ဆောင်းပါး

မြန်မာပြည်ကို တည်ဆောက်နေသော အမျိုးသမီးများ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အမျိုးသမီးအလုပ်သမများကို မြင်တွေ့နေရခြင်းက မထူးဆန်းပါ။ သို့သော်လည်း သူတို့ ယခုလို လုပ်ကိုင်ခွင့်ရနေခြင်းက အခွင့်အရေး တခုလား သို့မဟုတ် ခေါင်းပုံဖြတ်ခံနေရခြင်းလား ဆို သည်ကတော့ စဉ်းစားကြည့်စရာ ဖြစ်သည်။

မြန်မာနိုင်ငံ ကလောမြို့နယ်တွင်းမှ တောင်ပေါ်ရွာတခုတွင် ဝါးခမောက်များဆောင်းထားသော အမျိုးသမီးများ လမ်းခင်းရန် မြေဖို့ခြင်းဖြင့် အလုပ်များနေကြသည်။ အရုဏ်တက်ချိန်တွင် သူတို့ အိပ်ရာမှထကြပြီး မနက်စာအဖြစ် မုန့်ဟင်းခါး စား ကြသည်။ ထို့နောက် အခြားလုပ်ဖော်ကိုင်ဖက်များနှင့်အတူ နေပူပူတွင် အလုပ်လုပ်ကြပါသည်။ အနီရောင်မြေနှင့် ကျောက် စရစ်များဖြင့် ကြားထဲတွင် အလုပ်လုပ်နေသော အသက် ၂၁ နှစ်အရွယ် မချိုမိကိုက ၅ လသား ကလေးငယ်၏ မိခင် ဖြစ်ပါသည်။ အလုပ်ကြမ်းလုပ်နေသည့် မိခင်ဖြစ်သူက ထင်ထင်ရှားရှား လှမ်းမြင်နိုင်သည့် နေရာတွင်ရှိသော ယာယီ တဲလေးတခု အောက်တွင် ကလေးငယ် အိပ်ပျော်နေပါသည်။

အမျိုးသမီးများ လမ်းခင်းနေသည့် မြင်ကွင်းက မြန်မာနိုင်ငံတွင် မထူးခြားသည့် သာမာန်မြင်ကွင်းသာ ဖြစ်သည်။ ရခိုင် ပြည်နယ် ကျေးလက်ဒေသများမှသည် ကမ္ဘာလှည့် ခရီးသည် အများဆုံး လာရောက်လည်ပတ်သော ပုဂံဒေသအထိ ကတ္တရာခင်းခြင်း၊ အမှိုက်သိမ်းခြင်းတို့ကို အမျိုးသမီး အလုပ်သမား အများစု လုပ်ကိုင်ကြပါသည်။ သူတို့က မျက်နှာ အား နေရောင်မှ ကာကွယ်ရန် သနပ်ခါးထူထူ လူးထားကြသည်။

အမျိုးသမီးများ
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်အတွင်း လမ်းခင်းနေသူတဦး (ဓာတ်ပုံ – The Guradian)

ရှေးရိုးစွဲ အယူအဆများနှင့် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးလက်အောက် ရှိနေခဲ့ရခြင်းတို့ ကြောင့် အမျိုးသမီးများ၏ အသံမှာ အကန့်အသတ်ဖြင့် ရှိနေခဲ့ရသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ကျား၊ မ တန်းတူညီမျှရေး နှင့် ပတ်သက်၍ ဝိရောဓိများ အများအပြားရှိခဲ့သည်။ ဆောက်လုပ်ရေးကဏ္ဍမှာ သာဓကဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းသို့ နိုင်ငံရေး အကူးအပြောင်းနှင့်အတူ ကျေးလတ်ဒေသများတွင် လမ်းများချဲ့ထွင်ခြင်းနှင့် မြို့ကြီးများတွင် အဆောက်အအုံများ အများ အပြား ဆောက်လုပ်လာခြင်းတို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ အမျိုးသမီးများသည်လည်း  လုပ်သားအင်အားစုတွင် ထိထိရောက်ရောက် ပါဝင်လာပြီး လုပ်ပိုင်ခွင့်များရစေသော်လည်း စည်းကမ်းတကျ ထိန်းချုပ်နိုင်မှု လျော့လျဲသည့် ပတ်ဝန်းကျင်တွင် စွန့်စားရမှုများ ရှိနေသည်ကိုလည်း ဖော်ပြနေသည်။

လူဦးရေ ၅၁ ဒဿမ ၅သန်းရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့ဖြစ်သော ရန်ကုန်မှာပင် ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုတွင် မျှော်လင့်မထားသော ပတ်ဝန်းကျင်တခု၏ လက္ခဏာရပ်များစွာ ရှိနေပါသည်။ စမ်းချောင်းမြို့နယ်ရှိ ဆောက် လက်စ အဆောက်အအုံတခု၏ သုံးလွှာတွင် ဘိလပ်မြေအိတ်များ၊ ကွန်ကရစ်များအကြားတွင် ဒယ်အိုးများ၊ တီဗီတလုံးနှင့် ကလေးပုခက် တခုတို့ ရှိနေသည်။ အသက် ၂၄နှစ်အရွယ် မချောစုခိုင်က “ကျမဒီမှာ လူကြမ်း(အလုပ်ကြမ်းလုပ်သူ) လုပ်ပါတယ်” ဟု ပြောသည်။ လွန်ခဲ့သော ၈ လကတည်းက စ၍ ဤ လုပ်ငန်းခွင်တွင် သူ၏ အသက် ၄ နှစ်နှင့် ၈ လအရွယ် အသီးသီး ရှိသည့် ကလေး၂ ယောက်နှင့်အတူ နေထိုင်ခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး နောက်ပိုင်းတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ သူ၏အိမ်ကို စွန့်ခွာပြီး ထွက်လာခဲ့ရသည်။

“အဲဒီမှာ ဘာအလုပ်မှ မရှိဘူး။ မြေယာတွေကလည်း စိုက်ပျိုးဖို့ ခက်တယ်”ဟု မချောစုခိုင်က ပြောသည်။ သို့သော် ကံကောင်းသည်က သူ၏ ခင်ပွန်းသည်နှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုတည်းတွင် အတူအလုပ်လုပ်ရခြင်းဖြစ်သည်။

“အဲဒီအမျိုးသမီးတွေက အလွန်ဆင်းရဲတဲ့ မိသားစုတွေက မွေးဖွားလာတာပါ။ အချို့က အိမ်ထောင်မရှိတဲ့ ကလေး အမေတွေ။ အချို့က ခင်ပွန်းသည်တွေ နိုင်ငံခြားကို သွားအလုပ်လုပ်တဲ့ အချိန်မှာ ကျေးလတ်ဒေသကနေ တခါတရံ  ဆောက် လုပ်ရေး လုပ်ငန်းမှာ လာလုပ်ကြတာပါ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်မာမာဦးကပြောသည်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှ အိမ်ထောင်စုများထဲတွင် ၄ ပုံ ၁ ပုံမှာ အိမ်ထောင်ဦးစီး အမျိုးသားမရှိပါ။ အချို့ အမျိုးသားများမှာ အထူးသဖြင့် နယ်စပ်ဒေသများတွင် ပဋိပက္ခများတွင် ပါဝင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့များသို့ ဝင်ရောက်သွားကြပြီး အများစုက ထိုင်း၊ မလေးရှားကဲ့သို့ ချမ်းသာသောဒေသများသို့ အလုပ်လုပ်ရန် သွားကြပါသည်။ ထို့ကြောင့် အမျိုးသမီးများက အိမ်ထောင်ဦးစီး အမျိုးသားမရှိသော သူ၏မိသားစုကို ထောက်ပံ့ရန် လယ်ယာလုပ်ငန်းခွင် နှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အချိန်အခါ အလိုက် ပြောင်းလဲ လုပ်ကိုင် ကြရသည်။

အသက် ၄၃ နှစ်အရွယ် မအေးသန်း တကိုယ်တည်းဖြစ်နေရခြင်းကတော့ ကွဲပြားသော အကြောင်းရင်းတခုကြောင့် ဖြစ် သည်။ “ကျမ ကွာရှင်းခဲ့တယ်”ဟု သူက လေသံတိုးတိုးဖြင့်ပြောပြီးနောက် ပလက်ဖောင်းခင်းရန် လိုအပ်သော ပစ္စည်းများကို ခေါင်းပေါ်ရွက်၍ အဝေးသို့ ချက်ချင်းထွက်သွားသည်။

မြန်မာနိုင်ငံ၏ ရှေးရိုးစွဲ အယူတွင် အမျိုးသမီးများ အိမ်ထောင်ကွဲလျှင် လှုမှုပတ်ဝန်းကျင်၌ အရှက်ရစရာ ဖြစ်ပြီး ကလေးများ ကြီးပြင်း အရွယ်ရောက်လာရေး အတွက်လည်း ဝန်အပို ထမ်းကြရသည်။ အထူးသဖြင့် မြို့ကြီးများတွင် လမ်းလုပ်သား များမှာ ဆင်းရဲသော ဆင်ခြေဖုံးရပ်ကွက်များမှ အိမ်ထောင်မရှိ မိခင်နှင့် အိမ်ထောင်ကွဲ မိခင်သည်တို့ ဖြစ်ကြပါသည်။ လူဦးရေ ငါးသန်းနေထိုင်သော ရန်ကုန်မြို့မြောက်ပိုင်းမှ ရှုပ်ထွေးစည်ကားသည့် လမ်းမတခုဘေးရှိ ပလက်စတစ် မိုးကာ တဲစု တခုတွင် မချောစု နေထိုင်ပါသည်။ အနီးတွင် ထင်ရှားသော ကြယ်ငါးပွင့် ဟိုတယ် တခုလည်း ရှိသည်။ ထိုနေရာတွင် အိမ်သာမရှိ၊ ရေပိုက်မရှိ၊ အိပ်စရာ မွေ့ယာများလည်းမရှိပါ။ ကြွက်နှင့် ပိုးဟတ်များသာ အများအပြားရှိနေသည်။ “ကျမ ဘိလပ်မြေသယ်ပါတယ်”ဟု မချောစုက ရှင်းပြသည်။

ဆောက်လုပ်ရေးလုပ်ငန်းများက အမျိုးသမီး အလုပ်သမများကို စိတ်ဝင်တစားရှိခြင်းက ရှင်းပါသည်။ သူတို့က လုပ်အားခ ဈေးသက်သာသောကြောင့် ဖြစ်ပါသည်။ “အလုပ်သမတွေက ခေါင်းပုံဖြတ်ခံနေရပါတယ်။ အမျိုးသား အလုပ်သမား တယောက်က တနေ့ကို လုပ်အားခ ၂၅၀၀ ရရင် အမျိုးသမီးတွေက ၂၀၀၀ ပဲရတယ်”ဟု မမာမာဦးက ပြော သည်။ ခင်ပွန်းဖြစ်သူနှင့် လုပ်ငန်းခွင်တခုထဲတွင် အတူနေ၊ အတူအလုပ်လုပ်နေသော မချောစုခိုင်က တနေ့လျှင် လုပ်အားခ ၄၅၀၀ ရပြီး ခင်ပွန်းက ၅၀၀၀ ရပါသည်။

အမျိုးသမီးများ
ရန်ကုန်မြို့တွင် မြောင်းဖောက်နေသူတဦး (ဓာတ်ပုံ – The Guradian)

အမျိုးသမီးများက ထိန်းချုပ်ရန် လွယ်ကူသည်ဟု ယူဆကြပြီး အလုပ်သမားအားလုံး အမျိုးသမီးများဖြစ်နေလျှင် ပင် သူတို့ကို အမျိုးသားတယောက်က ဦးဆောင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သြဇာအရှိဆုံးသော နိုင်ငံရေးသမား က အမျိုးသမီး တယောက်ဖြစ်နေသည့် အချိန်တွင် ယခုလိုကိစ္စမျိုးက သဟဇာတ မရှိသလို ဖြစ်နေသည်။ ဆယ်စုနှစ် ပေါင်းများစွာ စစ်အုပ်ချုပ်ရေးလက်အောက် တွင်ရှိနေခဲ့ပြီးနောက် ၂၀၁၅ခုနှစ် နိုဝင်ဘာလ၌ မြန်မာနိုင်ငံတွင် ၂၅ နှစ်အတွင်း လွတ်လပ်သော ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့သည်။ ရွေးကောက်ပွဲ၏ ရလဒ် အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်က ပြည်သူထောက်ခံမှု အလုံးအရင်းဖြင့် တိုင်းပြည်ကို ဦးဆောင်ဖို့ ဖြစ်လာခဲ့ပါသည်။

အမျိုးသား လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွှတ်တော်တွင် ၄ ပုံ ၁ ပုံ နေရာယူ ထားသော တပ်မတော်နှင့် ညှိနှိုင်းသွားရလိမ့်ဦးမည် ဖြစ်၍ တက်ကြွလှုပ်ရှားသူတချို့က စိတ်အားထက်သန်မှု နည်းကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတွင်းရှိ အမျိုးသမီးများ၏ အခြေအနေကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။

ရွေးကောက်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲတခုတွင် သူ၏ ပါတီမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅ ရာ ခိုင်နှုန်းသာ ပါဝင်နေခြင်းက တာဝန်ယူရမည့် အခန်းကဏ္ဍနှင့်ကိုက်ညီပြီး လုပ်ချင်စိတ်လည်းရှိသော အမျိုးသမီးများကို ရှာဖွေရန် အခက်အခဲရှိကြောင်း ရောင်ပြန်ဟပ်ပြနေခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ မြန်မာ့ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများကို အမျိုးသားများလောက် အရေးမပါဟု ရှုမြင်ကြသည်။ အစိုးရသစ်၏ ခေါင်း ဆောင်မှာ အမျိုးသမီးတယောက် ဖြစ်သော်လည်း အစားအစာရှားပါးမှုနှင့် ကျန်မာရေးကပ်ဆိုက်ခြင်းကဲ့သို့ ပိုမို၍ အခြေခံ ကျသော ကိစ္စရပ်များကို ဖြေရှင်းရာတွင် ကျား၊မ တန်းတူ မညီမျှမှုမှာ အစိုးရသစ်၏ ဦးစားပေးမှု တခု ဖြစ်လာဖွယ်ရာ မရှိပါ။

ကျား၊မ တန်းတူညီမျှရေး ကွန်ရက် (Gender Equality Network) ၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူက “ကျမတို့ စားဝတ်နေရေးအကြောင်း ဆွေးနွေးကြတဲ့အခါ ကျမတို့ တခြားပြဿနာတွေကို မဆွေးနွေးဖြစ်ပါဘူး။ ဆုံဖြတ်ချက်ချတဲ့အဆင့်မှာ အမျိုးသမီးအနည်းငယ်ပဲ ရှိတာက အဓိကပြဿနာပါ။ ဒါကြောင့် အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ အလုပ်သမားနဲ့ ဝန်ဆောင်မှု ဆိုင်ရာ ဥပဒေတွေကို ရေးဆွဲဖို့ ဆန္ဒရှိလာမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အမြင်ကို ပြောင်းလဲချင်တယ်လို့ ကျမ မထင်ဘူး။ သူက အထူးတလည် ဆောင်ရွက်ဖို့ လိုနေတာတွေ ရှိနေတယ်လို့ မတွေးပါဘူး။ အားနည်းချက်တွေရှိတဲ့ နောက်ခံတွေကနေ လာတဲ့ အမျိုးသမီး အားလုံးမှာ  ရင်ဆိုင်နေရတဲ့ အတားအဆီးတွေကို သူက လျစ်လျူရှုနေပါတယ်” ဟု ဒေါ်မေစပယ်ဖြူက ပြောသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး၊ သားဆက်ခြားခြင်း သို့မဟုတ် ကွာရှင်းခြင်း စသည့် ကိစ္စရပ်များတွင် ယဉ်ကျေးမှုအရ တားဆီး ပိတ်ပင်မှုများက အမျိုးသမီးများ၏ ဘဝနေထိုင်မှုအပေါ် သက်ရောက်လျက်ရှိသည်။ အိမ်ထောင်ကွဲပြီးနောက် မိသားစုက ပြန်လည်လက်မခံသော အမျိုးသမီးများ၏ ဘဝဇာတ်လမ်းမျိုးက မထူးဆန်းပါ။ ထို့ကြောင့်လည်း အမျိုးသမီး များကို လမ်းခင်းသော လုပ်ငန်းခွင်များတွင် အလွယ်တကူ မြင်တွေ့ရခြင်းဖြစ်သည်။

သို့သော် မြန်မာနိုင်ငံသည် အစိတ်အပိုင်း အမျိုးမျိုးပါဝင်နေသော တိုင်းပြည်ဖြစ်သည့်အတွက် အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ ရံဖန်ရံခါ ကွဲပြားခြားနားမှုများရှိနေပါသည်။ The Female Voice of Myanmar စာအုပ်ရေးသားသူ Nilanjana Sengupta က မြန်မာနိုင်ငံ၏ အစဉ်အလာတွင် ကျား၊မ တန်းတူညီမျှမှုနှင့် ပတ်သတ်၍ အမျိုးသမီးများတွင် ဥပမာအားဖြင့် အမွေဆက်ခံခွင့်၊ လက်ထက်ခွင့်နှင့် ကွာရှင်းခွင့်စသည့် အခွင့်အရေးများ ရှိပြီးသားဖြစ်ကြောင်း ပြောသည်။ သို့သော်လည်း “အထိန်းအကွပ်မဲ့ နေထိုင်တာနဲ့ အနောက်တိုင်းဆန်ဆန်နေတာကို မသင့်လျော်ဘူးလို့ ယူဆကြတယ်။ မြန်မာအမျိုးသမီးတွေက ခေါင်းမူးခြုံဝတ်ရုံတွေ ဝတ်ပြီး မနေပေမယ့် အဲဒီလို နေသလိုမျိုးပဲ နေနေကြရတယ်”ဟု Nilanjana Sengupta ကပြောသည်။

နားလည်သဘောပေါက်မှု နည်းပါးသည့်အတွက် ပြဿနာများ မြင့်တက်လာခဲ့ရ ခြင်းများလည်း ရှိသည်။ လှုမှု ပတ်ဝန်းကျင် နေရာအများအပြားတွင် ကျား၊ မ တန်းတူ မညီမျှမှုများ ရှိနေရာ အမျိုးသမီး အများစုသည်လည်း ၎င်းတို့အား ခွဲခြား ဆက်ဆံနေသည်ကိုပင်လျှင် မသိကြကြောင်း Nilanjana Sengupta ကပြောသည်။ ယခုတိုင် မပြီးဆုံးသေးသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ အလယ်တွင် အလုပ်သမားအခွင့်အရေး တိုက်ပွဲများပေါ်လာသည့်အချိန်တွင် ပို၍ မှန်ကန်ပါသည်။ အဘယ်ကြောင့်ဆိုသော် အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသည် လုပ်ငန်းသဘာဝအရ ကန်ထရိုက်စာချုပ်များမှာ ကာလတို သို့မဟုတ် နေ့စားအလုပ် အပေါ်တွင် မူတည်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာ အထည်ချုပ် စက်ရုံများကဲ့သို့ပင် အလွယ်တကူ မရောက်ရှိနိုင်သည့်အတွက် ထိန်းချုပ်နိုင်မှု နည်းပါး၍ ဖြစ်ပါသည်။

၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲမှုများ မတိုင်မီ မြန်မာနိုင်ငံသည် အရေးယူပိတ်ဆို့မှုများအောက်တွင် နိုင်ငံတကာ၏ အပယ်ခံ ဖြစ်ခဲ့ရသည်။ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်မပြုခဲ့သောကြောင့် အလုပ်သမား အခွင့်အရေး ဆိုသည်မှာ အသစ် အဆန်းတခုလို ဖြစ်နေခဲ့သည်။ အလုပ်သမားသမဂ္ဂများ စနစ်တကျ စတင်ဖွဲ့စည်းခြင်း မပြုမီကပင်လျှင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အမျိုးသမီးများက ဆန္ဒပြမှုများ စတင်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း မအောင်မြင်ခဲ့ပါ။ ၂၀၀၃ ခုနှစ်တွင် ရန်ကုန်တိုင်း အင်းစိန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှ အလုပ်သမများအဖွဲ့က အလွန်လေးလံသော သံချောင်းများကို သယ်ယူရန် ခိုင်းစေခြင်းကို ဆန့်ကျင်ခဲ့ကြသည်။ ရလဒ် အနေဖြင့် နောက်ဆုံးတွင် အလုပ်ရှင်က ကိုယ်ဝန်ဆောင် အလုပ်သမ ၃ ဦးကို အလုပ်ထုတ်ခဲ့သည်။

“အခုက ၂၀၁၆ ခုနှစ်ရောက်နေပါပြီ။ ဒါပေမယ့် မပြောင်းလဲသေးပါဘူး။ တိုးတက်မှုက အရမ်းကိုပဲ နှေးနေပါတယ်။ ဥပဒေအရ အမျိုးသမီးတွေ ဓမ္မတာ လာနေတဲ့အချိန်နဲ့ ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ ပေါ့ပါးတဲ့ အလုပ်တွေပဲ လုပ်ရပါမယ်။ မီးမဖွားခင် နဲ့ မီးဖွားပြီး အချိန်တွေမှာ နားရက် ရရပါမယ်။ ဒါပေမယ့် အဲဒီလို ဖြစ်မလာပါဘူး။ အမျိုးသမီးတွေက သူတို့ရဲ့အခွင့်အရေးတွေကို တောင်မှ သတိမထားမိကြပါဘူး”ဟု ဒေါ်မာမာဦးက ပြောသည်။

သို့သော်လည်း မြန်မာ့လှုမှုအသိုင်းအဝိုင်းက လျှင်မြန်စွာ ပြောင်းလဲနေပါပြီ။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အသက် ၄ နှစ်မှ ၂၉ နှစ်အတွင်း ပညာသင်ကြားနေသော မိန်းကလေးအရေအတွက်မှာ ယောက်ျားလေးအရေအတွက်ထက် များပါသည်။ အသက် ၁၆ နှစ်မှ ၁၉ နှစ်အကြား ပညာသင်ကြားနေသော အမျိုးသမီးအရေအတွက်မှာလည်း ရာခိုင်နှုန်း အနည်းငယ် မြင့်မားပါသည်။ မြန်မာအမျိုးသမီးများသည် အရှေ့တောင်အာရှ ပျမ်းမျှ စံနှုန်းထက်စာလျှင် အိမ်ထောင်ပြုချိန် နောက်ကျပြီး မွေးဖွားသည့် ကလေးအရေအတွက်လည်း ပိုနည်းသည်။

အလုပ်အကိုင်ဈေးကွက်တွင် ကျား မ ခွဲခြားမှု ကွာဟချက်က သိသာထင်ရှားလာခဲ့ပါသည်။ အလုပ်လုပ်နိုင်သည့် အသက် အရွယ်ရှိသူ အမျိုးသားဦးရေ ၁၀ ယောက်တွင် ၈ ယောက်က အလုပ်ရှိပြီး အမျိုးသမီးများအတွက်မူ ၁၀ ယောက်တွင် အလုပ်ရှိသူက ၅ ယောက်ထက် နည်းပါသည်။ အမျိုးသမီးများသည် အိမ်ထောင်ပြုပြီးလျှင် အလုပ်ထွက်ကြပြီး ထိုသို့ ပြုလုပ်ခြင်းက မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးများအပေါ် ကြီးမားသော သက်ရောက်မှု ရှိနိုင်ပါသည်။

ရန်ကုန်မြို့ ပလက်ဖောင်းခင်းရာတွင် အလုပ်လုပ်ရန် မြို့အစွန်အဖျားမှ လာခဲ့ရသော မမင်းမင်းအတွက် အလုပ်မရှိ၍ မဖြစ် ပါ။ ဘိလပ်မြေတအိတ်ကို လက်ဖြင့် သယ်လာပြီး ရှပ်အကျီၤတထည်ကို ဦးထုပ်အဖြစ် ဆောင်းထားသော မမင်းမင်း က အသက် ၃၁ နှစ်ထက် ပိုကြီးသည့် ပုံပေါက်နေသည်။  “ကျမ အလုပ်လုပ်လာတာ ၁၂ နှစ်ရှိပြီ။ ပြီးခဲ့တဲ့ ၂ ပတ်လောက်က ကျမအိမ်ထောင်ပြုခဲ့တယ်။ ဒါပေမယ့် ဒီအလုပ်ကို ဆက်လုပ်သွားမယ်။ တခြားဘာမှလည်း မလုပ်တတ်ဘူး”ဟု သူက ပြောသည်။

(The Guardian ပါ  Sara Perria ၏ On the road with the women building Myanmar ကို ဆုမွန်ဖြိုး ဘာသာပြန်သည်)

Loading