“ဗုံတွေ မောင်းတွေလို မကျင့်ကြံပါနဲ့။ သူတို့က တီးမှ မြည်တာပါ။ နာရီတွေလို ပြုမူပါ။ လိုအပ်တဲ့ အချိန်တိုင်းမှာ အသံထွက်ပေးပါတယ်” ဆိုတဲ့ ခွန်ဆာရဲ့စကားနဲ့ အစပြုထားပြီး တချိန်က နာမည်ကြီးခဲ့တဲ့ ရွှေတြိဂံဒေသရဲ့ဘိန်းဘုရင်၊ ရှမ်းအမျိုးသား လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူ နာမည်ခံပြီး မူးယစ်ဆေးဝါးကို အကြီးအကျယ် ဖြန့်ချိ ထုတ်လုပ်ခဲ့တဲ့ သူ့ကို အမေရိကန်နိုင်ငံက ကျားထောင်ချောက် စစ်ဆင်ရေးနဲ့ လက်ရဖမ်းဆီးဖို့ ကြိုးစားပုံကို တင်ပြထားပါတယ်။
မူရင်းရေးသားတဲ့ စာရေးဆရာ ရွန် ဖယ်လ်ဘာ (Ron Felber) က အမေရိကန်၊ ဟောင်ကောင်၊ ထိုင်းနဲ့ မြန်မာနိုင်ငံက ထောက်လှမ်းရေး အဖွဲ့ဝင်တွေနဲ့ တဦးချင်း အင်တာဗျူးလုပ်ပြီးမှ ပြုစုခဲ့တဲ့စာအုပ် ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ခွန်ဆာနဲ့ သူ့ရဲ့တကမ္ဘာလုံးကို ဖြန့်ချိနေတဲ့ ဟီးရိုးအင်း ကွန်ရက်ကို ဖြိုခွင်းဖို့အတွက် အမေရိကန် မူးယစ် ဆန့်ကျင်ရေးတပ်ဖွဲ့ အေဂျင်စီက ၁၉၉၀ နှစ်လည်မှာ စတင်ကြိုးစားခဲ့ပါတယ်။ အဲဒီအေဂျင်စီက နစ်ကာရူဆို၊ ပီတီပန်နီနီ၊ အစိုးရရှေ့နေ့ ကေသီပယ်လမာနဲ့ ခွဲခြမ်းစိတ်ဖြာရေးပညာရှင် စတိဗ်ဝိုရိုဘတ်တို့ရဲ့ ကြိုးပမ်းမှုတွေနဲ့ နယူးယောက် တရုတ် တန်းကစပြီး ရွှေကြိဂံအထိ လွှမ်းမိုးထားတဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေကို ဖြိုခွဲဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စီအိုင်အေရဲ့ တားဆီးကန့်ကွက်မှုနဲ့ အတွင်းက သတင်းတွေ ပေါက်ကြားစေမှုတို့ကြောင့် စစ်ဆင်ရေးတချို့ ဖျက်သိမ်းခံခဲ့ရသလို ခွန်ဆာ ကိုယ်တိုင်လည်း သူ့ကို ဖမ်းမယ်ဆိုတဲ့ စစ်ဆင်ရေးသတင်းတွေကို ကြိုရခဲ့ပါတယ်။
အသက် ၃ နှစ်သားမှာ တရုတ်လူမျိုးဖခင် ကွယ်လွန်ပြီး ရှမ်းအမျိုးသမီးမိခင်က မြို့စားတဦးနဲ့ လက်ထပ်ခဲ့ပေမယ့် ပထွေး ဖြစ်သူက ခွန်ဆာ့ကို ဂရုမစိုက်ခဲ့ပါဘူး။
ဒါကြောင့် အသက် ၁၄ နှစ်အရွယ်ကတည်းက ဘိန်းခင်းတွေ၊ ကွန်မြူနစ် ဆန့်ကျင်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကျင်လည်ခဲ့ရပြီး ၁၉၆၄ မှာ တရုတ်ဖြူ ဗိုလ်ချုပ်ဟောင်း လီဝင်ဝှမ်ကြောင့် အစိုးရဆန့်ကျင်သူ အဖြစ် မန္တလေးထောင်မှာ ၅ နှစ် ထောင်ချခံခဲ့ရပါတယ်။ အဲဒီမှာ ဖတ်ခဲ့ရတဲ့ လော်ကွန်ချန်း (Lo Khun Chung) ရဲ့ သုံးပြည်ထောင် ဇာတ်လမ်း (Romance of the Three Kingdom) ကြောင့် သူ့အတွေးအခေါ်၊ စိတ်ကူးဉာဏ်နဲ့ ဘာသာရေး အမြင်တွေကို ပြောင်းလဲစေခဲ့တယ်လို့ ဆိုပါတယ်။
ထောင်က လွတ်ချိန်မှာတော့ ခွန်ဆာရဲ့ စိတ်ကူးသစ်တွေ အလုပ်ဖြစ်ခဲ့ပြီး မော်ထိုင်း လို့ ခေါ်တဲ့ အင်အား ၄ သောင်းအထိ ရှိတဲ့တပ်နဲ့ ဇနီး ၄ ဦးရှိတဲ့ ခေါင်းဆောင်ကြီးအဖြစ် အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။
သူ့ကို ဖမ်းဖို့ ဆုငွေထုတ်တဲ့ ထိုင်းအစိုးရနဲ့ DEA လို့ ခေါ်တဲ့ အမေရိကန် မူးယစ်တိုက်ဖျက်ရေး အေဂျင်စီက လူတွေကို သူက ဆုငွေပြန်ထုတ်ပြီး သတင်းပေးတွေ၊ ပြိုင်ဘက်တွေနဲ့ DEA တပ်ဖွဲ့ဝင်တဦးရဲ့ ဇနီးအပါအဝင် လူအများကို လက်တုံ့ပြန် တိုက်ခဲ့သလို ပြိုင်ဘက်ကြီး ဗိုလ်ချုပ်လီရဲ့ ချင်းမိုင်အိမ်ကိုလည်း ဗုံးဆင်ထားတဲ့ ထရပ်ကားနဲ့ ဝင်တိုက်ဖောက်ခွဲပြီး လက်သံပြောင်ခဲ့ပါတယ်။
တဖက်မှာလည်း အုပ်စုအမှတ် (၄၁) လို့ နာမည်ပေးထားတဲ့ DEA ရဲ့အဖွဲ့ခွဲက နယူးယောက်က ဘိုနန်နိုဂိုဏ်း အပါအဝင် မာဖီးယားတွေကို ဖြိုခွင်းတိုက်ခိုက်ပြီး ခွန်ဆာရဲ့လမ်းကြောင်းကို အဆက်မပြတ် ရှာဖွေခဲ့ပါတယ်။
နယူးယောက် တရုတ်တန်းက နာမည်ကြီး ကျူးဘားချာတိတ် ခေါ် အင်စနက်စတိုလီ သူတို့ဘက်ကို သတင်းပေးအဖြစ် ဝင်ရောက်ခိုလှုံ လာချိန်မှာတော့ ဟောင်ကောင်၊ မလေးရှားနဲ့ အမေရိကန်က ခွန်ဆာ့ အဆက်အသွယ်တွေ၊ လက်ခွဲတွေ၊ တပည့်ရင်းတချို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး ခွန်ဆာရဲ့ကွန်ရက်ကို ဖော်ထုတ်လာနိုင်ခဲ့ပါတယ်။
၁၉၈၃ မှာ ထိုင်းနိုင်ငံ၊ ဘန်ဟင်တိတ် (Ban Hin Taek) စခန်းကို ထိုင်းနဲ့ စီအိုင်အေ ပူးပေါင်းတပ်တွေ ဝင်တိုက်ခံရပြီး မြန်မာပြည်တွင်းက ဟိုမုန်းရွာကို ရွှေ့ပြောင်းလာရတဲ့ ခွန်ဆာကတော့ မြန်မာ့တပ်မတော် ဗိုလ်မှူးချုပ် အေးစံ နဲ့ သဘောတူ ညှိနှိုင်းမှုတွေ လုပ်ခဲ့သလို မူးယစ်ဆေးလုပ်ငန်းကို ပိုကြီးထွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အုပ်စု (၄၁) ကလည်း ခွန်ဆာ့ လူတွေကို တယောက်ပြီးတယောက် ဖမ်းမိနေသလို ခွန်ဆာ့ဆီက ထွက်ပြေးလာတဲ့ သတင်းပေးတွေကြောင့် ကျားထောင်ချောက် စစ်ဆင်ရေးရဲ့ အပိုင်း (၁)၊ အပိုင်း (၂) တွေကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး ခွန်ဆာကို အကျပ်တွေ့စေခဲ့ပါတယ်။
၀ တပ်တွေ၊ တရုတ်ဖြူ အကြွင်းအကျန်တပ်တွေနဲ့ တိုက်နေရတဲ့ ခွန်ဆာကတော့ ၁၉၉၅ မှာ သူ့ရဲ့နောက်ဆုံး ဘိန်းသယ် ခရီး အတိုက်ခံရပြီး သူ့ရှေ့ရေးကို စတွေးလာပါတယ်။
၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ နဝတ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။ ပြင်သစ် တိုတယ်နဲ့ အမေရိကန် ယူနိုကယ် ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ပြီး တရားဝင် စီးပွားရေးတွေနဲ့ ဇာတ်မြှုပ်ပစ်လိုက်တဲ့ ခွန်ဆာ့ကို အမေရိကန်ဘက်က အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် မြန်မာ အာဏာရှင်ဘက်က လွှဲပေးဖို့ ငြင်း ဆန်ခဲ့ပါတယ်။
ရက်စက်သလောက် သစ္စာရှိရင် ရှိသလို ရက်ရောတတ်တဲ့ ဘိန်းဘုရင်ကြီးရဲ့ နောက်ဆုံးနေ့တွေကိုတော့ ဒီစာအုပ်မှာ ရေးပြမထားနိုင်ခဲ့ပါဘူး။ ၁၉၉၃ မှာ ရှမ်းပြည်သမ္မတအဖြစ် ကြေညာခဲ့ဖူးတဲ့ ခွန်ဆာဟာ ရှမ်းအမျိုးသား ခေါင်းဆောင်တဦးထက် မာဖီးယားတဦးနဲ့ ပိုတူနေခဲ့ပါတယ်။ ခွန်ဆာဟာ ၂၀၀၇ အောက်တိုဘာလ ၂၆ ရက် သောကြာနေ့ (သူ့မိသားစုဝင်တွေကတော့ ၂၈ ရက်နေ့လို့ ဆိုပါတယ်) မှာ ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါတွေနဲ့ ရန်ကုန်မှာ ကွယ်လွန်သွားခဲ့တာပါ။
မားဖီးယားနဲ့ အမေရိကန် မူးယစ်ဆေးဝါး ခေါင်းဆောင်တွေကို နှိမ်နင်းပုံ၊ ခွန်ဆာ့ တပည့်တွေကို လက်ရဖမ်းဆီးပုံနဲ့ ဘိန်းဖြူ သမိုင်းကြောင်း အပါအဝင် စိတ်ဝင်စားစရာတွေ၊ ကမ္ဘာ့အဆိုးဆုံး ရန်သူတွေဟာ အစ္စလာမ်အစွန်းရောက်ဝါဒီ မူဂျာဟစ်ဒင်တွေ ဖြစ်မယ်လို့ ကြိုဟောကိန်းထုတ်နိုင်ခဲ့တဲ့ ခွန်ဆာရဲ့တပ်ဖွဲ့ကို အုပ်ချုပ်ပုံနဲ့ တွေးခေါ်ပုံတွေ၊ အကွက်မြင်မှုတွေနဲ့ ပြည့်နေတဲ့ ဒီစာအုပ်ကို “ထိုကြောင့် ဤသို့” ဆိုတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဇာတ်သိမ်းခန်းကို တခြားရေးဖော်တွေနဲ့အတူ ပြုစုဖူးခဲ့တဲ့ အောင်အေး (ရန်ကုန်တက္ကသိုလ်) က ပြန်ဆိုခဲ့တာပါ။
စာအုပ်အမည် – ရွှေကြိဂံနယ်မြေက ဘိန်းဘုရင် ခွန်ဆာကို ခြေရာခံခြင်း (The Hunt for KHUN SA, Drug Lord of the Golden Triangle by RON FELBER)
ဘာသာပြန်သူ – အောင်အေး (ရန်ကုန်တက္ကသိုလ်)
အမျိုးအစား – ဘာသာပြန်
ထုတ်ဝေသည့်ကာလ – ပထမအကြိမ်၊ ၂၀၁၆၊ မေလ
ထုတ်ဝေသည့်တိုက် – လွင်ဦးစာပေ (လှည်းတန်း)
တန်ဖိုး – ၃၅၀၀ ကျပ်