဦးနှင့် ဦးခန်း

အတိတ်မှာ ဘာဖြစ်ခဲ့ ဖြစ်ခဲ့ အခုလို ကြီးရင့်တဲ့ အသက်အရွယ်မှာတော့ ဘဝက အေးချမ်းပြီး ပျော်ပျော်ရွှင်ရွှင် ရှိပုံ ရပါတယ်။ စီးပွားရေး လုပ်ငန်းဆောင်တာတွေကို ဆက်လက် မခန့်ခွဲတော့ပေမယ့် ဦးခန်းဟာ နေ့တိုင်းနီးပါး နံနက်ပိုင်း ဝတ်ပြုဆုတောင်းပြီးနောက်မှာ မိတ်ဆွေတွေနဲ့ ဟိုအကြောင်းဒီအကြောင်း ထွေရာလေးပါးပြောဖို့ ရုံးကို သွားနေဆဲပါ။

“တခါတလေတော့ ငါ ကားမောင်းသေးတယ်။ ဒါပေမယ့် ယာဉ်မောင်းလိုင်စင်တော့ မရှိဘူး” လို့ ဦးခန်းက ပြောပါတယ်။ လိုင်စင်ဌာနက သူ့ကို ကားမောင်းဖို့ အတွက် အသက်ကြီးလွန်းနေပြီ လို့ ယူဆတဲ့ နောက်မှာ လိုင်စင် ထုတ်မပေးတော့ဘူး လို့ သူ့သားက ပြောပါတယ်။

“ဒါပေမယ့် ကျနော် မောင်းရင် သူက စိတ်မရှည်ဘူးဗျ” လို့ သူ့သားက ရယ်ရင်း ပြောပါတယ်။ အဲဒါကို ကြားရတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ တုန်းက ဒီလို ကား မြန်မြန်မောင်းတတ်တဲ့ ပုဂ္ဂိုလ်ကြီး ဗိုလ်ချုပ်နဲ့ အတူတူ ခက်ခဲကြမ်းတမ်း တဲ့ လမ်းကို ဘယ်လိုများ အတူသွားခဲ့သလဲ ဆိုတာ ကျနော် စဉ်းစား တွေးနေမိပါတော့တယ်။

(၂၀၁၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၁၉ တွင် ဖော်ပြပြီး ဖြစ်သည်။)

Loading