မိသားစု စားဝတ်နေရေးအတွက် သူများ ပေးကမ်းတာကို စောင့်မျှော်နေရတဲ့ ဘဝမှာ နေထိုင်ရဖို့ တခါမှ မတွေးခဲ့ဖူးဘူးလို့ ဦးခေါန် လွမ်က ရင်ဖွင့် ပြောဆိုလာပါတယ်။
မိသားစု ၆ ဦးရှိတဲ့ အိမ်ထောင်ဦးစီး တယောက်ဖြစ်ပြီး သန်မာတုန်း အလုပ်လုပ်နိုင်တုန်း အသက် ၄၀ အရွယ်သာ ရှိသေးပေမယ့် မိသားစုအတွက် ဝင်ငွေမရှာနိုင်တဲ့ ဘဝကို စိတ်ပျက်တယ်လို့လည်း သူက ညည်းညူပါသေးတယ်။
“ကျနော်က အိမ်ထောင်ဦးစီးလေ၊ ကိုယ့်မိသားစုကို ကိုယ့်လုပ်အားနဲ့ ရတာနဲ့ ကောင်းကောင်းမွန်မွန် ထားချင်တယ်။ ထားလည်း ထားနိုင်တယ် ဒီစစ်ကြီး ဖြစ်မနေရင်ပေါ့”လို့ ဦးခေါန်လွမ် က ပြောပါတယ်။
ဦးခေါန်လွမ်ဟာ ကချင်ပြည်နယ်က ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ် နယ်မြေ လိုင်ဇာ မြို့က ဂျေယန်း စစ်ရှောင် စခန်းမှာ စစ်ဘေး လာရှောင်နေရတဲ့ မိသားစုဝင် ၆ ဦးရဲ့ အိမ်ထောင်ဦးစီး စစ်ဘေးဒုက္ခသည် တဦးပါ။
သူဟာ တပ်မတော်နဲ့ KIA ကြား ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ အချိန်မှာ နမ့်ဆန်ယန်မြို့ကနေ မိသားစုနဲ့အတူ ထွက် ပြေး တိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။
ဦးခေါန်လွမ် နေထိုင်တဲ့ ဂျေယန်း ဒုက္ခသည်စခန်းမှာ ရွာပေါင်း ၇၅ ရွာကနေ ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည် ဦးရေ ၈၇၈၀ ရှိပါတယ်။
မိသားစုပေါင်းက ၁၆၄၅ စု ရှိပါတယ်။
သူတို့ အားလုံး အိမ်ကို မပြန်နိုင်ကြတာ ဇွန်လ ၉ ရက်က ၅ နှစ်ပြည့်ခဲ့ပါပြီ။
ဂျေယန်းကို စစ်ပြေးရှောင်လာတဲ့ မိသားစုတိုင်းရဲ့ အိမ်ထောင်ဦးစီးတွေဟာ စစ်ပွဲတွေမဖြစ်ခင်က သူတို့ နေထိုင်တဲ့ ဒေသအသီးသီး က တောင်ယာတွေမှာ စပါး သီးနှံတွေ စိုက်ပျိုးပြီး ကိုယ့်ဝင်ငွေကို ကိုယ်တိုင်ရှာဖွေပြီး အေးအေးချမ်းချမ်း နေထိုင်ခဲ့ကြတဲ့ သူတွေပါ။
စစ်ပွဲတွေ ဖြစ်တဲ့အချိန်မှာ သူတို့ဟာ အိုးအိမ်တွေ လယ်ယာတွေကို ပစ်ပြီး စစ်ဘေးရှောင်စခန်းတွေကို ထွက်ပြေးခဲ့ရတာကြောင့် သူများ ထောက်ပံ့ပေးကမ်းစာကို မှီခိုရသူတွေ အဖြစ် ရောက်ရှိသွားကြတာပါ။
ဦးခေါန်လွမ်က “စစ်မဖြစ်ခင်က မိသားစုကို ပြည့်ပြည့်စုံစုံထားနိုင်တယ်။ အခုတော့ ကလေးတွေကို အသားဟင်း ကောင်းကောင်း တလတခါ ကျွေးဖို့တောင် မတတ်နိုင်တော့ပါဘူး”လို့ မိသားစုအခြေအနေကို ဖွင့်ဟပါတယ်။
ဂျေယန်းစခန်း အပါအဝင် ကချင်ပြည်နယ်က စစ်ရှောင်စခန်းတွေကို ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) က ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ထောက်ပံ့မှုတွေ ပေးခဲ့ပေမယ့် ၂၀၁၆ ခုနှစ်စက စပြီး လျှော့ချလိုက်ပါတယ်။
အရင်က ကလေးငယ်တွေ အပါအဝင် တဦးချင်းစီကို တလမှာ ဆန် ၆ ပြည် ၆ လုံး၊ ဆီ တလီတာ ၁ ဘူး၊ ကုလားပဲလုံး ၁ပြည် ရရှိကြ ပါတယ်။
အခုဇွန်လက စပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက ကချင် စစ်ရှောင်စခန်းတွေမှာ အသက် ၇ လမှ ၁၈ နှစ်ထိကိုသာ ရိက္ခာအပြည့်ပေးပြီး အသက် ၁၈ နှစ်မှ ၅၀ အထိကို ထောက်ပံ့မှုတဝက်ခန့် လျှော့ချလိုက်တယ်လို့ စခန်းတာဝန်ခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေက ပြောပြပါတယ်။
WFP က မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကူညီပေးရေးအစီအစဉ်မှာ အရေးပေါ် လိုအပ်လာတဲ့ ဒုက္ခသည်တွေကို ပိုမိုကူညီသွားမယ် ဆိုပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်လိုက်ပြီး စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးတဲ့ ပမာဏက လျော့ကျသွားတာ ဖြစ် ပါတယ်။
ဂျေယန်း ဒုက္ခသည်စခန်း တာဝန်ခံ ဦးနော်ဆန့်က“ဆန်၊ ဆီ၊ ဆားတော့ အမြဲပေးပါတယ်။ တခြားတော့ ထောက်ပံ့တာ မရှိဘူး။ အိမ်သာ၊ ရေနဲ့ ရေချိုးဆပ်ပြာကတော့ တခါတလေ ပေးနိုင်တယ်။ ပုံမှန်တော့ မပေးနိုင်ဘူး”လို့ ထောက်ပံ့မှု အခြေအနေကို ပြောပြပါတယ်။
KIA ထိန်းချုပ်နယ်မြေထဲက စစ်ရှောင်စခန်းတွေမှာ WFP ကနေတဆင့် ကချင်အရပ်ဘက် အဖွဲ့အစည်းတွေက ကူညီတာတွေ အပြင် KIA က ပြန်လည်ဖွဲ့စည်းထားတဲ့ စစ်ပြေးဒုက္ခသည် ကူညီစောင့်ရှောက်ရေး ကော်မတီ (IRRC) ကလည်း ကူညီပေးတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဒုက္ခသည်တွေက ကျောတခင်းစာ နေရာနဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ တို့ကိုပဲ ရရှိကြတာပါ။
ဂျေယန်း ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဦးဘရန်တောင်က “အသက်ရှင်နေရုံလေးပဲ ရတာပါ။ ဖူလုံတဲ့ စားဝတ်နေရေး မရပါဘူး”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဦးဘရန်တောင်က မိသားစုရဲ့ အနာဂတ်ကို စစ်ရှောင်စခန်းမှာပဲ ကုန်ဆုံးသွားမှာ စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။
စစ်ရှောင် အိမ်ထောင်ဦးစီးတွေက ထောက်ပံ့မှုတွေ လျော့ကျလာတဲ့အခါ သူတို့ရဲ့မိသားစုကို ပြေလည်အောင် ထားနိုင်ဖို့ ပိုပြီး တာဝန်ရှိသလို ခံစားလာရတယ်လို့လည်း ပြောဆိုကြပါတယ်။
ဂျေယန်း ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဦးဂျာလကလည်း “ကျနော် စစ်ရှောင်လာပြီးနောက် မိသားစုအတွက် ဘာမှ မတတ်နိုင်ဘူး။ ဝင်ငွေ မရှာနိုင်တဲ့ အဖေဖြစ်ရတာ တခါတလေ ရှက်ဖို့ ကောင်းပါတယ်”လို့ ပြောပါတယ်။
ဂျေယန်းစခန်းက အိမ်ထာင်ဦးစီး ဖခင်တချို့က လိုင်ဇာမြို့မှာပဲ ကျောင်းတက်နေကြတဲ့ သူတို့ရဲ့ သားသမီးတွေကို ကျောင်းစရိတ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နဲ့ ကျောင်းစာအုပ်တွေကို စခန်းကပဲ ထောက်ပံ့ပေးထားပြီး မိဘဖြစ်သူအနေနဲ့ ဘာမှ မကူညီနိုင်လို့ စိတ် မကောင်းဘူး လို့လည်း ပြောဆိုကြပါတယ်။
စစ်ဘေးဒုက္ခသည် အများစုက မိသားစုဝင်ငွေအတွက် တရုတ် နယ်စပ်ကို ခိုးဝင်ပြီး တရုတ် နိုင်ငံသားတွေ ပိုင်တဲ့ ကြံခင်း၊ ငရုတ် ကောင်းခင်းနဲ့ ငှက်ပျောခင်းတွေမှာ စိုက်ပျိုးရေး လုပ်ငန်းတွေ သွားရောက် လုပ်ကိုင် ကြပါတယ်။
ဂျေယန်းဒုက္ခသည်စခန်း တာဝန်ခံ ဦးနော်ဆန့်က “ဒီစခန်းက လူတဝက်လောက်က တရုတ်ဘက်ကူးပြီး နေ့စားလုပ်ကြတယ်။ သူတို့မလုပ်ရင် စားဝတ်နေရေး အဆင်မပြေဘူး။ သားသမီးအတွက်ပါ အစစအရာရာ အဆင်ပြေဖို့ သူတို့ သွားလုပ်ကြတယ်”လို့ ရှင်းပြပါတယ်။
တခါတရံမှာ တရုတ်နိုင်ငံဘက် အလုပ်သွားလုပ်ရင်း ဖမ်းဆီးကျွန်ပြုခံရတာတွေ ရောင်းစားခံရတာတွေ တရား မဝင်ဖြတ်ကျော် လာ တယ် ဆိုပြီး ရဲဖမ်းခံရတာတွေ တနေကုန် အလုပ်လုပ်ပြီး လုပ်အားခ မရရှိတာတွေနဲ့လည်း ကြုံတွေ့ရတတ်တယ်လို့ သွားရောက် အလုပ်လုပ်ဖူးတဲ့သူတွေက ပြောပြပါတယ်။
တရားမဝင် ဖြတ်ကျော်လာမှုကြောင့် ဖမ်းဆီးခံရတဲ့သူတွေ လူကုန်ကူးခံရတဲ့ စစ်ရှောင် အမျိုးသမီးတွေကို စခန်းတာဝန်ခံ အဖွဲ့တွေက တရုတ်ရဲတွေဆီကနေ သွားရောက် ကယ်ဆယ်ခဲ့ဖူးသလို ဝေးလံတဲ့နေရာတွေကို ရောက်သွားတာကြောင့် မကယ်နိုင်ခဲ့တဲ့ သူ တွေ ရှိတယ်လို့လည်း ဆိုပါတယ်။
မိသားစုဝင်ငွေကြောင့် တရုတ်ဘက်ကို အလုပ်သွားလုပ်ရင်း ပြဿနာတွေ မကြာခဏ ဖြစ်ပွားတာကြောင့် KIA က တာဝန်ရှိသူတွေက ဒုက္ခသည်တွေကို တဖက်ကမ်း မကူးဖို့ တားမြစ် ပြောဆိုထားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဂျေယန်း စစ်ရှောင်တဦးဖြစ်သူ ဦးဘရန်မိုင်က “ကျနော့် သားသမီးတွေကို အသားဟင်း ချက်ကျွေးချင်တယ်။ အိမ်သုံး ပိုက်ဆံလည်း ရှိချင်တယ်။ ဒါ့ကြောင့် ငှက်ပျောခြံမှာ သွားလုပ်ဖူးတယ်။ တနေကုန်လုပ်မှ ယွမ် ၂၀ (ကျပ် ၃၀၀၀ ကျော်) ပဲ ရဖူးတယ်၊ အန္တရာယ်က များတယ်”လို့ ပြောပါတယ်။
တရုတ်နိုင်ငံသားတွေ ပိုင်တဲ့ ငှက်ပျောခြံတွေ ငရုတ်ကောင်းခြံတွေမှာ အလုပ်သွားလုပ်ရင် တရားမဝင် လုပ်ကိုင်ရတာကြောင့် လုပ် အားခ ဈေးနှိမ်တာ အလုပ်ပိုခိုင်းတာတွေ ခံရပြီး တရုတ်ရဲတွေ ရောက်လာတဲ့အခါမှာ နေ့စားခ မယူဘဲ ထွက်ပြေးရတာမျိုးတွေ ကြုံဖူး တယ်လို့လည်း ဆိုပါတယ်။
“ကျနော်တို့မှာ တရားဝင် အထောက်အထား မရှိဘူး။ အဖမ်းခံရရင် ထောင်ကျမှာလေ”လို့ ဦးဘရန်မိုင်က ပြောဆိုပါတယ်။
အရင်က အမျိုးသမီးတွေကလည်း ယောက်ျားသားတွေလို အလုပ်သွားရောက် လုပ်ကိုင်ခဲ့ကြပေမယ့် လူကုန်ကူးခံရတာတွေကြောင့် အခုနေအခါမှာ သွားရောက် အလုပ်လုပ်ကိုင်တာ မရှိသလောက် ဖြစ်သွားပြီလို့ သိရပါတယ်။
စစ်ရှောင် အိမ်ထောင်ဦးစီးတွေကတော့ မိသားစုအရေး သားသမီးအရေးတွေကြောင့် အန္တရာယ်တွေ ရှိပေမယ့်လည်း တရုတ်နယ်မြေ ထဲ ဝင်ပြီး အလုပ်တွေ လုပ်နေကြဆဲပါပဲ။
ဆက်လက်ပြီး ဦးဘရန်မိုင်က“ဘာလိုချင်လဲ မေးရင် အစိုးရဆီကနေ ကျနော်တို့ အိမ်ကို ငြိမ်းချမ်းစွာ ပြန်နိုင်မယ့် အခွင့်အရေး လိုချင် တယ်။ ဒါကို စောင့်မျှော်နေပါတယ်”လို့ ပြောဆိုပါတယ်။
ဂျေယန်း ဒုက္ခသည်တွေ အားလုံးရဲ့ အချိန်တိုင်းမှာ အိမ်ပြန်ချင်စိတ်က ကြီးစိုးနေကြပါတယ်။
ဒါပေမယ့် လိုင်ဇာမြို့ကနေ ခွာပြီး နေရပ်အိမ်တွေကို မပြန်နိုင်ရတာက တိုက်ပွဲတွေ ဖြစ်စဉ်က နေထိုင်ခဲ့တဲ့ နေရာတွေဟာ စစ်မြေပြင် ဖြစ်သွားပြီး အခုအချိန်ထိ တပ်မတော် စစ်ကြောင်းတွေက တပ်စခန်းတွေ ချထားတာတွေ၊ တိုက်ပွဲ ဖြစ်ပွားထားရာ ရွာအနီးတဝိုက်မှာ နှစ်ဖက် တပ်တွေက မြေမြှုပ်မိုင်း မြှုပ်နှံထားတာတွေကြောင့် ဖြစ်ပါတယ်။
ကချင် တိုင်းရင်းသားတွေက ပြည်မမှာ နေထိုင်တဲ့သူတွေလို စီးပွားရေး လုပ်ငန်းတွေ၊ ဝန်ထမ်းအလုပ်တွေ လုပ်ကိုင်ကြတာမျိုး မဟုတ်ဘဲ တောင်ယာစပါး စိုက်ပျိုးခြင်းနဲ့ ကျွဲ၊ နွား၊ ဝက် မွေးမြူပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြတာကြောင့် တိုက်ပွဲအတွင်းမှာ ဆုံးရှုံးပျက်စီးသွားတဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို အလွယ်တကူ ပြန်လည် စတင်နိုင်ဖို့ကလည်း မလွယ်ကူလှပါဘူး။
ဒါ့ကြောင့် လိုင်ဇာမြို့က ဂျေယန်းစခန်းမှာပဲ ဆက်လက်နေထိုင် ကြရတာပါ။
ဂျေယန်း စစ်ရှောင်စခန်းဟာ လိုင်ဇာမြို့ထဲက စစ်ရှောင်စခန်းကြီး တခုဖြစ်ပြီး တပ်မတော်နဲ့ KIA တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း ၂၀၁၁ ခုနှစ်ကနေ ဒီနေ့အထိ စစ်ရှောင်နေရသူ တသိန်းကျော် ရှိပါတယ်။
စစ်ရှောင်တွေအနေနဲ့ KIA ထိန်းချုပ်ဧရိယာထဲမှာ နေထိုင်နေရပေမယ့် လိုင်ဇာ FM ကနေ လွှင့်တဲ့ သတင်းတွေကို နားထောင်ရင်း အစိုးရနဲ့ KIA ကြား ငြိမ်းချမ်းရေး ပြေလည်တော့မလား ဆိုတာကို စောင့်မျှော် နေကြတယ်လို့လည်း ပြောဆိုကြပါတယ်။
တခါတလေမှာ တပ်မတော်နဲ့ KIA တိုက်ပွဲဖြစ်တဲ့ သတင်းတွေကို ကြားရင် ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေက ပျောက်ကွယ်သွားတယ်လို့လည်း ဆိုကြပါတယ်။
အစိုးရသစ်အနေနဲ့ ဇူလိုင်လမှာ ပြုလုပ်မယ့် ၂၁ရာစု ပင်လုံညီလာခံမှာ KIA ကို ဖိတ်ခေါ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် တဖက်မှာတော့ တပ်မတော်နဲ့ KIA က စစ်ရေးအခြေအနေ တည်ငြိမ်မှု မရှိပါဘူး။
လက်ရှိမှာ ဂျေယန်း စခန်းရှိတဲ့ လိုင်ဇာမြို့ဟာ တပ်မတော်က စစ်ဆင်ရေး ပြုလုပ်ပါက ထိခိုက်လွယ်မယ့် အခြေအနေမှာ ရှိနေပါတယ်။
ဂျေယန်း ဒုက္ခသည်တွေ အနေနဲ့ စစ်ရှောင်နေရတဲ့ အပြင် ခိုလှုံနေရာ လိုင်ဇာမြို့ဟာလည်း လုံခြုံမှု ရာနှုန်းပြည့် မရှိတာကြောင့် သူတို့ရဲ့ တခုတည်းသော မျှော်လင့်ချက်က အစိုးရဆီက ငြိမ်းချမ်းရေး စကားလို့ပဲ ဆိုကြပါတယ်။
သားသမီးတွေအပေါ် ဖခင် တာဝန်ကျေပွန်လိုတဲ့ အိမ်ထောင်ဦးစီး ဒုက္ခသည် ဦးခေါန်လွမ်ကလည်း အစိုးရဆီကနေ ငြိမ်းချမ်းရေး လိုချင်တယ်လို့ ပြောပါတယ်။
ဦးခေါန်လွမ်က“၅ နှစ်ပြည့်ပြီ။ ဖြစ်နိုင်ရင် သူများ ထောက်ပံ့စာနဲ့ တနာရီလေးတောင် မနေချင်ဘူး။ ကိုယ့် တောင်ယာမှာ ကိုယ့် လုပ်အားနဲ့ ရတဲ့ ငွေကြေးနဲ့ စားစရာကိုပဲ ပိုမက်မောတယ်”လို့လည်း ဦးခေါန်လွမ်က ပြောဆိုပါတယ်။ ။