မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားဆိုသည့်စကားရပ်ကို တရားဝင်အသိအမှတ်ပြုပေးရန်၊ ၎င်းတို့အတွက် တရားမျှ တမှုကို ရှာဖွေပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများ၏ ဘ၀ ပြန်လည်ထူထောင်ရေး အစိုးရက တာဝန်ယူ ဆောင်ရွက် စေလိုခြင်းတို့သည် နိုင်ငံရေးအကျဉ်းသားဟောင်းများ(နိုင်/ကျဉ်း)၏ အဖြစ်ချင်ဆုံးဆန္ဒဟု နိုင်/ကျဉ်းဟောင်းများက တညီ တညွတ် တည်း ပြောဆိုကြသည်။
“အကူအညီတွေ လိုအပ်တယ်ဆိုပေမယ့် ဒီအကူအညီထက်စာရင် အားလုံးလိုချင်တာက နိုင်ငံရေးအကျဉ်းသားဆိုတာကို တရားဝင်အသိအမှတ်ပြုပေးဖို့နဲ့ သူတို့အတွက် တရားမျှတမှုကို ရှာဖွေပေးဖို့ပဲ” ဟု နိုင်/ကျဉ်းဟောင်းတဦးဖြစ်သူ ဦးတင် မောင်ဦးက ဆိုသည်။
တရားမျှတမှုဆိုသည်မှာ လက်စားချေခြင်းမဟုတ်။ ကျူးလွန်ခဲ့သူများအနေဖြင့် ယင်းတို့ကျူးလွန်ခဲ့ကြောင်း ဝန်ခံရမည်။ ကျူးလွန်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများကို လူ့ဂုဏ်သိက္ခာနှင့်အညီ တောင်းပန်ရမည်။ ယင်းနောက် နိုင်း/ကျဉ်းများ၏ ဘဝပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ကုစားပေးရေးတို့အတွက် လက်ရှိအစိုးရအနေဖြင့် ကမကထပြုဆောင်ရွက်ပေးရန် ဖြစ်သည်။
မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ၏အခြေအနေ
မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် စစ်တပ်မှအာဏာသိမ်းပြီးချိန်မှစ၍ အာဏာသိမ်းစစ်အစိုးရအဆက်ဆက်တို့က အတိုက်အခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ရန်သူသဖွယ်သဘောထားပြီး မတရားဖမ်းဆီးခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ညှဉ်းပန်းနှိပ် စက်ခြင်း၊ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
၁၉၆၂ ခုနှစ်မှ ယနေ့တိုင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၇,၀၀၀ မှ ၁၀,၀၀၀အကြား ထောင်သွင်းအကျဉ်းကျခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)တို့၏ စစ်တမ်းများအရ သိရသည်။
၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရတက်လာသည့် ကနဦးကာလများတွင် နိုင်/ကျဉ်းအများအပြားကို လွှတ်ပေးခဲ့သော် လည်း ထပ်မံတိုးတက်လာနေသည့် နိုင်/ကျဉ်းအရေအတွက်က ရေရှည်စစ်မှန်သည့်ပြုပြောင်းလဲရေးကို မသွားလိုကြောင်း ဖော်ပြနေခဲ့သည်ဟု နိုင်/ကျဉ်းဟောင်းများက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ တက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရသစ်လက်ထက်တွင် တရားရင် ဆိုင်နေရသူ ၁၉၉ ဦး၏အမှုများအားပလပ်ပေးခဲ့ပြီး ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား ၈၃ ဦးကို ဧပြီလအတွင်းက လွှတ် ပေးခဲ့သော်လည်း အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားများ ဆက်လက်ရှိနေဆဲဟု သိရသည်။
ယခင်အစိုးရလက်ထက်အဆက်ဆက်မှ ဦးသိန်းစိန်အစိုးရလက်ထက်အထိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံ ရေးပြစ်မှု စသည်ဖြင့် တရားဝင်အသိအမှတ်ပြုလက်ခံထားခြင်းမရှိဘဲ တရားဝင်အသိအမှတ်ပြုရေးအတွက်ကို နိုင်/ကျဉ်း ရေးရာဆောင်ရွက်နေသူများက ဆက်လက်ကြိုးပမ်း တောင်းဆိုနေဆဲဖြစ်သည်။
စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှုများ
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသည် တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ တရားရေးစနစ်ကို အလွဲသုံးစားပြုခံရ ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ရင်ဆိုင်ခဲ့ကြရပြီး စစ်ကြောမေးမြန်းသူများက သတင်းအချက်အလက်ရရှိရန် သာမက နိုင်/ကျဉ်းများကို ချိုးနှိမ်ရန်နှင့် လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြသည်ဟု နိုင်/ကျဉ်းများ က ဆိုသည်။
အကျဉ်းကျစဉ်ကာလအတွင်း စစ်ကြောရေးစခန်းများတွင် အသက်သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်မှုများရှိခဲ့ပြီး နှိပ် စက်ညှဉ်းပန်းမှု၊ အစာရေစာမလုံလောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု မရှိခြင်းတို့ကြောင့် နိုင်/ကျဉ်း ၈ ဦးသေဆုံးခဲ့ရာ တွင် ၂ ဦးမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့်ရရှိသောဒဏ်ရာများဖြင့်သေဆုံးခဲ့ခြင်းဖြစ်ပြီး ၆ ဦးမှာ စစ်ကြောသူများက ပစ်ခတ် သတ်ဖြတ်ခြင်းကြောင့် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း AAPP နှင့် FPPS တို့က မှတ်တမ်းတင်ထားသည်။
စစ်ကြောရေးတွင် ရုပ်ပိုင်းဆိုင်ရာပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ခံရသော်လည်း ဆေးကုသခွင့်ငြင်းဆန်ခံခဲ့ရကြပြီး နိုင်/ကျဉ်း ၉၀ ရာခိုင်နှုန်းခန့်က ဆေးဝါးကုသခွင့်မရခဲ့ကြကြောင်း သိရှိရသည်။
ကြောက်ရွံ့စေခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုဖြစ်စေရန်၊ အကျဉ်းသား၏စိတ်ခိုင်မာမှုပြိုလဲစေရန်၊ စစ်ကြောသူများ ၏တောင်းဆိုမှုများကို လိုက်လျောလာစေရန် ထိန်းသိမ်းထားသူများကို ရည်ရွယ်ချက်ဖြင့် ခေါင်းစွပ်ခြင်း၊ မျက်စိစည်းနှောင် ခြင်းပြုပြီး အာရုံခံစားမှုများပြတ်တောက်စေရန် ပြုလုပ်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။
“အမျိုးသမီးတယောက်ကို စစ်ကြောရေးစစ်တဲ့အချိန်မှာ မျက်နှာကိုစည်းထားတယ်။ သူတို့ကိုမမြင်ရဘူး။ ပိုးစိုးပက်စက် ရစရာမရှိအောင်ပြောတယ်။ ဆီးသွားချင်တယ်။ မျက်နှာကိုစည်းထားတာကို ဖြည်ပေးပါဆိုတော့ မဖြည်ပေးဘူး။ ဒါဆို သူတို့ ထွက်ပေးပါဆိုတော့လည်း မထွက်ပေးဘူး။ သူတို့ကိုယ့်ကိုယ်ဘယ်လိုကြည့်မနေလဲ။ တော်တော်ကိုဆိုးတယ်။ အခွင့်အရေး တွေ အများကြီးချိုးဖောက်ခံရတယ်” ဟု အသက် ၄၈ နှစ်အရွယ် နိုင်/ကျဉ်းဟောင်းတဦးဖြစ်သူ ဒေါ်စိုးစိုးက ပြောသည်။
အာဏာပိုင်များကျင့်သုံးခဲ့သည့် နောက်ထပ်နည်းလမ်းတခုမှာ အကျဉ်းသားများအား တဦးတည်းအဆက်အသွယ်ဖြတ်ကာ နှစ်ရှည်လများ ချုပ်နှောင်ထားခြင်း(တိုက်ပိတ်ခြင်း)ဖြစ်သည်။
၈၈ အရေးတော်ပုံတွင် ဦးဆောင်မှုအခန်းကဏ္ဍ၌ပါဝင်သည့် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်သည် ၁၆ နှစ်ကြာ တဦး တည်း တိုက်ပိတ်ချုပ်နှောင်ထားခြင်း ခံခဲ့ရသည်။
အကျဉ်းထောင်လက်စွဲအရ အကျဉ်းသားကို တဦးတည်းတိုက်ပိတ်ကာ အများဆုံး ၁၄ ရက်ထက် ပို၍မထားရဟု ဆိုထား သော်လည်း ထောင်အာဏာပိုင်များက ယင်းစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်ခဲ့ကြသည်ဟု စစ်တမ်းများက ဖော်ပြ ထားသည်။
ပြန်လည်ပေါင်းစည်းရေးအတွက် အဟန့်အတားများ
အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးသော နိုင်/ကျဉ်းဟောင်းများသည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နာကျင် မှုများနှင့်အတူ ၎င်းတို့၏လူနေမှုဘဝပျက်စီးမှုများကြောင့် ဘဝသစ်ကို ခက်ခဲကြမ်းတမ်းစွာ ပြန်စကြရပြီး လူ့အဖွဲ့အစည်းနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် အဟန့်အတားများစွာရှိနေကြောင်း သိရသည်။
မိသားစုဘဝများ ဖရိုဖရဲဖြစ်ကာပြိုကွဲခြင်း၊ စားဝတ်နေရေးပြန်လည်နလန်မထူနိုင်ခြင်းများကို ကြုံတွေ့လိုက်ကြရသည့်အပြင် ၎င်းတို့ကိုယ်တိုင်လည်း လူမှုအဖွဲ့အစည်းအတွင်းပြန်လည်ဝင်ရောက်ရန် အဟန့်အတားများစွာကို ရင်ဆိုင်ကြရသည်။
“အဖေထောင်ကလွတ်ခါစ ထောင်ထဲကရလာတဲ့ စိတ်ဒဏ်ရာတွေကြောင့်လားမသိဘူး ကျနော်တို့နဲ့ စကားပြောတာကအစ အဖေဟာ သံသယထားနေတဲ့ပုံဖြစ်နေခဲ့တယ်။ စီးပွားရေး၊ လူမှုရေးအားလုံး နလန်မထူနိုင်အောင်ပြိုလဲခဲ့ရတယ်။ ခုသာ နိုင်/ကျဉ်း သားသမီးဆိုပြီး ဂုဏ်ယူကောင်းယူနိုင်ပေမယ့် အဲဒီအချိန်တုန်းက အစိုးရအလုပ်တောင် လျှောက်လို့မရခဲ့ဘူး” ဟု ၈၈ သပိတ်ကော်မတီတွင်ပါဝင်ခဲ့သောကြောင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံခဲ့ရသည့် နိုင်း/ကျဉ်းဟောင်းတဦး၏ သားဖြစ်သူ အသက် ၃၈ နှစ်အရွယ် ကဗျာဆရာက ပြောပြသည်။
နိုင်/ကျဉ်းဟောင်းများသည် ခရီးသွားလာမှုကန့်သတ်ခံရခြင်း၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ငြင်းပယ်ခံရ ခြင်းတို့ကြောင့် နောက်ဆက်တွဲအနေဖြင့် ငွေကြေးအခက်အခဲများ၊ မိသားစုပြဿနာများနှင့် ကျန်းမာရေးပြဿနာများကိုပါ ရင် ဆိုင်ကြရတော့သည်။
အကျဉ်းထောင်တွင်းခံစားခဲ့ရသည့်ဒဏ်များ၊ ပြင်ပရောက်ချိန်တွင် ထပ်မံကြုံတွေ့ရသည့် အခက်အခဲပြဿနာများက တချို့ သောနိုင်/ကျဉ်းဟောင်းများကို လူ့အသိုင်းအဝိုင်းတွင် နလန်ပြန်မထူနိုင်တော့အောင်၊ နိုင်ငံရေးကိုလုံးဝစိတ်ကုန်သွားအောင် ပြုလုပ်လိုက်သည်။
စစ်တမ်းများအရ နိုင်/ကျဉ်းဟောင်းများထဲမှ လက်ရှိနိုင်ငံရေးတွင် ပုံစံအမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားဆောင်ရွက်နေသူ ၂၀ ရာ ခိုင်နှုန်းခန့်သာရှိပြီး စိတ်ကစဉ့်ကလျားဖြစ်နေသူလည်း ဆယ်ဂဏန်းခန့်ရှိသည်ဟု သိရသည်။
ထိုအထဲတွင် အညတရ လူမသိသူမသိဘဝနှင့် အိမ်ပြန်ရောက်ခဲ့ရသည့် နိုင်/ကျဉ်းများဟောင်းများ၏ ဘဝအခြေအနေများ က ပိုဆိုးသည်ဟု ဆိုသည်။
“တချို့ကလည်း နာမည်ကြီးတယ်။ ကြီးတဲ့အလျောက် အကူအညီလည်းရကြတယ်။ သူတို့လည်းလောကဓံခံခဲ့ရတာပဲ။ ဒါပေမယ့် သူတို့ကျတော့ မြန်မြန်ပြန်ပြီး နလန်ပြန်ထူနိုင်ကြတာပေါ့။ တချို့ကျတော့လည်း လူမသိသူမသိ အညတရတွေ ကျတော့ အများကြီးပြဿနာရှိတယ်။ ဒီလူတွေနဲ့ပတ်သက်လို့ကျတော့ ဘယ်သူမှသိပ်ပြီးကူညီဖို့ စိတ်ကူးမရှိကြဘူး” ဟု ဦးတင်မောင်ဦးက ပြောပြသည်။
ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ကုစားမှုများ
နိုင်/ကျဉ်းဟောင်းများအား ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ကုစားပေးရန် အစိုးရတွင်တာဝန်ရှိသော်လည်း ယခင်အစိုး ရအဆက်ဆက်အနေဖြင့် လျစ်လျူရှုခဲ့ကြသည့်အတွက် ယခုအစိုးရသစ်လက်ထက်တွင် အစိုးရအနေဖြင့် ကမကထပြု ဆောင်ရွက် စေချင်သည်ဟု နိုင်/ကျဉ်းဟောင်းများက ပြောသည်။
နိုင်/ကျဉ်းဟောင်းများ၏ဘဝပြန်လည်ထူထောင်ရေးအတွက် AAPP၊ FPPS တို့ဦးဆောင်၍ ပြည်တွင်းပြည်ပအလှူရှင်များ၏ အကူအညီများဖြင့် သင်တန်းပေးခြင်း၊ ငွေကြေးထောက်ပံ့ခြင်းများရှိသော်လည်း နိုင်/ကျဉ်းဟောင်းအားလုံးကို ခြုံငုံကူညီ နိုင်ခြင်း မရှိခဲ့ပေ။
ပြန်လည်ကုစားမှုများတွင် နစ်နာရသူများ၏ အခွင့်အရေးဆိုင်ရာ ဂုဏ်သိက္ခာ အချက်အလက်မှန်ကို အသိအမှတ်ပြုခြင်းနှင့် တာဝန်ယူခြင်းအပါအဝင် လူသိရှင်ကြား ဝန်ချတောင်းပန်မှုများပြုလုပ်ခြင်းဖြင့် နစ်နာခဲ့ရသူများအနေဖြင့် စိတ်ကျေနပ်မှုရ စေမည်ဖြစ်သည်။
“အမှန်တရားကိုဖော်ထုတ်နေတဲ့သူတွေကို ဒီလိုပဲ အမြဲနှိပ်စက်မှုတွေဖြစ်နေတာက ဓလေ့တခုလိုဖြစ်နေတယ်။ အရင်အစိုး ရကျူးလွန်ခဲ့တဲ့ အပြစ်ကင်းလွတ်ခွင့်ရနေတဲ့ ဓလေ့တခုကို ပြောင်းလဲပေးစေချင်တယ်။ ပြစ်မှုကျူးလွန်ထားတာကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီတရားဝင်တောင်းပန်ရမယ်” ဟု ဒေါ်စိုးစိုးက ပြောသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများကို အသိအမှတ်ပြုခြင်း၊ နစ်နာခဲ့ရသူများအတွက် တရားမျှတမှုရှာဖွေပေးခြင်း၊ ပြန်လည် ကုစားမှုများပြုလုပ်ပေးခြင်းဖြင့် လူ့အဖွဲ့အစည်းနှင့် အောင်မြင်စွာပြန်လည်ပေါင်းစည်းနိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် တထောင့်တနေရာမှပြန်လည်ပါဝင်လာနိုင်မည်ဟု နိုင်/ကျဉ်းဟောင်းများက ယုံကြည်ကြသည်။