ဆောင်းပါး

သီပေါစော်ဘွား စဝ်ကြာဆိုင်ကို ဘယ်သူ သတ်သလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဇွန်လ ၁၄ ရက်နေ့က လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ တပ်မတော်ရဲ့ ပုံရိပ်ကို ဆိုးဝါးစေသောကြောင့် ဟူသော အကြောင်းပြချက်နဲ့ ပြသခွင့်မပြုဆိုတဲ့ သီပေါစော်ဘွားနဲ့ ဇနီးဖြစ်သူ သြစတြီးယားသူတို့အကြောင်း ရိုက်ကူးထားတဲ့ “Twilight Over Burma” ဖြစ်ရပ်မှန်ဇာတ်ကားဟာ လူမှုကွန်ရက်မှာရော နိုင်ငံရေး၊ အနုပညာ အသိုင်းအဝိုင်း တွေမှာရော ဂယက်ထနေတဲ့ အကြောင်းအရာတခု ဖြစ်နေပါတယ်။

“ဒီကားကို ကြည့်တဲ့အခါမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်တဲ့ အနေအထားမျိုးတွေလည်း တွေ့ရပါတယ်။ နောက်ပြီးတော့ Hate Speech လို့ဆိုတဲ့ အမုန်းပွားမှုတွေလည်း ဖြစ်နိုင်တဲ့ အနေအထားမျိုးလည်း ရှိနိုင်တာပေါ့လေ” လို့ ရုပ်ရှင်ဆင်ဆာ စိစစ်ရေးအဖွဲ့၏ ဒုဥက္ကဋ္ဌ ဖြစ်သူ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာတင်က ပြောတာကိုလည်း ဖတ်လိုက်ရပါတယ်။

အဲဒီ ရုပ်ရှင်မှာ ရှမ်းစော်ဘွား စဝ်ကြာဆိုင်နဲ့ ဩစတြီးယားသူ ဇနီး Inge တို့အကြောင်းကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ၁၉၅၀ နှောင်းပိုင်းနှစ်များအတွင်း အမေရိကန်တွင် ပညာသင်ကြားစဉ် ဖူးစာဆုံခဲ့တဲ့ ဇနီးမောင်နှံ ရှမ်းပြည်သို့ ပြန်လာပြီး ဖွံ့ဖြိုးရေးများလုပ်နေစဉ် ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက စပ်ကြာဆိုင်ကို ဖမ်းဆီး သွားခဲ့ရာက ပြန်ပေါ်မလာတော့ဘဲ ကွဲကွာသွားခဲ့ရပါတယ်။

ယင်းဇာတ်လမ်းကို စဝ်ကြာဆိုင်ရဲ့ မဟာဒေဝီ (စဝ်သုစန္ဒီ ခေါ်) အင်င ဆာဂျင် (Inge Sargent) က အင်္ဂလိပ်ဘာသာဖြင့် ကိုယ်တိုင်ရေးတဲ့ Twilight Over Burma: My life as a Shan Princess စာအုပ်ကို အခြေခံထားတာပါ။ ဝတ္ထုဟာ အထူးထင်ရှားပြီး သမ္မတ ဦးသိန်းစိန် လက်ထက် ဆင်ဆာရုပ်သိမ်းအပြီးမှာ မြန်မာဘာသာပြန် စာအုပ်များလည်း ပေါ်ထွက်ခဲ့ပါတယ်။

ရုပ်ရှင်ပြသခွင့်မရှိတာရဲ့ နောက်ဆက်တွဲ ဂယက်က မဟာဒေဝီ (စဝ်သုစန္ဒီ) ရဲ့ ခင်ပွန်း သီပေါစော်ဘွား စဝ်ကြာဆိုင်ဟာ ဘယ်နေရာမှာ ဘယ်လိုပုံမျိုးနဲ့ သေဆုံးခဲ့တယ်ဆိုတာ ဇနီးဖြစ်သူကိုယ်တိုင် မသိရသေးတဲ့ ပဟေဠိကိစ္စပါပဲ။

စာအုပ်ကို ရေးသားတဲ့ အင်င က ဩစတြီးယား နိုင်ငံသူဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုမှာ သတ္တုတွင်း အင်ဂျင်နီယာ ပညာ လာရောက်သင်ယူတဲ့ သီပေါစော်ဘွား စဝ်ကြာဆိုင်နဲ့ ဖူးစာဆုံတယ်။ မြန်မာနိုင်ငံကို အင်င လိုက်ပါ နေထိုင်တယ်။ စဝ်ကြာဆိုင်က အင်င ကို စဝ်သုစန္ဒီ အမည်နဲ့ မဟာဒေဝီ တင်မြှောက်တယ်။

ရုပ်ရှင်ဇာတ်လမ်းရဲ့ အချိန်ကာလဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးစ ကာလမှစကာ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းတဲ့ ကာလ နှစ်အနည်းငယ်အလွန် ရှမ်းပြည်နယ်ရဲ့ အခြေအနေများအပြင် မြန်မာတပြည်လုံးရဲ့ အခြေအနေကို ဖော်ပြထား ပါတယ်။

စဝ်ကြာဆိုင်ဟာ သူ့ရဲ့ဒေသအတွင်း မြေယာပြုပြင်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီစနစ်ကို အားပေးခဲ့သူ ဖြစ်ပါတယ်။ ရှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စဝ်ကြာဆိုင်က ရှမ်းပြည်ကောင်စီ အတွင်းရေးမှူး၊ အထက်လွှတ်တော် ကိုယ်စားလှယ် တာဝန် တွေကိုလည်း ထမ်းဆောင်ခဲ့တယ်။

သို့သော် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းစဉ် အဖမ်းခံခဲ့ရပြီး နောက်ပိုင်း သဲလွန်စပျောက်သွားခဲ့ရတာပါ။ နိုင်ငံခြားသူ ဖြစ်တဲ့ မဟာဒေဝီလည်း သမီးတော်တွေ ဖြစ်တဲ့ မာယာရီနဲ့ ကိန္ဒရီ တို့ကို ခေါ်ဆောင်ပြီး မြန်မာနိုင်ငံက တိမ်းရှောင်ထွက်ပြေးခဲ့ရတယ်။

စာအုပ်မှာလည်း စဝ်ကြာဆိုင် ကြုံတွေ့နေရတဲ့ အချုပ်တွင်းဘဝနဲ့ ဇနီးဖြစ်သူ သီပေါ မဟာဒေဝီတို့ရဲ့ ပရိဒေဝ ပူဆွေးရမှုတွေကို တင်ပြထားပါတယ်။

သီပေါစော်ဘွား စဝ်ကြာဆိုင်က အချုပ်အတွင်းမှာ တပတ်ကျော်လောက် အပြင်ထွက် ရေချိုးခွင့်ရတာ၊ အနီးအပါး လမ်းလျှောက်ခွင့် ရတာကို မြင်ခဲ့ရသူတွေက မြင်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီလိုအခွင့်အရေးတွေ ရုပ်သိမ်း ခံခဲ့ရပါတယ်။

သူ့ဆီကို အဲဒီအချိန်က အာဏာသိမ်း တော်လှန်ရေး စစ်ကောင်စီရဲ့ ထောက်လှမ်းရေး အကြီးအကဲ နှုတ်ခမ်းမွေး မောင်လွင်ခေါ် ဗိုလ်မှူးကြီးမောင်လွင် လာတွေ့ဆုံပြီးတဲ့ နောက်ပိုင်းကစလို့ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး မောင်လွင်က သူတို့နဲ့ ပူးပေါင်းဖို့ ပြောပါတယ်။ မဟုတ်ရင် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲမယ်လို့လည်း ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။

စဝ်ကြာဆိုင်ကတော့ “တော်လှန်ရေးကောင်စီက ကျနော့်ကို တရားစွဲချင် ကြိုက်သလိုစွဲပါ။ အပြစ်မရှိတဲ့သူ တဦးကို တရားရုံးက အပြစ်မပေးနိုင်ဘူး” လို့ ပြန်ငြင်းခဲ့ပါတယ်။ ဗိုလ်မှူးကြီးမောင်လွင် အတော်ဒေါသထွက် သွားတယ်လို့ ဆိုပါတယ်။

“ခင်ဗျားက ရှမ်းသူပုန်တွေကို ငွေကြေး ထောက်ပံ့ပေးနေတယ်၊ ခင်ဗျားက ဆီးတိုးခေါ် အမေရိကန် စစ်စာချုပ်အဖွဲ့နဲ့ ဆက်သွယ်နေတယ်။ ရှမ်းပြည်နယ်ကို ပြည်ထောင်စုက ခွဲထွက်ဖို့ ကြံစည်နေတယ်။ ခင်ဗျားဟာ သစ္စာဖောက်တဦးပဲ” လို့ စွပ်စွဲလာခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ မဟာဒေဝီတို့ကလည်း အကျယ်ချုပ် သဘော ထိန်းချုပ်ခံရပြီးတဲ့ နောက်ပိုင်းမှာ သူတို့ဇနီးမောင်နှံနဲ့ ရင်းနှီးနေသူ ဆရာဝန် ဒေါက်တာ ခင်အောင်က ပုံမှန် ကျန်းမာရေး စစ်ဆေးပေးဖို့ လာသယောင်နဲ့ လာတွေ့ပါတယ်။ ခင်မင်နေတဲ့ ဒေါက်တာ ခင်အောင်ကတော့ ရန်ကုန်ကို ပြောင်းနေဖို့၊ ရန်ကုန်ကတဆင့် စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တွေ၊ အထူးသဖြင့် ဦးနေဝင်းနဲ့ တွေ့ဆုံအောင် ကြိုးပမ်းပြီး စဝ်ကြာဆိုင် လွတ်မြောက်ရေး လုပ်ရင် ပိုကောင်းမယ့် အကြောင်း အကြံပေးပါတယ်။

အင်င ဆာဂျင်အဖို့ ဒီရက်တွေမှာ တယောက်တည်း အိပ်မပျော်နိုင်တဲ့ညတွေ၊ စိတ်ပူပန်နေရတဲ့ အကြောင်းတွေကိုလည်း စိတ်လှုပ်ရှားဖွယ် သူက ရေးသားခဲ့ပါတယ်။ သူက တတ်နိုင်သမျှ စစ်တပ်ကတဆင့် သူ့ခင်ပွန်း အချုပ်နှောင် အထိန်းသိမ်း ခံထားရရာဆီကို အကျႌနဲ့ အစားအသောက်၊ ဆေးဝါးတွေ အကြိမ်ကြိမ် ပို့ပေးခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း နောက်ဆုံး ဒီပစ္စည်းတွေက တောင်ကြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ကိုကိုကြည်ရဲ့ စာနဲ့အတူ သူ့ဆီ ပြန်ရောက်လာပါတယ်။ စစ်တပ်က စဝ်ကြာဆိုင်ကို ဖမ်းဆီး ထိန်းသိမ်းထားတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။

အကျယ်ချုပ်ချထားဖို့ အဓိက တာဝန်ယူထားရတဲ့ ကျောက်မဲအခြေစိုက် မြန်မာစစ်တပ်က ဗိုလ်မှူးကြီး ထွန်းအောင်ဆီကို ကားအတင်း မောင်းထွက်ပြီး သွားတွေ့ခဲ့ပါသေးတယ်။ သူကလည်း စဝ်ကြာဆိုင်ကို တနေရာရာမှာ ထိန်းသိမ်းထားတာ ဖြစ်မယ်လို့ ယုံကြောင်း ပြောပါတယ်။ သူ့အိမ်က သိမ်းသွားတဲ့ တယ်လီဖုန်းကို ပြန်တပ်ပေးဖို့ကိုလည်း လိုက်လျော ခဲ့ပါတယ်။ မြို့ထဲ အနီးအနား သွားတာကိုလည်း ခွင့်ပြုပေးခဲ့ပါတယ်။

နောက်တကြိမ် သွားတွေ့တဲ့အခါမှာ သူ့ခင်ပွန်းဖြစ်သူ စဝ်ကြာဆိုင် ဖမ်းဆီးခံရတာ မဟုတ်ဘူးလို့ သတင်းစာတွေက ဖော်ပြနေကြတယ်။ ဒါကို အမှန်အတိုင်း ဖြစ်အောင် ဖြေရှင်းချင်တယ်။ သတင်းစာတွေဆီကို စာရေးမယ်ဆိုတော့ ဗိုလ်မှူးကြီး ထွန်းအောင်က သူလည်း တတ်နိုင်သလို ကူညီပေးပါမယ်လို့ ပြန်ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် လက်တွေ့ မဖြစ်လာခဲ့ပါဘူး။

ဒါပေမယ့် စာအုပ်ရေးသူ အင်င ကတော့ ဒီစာအုပ်ထဲမှာပဲ တောင်ကြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ကိုကိုကြည်ရဲ့ အကြောင်းပြန်စာကိုရော၊ ခင်ပွန်းဖြစ်သူ စဝ်ကြာဆိုင်ဆီက တိတ်တဆိတ်ခိုးပို့ခဲ့တဲ့ စာကိုပါ မိတ္တူပူးတွဲ ဖော်ပြ ထားခဲ့ပါတယ်။ တောင်ကြီးကို ပြောင်းရွှေ့ပြီၤး စဝ်ကြာဆိုင်ရဲ့ အစ်ကိုဖြစ်သူအိမ်မှာ အတူသွားနေမယ်ဆိုတော့လည်း စစ်တပ်က ပယ်ချပါတယ်။

တရက်မှာတော့ တောင်ကြီးမြို့က စဝ်ကြာဆိုင်ရဲ့အစ်ကို စဝ်ခွန်လောင်းရဲ့ ဇနီးဖြစ်သူ နန်းလောင် ရောက်လာခဲ့ပါတယ်။ တောင်ကြီးမြို့အဝင် စစ်တပ်ဂိတ်မှာ စဝ်ကြာဆိုင်နဲ့ သူ့အစ်ကို ဖြစ်သူတို့ မတ်လ ၂ ရက် နေ့က အဖမ်းဆီးခံခဲ့ရတဲ့ အကြောင်း၊ အစ်ကိုဖြစ်သူကို အောင်ပန်းမြို့ကို ခွဲပို့ထားလိုက်ပြီး၊ စဝ်ကြာဆိုင်ကိုတော့ ဗထူးတပ်မြို့ကို ခေါ်သွားတယ်ဆိုတဲ့ သတင်းလည်း လာပြောပြပါတယ်။

သီပေါစော်ဘွားဟာ ၁၉၆၂ ခုနှစ် စစ်အာဏာ အသိမ်းမှာ တခြားသော တိုးတက် ထက်မြက်တဲ့ တိုင်းရင်းသား ခေါင်းဆောင်များ နည်းတူ လက်စဖျောက် ခံခဲ့ရပြီးနောက် အင်င တဖြစ်လဲ သုစန္ဒီမင်းသမီးဟာ သမီးငယ် နှစ်ယောက် နဲ့အတူ မြန်မာပြည်ကနေ ထွက်ခွာလာခဲ့ရတယ်။

အဲဒီလိုထွက်ခွာလာပြီး သြစတြေးလျနိုင်ငံ၊ ဗီယင်နာမြို့ Schloss Laudon ဆိုတဲ့ ဇိမ်ခံဟော်တယ်ကြီး တခုရဲ့ ဧည့်ခန်းထဲကို နောက်ဆုံးသော မျှော်လင့်ချက်တွေနဲ့ လူတယောက်ကို လာရောက်တွေ့ဆုံခဲ့ကြပါတယ်။ သူတို့တွေ့ဖို့ ကြိုးစားခဲ့တဲ့ သူကတော့ လန်ဒန်မြို့မှာ ဇိမ်ခံရင်း ဆေးကုဖို့ ရောက်နေတဲ့ မြန်မာပြည်က ခေါင်းဆောင်ကြီး ဦးနေဝင်း (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ) ဖြစ်ပါတယ်။

ဒါပေမယ့် အခန်းထဲက ထွက်မလာတဲ့ တာဝန်ရှိသူကြီးက သူ့ဇနီး ဒေါ်ခင်မေသန်းကို လွှတ်ပြီး စပ်ကြာဆိုင် မသေသေးပါဘူး၊ ကျန်းကျန်းမာမာ ရှိနေပါတယ် လို့ အဖြေပေးလိုက်ပါတယ်။

အခု ဒီစကားဟာ စစ်တပ်က တလျှောက်လုံး ငြင်းဆန်ခဲ့တဲ့ စဝ်ကြာဆိုင်ကို ထိန်းသိမ်းခဲ့တာတော့ မှန်တယ်လို့ မီးမောင်း ထိုးပြလိုက်တာ ဖြစ်ပါတယ်။

အပြစ်ကျူးလွန်လို့ ဖမ်းဆီး ထိန်းသိမ်းခဲ့တယ် ဆိုရင်လည်း အများသူငါ မြင်နိုင်ကြားနိုင်တဲ့ တရားခွင်လို နေရာမျိုးမှာ မစီရင်ဘဲ အဲဒီအချိန် အစိုးရ သတင်းစာလိုမျိုးမှာတောင် မဖမ်းခဲ့ပါဘူးလို့ ငြင်းဆန်ခဲ့ပြီး သတင်းအစအန တစုံတရာ မရှိအောင် ဖျောက်ဖျက် ပစ်လိုက်ကြတာကတော့ လူသားမဆန်တဲ့ ရာဇဝတ်ပြစ်မှုတခုပါပဲလို့ ဆိုချင်ပါတယ်။

အခုချိန် ဒါမှမဟုတ် နောက်တချိန်မှာ သီပေါစော်ဘွား စဝ်ကြာဆိုင်ကို ဘယ်သူသတ်သလဲ အမေးရှိလာခဲ့ရင် ကာယကံရှင် မဟာဒေဝီလိုမျိုး လူ့အခွင့်အရေးများစွာ ချိုးဖောက်ခံရပြီး အဖြေရှာမရခဲ့သလိုဘဲ ဒီဆယ်စုနှစ်တွေအတွင်းမှာ အရှင်လတ်လတ် ပျောက်ဆုံးသွားခဲ့ရတဲ့ မိသားစုဝင်တွေကလည်း သိချင်နေကြမှာ မလွဲဘူးလို့ ပြောလိုက်ချင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading