သမီးမိန်းကလေး တဦးအတွက် စိတ်ကူးယဉ်စရာ နည်းနည်းလေးမှမရှိ၊ ခက်ခဲကြမ်းတမ်းပြီး မိသားစုနဲ့နောက်တကြိမ် ပြန် တွေ့ဖို့ မသေချာတဲ့အလုပ်ကို ဖခင်ဖြစ်သူက ဘာလို့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့တာလဲဆိုတာကို ယနေ့အထိ ပြန်လည် မေးခွန်း မထုတ်ခဲ့ဘူးလို့ မနုနုသန်းက ပြောပါတယ်။
“အဖေက ပြောတယ်၊ ရခိုင်လူမျိုးတိုင်း တအိမ်ကိုတယောက်တော့ ရကိ္ခုင့်တပ်မတော်ကို ဝင်ထားသင့်တယ်တဲ့” ဖခင်နဲ့ နောက်ဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ရစဉ်က မနုနုသန်းကို ဖခင်ကပြောဆိုခဲ့တဲ့ စကားကို ပြန်လည်ပြောပြခြင်း ဖြစ်ပါ တယ်။
တကယ်တော့ မနုနုသန်းဘဝမှာ ဖြစ်ချင်ခဲ့တာက ဥပဒေပညာရှင် တယောက်ပါ။ ဒါပေမယ့် ရခိုင်ပြည်နယ်က ရခိုင် တိုင်းရင်းသား မိသားစုတဦးဖြစ်တာကြောင့် တခြားရခိုင်မိသားစုတွေလို ရခိုင်ပြည်နယ်ရဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု၊ စီးပွားရေး မချောင်လည်မှုတွေကို မနုနုသန်းတို့ မိသားစုလည်း ရင်ဆိုင်ခဲ့ရပါတယ်။
ဒါ့ကြောင့် မနုနုသန်းတယောက် ကျောင်းပြီးတာနဲ့ အလုပ်ရလွယ်နိုင်မယ့် စာရင်းအင်းပညာရပ်ကိုပဲ ရွေးချယ်ပြီး တက္ကသိုလ် ဆက်တက်ခဲ့တယ်လို့ ဆိုပါတယ်။
မောင်နှမ ၇ ယောက်ရှိတဲ့အနက် ညနေစောင်းတိုင်း သမီး ၄ ယောက်ကို နာမည်တွေတန်းစီခေါ်ပြီး အိမ်ထဲကအိမ်ပြင် မထွက်ခိုင်းတဲ့ ဖခင်ရဲ့သံမဏိစည်းကမ်းအောက်မှာ ဗိုင်းကောင်ကျောက်ဖိ နေခဲ့ရသူ မနုနုသန်းက တော်လှန်ရေးတွေ လက်နက်တွေ နိုင်ငံရေးတွေနဲ့ ခပ်စိမ်းစိမ်းရှိခဲ့တယ်လို့လည်း ပြောပြပါတယ်။
မိသားစုနေထိုင်ကြတဲ့ ရခိုင်ပြည်နယ်ကနေ တောင်နဲ့မြောက် အလှမ်းကွာဝေးလွန်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် မြို့တော် လိုင်ဇာမြို့မှာ စစ်သမီးအလုပ် သွားလုပ်ဖို့ဆိုတာ စိတ်ကူးနဲ့တောင် မတွေးခဲ့ဖူးဘူးလို့ သူက ပြောပါသေးတယ်။
သာမာန်အရပ်သူ တယောက်အနေနဲ့ ၂၀၀၉ ခုနှစ်မှာ တက္ကသိုလ်ပထမနှစ် တက်နေစဉ် စာသင်ခန်းထဲကို လက်ဆင့်ကမ်း ရောက်ရှိလာတဲ့ ရကိ္ခုင့် တပ်မတော် (AA) ရဲ့ စစ်သီချင်းတွေကို နားထောင်မိပြီး မနုနုသန်း တယောက် ဖခင်ဖြစ်သူကို သူ“ ရကိ္ခုင့် တပ်မတော်ထဲ ဝင်မယ်” လို့ ဖွင့်ပြောခဲ့တယ်လို့ ဆိုပါတယ်။
စည်းကမ်းကြီးတဲ့ ဖခင်က “အဲဒီတပ်မတော်ကို တကယ်ရောက်မယ်ဆို သွားပါ” လို့သာပြောပြီး နှုတ်ဆိတ်နေခဲ့လို့ ဇဝေဇဝါ ဖြစ်ခဲ့ရတယ်လို့ မနုနုသန်းက ပြောပါတယ်။
မနုနုသန်းလို အေးအေးချမ်းချမ်း နေထိုင်ကျောင်းတက်နေတဲ့ ကျောင်းသူတဦးကို တော်လှန်ရေး စစ်သမီးလုပ်ဖို့ တိုက်တွန်း လိုက်တာက AA စစ်သီချင်းတခုတည်း မဟုတ်ပါဘူး။ မိသားစု ဖြတ်သန်းခဲ့ရတဲ့ ခါးသီးမှုတွေနဲ့လည်း သက်ဆိုင်တယ်လို့ ဆို ပါတယ်။
ရခိုင် တိုင်းရင်းသားတွေအတွက် ပင်လယ်ပြင်ကြီးတခုလုံးရဲ့သယံဇာတတွေကို သဘာဝက ပိုင်ဆိုင်ခွင့်ပေးထားပါလျက် ပြည်မ အစိုးရက လုပ်ပိုင်ခွင့်အားလုံး အုပ်စိုးထားတာကြောင့် ဒေသခံတွေမှာ အလုပ်အကိုင်ရှားပါးနေပြီး လျှပ်စစ်မီးကို တောင် ဈေးကြီးပေး အသုံးပြုရ၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှု အစရှိတဲ့ ပြဿနာပေါင်း များစွာ၊ အကျပ် အတည်း တွေက ရခိုင် တိုင်းရင်းသားတွေရဲ့ ရင်တွင်းကို ဒဏ်ရာတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
AA သီချင်းခွေထဲမှာပါတဲ့ “ ရကိ္ခုင်ပြည် ငါတို့ပြည်” ….“ပင်လယ်ပြာ ရိုးမနဲ့လေ” ဆိုတဲ့ ရခိုင်နိုင်ငံတော် သီချင်းစာသား ကြောင့် သူ့ရဲ့ငုပ်လျှိုးနေတဲ့ အမျိုးသားရေး စိတ်တွေ ပေါ်လာခဲ့တာပါလို့ မနုနုသန်းက ဆိုပါတယ်။
ရခိုင် တိုင်ရင်းသားတွေရဲ့နယ်မြေဟာ ပင်လယ်ပြာပြာ၊ ရိုးမတောင်တန်းတွေနဲ့ တွဲလျက်ရှိပြီး သာယာလှပပေမယ့် လက်တွေ့ မှာ ပင်လယ်ပြင်ဟာ ယခင်စစ်အစိုးရရဲ့ နိုင်ငံခြားဖက်စပ် စီးပွားရေး လုပ်ငန်းတွေကသာ နေရာယူထားတယ်လို့ ဒေသခံ ရခိုင် တိုင်းရင်းသားတွေက ပြောပါတယ်။ ရခိုင်တိုင်းရင်းသားတွေအတွက် ပင်လယ်ပြာပြာဆိုတာ သီချင်း သက်သက် ပဲ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဒီလိုအခြေအနေတွေကို ကြုံတွေ့နေရတဲ့ မနုနုသန်းတယောက် ဘဝမှာ ဒုတိယအကြိမ် အာသီသပြင်းပြလာတာက ရကိ္ခုင့် တပ်မတော်ရဲ့စစ်သမီး ဖြစ်ချင်လာတာပါပဲ။
ရကိ္ခုင့်တပ်မတော်မှာ တာဝန်ထမ်းဆောင်နိုင်မှ ပြည်မ အစိုးရဆီကနေ ရခိုင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တောင်းဆို နိုင်လိမ့်မယ်လို့ မနုနုသန်းက ယုံကြည်နေပါတယ်။
ဖခင်ရဲ့ခွင့်ပြုချက်ရတာနဲ့ လက်ထဲမှာရှိတဲ့ AA သီချင်းခွေမှာပါတဲ့ တရုတ် ဖုန်းနံပါတ်တွေကိုမှတ်ပြီး အများသုံး တယ်လီဖုန်း ဆိုင်ကနေတဆင့် AA တပ်ဖွဲ့ဝင်ဖြစ်ချင်ကြောင်း၊ AA တပ်စခန်းရှိရာကို လာချင်ကြောင်း ဖုန်းနဲ့ ဆက်သွယ်ခဲ့တယ်လို့ မနုနုသန်း က ပြောပါတယ်။
“ကျမသွားဆက်တော့ သူတို့(AA)ဘက်က ရခိုင်ကနေ ဗြုန်းစားကြီး လာမယ့်သူတယောက်ကို ချက်ချင်းလက်ခံမယ့် အနေ အထား မရှိသေးဘူးဆိုပြီး မေးခွန်းတွေမေးတယ်”လို့လည်း သူက ပြန်လည် ပြောပြပါတယ်။
မနုနုသန်း ကျောင်းဆက်တက်ပြီး ဘွဲ့ရပြီးချိန်မှာ ထပ်မံဆက်သွယ်တော့ AA ဘက်က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် မေးမြန်း မှုတွေ ပြုလုပ်ပြီး စစ်မှုထမ်းဖို့ လက်ခံလိုက်တယ်လို့ မနုနုသန်းက ဆိုပါတယ်။
တကယ်တမ်း AA ဘက်ကလက်ခံတော့ အရေးကြုံလာတာက မနုနုသန်းမှာ ရခိုင်ပြည်နယ်ကနေ လိုင်ဇာမြို့ကိုသွားဖို့ ခရီးစရိတ် ငွေကြေး မရှိတာကြောင့် AA ကပဲ လူလွှတ်ပြီး မနုနုသန်းလက်ထဲကို ခရီးစရိတ် ပို့ပေးခဲ့တယ်လို့ သူက ဆက် ပြောပြပါတယ်။
“ကျမမှာ သူငယ်ချင်းတွေ အများကြီးရှိတယ်။ သူတို့လည်း ဒီထဲဝင်ချင်တယ်။ ဒါပေမယ့် မိန်းကလေးတွေ ဖြစ်နေတော့ အဝေးကြီး ကို သွားဖို့ မဆုံးဖြတ်ရဲကြဘူး” လို့ မနုနုသန်းက ပြောပါတယ်။
မိဘတွေကလွဲလို့ သူငယ်ချင်း ခင်မင်ရသူအားလုံးကို တခွန်းတပါဒမှမပြောဘဲ ဘယ်အချိန်အိမ်ပြန်လာရမယ် ဆိုတာကို မသိပါဘဲနဲ့ မနုနုသန်းတယောက် လိုင်ဇာမြို့ကို ထွွက်လာခဲ့ပါတယ်။ ၄ ရက်ဆက်တိုက် ခရီးသွားပြီးတဲ့နောက် AA က လာခေါ်တဲ့သူနဲ့ တရုတ်နယ်စပ်မှာဆုံပြီး လိုင်ဇာမြို့ကို မနုနုသန်း ရောက်ရှိသွားပါတယ်။
“တရုတ်နယ်စပ်ရောက်တော့ အမျိုးသားတယောက် လာခေါ်တယ်။ တခြား ရဲဘော်သစ်တွေပါ တပါတည်းတွေ့တယ်။ မိန်းကလေး ကတော့ ကျမတယောက်တည်းပဲ” လို့ သူ အမှတ်ရမိတာတွေကို ပြန်လည်ပြောပြပါတယ်။
မနုနုသန်းတယောက် လိုင်ဇာမြို့ကို ရောက်ရှိပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်မှာ အခြားရဲဘော်သစ် ၇၂ ဦးနဲ့အတူ စစ် သင်တန်း စတက်ရပါတယ်။
စစ်သင်တန်းက မနက်တိုင်း ၄ နာရီထပြီး ၄ မိုင်ကနေ ၅ မိုင် တောထဲကို အပြေးလေ့ကျင့်ရတာတွေ၊ ကွင်းပြင်ထဲမှာ စစ်ရေး လေ့ကျင့်ရတာတွေက မနုနုသန်းလို သာမာန်အရပ်သူတယောက် မပြောနဲ့ သာမာန် ယောက်ျားကလေးတဦးတောင် ချက်ချင်း မလုပ်နိုင်တဲ့ အလုပ်တွေပါ။
ဒီအခြေအနေအပေါ် မနုနုသန်းက “စစချင်းကတော့ ပင်ပန်းတယ် မပြေးနိုင်ဘူး။ နောက်တပတ်လောက်မှ ယောကျာ်လေး တွေနဲ့လိုက်ပြီး ပြေးနိုင်ပြီ။ ပထမအစကတော့ ခံနိုင်ရည်သိပ်မရှိဘူး” လို့ ပြုံးပြီး ပြောပြပါတယ်။
သင်တန်းသားတိုင်း အမှုထမ်းဖို့ စတင်ဝင်လာတာနဲ့ စစ်ရေးလေ့ကျင့်သင်တန်း ၂ လ တက်ရပါတယ်။ မနက်ပိုင်းမှာ ၄ နာရီ က စပြီး အပြေးလေ့ကျင့်ပြီးတာနဲ့ နေ့လယ်ပိုင်းတွေမှာ အချိန်အလိုက် စစ်ရေး လေ့ကျင့်ရတာတွေရှိပြီး ညနေ ၆ နာရီကနေ ၉ နာရီကြားကိုတော့ စစ်တပ်ပိုင်းနဲ့ သက်ဆိုင်တဲ့စာတွေ သင်ကြားရတယ်လို့ မနုနုသန်းက ပြောပြပါတယ်။
သင်တန်းကာလ ၂ လ ပြီးဆုံးသွားတဲ့အခါမှာတော့ အရင်ကဖခင်ရဲ့အိမ်မှာ ဗိုင်းကောင်ကျောက်ဖိ နေခဲ့ရတဲ့ သာမာန် မိန်းကလေး တယောက် မဟုတ်တော့ဘဲ စကားပြောရင်တောင် ခပ်ပြတ်ပြတ်ပြောတတ်တဲ့ ကိုယ်ကာယကြံ့ခိုင်တဲ့ စစ်သမီး တဦး ဖြစ်လာတယ်လို့ မနုနုသန်းက ကျေနပ်အားရစွာ ပြောပါတယ်။
တခြားတိုင်းရင်းသား လက်နက်ကိုင် တပ်တွေမှာလည်း စစ်သမီးတွေရှိပေမယ့် မနုနုသန်းတို့က သူတို့တွေလို ကိုယ့်မြေ ကိုယ့်ရေမှာ တော်လှန်ရေး လုပ်ရတာ မဟုတ်ပါဘူး။
ရခိုင်ပြည်နယ်မှာ တော်လှန်ရေးလုပ်ဖို့အတွက် AA ဌာနချုပ်ရှိတဲ့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာသွားနေပြီး ကျရာတာဝန် ထမ်းဆောင်နေရတာကြောင့် ပင်ပန်းတာအပြင် အိမ်လွမ်းစိတ်ကလည်း တခါတလေ ပေါ်လာတတ်တယ်လို့လည်း မနုနုသန်းက ပြောဆိုပါတယ်။
လက်ရှိအချိန်မှာ မနုနုသန်းတယောက် ရကိ္ခုင့်တပ်မတော် (AA) ရဲ့ ငွေစာရင်းဌာနမှာ တာဝန်ယူ အလုပ်လုပ်နေပါတယ်။ မနုနုသန်းဘဝမှာ ဒုတိယအကြိမ် ဆန္ဒရှိခဲ့တဲ့ စစ်သမီးတဦးဖြစ်လာပေမယ့် ငယ်စဉ်က ဥပဒေပညာရှင် ဖြစ်ချင်ခဲ့တာကို လည်း မမေ့ဘူးလို့ သူကပြောပါတယ်။
မနုနုသန်းက သူရဲ့ငယ်စဉ်ကျောင်းသူဘဝကို ပြောပြနေချိန်မှာ စစ်သမီးဘဝကို ခဏမေ့လျော့သွားပြီး ငယ်ဘဝကို ခေတ္တ ပြန်ရောက်သွားသလို သူ့ရဲ့မျက်ဝန်းအစုံက နူးညံ့ပြီးပြုံးရယ်နေပါတယ်။
ငယ်စဉ်ကတည်းက ဖခင်ရဲ့ စည်းကမ်းအောက်မှာ ပိပိရိရိနေထိုင်ခဲ့ရသူပီပီ အခု ရကိ္ခုင့် တပ်မတော်မှာလည်း ဖခင်ရဲ့ဆန္ဒ အတိုင်း မိဘကျေးဇူးဆပ်နေတယ်လို့ တွေးပြီး သူရွေးချယ်ထားတဲ့ဘဝကို ကျေနပ်နေတယ်လို့ ဆိုပါတယ်။
တကယ်လို့ မနုနုသန်းသာ အခွင့်အလမ်းကောင်းတွေကို ရွေးချယ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတယောက် ဖြစ်ခွင့်ရခဲ့မယ်ဆိုရင် ရကိ္ခုင့်တပ်မတော် (AA)က စစ်သမီးအလုပ်ကို ရွေးချယ်မှာမဟုတ်ဘဲ သူဖြစ်ချင်တဲ့ ဥပဒေပညာရှင် အလုပ်ကိုသာ တစိုက် မတ်မတ် လုပ်နိုင်မယ့်သူလို့ ယုံကြည်ရပါတယ်။
မနုနုသန်းနည်းတူ အခြား ရခိုင်တိုင်းရင်းသား လူငယ်တွေမှာလည်း အခွင့်အလမ်းကောင်းတွေ ရရှိရွေးချယ်ခွင့်တွေ ရရှိခဲ့ မယ် ဆိုပါက သူတို့မိသားစုတွေ ချစ်ခင်ရသူတွေကို ခွဲခွာပြီး တခြားပြည်နယ်တွေ ပြည်ပတွေမှာ အလုပ်လုပ်ကိုင်ဖို့ ရွေးချယ် သွားရောက်ကြမှာ မဟုတ်ကြပါဘူး။
မနုနုသန်းက “ရခိုင်လူမျိုးတယောက်ရဲ့ တာဝန်ကို ကျမကျေချင်လို့ ကျမ ဒီအလုပ်ကိုရွေးချယ်တာ” လို့ ပြောဆိုရင်း “ရကိ္ခုင်ပြည် ငါရို့ပြည် အဖိုးအဖီးဇူဇာရို့မြေ ပင်လယ်ပြာ ရိုးမနန့်လေ ရကိ္ခုင်သား အဆက်ဆက် အသွီးအသက်မြေ” လို့ ပြုံးလျက် ရခိုင်အမျိုးသား သီချင်းကိုလည်း သီဆိုပြလိုက်ပါတယ်။ ။