“၅ နှစ်တာငရဲ ဆက်မခံစားချင်တော့ပါ။ ကယ်တင်ပေးပါ … အမေ” ၊ “အိမ်ပြန်ခွင့်ရချင်ပြီ” ၊ “နေရပ်အမြန်ဆုံးပြန်နိုင်ရန်အတွက် ကူညီပေးကြပါ” ၊ “အိမ်ကိုလွမ်းလှပြီ” ၊ “ပျက်စီးနေသော ကိုယ့်ရွာကလေးကို ပြန်လည်ထူထောင်ချင်ပြီ” ၊ “စစ်ပွဲရပ်” ၊ “ကိုယ့်ရွာပြန် ချင်ပြီ” ၊ “မြေမြှုပ်မိုင်းများ အမြန်ဆုံး ရှင်းပေးပါ” ၊ “ငြိမ်းချမ်းရေး လိုချင်ပြီ။ အိမ်ပြန်ချင်ပြီ” ၊ “ဇွန် ၉ မှာ စစ်ပြေးလို့ ဇွန် ၉ မှာပဲ ပြန်ပါရစေ”….
ဆိုတဲ့ စာတမ်းတွေကို ကိုင်ဆောင်ထားသူတွေဟာ ဒီကနေ့ မနက်မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဗန်းမော်မြို့ပေါ်က လမ်းမ တွေ ပေါ်တက်ပြီး တပြိုင်နက်တည်း ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။
ပြိုကျမတတ် ရွာနေတဲ့ မိုးရေတွေကြား လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်သူတွေထဲမှာ စစ်ပြေးဒုက္ခသည်တွေ ကိုယ်တိုင်ပါဝင်ပြီး စစ်ပွဲ ပဋိပက္ခတွေကြား သူတို့ကြုံတွေ့ခဲ့ရတဲ့ ခံစားချက်တွေကို မြန်မာပြည်သူတွေ၊ သမ္မတ ဦးထင်ကျော် အစိုးရ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော်တို့ သိစေဖို့ သူတို့ရဲ့ ဆန္ဒတွေကို ဖွင့်ဟ တောင်းဆိုခဲ့ကြပါတယ်။
ဒုက္ခသည်တွေကို စာနာတဲ့ ကချင်ပြည်သူတွေက ကချင်ပြည်နယ် ငြိမ်းချမ်းရေး၊ ဒုက္ခသည်တွေ ငြိမ်းချမ်းစွာ နေရပ်ရင်းပြန်နိုင်ရေး အတွက် ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပြီး ကိုယ်တိုင်ကြုံတွေ့ ခံစားနေကြရတဲ့ ဒုက္ခသည်တွေကလည်း စခန်းတွင်းကထွက်ပြီး ပူးပေါင်း ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီကနေ့ ဇွန်လ ၉ ရက်နေ့ဟာ ကချင်ပြည်နယ် အတွင်း အစိုးရ တပ်မတော်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား ၁၇ နှစ် ကြာ အပစ်အခတ် ရပ်စဲရေး ကျိုးပျက်ခဲ့ပြီး စစ်ပွဲပြန်ဖြစ်ပွားခဲ့တာ ၅ နှစ်တိတိ ပြည့်တဲ့နေ့ဖြစ်ပါတယ်။
တပ်မတော်နဲ့ KIA ဟာ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ကြတာပါ။
အဲဒီလို ပြန်လည်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ KIA တို့ရဲ့ ပြင်းထန်လှတဲ့ စစ်မြေပြင်မှာ နှစ်ဘက်တပ်က စစ်သားတွေ ရာနဲ့ချီပြီး ကျဆုံး၊ ဒဏ်ရာ ရခဲ့ကြရပြီး အကျိုးဆက်အဖြစ် ခင်ပွန်းမဲ့သွားတဲ့ ဇနီးသည်တွေ၊ အဖမဲ့သွားတဲ့ ကလေးတွေနဲ့ သားတွေဆုံးရှုံးသွားတဲ့ မိဘ တွေ သောက၊ ဒုက္ခတွေ အဆင့်ဆင့် ခါးစည်း ခံစားခဲ့ကြရပါတယ်။
ဒါ့အပြင် စစ်ပဋိပက္ခ ဖြစ်ပွားတဲ့ နယ်မြေတွေမှာ အပြစ်မဲ့ အရပ်သားတွေ ရိုက်နှက်ညှဉ်းပန်းခံရတာ၊ အသတ်ခံရတာ၊ အဓမ္မ ပြုကျင့် ခံရ တာတွေ၊ အိုးအိမ်တွေ ဖျက်ဆီးခံရတာနဲ့ ဥစ္စာပစ္စည်းတွေ လုယက်ခံရတာတွေ ကြုံတွေ့ခဲ့ရပြီး ဒါတွေကို ဘယ်သူကမှလည်း တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိဘဲ မင်းမဲ့စရိုက်ဆန်ဆန် ခံခဲ့ကြရပါတယ်။
တိုက်ပွဲတွေဖြစ်တော့ ဒေသခံတွေရဲ့ ကျေးရွာတွေ၊ တောင်ယာတွေထဲ လက်နက်ကြီးတွေကျမှန် ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ လူသေ ဆုံး မှု အပါအဝင် ဥစ္စာပစ္စည်းတွေ၊ အိုးအိမ်တွေနဲ့ သီးနှံတွေလည်း ပျက်ဆီး ဆုံးရှုံးခဲ့ကြရတယ်။ နောက်ဆုံး အိုးအိမ်တွေ စွန့်ပြီး စစ်ဘေးရှောင် စခန်းတွေမှာ သွားရောက် ခိုလှုံခဲ့ကြရပါတယ်။
အဲဒီအထဲမှာ အများဆုံးကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင် ပလတ်စတစ် အမိုးအကာ အောက်မှာ မွေးဖွားခဲ့ကြရသူတွေရှိသလို ကလေးတွေဆိုရင်လည်း ပညာရေး တပိုင်းတစဖြစ်ခဲ့ရပါတယ်။
တောသူ၊ တောင်သား အရပ်သားတွေဟာ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ စစ်ပွဲကြောင့် “လူ့အခွင့် အရေး” ဆိုတဲ့ ရပိုင်ခွင့်တွေက သူတို့နဲ့ မဆိုင်သလို အကြိမ်ကြိမ်ခံခဲ့ကြရပါတယ်။ အခုချိန်ထိလည်း ခံစားနေကြရဆဲဖြစ်ပါတယ်။ “လူ့အခွင့် အရေး” ဆိုတဲ့ စကားလုံးကိုလည်း အများစုက မကြားဘူးကြပါဘူး။
ကချင် ငြိမ်းချမ်းရေး ကွန်ရက် (KPN) ပြောခွင့်ရပုဂ္ဂိုလ် မရန်ကျော်ဂွန်း က “ဒုက္ခသည်တွေဟာ သူတို့ဟာသူတို့ ဒုက္ခသည်ဖြစ်အောင် လုပ်ယူခဲ့ကြတာ မဟုတ်ဘူး။ နှစ်ဘက်တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူ ဒုက္ခသည်ဖြစ်ရတာ။ သူတို့ကို ကူညီဖို့လိုတယ်။ သူတို့အရေးဟာ တိုင်းပြည်ရဲ့အရေးဖြစ်တယ်”လို့ ပြောပါတယ်။
မကြာခင် ရက်ပိုင်းက ကချင်ဒုက္ခသည်စခန်းတွေထဲကို သွားရောက် မှတ်တမ်းယူခဲ့တဲ့ ဧရာဝတီ သတင်းထောက်က ကချင် ဒုက္ခသည် စခန်းတွေဟာ ရိက္ခာ ဖြတ်တောက်ခံနေရတဲ့ အတွက်ကြောင့် စားနပ်ရိက္ခာ မလုံလောက်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ပြောပြပါတယ်။
လိုင်ဇာမြို့နဲ့ နီးတဲ့ စခန်းတွေထဲမှာရှိတဲ့ ဒုက္ခသည်တချို့ဟာ လိုင်ဇာ FM ရေဒီယိုကတဆင့် နားထောင်ကြပြီး ဒေါ်အောင်ဆန်းစုကြည် ပြောဆိုထားတဲ့ ၂၁ ရာစု ပင်လုံကိစ္စကို စိတ်ဝင်စားနေကြတယ်လို့ ဆိုပါတယ်။ သူတို့ဆီ အမြန်ဆုံး ရောက်နိုင်တာက ရေဒီယို က တဆင့်ဖြစ်ပြီး “ငြိမ်းချမ်းရေး ဘယ်တော့ရမလဲ” ဆိုတဲ့အသံကို ရေဒီယိုကတဆင့် သူတို့ စောင့်မျှော်နေကြတယ်လို့ ပြောပါတယ်။
တပ်မတော်နဲ့ KIA ကြား ၅ နှစ်အတွင်းမှာ တိုက်ပွဲပေါင်း ရာနဲ့ချီဖြစ်ပွားခဲ့ပြီး အစိုးရတပ်က တိုက်လေယာဉ်တွေကိုပါ အသုံးပြုခဲ့တယ် လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ KIA ရဲ့ အရေးပါတဲ့ တပ်စခန်းပေါင်း များစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့သလို KIA ဌာနချုပ် အခြေ စိုက်ခဲ့တဲ့ လိုင်ဇာ အနီးက စိုးမိုးကုန်းတွေမှာလည်း လက်နက်ကြီးတွေတင်ပြီး နေရာယူထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလထဲမှာ လိုင်ဇာအနီးက ရှေ့တန်းစခန်းတွေနဲ့ KIA ထိန်းချုပ်နေရာတချို့မှာ တပ်မတော်နဲ့ KIA တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး KIA ကတပ်စခန်းတွေ ထပ်မံ ဆုတ်ခွာပေးခဲ့ရတာတွေလည်း ရှိပါတယ်။ KIA ထိန်းချုပ်ရာ နေရာ အတော်များများ အနီးမှာ တပ် မတော်စစ်ကြောင်းတွေ ဖြန့်ချထားတဲ့ အနေအထားကြောင့် ဒေသခံ ကချင်လူမျိုးတွေအတွက်တော့ အခက်အခဲတွေဖြစ်စေပါတယ်။
ကချင် ဒုက္ခသည် စခန်းတွေနဲ့ KIA ထိန်းချုပ်ရာဒေသတချို့ကို ရောက်ရှိခဲ့တဲ့ ဧရာဝတီ သတင်းထောက်က “အခု လိုင်ဇာနား အထိ ဆိုရင် တပ်မတော်က နေရာတော်တော်များများကို စိုးမိုးထားတယ်။ တောင်ကုန်းတွေမှာ နေရာတော်တော် များများ ရယူထားတယ်။ အဲဒီတပ်တွေက လိုင်ဇာနဲ့ဆို အမြောက် တပစ်စာလောက်ပဲ ဝေးတယ်”လို့ ပြောပါတယ်။
KIO/KIA အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြုလုပ်ခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် မရေးထိုးခဲ့ပါဘူး။
အကြောင်းပြချက်ကတော့ သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ တပ်မတော်က NCA ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးထိုးခွင့်မပြုဘဲ အဖွဲ့တချို့ကို ချန်လှပ်ခဲ့တဲ့အတွက် မထိုးသေးတဲ့ ဘဝတူလက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့အတူ ရပ်တည်ခဲ့တာလို့ ဆိုပါတယ်။
အခု သမ္မတ ဦးထင်ကျော် အစိုးရလက်ထက်မှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်ထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (သို့) ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက် ဆွေးနွေးနိုင်ဖို့ အပစ်မရပ်ရသေးတဲ့ ဘဝတူ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်း တိုင်ပင်မှုတွေ ပြုလုပ်နေပါတယ်။
KIO ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော် က “တကယ်ပဲ တန်းတူရည်တူ ဆွေးနွေးနိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို ကျနော်တို့ မျှော်လင့်တယ်။ အခု NLD အစိုးရကတော့ လူထုကနေ ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရဖြစ်တယ်။ အခုအစိုးရ ကိုယ်တိုင်ကလည်း Reconciliation (အမျိုးသား ပြန်လည် သင့်မြတ်ရေး) ကို သေချာစနစ်တကျ လုပ်မယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ တွေ့ရတဲ့အတွက် ကြောင့်မို့ ကျနော်တို့က ဒီစစ်မှန်တဲ့ Dialogue (တွေ့ဆုံဆွေးနွေးမှု) တခု ဖြစ်လာဖို့နဲ့၊ အဲဒီ Dialogue မှာ အားလုံး ပါဝင်နိုင်ဖို့ မျှော်လင့် ပါတယ်”လို့ ပြောပါတယ်။
စစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲပြီး ဦးဆောင်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရတုန်းကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက အပစ်ရပ် လက်မှတ်ထိုးရေး အပေါ်မှာ သံသယရှိကြပါတယ်။
သမ္မတ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အရပ်သား အစိုးရအပေါ်မှာတော့ ဦးသိန်းစိန် အစိုးရထက် ယုံကြည် မှု ပိုရှိကြပြီး အစိုးရသစ်က “တိုင်းရင်းသား အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး” ဆိုတာကို ဦးတည်ထားပြီး မူဝါဒတွေထဲမှာလည်း တိုင်းရင်းသားတွေ တောင်းဆိုထားတဲ့ အချက်တွေနဲ့ အများစု တူညီနေတာကြောင့် လက်ရှိ အရပ်သား အစိုးရသစ် လက်ထက်မှာပဲ အပစ်ခတ်ရပ်စဲရေး လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
ကချင် ဒုက္ခသည်တွေအနေနဲ့ နေရပ်ရင်းပြန်နိုင်ရေးအတွက် KIA အနေနဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်ဖို့ အရေးကြီး ပြီး NCA လက်မှတ်ရေးထိုးပြီးရင်တောင် ပြန်လည်နေရာချထားရေးအတွက် ၂ နှစ်လောက် အချိန်ယူရမယ့် အခြေအနေမှာ ရှိတယ်လို့ ကချင် ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ ဧရာဝတီ သတင်းထောက် က ပြောပါတယ်။
မမျှော်လင့်ဘဲ ငြိမ်းချမ်းရေးက အလှမ်းဝေးနေဦးမယ် ဆိုရင်တော့ ဒုက္ခသည်တွေရဲ့ နေရပ်ရင်းပြန်ပြီး နေထိုင်နိုင်ရေးဟာ အလှမ်းဝေး နေဦးမှာဖြစ်ပြီး သူတို့ဘဝတွေကို ဒုက္ခသည်စခန်းမှာပဲ အချိန်တွေ ထပ်မံ ပေးဆပ်နေရလိမ့်ဦးမယ်လို့ ဆိုကြပါတယ်။
ဗိုလ်ချုပ် ဂွန်မော် ကတော့ “ဒီလိုတိုက်ပွဲတွေဖြစ်နေတာတော့ မကောင်းပါဘူး။ တကယ်တော့ ဒီတိုက်ပွဲတွေကို တစတစ ချုပ်ငြိမ်းသွား ဖို့ဆိုပြီး ကျနော်တို့ကြိုးစားခဲ့တာပါ။ ဒါပေမယ့် အခြေနေ အကြောင်းအမျိုးမျိုးကြောင့် အခုအချိန်အထိ ဒီတိုက်ပွဲတွေက ရှိနေဆဲပါပဲ။ အခုမကြာခင်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံ မတိုင်ခင် တိုက်ပွဲတွေ ချုပ်ငြိမ်းသွားအောင် ကြိုးစားပြီးတော့ ကျနော်တို့ရဲ့ ဒုက္ခသည်များလည်း သူ့တို့ရဲ့ဒေသကို ပြန်နိုင်ဖို့ မျှော်လင့်ပါတယ်။ နိုင်ငံတော် အစိုးရနဲ့ ကျနော်တို့ ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်”လို့ ပြော ဆို ပါတယ်။ ။