ဘယ်လိုဖျောက်ဖျက် မပျောက်ပျက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း
This article has been converted from Zawgyi One to Unicode
၁၉၈၃၊ အောက်တိုဘာ ၉ ရက် နေ့….။ မြောက်ကိုရီးယားဖောက်ခွဲရေးသမားများ က ရန်ကုန်မြို့ အာဇာနည်ဗိမာန်၏ မျက်နှာကျက်ထဲတွင် ဝှက်ထားသော ဗုံးကို အဝေးထိန်း ခလုတ်ဖြင့် ဖောက်ခွဲပြီး ခဏအကြာတွင် အဝေးတနေရာမှ ဖုန်းခေါ်ဆိုမှုတခု ဦးဆန်းဦး လက်ခံရရှိခဲ့သည်။
“သူတို့ လုံလုံခြုံခြုံ ရှိရဲ့လား” ဟု ဖုန်းခေါ်လာသူက စိုးရိမ်ပူပန်သော လေသံဖြင့် ထိုစဉ်က မန္တလေးမြို့သို့ရောက်ရှိနေသော ဦးဆန်းဦးကို ဗုံးပေါက်ကွဲမှု အကြောင်း မပြောမီမေးသည်။ လုံခြုံမှုရှိ မရှိမေးခြင်းက လူပုဂ္ဂိုလ် များကို ဆိုလိုခြင်းမဟုတ်ဘဲ လွန်ခဲ့သည့် လအနည်းငယ်ခန့်က အာဇာနည်ဗိမာန်တွင် သူတို့ တိုင်းထွာမှုများ ပြုလုပ်ခဲ့သည့် ဗိသုကာ ပုံကြမ်းများကို မေးခြင်းဖြစ်သည်။
“ကျနော့် ပါမောက္ခ ဖုန်းခေါ်တာက အဲဒီ drawing တွေ မြောက်ကိုရီးယားတွေဆီကို ပေါက်ကြားခဲ့တာ ဖြစ်မှာကို သူကစိုးရိမ် လို့ပါ။ ဒါကြောင့် ကျနော်က အဲဒါတွေ ရန်ကုန်စက်မှုတက္ကသိုလ်က ကျနော်တို့ ဌာနမှာ လုံလုံခြုံခြုံ ရှိနေပါတယ်လို့ သူ့ ကို ပြောခဲ့ရတယ်” ဟု ဗိသုကာတဦး ဖြစ်သည့် ဦးဆန်းဦးက လွန်ခဲ့သော ၃၃ နှစ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း အခြေ အနေကို ပြန်ပြောပြသည်။

လွတ်လပ်ရေးအမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ၈ ဦးတို့၏ ဂူဗိမာန်တွင် ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၉ရက်နေ့က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုသည် မြန်မာနိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်သော တောင်ကိုရီးယားသမ္မတ ချွန်ဒူးဝှမ်ကို လုပ်ကြံရန် ကြိုးစားမှုဖြစ်သည်။ သူက ထိုနေ့တွင် အာဇာနည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချရန် စီစဉ်ထားခဲ့သည်။ ယင်းပေါက်ကွဲမှုမှ တောင်ကိုရီးယား သမ္မတ သီသီကလေး လွတ်မြောက် ခဲ့သော်လည်း အဆင့်မြင့် ဝန်ကြီး ၄ဦး အပါအဝင် လူ ၁၇ ဦး သေဆုံးခဲ့ရသည်။
ထိုပေါက်ကွဲမှုကြောင့် အာဇာနည်ဗိမာန်အဆောက်အအုံ ဆိုးရွားစွာ ပျက်စီးခဲ့သဖြင့် အာဇာနည်နေ့ အခန်းအနား ကျင်းပရန် အတွက်ပြန်လည်ပြင်ဆင်ရန် လိုအပ်လာခဲ့ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် ဝန်ကြီးများ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရပြီး ကျဆုံးခဲ့သည့် အတွက် ဇူလိုင် ၁၉ ရက်နေ့ ကိုအာဇာနည်နေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားများက အာဇာနည်ဗိမာန်သို့ သွားရောက်၍ ခေါင်းဆောင်များအား အလေးပြုသည့် အခမ်းအနားကျင်းပလာခဲ့သည်မှာ ဆယ်စုနှစ် ၇ ခု နီးပါး ရှိခဲ့ပြီ ဖြစ်သည်။
၁၉၈၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ထိုစဉ်က အာဏာရှင် ဦးနေဝင်းအစိုးရက အာဇာနည်ဗိမာန် ပုံစံသစ်ရေးဆွဲရန် ဦးဆန်းဦး ခေါင်းဆောင်သော အဖွဲ့ဝင် ၁၂ ဦးပါဝင်သည့် အထူးအဖွဲ့တခုကို ဖွဲ့စည်းခဲ့သည်။ ပြန်လည်ပြင်ဆင် ခြင်းလုပ်ငန်းမှာ နောက် တနှစ်တွင် ပြီးစီးခဲ့ပါသည်။
အပေါ်ဘယ်ဘက်ထောင့်၌ ကြီးမားသော အဖြူရောင် ကြယ်တလုံး ဖြင့် တန်ဆာဆင်ထားပြီး ကြီးမားသော အနီရောင် ထုထည်ရှိသည့် အာဇာနည်ဗိမာန်သည် သူ၏ ဗိသုကာဘ၀ အတွက် ဂုဏ်ယူစရာ အောင်မြင်မှုတခု ဖြစ်သင့်ပါ သည်။ သို့သော်လည်း ယခုအခါ မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်အသင်း၏ ဥက္ကဌအဖြစ်ဆောင်ရွက်နေသော ဦးဆန်းဦးအဖို့ ဂုဏ်ယူသင့်သလောက် မယူနိုင်ခဲ့ပါ။
“အခုဖြစ်နေတာက အဆောက်အဦး တခုဆိုတာထက် မပိုပါဘူး။ သူ့မှာရှိသင့်တဲ့ ပင်မဝိဉာဉ်တွေ ပျောက်ဆုံးနေတယ်” ဟု ဝါရင့် ဗိသုကာကြီးက ပြော သည်။
“ဘာတွေရှိသင့်သလဲဆိုတော့ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျော်ကြားတဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေကို ထွင်းထုထား တာမျိုး။ အာဇာနည်နေ့ရောက်တဲ့အခါ ပြည်သူတွေ အလေးပြုနေတဲ့ အချိန်မှာ သူ့ရဲ့မိန့်ခွန်းတွေကို ကြားသာရုံ ဖွင့်ပေးတာမျိုး ရှိသင့်ပါတယ်” ဟု အသက် ၆၁ နှစ်အရွယ် ဦးဆန်းဦး ကပြောသည်။
“ဒီအထဲမှာ ရှိနေတာက ပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ခံစားမှုအရ အရမ်းကို ကြီးကျယ်တဲ့ အရာတွေပါ။ ဒါပေမယ့် အခု တော့ ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တာ ဘာတခုမှ တွေ့ရမှာ မဟုတ်ဘူး” ဟု သူက ထပ်ပြောသည်။
ဦးဆန်းဦး အနေနှင့် ချဲ့ကားပြောဆိုခြင်း လုံးဝမဟုတ်ပါ။
မကြာသေးမီ နှစ်များအထိ ရွှေတိဂုံ စေတီတော်အနီးတွင် ရှိသည့် အနီရောင် အာဇာနည်ဗိမာန်တွင် မြှုပ်နှံထားသည့် အာဇာနည် ၉ ဦး၏ အမည်များကို မြင်တွေ့ရခြင်း မရှိပါ။ လူ ၆၀၀ ခန့်ဆန့်အောင် ကျယ်ဝန်းသည့် ပင်မရင်ပြင်တွင် အာဇာနည်များ၏ ဓာတ်ပုံများ မရှိပါ။ ပင်မ ဝင်ပေါက်တွင်ပင် ဤနေရာသည် မည်သို့သော နေရာဖြစ်သည်ကို လာရောက်လည်ပတ်သူများ သိရှိနားလည်နိုင်မည့် ဆိုင်းဘုတ်လည်း ကင်းမဲ့နေသည်။
“ဗိုလ်ချုပ်အောင်ဆန်းနဲ့ တခြားခေါင်းဆောင်တွေနဲ့ သက်ဆိုင်တာ မှန်သမျှကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖယ်ထုတ်ခံခဲ့ရတယ်” ဟု ဦးဆန်းဦးက ပြောသည်။
သမိုင်းကို ဖုံးကွယ်ခြင်း
အာဇာနည် ဗိမာန်အသစ်အတွက် ဒီဇိုင်းမူကြမ်းကို ၁၉၈၄ခုနှစ် ဧပြီလတွင် အစိုးရအဖွဲ့က အတည်ပြုပေးပြီးနောက် အစိုးရ ၏ ဗိသုကာအကြီးအကဲနှင့် တွေ့ဆုံရန် ဦးဆန်းဦး ကို ညွှန်ကြားခဲ့သည်။
တွေ့ဆုံစဉ် တာဝန်ရှိသူက သူပြောသည့်အကြောင်းအရာများအား ဦးဆန်းဦးကို လိုက်ရေးခိုင်းခဲ့သည်။ “ပထမဆုံးအချက်က အာဇာနည်ဗိမာန် အဆောက်အအုံ ဒီဇိုင်းအသစ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ခေါင်းဆောင်တွေကို သီးခြားရည်ညွန်းတာမျိုး မဖြစ်ရန်။ ဒုတိယအချက်က တတ်နိုင်လျှင်အာဇာနည်တိုင်းအတွက် အမှတ်တရ နေရာတခုလို ဖြစ်ရန်’ ဟုဖြစ်သည်။
“ကျနော်ဘဝမှာ ဒါပထမဆုံးကြားဖူးတာပဲ သူတို့က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာတွေကို ဖျက်ပစ်ဖို့ ကြိုးစားနေတာ။ အထူးသဖြင့် မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကို ဒီလိုလုပ်လိမ့်မယ်လို့ ကျနော်ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီနေ့မှာ ကျနော်နားနဲ့ ဆတ်ဆတ်ကြားခဲ့ရတယ်” ဟု သူကပြန်ပြောပြသည်။
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ ဗိသုကာအသင်း ၏ ဒုဌက္ကဌ အဖြစ်ဆောင်ရွက်နေသော ဦးမော်လင်းသည်လည်း အာ ဇာနည်ဂူဗိမာန် ဒီဇိုင်းသစ်ရေးဆွဲရာတွင် အဖွဲ့ဝင်တဦး အဖြစ် ပါဝင်ခဲ့သည်။ ၁၉၈၄ခုနှစ်ကတည်းက ဦးနေဝင်း၏ အာဏာသိမ်းအစိုးရက ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားခေါင်းဆောင်များအား ထိုအချိန်ကတည်းက သမိုင်းမှ ဖယ်ထုတ်ချင်နေပုံပေါ်ကြောင်း ဦးမော်လင်းကပြောသည်။
“မဆောက်မဖြစ်လို့သာ သူတို့ အနေနဲ့ပြန်ဆောက်ခဲ့တယ်။ ဒါပေမယ့် ခေါင်းဆောင်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ဖို့ သူတို့အကောင်းဆုံး ကြိုးစားခဲ့ကြတယ်”ဟု ဦးမော်လင်းကပြောသည်။
အာဇာနည်များ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း အပေါ် ပြည်သူများက အမှတ်တရ ရှိနေခြင်းကို ဖျောက်ဖျက်ရန် ကြိုးစားမှုက ၁၉၈၈ ခုနှစ် အရေးအခင်း နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ လှုပ်ရှားမှု ၏ ခေါင်းဆောင် တယောင်ဖြစ်လာသည့် အချိန်တွင် ပို၍ပြင်းထန်လာခဲ့သည်။ နောက်ပိုင်းတွင် စစ် အစိုးရက ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် အရာမှန်သမျှကို မြင်ကွင်းမှ ဖယ်ရှားပစ်ခဲ့သည်။
အစိုးရကျောင်းများနှင့် ရုံးများတွင် ချိတ်ဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံနေရာတွင် နောက်ပိုင်း၌ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဓာတ်ပုံဖြင့် အစားထိုးခဲ့သည်။ မြန်မာငွေစက္ကူများတွင် ရိုက်နှိပ်ခဲ့သော ဗိုလ်ချုပ်ရုပ်ပုံ နေရာတွင်လည်း စစ်အစိုးရ လက်သပ်မွေး အဖွဲ့အစည်း တခုဖြစ်သည့် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံဖြိုးရေး အသင်း အမှတ်အသားဖြစ်သော ခြင်္သေပုံ နှင့် အစားထိုးခဲ့သည်။
အာဇာနည်နေ့ အခန်းအနားကိုလည်း ခြွင်းချက် မပေးခဲ့ပါ။ ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည်ဗိမာန်သို့ ပြည်သူများ လာရောက်စုရုံးမည်ကို စစ်အစိုးရက စိုးရိမ်သောကြောင့် အာဇာနည်ဗိမာန် သို့ အများပြည်သူဝင်ရောက်ခွင့်ကို ၂၀၁၀ ခုနှစ်အထိ တင်းကျပ်ထားခဲ့သည်။
ထိုကာလအတွင်း အာဇာနည်နေ့ အခန်းအနားသို့လည်း ထိပ်တန်းစစ်ဗိုလ်ချုပ်များ တက်ရောက်မှု မရှိသလောက် ပင်ဖြစ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က အခမ်းအနားကျင်းပရေးကို လွှဲပြောင်း တာဝန်ယူခဲ့ဲပြီး ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့တော်ဝန်သည်သာ အာဇာနည်နေ့ အခန်းအနားသို့ တက်ရောက်သော အဆင့်အမြင့်ဆုံး အရာရှိ ဖြစ်ခဲ့သည်။ ယခင်အစိုးရ လက်ထက်ရောက်သည့်တိုင် ဗိုလ်ချုပ်ကြီးဟောင်းတယောက်ဖြစ်သည့် သမ္မတ ဦးသိန်းစိန်က အာဇာနည် နေ့ အခန်းအနားသို့ လုံး၀ တက်ရောက်ခဲ့ခြင်း မရှိပါ။
ရန်ကုန်အခြေစိုက် နိုင်ငံရေးဝေဖန် သုံးသပ်သူတဦး ဖြစ်သော ဒေါက်တာရန်မျိုးသိမ်းက ဦးနေဝင်း နှင့် သူ့ကို ဆက်ခံသော စစ်အစိုးရများ က ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူလူထု၏ မှတ်ဉာဏ်ထဲမှ ဖယ်ထုတ်ချင်ခဲ့ကြကြောင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေး သြဇာအရှိန် အဝါကြီးမားမှုကြောင့် ဖြစ်သည်ဟု ပြောသည်။
“၁၉၄၇ ခုနှစ်မှာ လုပ်ကြံခံခဲ့ရပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အရှိန်အဝါက ရှိနေတုန်းပဲ။ ပြည်သူတွေရဲ့လေးစားမှုကို ရနေတုန်းပဲ။ ဦးနေဝင်းက အဲဒါကို မနာလိုခဲ့တာ ဖြစ်မယ်” ဟု သူက ရှင်းပြသည်။
“အဲဒီတုန်းက စစ်အစိုးရအနေနဲ့လည်း စိုးရိမ်မှုတွေ ရှိခဲ့နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကို တည်ထောင်သူ အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း စီစဉ်ခဲ့တာတွေနဲ့ သူတို့ လုပ်နေတာတွေနဲ့က ဆန့်ကျင်ဘက်တွေ ဖြစ်နေခဲ့တယ်” ဟု သူက ထပ်ပြောသည်။ အရပ်သားများအပေါ် စစ်တပ်၏ ဖိနှိပ် အုပ်ချုပ်မှုများနှင့် နယ်စပ်ဒေသများမှ တိုင်းရင်းသား လူမျိုးစုများနှင့် တိုက်ပွဲများကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက စစ်တပ်သည် ပြည်သူကို ကာကွယ်ပေးသင့်ပြီး အနိုင်ကျင့် နှိပ်စက်ရန် မဟုတ်ဟု ယုံကြည်ထားခဲ့သူဖြစ်သည်။
အပြောင်းအလဲ
အာဇာနည်များ၏ ဂုဏ်ပုဒ်များကို ဖယ်ရှားရန် အမိန့်ရရှိခဲ့သော်လည်း ဦးဆန်းဦး နှင့် သူ၏ အဖွဲ့က သူတို့၏ အာဇာနည် ဗိမာန် ဒီဇိုင်းတွင် အနာဂတ်ကာလ၌ အာဇာနည်များ၏ ကိုယ်ရေး အချက်အလက်များနှင့် မိန့်ခွန်းများ ရေးထိုးဖော်ပြနိုင်ရန်နှင့် ကဗ္ဗည်းထိုးနိုင်စေရန်နှင့် ပြတိုက်အတွက် နေရာအပိုများကို သူတို့၏ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို အသုံးပြု၍ ဖုံးကွယ် ထည့်သွင်း ထားပေးခဲ့သည်။ ဒီဇိုင်းကို စစ်ဆေးသော အာဏာပိုင်များကလည်း အသေးစိတ်အချက်များကို ဂရုမမူမိဘဲ အတည်ပြု ပေးခဲ့သည်။
“ကျနော်တို့က အဲဒါတွေကို တနေ့မှာ ဖြစ်လာတန်ကောင်းပါရဲ့ ဆိုပြီး မဝံမရဲ မျှော်လင့်ချက်နဲ့ ထည့်ခဲ့တာ” ဟု ဦးဆန်းဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရ အာဏာရရှိလာသည့် အချိန်တွင် သူ၏ မျှော်လင့်ချက်များ အကောင်အထည်ပေါ် လာဖို့ ဦးဆန်းဦး မျှော်လင့်နေပါသည်။ ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ဗိမာန်သို့ နှစ်စဉ်လာရောက် ကန်တော့သလို သမ္မတ ဦးထင်ကျော်ကလည်း ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်မည့် အလားအလာ ရှိနေပါသည်။ အကယ်၍ ဦးထင်ကျော် တက်ရောက်ခဲ့လျှင် ဆယ်စုနှစ်များစွာအတွင်း အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံ့အကြီးအကဲတဦး ပထမဆုံး အနေဖြင့် တက်ရောက်ခြင်း ဖြစ်ပါလိမ့်မည်။
ယခုအချိန်တွင် အာဇာနည်ဗိမာန်ကို ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်နေပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ၏ အငွေ့အသက်များ၊ အမွေအနှစ်များကို ပြန်လည်ထည့်သွင်းနိုင်ရေး ဦးဆန်းဦး နှင့် အာဇာနည်ဗိမာန် ဒီဇိုင်းကိုရေးဆွဲခဲ့သည့် ဗိသုကာများသည် တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ယခုအခါတွင် သူတို့က ဒေါ်အောင်ဆန်းစုကြည်ထံမှ နောက်ဆုံး အတည်ပြုချက်ကို စောင့်မျှော်နေကြသည်။
“တကယ်လို့သူက ကျနော်တို့ကို အဲဒီလိုဖြစ်လာအောင်လုပ်စေချင်တယ်ဆိုရင် ကျနော်တို့ အတွက်တော့ ဘာမှ အပန်းမကြီးဘူး။ ဘာကြောင့်လဲဆိုတော့ ဟိုးတုန်းကထဲက ကျနော်တို့က အဲဒီအတွက် ပြင်ဆင်ထားခဲ့ပြီးသားကိုး” ဟု သူကပြောသည်။
(ဧရာဝတီ အင်္ဂလိပ် ပိုင်းတွင် ဖော်ပြခဲ့သည့် Kyaw Phyo Tha ၏ Erasing the General ကို နိုင်မင်းသွင် ဘာသာပြန်သည်)