၂၁ ရာစု ပင်လုံညီလာခံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ဖို့ ပြင်ဆင်နေချိန်မှာ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ကို လက်နက်စွန့်ပြီးမှ ပါဝင်ရမယ်လို့ တပ်မတော်က ပြောဆိုထားတဲ့အတွက် ပင်လုံ ညီလာခံမှာ အားလုံး ပါဝင်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးစီးပြီး ဖွဲ့စည်းပေးထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီက ယခင်အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေကို ညီလာခံမှာ ပါဝင်လာဖို့ မေလ ၂ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က အစည်းအဝေးကို ဖိတ်ခေါ်ပါတယ်။
ဒါပေမယ့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – ကိုးကန့် အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရကိ္ခုင့် တပ်မတော် (AA) က ကိုယ်စားလှယ်တွေကတော့ တတ်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဆွေးနွေးပွဲ မတက်ရောက်ခဲ့ခြင်းနှင့် ပတ်သက်လို့ ဧရာဝတီက မေးမြန်းတဲ့အခါမှာ TNLA က ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက ၎င်းတို့ကို ဖိတ်ကြားခြင်း မရှိတာကြောင့် မတက်ရောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
AA ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကတော့ ၎င်းတို့ကို အလွတ်သဘောဖြင့် တွေ့ဆုံရန် ဖိတ်ခေါ်ခြင်းသာဖြစ်ပြီး ညီလာခံတွင် ပါဝင်ရန် အဆင့်အထိ ဖိတ်ကြားခြင်း မရှိသေးတာနဲ့ သွားလာရေး အခက်အခဲကြောင့်လို့ ဆိုပါတယ်။
ကြိုတင်ပြင်ဆင်ရေး ကော်မတီ၊ အတွင်းရေးမှူး ဦးလှမောင်ရွှေက ၎င်းတို့ ၃ ဖွဲ့မှာ အစိုးရ၏ ဖိတ်ကြားချက်တွင် ပါဝင်နေခြင်းကြောင့် ယခုလပိုင်းအတွင်း တွေ့ဆုံသွားရန် အစီအစဉ် ရှိသော်လည်း တပ်မတော်က အဆိုပါ ၃ ဖွဲ့ ငြိမ်းချမ်းရေးမှာ ပါဝင်လိုရင် လက်နက်စွန့်ရမယ်လို့ ပြောဆိုထားတာကြောင့် တပ်မတော် သဘောထား အောက်ကနေပဲ နည်းလမ်းရှာ ဆွေးနွေးသွားဖို့ ရှိတယ်လို့ ရှင်းပြပါတယ်။
“သူတို့ကို လက်နက်ချဖို့ပြောတာ မဟုတ်ဘူး။ လက်နက်စွန့်ဖို့ ဖြစ်တယ်။ အဲဒီနှစ်ခုကို ကျနော်တို့လည်း သူတို့နဲ့ တွေ့ပြီး ရှင်းပြချင်တယ်။ သူတို့အနေနဲ့ နည်းလမ်းရှာချင်တယ်ဆိုရင် ဒီညီလာခံက ပိတ်မထားပါဘူး” လို့ ဦးလှမောင်ရွှေက ဆိုပါတယ်။
ဦးလှမောင်ရွှေက လက်နက်စွန့်ရေး ကိစ္စဟာ တပ်မတော်ရဲ့ မူဝါဒဖြစ်တာကြောင့် အလုပ်အဖွဲ့ဝင် တဦးဖြစ်တဲ့ ၎င်းအနေနဲ့ မှတ်ချက်တစုံတရာ ပေးလိုခြင်း မရှိဘဲ မူဝါဒအပေါ်တွင်သာ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်သွားဖို့သာ ရှိတယ်လို့လည်း ပြောပါတယ်။
အဆိုပါ လက်နက်စွန့်ရေး ကိစ္စနဲ့ ပတ်သက်လို့ မေလ ၁၃ ရက်၊ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် သတင်းစာ ရှင်းလင်းပွဲမှာ ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးက MNDAA ၊ TNLA နဲ့ AA တို့က သမ္မတ ဦးသိန်းစိန် လက်ထက်က ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုမှာ မပါဝင်ဘဲ တော်လှန်ပုန်ကန်တာကြောင့် ၎င်းတို့နှင့် ငြိမ်းချမ်းရေး မဆွေးနွေး နိုင်ကြောင်း၊ လက်နက်စွန့်ဖို့ နည်းလမ်းသာ ရှိကြောင်း ပြောဆိုခဲ့တာပါ။
တပ်မတော်အနေနဲ့ ၎င်းတို့ ၃ ဖွဲ့ကို လက်နက်စွန့်ရမည် ပြောဆိုနေရခြင်းမှာ MNDAA က အစိုးရကို စစ်ကြေငြာပြီး စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး TNLA ကလည်း သမ္မတ ဦးသိန်းစိန် လက်ထက် ငြိမ်းချမ်းရေး လုပ်ရန် ခေါ်ပါလျက် မပါဝင်ခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။
AA ကိုလည်း တခြား ရခိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေး လုပ်ရန် ခေါ်ခဲ့သော်လည်း မပါဝင်ခဲ့တာတွေကြောင့် ငြိမ်းချမ်းရေး မဆွေးနွေးလိုခြင်း ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲတွေမှာ တပ်မတော်ဘက်က အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။
MNDAA ၊ TNLA နဲ့ AA တို့ကတော့ လက်နက်စွန့်မယ့် ကိစ္စကို လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။
AAစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က “တပ်မတော်ဘက်က ပြောထားတဲ့ကိစ္စက ငြိမ်းချမ်းရေးကို အရမ်းကြီး အတားအဆီး ဖြစ်နေတယ်။ လက်နက်စွန့်ရမယ်ဆိုတဲ့ ကိစ္စပေါ့။ ဒါကတော့ လုံး၀ မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။
၎င်းတို့အနေနဲ့ လက်နက်စွန့်ဖို့ မလုပ်လိုဘဲ အစိုးရနဲ့ တန်းတူညီမျှရေး၊ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခြေခံဥပဒေ ကိစ္စနဲ့ နိုင်ငံရေး အပြောင်းအလဲ ကိစ္စတွေကိုသာ ဆွေးနွေးလိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းတို့ မဟာမိတ် ၃ ဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရနဲ့ ပြေလည်မယ်လို့ မျှော်လင့်ချက် ထားပေမယ့် အစိုးရက တပ်မတော်အပေါ်မှာ သြဇာသက်ရောက်မှု ပြတ်ပြတ်သားသား မမြင်ရသေးတာကြောင့် ငြိမ်းချမ်းရေး အခြေအနေကို မယုံကြည်ရဲသေးဘူးလို့လည်း ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဝေဖန်ပါတယ်။
ဆက်လက်ပြီး ၎င်းက “ဒေါ်အောင်ဆန်းစုကြည်၊ ဦးထင်ကျော်တို့ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဒီကိစ္စ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ သေချာ မပြောရဲဘူး၊ သိပ်လည်း မယုံရဲဘူး” လို့လည်း ထပ်မံ ပြောဆိုပါတယ်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ အနေနဲ့ကတော့ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အာသီသ ရှိနေပေမယ့် တဖက်မှာလည်း တပ်မတော်နဲ့ စစ်ရေးကြုံလာရင် ရင်ဆိုင်နိုင်ဖို့ တပ်ပိုင်းဆိုင်ရာမှာ ကြံ့ခိုင်အောင် ပြင်ဆင်နေတာတွေ ရှိတယ်လို့လည်း ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဧရာဝတီကို ထုတ်ဖော် ပြောဆိုပါတယ်။
TNLA က ဗိုလ်မှူးချုပ် တားဂျုတ်ဂျာကလည်း “လက်နက်စွန့်မယ့် အောက်ကတော့ ဖြစ်မယ် မထင်ဘူး။ ပိုကွာဝေးသွားလိမ့်မယ်။ လက်နက် စွန့်တယ်ဆိုတာ ဘာအာမခံချက်နဲ့ စွန့်မလဲ။ အရင် ၂၀၀၅ တုန်းကလည်း PSLF က စွန့်ပြီးပြီ၊ နောက်ဆုံး အနိုင်ကျင့်ခံရတာပဲ” လို့ ဆိုပါတယ်။
ယခင်က ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLO) အမည်ရှိ ပလောင်လက်နက်ကိုင် တပ်ဖွဲ့ဟာ ၁၉၉၁ ခုနှစ်မှာ အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ လက်နက်စွန့်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း အစိုးရနဲ့ ပြေလည်ခြင်း မရှိတာကြောင့် TNLA ကို ပြန်လည် ဖွဲ့စည်းကာ ပလောင် တိုင်းရင်းသားတွေက လက်နက် ပြန်ကိုင်ခဲ့ပါတယ်။
TNLA က တပ်မတော်နဲ့ တိုက်ပွဲတွေ ကြိုကြားကြိုကြား ဖြစ်ပွားနေတာကြောင့် အစိုးရနဲ့ တိုက်ပွဲ ရပ်တန့်ရေး၊ ငြိမ်းချမ်းရေးကိုသာ အဓိက ဆွေးနွေးလိုပြီး လက်နက်စွန့်ရေးကိုတော့ ဆွေးနွေးလိုခြင်း၊ လက်ခံလိုခြင်း မရှိဘူးလို့ ဆိုပါတယ်။
MNDAA ကိုတော့ ဧရာဝတီက ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။ ဒါပေမယ့် ၎င်းတို့ မဟာမိတ် ၃ ဖွဲ့ရဲ့ သဘောထားတွေက အတူတူပဲလို့ AA က ပြောဆိုပါတယ်။
NLD အစိုးရရဲ့ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီအနေနဲ့ လာမယ့် အပတ်မှာ ‘ဝ’ ပြည်သွေး စည်း ညီညွတ်ရေးတပ်မတော် (UWSA) နဲ့ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
ထိုတွေ့ဆုံပွဲအပြီးမှာ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ မဟာမိတ် ၃ ဖွဲ့က တွေ့ဆုံနိုင်ဖို့ စီစဉ်မှုတွေ ရှိတယ်လို့လည်း သိရပါတယ်။
ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက လက်နက်စွန့်ရေးမူမှာ တပ်မတော်ရဲ့ မူဝါဒ သက်သက်သာ ဖြစ်ပြီး လက်ရှိမှာ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့က အဆိုပါ ၃ ဖွဲ့နဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြောထားတာ မရှိသေးတာကြောင့် အခြေအနေက အဆိုးဘက်ကို ရောက်တယ်လို့ ပုံသေ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက နယ်မြေအရ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေ ဆက်စပ်နေတာကြောင့် အဆိုပါ ၃ ဖွဲ့ မပါဘဲ ကျန်အဖွဲ့များက ရှေ့ဆက်သွားမယ့် အနေအထားမျိုး မမြင်ရဘူးလို့လည်း ဦးမောင်မောင်စိုးက ပြောပါတယ်။
ဆက်လက်ပြီး “အဲဒီ ၃ ဖွ့ဲမပါရင် ကျန်တဲ့အဖွဲ့တွေ မဟာမိတ်တွေဖြစ်တဲ့ UNFC ကဖြစ်ဖြစ် UWSA တို့က ဖြစ်ဖြစ် ညီလာခံကို တက်မယ် မတက်မယ် သေချာမှာ မဟုတ်ဘူး၊ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က တပ်နဲ့ ဘယ်လို ညှိနှိုင်းပြီး ကျော်လွှားမလဲဆိုတာ စောင့်ကြည့်ရမယ်” လို့လည်း ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။