နိုင်ငံသားဖြစ်မှု ပြဿနာ၊ လက်နက်ကိုင် ပြဿနာ၊ ဒုက္ခသည်များ နေရာချထားရေး အစရှိတဲ့ ပြဿနာများစွာ ကြုံနေရတဲ့ ရခိုင်ပြည်နယ် အရေး ဖြေရှင်းဖို့ ပြည်ထောင်စုအဆင့် ဗဟိုကော်မတီတရပ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြီးခဲ့တဲ့ မေလ ၃၁ ရက်က ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။
ဖွဲ့စည်းလိုက်တဲ့ ကော်မတီကို “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံဖြိုးတိုးတက်ရေး ဗဟိုကော်မတီ” လို့ အမည်ပေးထားပြီး ဥက္ကဋ္ဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌများ အဖြစ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တို့က တာဝန်ယူထားပြီး အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီး အားလုံး ပါဝင်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ တရားမဝင် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်း လာရောက်နေထိုင်မှု၊ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ ပဋ္ဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တဲ့အပြင် ရခိုင်တိုင်ရင်းသားတွေနဲ့ ဘင်္ဂါလီလူမျိုး (ကာယကံရှင်များအခေါ် ရိုဟင်ဂျာ)တွေကြား တင်းမာမှုတွေက လက်ရှိအချိန်ထိ ရှိနေဆဲပဲ ဖြစ်ပါတယ်။
ရခိုင် တိုင်းရင်းသားတွေဘက်က ရိုဟင်ဂျာအမည်နာမကို တိုင်းရင်းသား လူမျိုးတမျိုးအဖြစ် ထည့်သွင်းသတ်မှတ်မှာကို ကန့်ကွက် ဆန့်ကျင်နေကြသလို၊ ရိုဟင်ဂျာလို့ ကိုယ်တိုင်ခံယူထားသူတွေက နိုင်ငံသား အခွင့်အရေးရရှိရေးနဲ့ အသိအမှတ်ပြုရေး အတွက် တောင်းဆို နေကြပါတယ်။
ရခိုင်ပြည်နယ်ထဲ ရွှေ့ပြောင်းလာရောက်နေထိုင်ကြတဲ့ ဘင်္ဂါလီလူမျိုးတွေရဲ့အမည်နာမ အငြင်းပွားမှုတွေ၊ နိုင်ငံသား စိစစ်မှုတွေ ပြုလုပ်ပေးနေရာမှာလည်း ရှုပ်ထွေးမှုပြဿနာတွေက ပြည်တွင်းမှာသာမက နိုင်ငံတကာ အသိုင်းဝန်းကြားမှာပါ စိတ်ဝင်စားမှုများနေတဲ့ အကြောင်းရပ်တခု ဖြစ်နေပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး၊ ဘာသာရေး ပဋ္ဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ရသူတွေ အများအပြားရှိနေသေးတာကြောင့် လူသားချင်းစာနာမှု ရှိဖို့ မြန်မာအစိုးရကို နိုင်ငံတကာက ဖိအားပေးမှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ မေလထဲမှာ မြန်မာနိုင်ငံကို ခေတ္တလာရောက် လည်ပတ်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံရာမှာလည်း ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး ထည့်သွင်း ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီကော်မတီအနေနဲ့ ဒေသတွင်းနေထိုင်သူ နှစ်ဖက်အသိုင်းအဝိုင်းကြား သဟဇာတဖြစ်ရေး လုပ်ဆောင်ဖို့ အချိန်ယူရဦးမှာ ဖြစ်သလို ဒေသခံတွေရဲ့ ယုံကြည်မှုရယူဖို့လည်း လိုအပ်နေတယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။
ရခိုင် အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က “ဒီလို ကော်မတီဖွဲ့တာတွေက ဒီမှာ ရိုးနေပါပြီ၊ နိုင်ငံသား စိစစ်ပြီးတဲ့ အခါ နိုင်ငံသားပြုခွင့်မရတဲ့ သူတွေကို ဘယ်လိုထားမှာလဲ။ အင်မတန် အရေးကြီးပါတယ်”လို့ ပြောဆိုပါတယ်။
ဒေသတွင်း တည်ငြိမ်လုံခြုံမှုကို စိုးရိမ်နေရတဲ့ အခြေအနေအပေါ် အစိုးရအနေနဲ့ လက်တွေ့ဖြေရှင်းဖို့ အမြန်ဆုံးလိုအပ်နေပြီး လူ့စွမ်းအား အရင်းအမြစ်နည်းပါးမှုနဲ့ ဒေသဖွံ့ဖြိုးရေးနိမ့်ပါးတဲ့ဲ ပြည်နယ်တွေအတွက် အထူးစီးပွားရေး စီမံချက်တွေ ချမှတ်လုပ်ဆောင်ဖို့လိုတယ်လို့လည်း ဒေါက်တာ အေးမောင်က ဆက်ပြောပါတယ်။
ကော်မတီက နောက်ဆက်တွဲ လုပ်ဆောင်မယ့် အစီအစဉ်တွေကို ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးတာနဲ့ ပတ်သက်လို့လည်း ရခိုင်ပြည်နယ်မှာရှိတဲ့ နှစ်ဖက်အသိုင်းအဝိုင်းကြား မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ ကော်မတီကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်တဲ့အတွက် လက်တွေ့အလုပ်ဖြစ်လာမယ်လို့ ယုံကြည် ထားပေမယ့် နိုင်ငံသားဖြစ်ရေး အငြင်းပွားမှုတွေက ရိုဟင်ဂျာတွေအတွက် အတားအဆီးတွေ ရှိနေနိုင်သေးတယ်လို့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ပါတီ ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောပါတယ်။
“နှစ်ပေါင်းများစွာ အပြန်အလှန်မှီခို၊ အထောက်အကူပြုပြီး နေခဲ့ကြတယ်။ အခုဒီဥပဒေနဲ့လုပ်လို့ နိုင်ငံသားပြုခွင့်ပေးတာကို ရိုဟင်ဂျာတွေက လက်ခံပါ့မလားဆိုတာ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်”ဟုလည်း ဦးကျော်မင်းက ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရဲ့ အောင်မြေတခုတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည် နယ် တွင်း အနိုင်ရပါတီဖြစ်တဲ့ ANP ပါတီနဲ့ ပူးပေါင်းဆောင်ရွက်မှုက အားရစရာအခြေအနေကို မတွေ့ရသေးပါဘူး။
လက်ရှိ NLD ပါတီကိုယ်စားလှယ် အများစုရှိနေတဲ့ လွှတ်တော်အတွင်း ANP ပါတီကိုယ်စားလှယ်တွေရဲ့ ရက္ခိုင့် တပ်မတော်(AA) နဲ့ ဆက်နွယ်တဲ့ အရေးကြီး အဆိုတွေ၊ မေးခွန်းတွေ တင်သွင်းရာမှာလည်း ပွတ်တိုက်မှုတွေ ရှိနေပါတယ်။
ဒီလိုကိစ္စရပ်တွေရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ကော်မတီက ရခိုင်ပြည်နယ်အရေး ဖြေရှင်းဆောင်ရွက်ရာမှာ နှစ်ဖက် လူမှုအသိုင်းအဝိုင်းရဲ့ သဘောထား တင်းမာတဲ့ တောင်းဆိုမှုတွေကြောင့် အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါတယ်။
ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းရာမှာ အစိုးရသစ်အနေနဲ့ တဦးတည်းသဘောမျိုး လုပ်တာမဟုတ်ဘဲ အားလုံး ပါဝင်နိုင်အောင် ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်ပေးဖို့ ဒေသခံတွေက ဆန္ဒရှိနေပါတယ်။
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ဆောင်ရွက်ရာမှာ အစိုးရသစ်အနေနဲ့ ဒေသခံအရပ်ဘက် အဖွဲ့အစည်း တွေ ယုံကြည် ပူးပေါင်းပါဝင်လာအောင် ဆွဲဆောင်စည်းရုံးဖို့လည်း လိုအပ်ပါတယ်။
ရခိုင်အရေး ကျွမ်းကျင်သူ ပြင်သစ်ပညာရှင် ဒေါက်တာ ဂျက်စ်ပီလိုက်ဒါက “အစိုးရဟာ လူမှုစီးပွား မူဝါဒတွေနဲ့ပတ်သက်ရင် အားလုံး ပါဝင်တဲ့ ချဉ်းကပ်မှုနဲ့ လုပ်ဖို့လိုမယ်။ အရေးကြီးဆုံးက အစိုးရဟာ ရေတိုမှာ ချက်ချင်းလက်ငင်း ရလဒ်တွေ ရကောင်းမှရနိုင်လိမ့်မယ် ဆိုတာကို သိထားသင့်သလို လက်တွေ့ကျပြီး အလုပ်ဖြစ်တဲ့ နိုင်ငံရေးကို ကိုင်စွဲရာမှာလည်း ရဲတင်းရပါလိမ့်မယ်”လို့ မော်ကွန်းမဂ္ဂဇင်း နဲ့ အင်တာဗျူးရာမှာ ပြောဆိုထားပါတယ်။
အခု ဖွဲ့စည်းလိုက်တဲ့ ကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေက တော့ နိုင်ငံသားစိစစ်မှုတွေကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့သာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုထားပါတယ်။
ဘင်္ဂါလီလူမျိုးတွေက ရိုဟင်ဂျာအမည်နဲ့ နိုင်ငံသားဖြစ်ခွင့်မရှိတဲ့ ၁၉၈၂ ခုနှစ် ဥပဒေဟာ အခွင့်အရေး ပိတ်ပင်မှုတွေရှိနေတဲ့ ဥပဒေ အဖြစ်ရှုမြင်တယ်လို့ ပြောကြပါတယ်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ကျင့်သုံးခြင်းနဲ့ပတ်သက်လို့ ဒေါက်တာ ဂျက်စ်ပီလိုက်ဒါက “နိုင်ငံသားဖြစ်မှုဥပဒေကို ကျင့်သုံးလိုက်ရင် မွတ်စလင် တော်တော်များများအတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ရလဒ်တွေ ရလာလိမ့်မယ်လို့ မျှော်မှန်းတာက လက်တွေ့ကျတယ်။ အရေးကြီးဆုံးက လက်ရှိကာလမှာရော နောင်မျိုးဆက်အတွက်ပါ မွတ်စလင်တွေအတွက် ရှင်းလင်းပြတ်သားပြီး နိုင်ငံရေး အရလည်း အခြေခိုင်တဲ့ အခြေအနေမျိုး ဖြစ်လာမှာပါ”လို့လည်း ဆက်ပြောပါတယ်။
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေအပြင် ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA တပ်ဖွဲ့တွေကြား မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံတွေကို နေရာချထားရေး ဆောင်ရွက်ရာမှာလည်း အခက်အခဲများစွာ ရှိနေတယ်လို့ ဒေသဆိုင်ရာ လူမှု အဖွဲ့အစည်းတွေက ပြောပါတယ်။
စီပွားရေး ဖွံ့ဖြိုးမှုမှာလည်း ရခိုင်ပြည်နယ်မှာ ရေနက်ဆိပ်ကမ်း နဲ့ ရွှေသဘာဝ ဓာတ်ငွေ့ တို့လို စီမံကိန်းကြီးတွေ ရှိနေပေမယ့် ဖွံ့ဖြိုးတက်မှု အနိမ့်ကျဆုံးပြည်နယ်ထဲမှာ ရခိုင်ပြည်နယ်က ပါဝင်နေဆဲဖြစ်ပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း ရခိုင်ပြည်နယ်အရေးကို ဒု သမ္မတဟောင်း ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်ပြီး ကော်မတီတရပ် ဖွဲ့စည်း ဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။
ဒီလို ဆောင်ရွက်ခဲ့ရာမှာလည်း လူမျိုးရေး၊ ပဋ္ဋိပက္ခ ဖြစ်မှုတွေနဲ့ နိုင်ငံသား အငြင်းပွားမှုတွေကို ပြေလည်သည်အထိ ဖြေရှင်းနိုင်ခြင်း မရှိခဲ့ဘူးလို့ လေ့လာ စောင့်ကြည့်သူတွေက ပြောဆိုကြပါတယ်။ ။