စိမ်းလန်းကျယ်ပြန့်သည့် ရွှေရောင်ပြ ရာဘာစိုက်ခင်းက မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် တည်ရှိနေသည်။ ရန်ကုန်မှ ကားဖြင့် ၅ နာရီခန့် မောင်းရမည့် သထုံမြို့နှင့် သိပ်မဝေးလှပါ။
မျက်စိတဆုံး မြင်နေရသည့် အတန်းလိုက် စိုက်ပျိုးထားသော အစိမ်းရောင်ရင့်ရင့် ရာဘာပင်ပျိုများက မိုင်နှင့်ချီ၍ ဖြန့်ကျက် ထားသည်။ အဖြူရောင် အစေးများ သိမ်းယူနေနိုင်ပြီ ဖြစ်သည့် အရွယ်ရောက် ရာဘာပင်များကိုမူ တိုင်းပြည် စီးပွားရေး တိုးတက်မှု စီမံကိန်းတခု အဖြစ် ယခင် အစိုးရများက ရည်ရွယ်ထားခဲ့ကြသည်။
သို့သော် ရာဘာစိုက်ခင်း၏ နောက်ကွယ်သည် မလှပသည့် ဇာတ်လမ်းတွေ ရှိနေခဲ့သည်ကို မကြာသေးခင်ကမှ ပေါ်ထွက် လာသည်။ ၎င်းစိုက်ခင်းတည်ရှိရာနေရာသည် လွန်ခဲ့သည့် ၁၁ နှစ်က လက်နက်ကိုင် ပဋိ ပက္ခကြောင့် အမည်းရောင် နယ်မြေ အဖြစ် သတ်မှတ်ထားသည်။
ယခင်စစ်အစိုးရလက်ထက်က လယ်သမားနှင့် တောင်သူများ၏ ပိုင်ဆိုင်သည့် လယ်မြေများကို မတရားသိမ်းဆီးပြီးမှ ရော်ဘာစိုက်ခင်းအဖြစ် အသွင်ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ ဒေသခံတောင်သူလယ်သမားများက မပြောရဲပဲ နှုတ်ဆိတ် နေခဲ့ရသည်။
သို့သော် ၂၀၁၂ တွင် ယခင် ဦးသိန်းစိန်အစိုးရနှင့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်သည့် KNU လက်မှတ် ရေးထိုးပြီးသည့် နောက်ပိုင်းမှာတော့ မြေပိုင်ရှင်များက ၎င်းတို့၏ မကျေနပ်ချက်တွေကို ပိုမိုထုတ်ဖေါ်ပြောဆိုလာခဲ့သည်။
အဆိုပါဒေသသို့ မကြာသေးမီက ဧရာဝတီက သွားရောက်ခဲ့ရာတွင် လယ်မြေ ဆုံးရှုံးသွားသည့် တောင်သူလယ်သမားက သူတို့၏ မြေများကို ရာဘာစိုက်ခင်းပိုင်ရှင် Max Myanmar ကုမ္ပဏီလက်သို့ ပေးအပ်လိုက်ရသည့် အကြောင်းအရင်းကို ပြောပြသည်။
ယခင် စစ်အစိုးရက ထိုနေရာကို ရာဘာစီးပွားဖြစ်စိုက်ပျိုးရန် သတ်မှတ်ခဲ့သည့် အတွက် ပိုင်ဆိုင်သည့် မြေများကို စွန့်လွှတ် ခဲ့ကြရသည်ဟု ဒေသခံ တောင်သူလယ်သမားများကပြောသည်။ ဖိအားနှင့် ခြိမ်းခြောက်မှုများကြောင့် လျော်ကြေးများကို မကျေနပ်သော်လည်း လက်ခံရယူခဲ့ရသည်ဟု ပြောသည်။
“ကျနော့်မြေ ဆုံးရှုံးခဲ့ရတဲ့အတွက် အခုထိ စိတ်မကောင်း ဖြစ်မိတယ်။ မြေဆုံးရှုံးပြီးနောက်ပိုင်းမှာ ကျနော့်ဘဝလည်း အကျပ်အတည်း နဲ့ ရင်ဆိုင်နေရတယ်။ ကျနော့် အသက်မသေပေမယ့် ခြေလက်တွေ ကျိုးသွားသလို ခံစားရတယ်” ဟု အသက် ၇၀ ကျော်အရွယ်ရှိပြီ ဖြစ်သည့် မြေပိုင်ရှင်ဟောင်း ဦးမောင်ဝင်း ကပြောသည်။
သူ့လိုပင် မြေယာဆုံးရှုံးမှုအတွက် NLD အစိုးရ သစ်ထံသို့ တိုင်ကြားထားသူ ထောင်ပေါင်းများစွာ ရှိခဲ့သည်။ NLD အစိုးရက မြေယာပြဿနာများကို ဦးစားပေး ဖြေရှင်းပေးမည်ဟု ကတိပြုထားသည်။ သို့သော်လည်း ရန်ကုန်မြို့ရှိ Max Myanmar ကုမ္ပဏီရုံးချုပ်မှ Chief Operating Officer ဒေါက်တာ သောင်းဟန်က စွပ်စွဲမှု များကို လက်မခံပါ။
ကုမ္ပဏီက ဧက ၅၀၀၀ ကျယ်ဝန်းသည့် မြေနေရာ တွင် ဧက ၃၀၀၀ ကျော်လောက်သာ စိုက်ပျိုးခဲ့ခြင်း ဖြစ်ပြီး မရောင်းချချင်သူများ၏ မြေကို ချန်လှပ်ခဲ့သည်ဟု သူကပြောသည်။ ပေးအပ်ခဲ့သည့် လျော်ကြေးငွေကလည်း မျှတမှုရှိသည်ဟုလည်း သူက ထပ်ပြောသည်။
ရွှေရောင်ပြ ရာဘာစိုက်ခင်း၏ မန်နေးဂျင်းဒါရိုက်တာ ဦးမောင်မောင်သက် ကလည်း အလားတူပင် ပြောသည်။
“ လျော်ကြေးလက်ခံခဲ့တဲ့ လူတွေက မရောင်းချင်ခဲ့ကြဘူး ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု သူကဆိုသည်။
စိုက်ခင်းအဖြစ် ဖန်တီးခြင်း
မြန်မာနိုင်ငံ၏ ခရိုနီ ကုမ္ပဏီများထဲမှ တခုဖြစ်သည့် Max Myanmar ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရေပန်းစားနေသည့် မြေသိမ်းရာသိမ်း ပြဿနာနှင့် မစိမ်းသည့် ကုမ္ပဏီတခု ဖြစ်သည်။ သို့သော် Max Myanmar သည် ၂၀၁၁ ခုနှစ်တွင် ပြီးဆုံးသွားခဲ့သည့် စစ်အုပ်ချုပ်ရေး ကာလအတွင်းမှ မြေယာသိမ်းယူမှု အငြင်းပွားဖွယ်ရာ ကိစ္စများနှင့် ပတ်သက်၍ တက်တက်ကြွကြွ လှုပ်ရှားသူများထဲတွင်လည်း အပါအဝင်ဖြစ်သည်။ ၎င်းတို့က မြေယာမူဝါဒ ကျင့်ဝတ်များ မြှင့်တင်ရေးတွင် ပြည်တွင်းပြည်ပ ဆောင်ရွက်မှုများတွင် ပါဝင်ခဲ့သလို မြေသိမ်းယူမှု ဆန့်ကျင်ရေး မူဝါဒ တရပ်ကိုလည်း ကိုယ်တိုင် ကျင့်သုံးခဲ့သည်။
ဧရာဝတီတိုင်းအတွင်းရှိ ချောင်းသာနှင့် ငွေဆောင် အနီးမှ လယ်သမားများကို မြေများ ပြန်ပေးခဲ့သည့်အတွက်လည်း ချီးကျူးခံခဲ့ရသည်။ လယ်မြေဆုံးရှုံးသွားသည့် တောင်သူလယ်သမားများနှင့် လျော်ကြေးငွေ ညှိနှိုင်း ဆောင်ရွက်မှုများကိုလည်း အမြောက်အမြား ပြုလုပ်ခဲ့သည်။
သို့သော်လည်း အရပ်သား အစိုးရသစ်လက်ထက်သို့ရောက်သည့် အချိန်တွင် Max Myanmar နှင့် အခြားပုဂ္ဂလိက ကုမ္ပဏီများသည် တချိန်က ပေါ်ပေါက်ခဲ့သည့် မြေသိမ်းယူမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု အသစ်များနှင့် ရင်ဆိုင်ခဲ့ကြရသည်။
ယနေ့ အချိန်တွင် ဘီးလင်းမြို့နယ် ကျေးလက်ဒေသက နိုးထလာနေသည်။ ကရင်၊ မွန်နှင့် ဗမာတိုင်းရင်းသား များ အပါအဝင် ဒေသခံများက တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်းများ၊ တောင်ယာလုပ်ငန်း၊ အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းနှင့် ဈေးရောင်းခြင်းစသည့် အသက်မွေးဝါးကြောင်း လုပ်ငန်းများကို လုပ်ကိုင်နေကြသည်။ အချို့ဒေသခံများကလည်း ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည်။ ကျော်ကြားသည့် ကျိုက်ထီးရိုးဘုရားနှင့် ခရီး ၁ နာရီခွဲ ခန့်သာ ဝေးသည့် ၎င်းဒေသတွင် ခရီးသွားလုပ်ငန်းကလည်း တချိန်ကျလျှင် အလားအလာကောင်းလာမည် ဖြစ်သည်။
သို့သော်လည်း ၂၀၀၅ ခုနှစ်တွင် ဘီးလင်းနှင့် အိမ်နီးချင်း သထုံမြို့နယ်တို့မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် ကျေးလက်ပြည်သူများ ပြင်းထန်စွာ ထိခိုက်နစ်နာခဲ့ရ သည်။ စစ်ပွဲတွင် ဖြစ်ပွားခဲ့သော အဓမ္မ အလုပ်ခိုင်းစေခြင်း၊ ပေါ်တာဆွဲခြင်း၊ ခြိမ်းခြောက်ခြင်း နှင့် အခြားသောလူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒေသခံ ၃၀၀၀ ခန့် ထိုင်းနိုင်ငံတွင်းရှိ ဒုက္ခသည်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ၎င်းတို့သည် ၂၀၁၃ ခုနှစ် အထိ အဆိုပါ စခန်းများတွင် နေထိုင်ကြဆဲ ဖြစ်သည်ဟု သိရသည်။
စစ်အုပ်ချုပ်ရေး လက်အောက်တွင်ရှိစဉ်က ဒေသခံများသည် သူတို့၏ မြေဧက ၅၀၀၀ ကို အစိုးရက ရာဘာစီမံကိန်း နေရာအဖြစ် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်ထုတ်ဖေါ်ပြောဆိုရန် မဖြစ်နိုင်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောကြသည်။
အစပိုင်းတွင် စစ်အစိုးရကဦးဆောင်ပြီး ကြံစိုက်ပျိုးရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်သည့်အခါ နောက်ပိုင်းတွင် စီးပွားဖြစ် ရာဘာစိုက်ပျိုးရန် အသွင်ပြောင်းလာသည်။
၂၀၀၅ ခုနှစ် မေလတွင် Max Myanmar ၏ ဥက္ကဌ ဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် နှင့် အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘိုတို့ ထိုဒေသသို့ ရောက်ရှိလာခဲ့သည်။
သူတို့ရောက်ရှိလာခြင်းမှာ Max Myanmar ကုမ္ပဏီက အစိုးရ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတောင်ပိုင်းကို ပုဂ္ဂလိကပိုင် စီးပွားဖြစ် စိုက်ခင်းကြီးများအဖြစ် အသွင်ပြောင်းလဲရေးကို စတင်ဆောင်ရွက်နိုင်ရန် ဖြစ်သည်။ အဓိကအားဖြင့် ဆီအုန်းနှင့် ရာဘာဖြစ်သည်။ ၂၀၁၃ ခုနှစ်အထိ တနိုင်ငံလုံးတွင် အလားတူ စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်ရန် သတ်မှတ်ခဲ့သည့် မြေ ဧက ၅.၂ သန်း ရှိသည်ဟု ခန့်မှန်းရပါသည်။
“Max Myanmar ကုမ္ပဏီ ဥက္ကဌ ဦးဇော်ဇော်က ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘိုနှင့် အဖွဲ့ကို ရော်ဘာစိုက်ပျိုးရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘိုက နိုင်ငံအကျိုး၊ ဒေသအကျိုး အတွက် ရာဘာစိုက်ပျိုးရေးကို တိုးချဲ့လုပ်ကိုင်ရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်” ဟု ၂၀၀၅ ခုနှစ် မေလ ၉ ရက်နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်း The New Light of Myanmar သတင်းစာက ဖော်ပြခဲ့သည်။
Max Myanmar ကုမ္ပဏီသည် ထိုစဉ်က ရာဘာ စီးပွားရေးနှင့် ပတ်သက်၍ အတွေ့အကြုံ မရှိခဲ့ပါ။ ၎င်း စီးပွားဖြစ် ရာဘာ စိုက်ခင်းလုပ်ငန်းကိုလည်း ၎င်းကုမ္ပဏီ၏ ကိုယ်ပိုင် စိတ်ကူး မဟုတ်နိုင်ကြောင်း အကဲဖြတ်လေ့လာချက်တခုက ၂၀၁၃ မှာ ဖေါ်ပြထားသည်။
“အခြားစီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ဟိုတယ်လုပ်ငန်း အခွင့်အလမ်း ရရှိဖို့ လိုအပ်ချက်တခုအဖြစ် ရာဘာစိုက်ပျိုးရေးကို လုပ်ကိုင်နေရသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့ပါဘူး” ဟု Max Myanmar ကုမ္ပဏီကို လေ့လာအကဲဖြတ်သည့် နိုင်ငံတကာ ဥပဒေ အကျိုးဆောင် လုပ်ငန်းတခု ဖြစ်သည့် BSR က ပြုစုပေးခဲ့သည့် အစီရင်ခံစာက ဆိုသည်။
စစ်တပ်နှင့် နီးစပ်သော မြန်မာနိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီအချို့က တိုင်းရင်းသားနယ်မြေမှာရှိသည့် မြေအမြောက်အမြားကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ကိုင်သည့် ပေါ်လစီနှင့် ပတ်သက်၍ ယခုအချိန်အထိ ပွင့်လင်းမြင်သာမှု မရှိချေ။
မကြာသေးမီက ကချင်ပြည်နယ်မှ လယ်သမားများက မြေသိမ်းမှုနှင့် ပတ်သက်သည့် ဆန္ဒပြပွဲတခု ရန်ကုန်မြို့တွင် လာရောက်ပြုလုပ်ခဲ့သည်။ သူတို့၏ မြေအမြောက်အမြားကို စီးပွါးရေးသမား ဦးဌေးမြင့် ပိုင်ဆိုင်သော ယုဇနကုမ္ပဏီသို့ လုပ်ပိုင်ခွင့် ချထားပေးလိုက်သည့်အတွက် သူတို့ မြေယာမဲ့များ ဖြစ်ခဲ့ကြရပါသည်။
အစိုးရထံမှ ရရှိသည့် အချက်အလက်များ အရဆိုလျှင် ၂၀၁၃ ခုနှစ် အထိ လွှဲပြောင်းပေးခဲ့သော မြန်မာနိုင်ငံတဝန်းလုံးရှိ မြေအကျယ်အဝန်းမှာ အစ္စရေးလ် နိုင်ငံ၏ အကျယ်အဝန်းနှင့့် ညီမျှသည်။
လျော်ကြေးပေးခြင်း
ရော်ဘာလုပ်ငန်း စတင်သည့် အချိန်မှစ၍ မြေပိုင်ဆိုင်သူများကို လျော်ကြေးပေးရာ၌ မျှတမှုရှိအောင် အားထုတ်ခဲ့သည်ဟု Max Myanmar ကုမ္ပဏီက ပြောသည်။ KNU နှင့် NLD မှ ကိုယ်စားလှယ်များအပါအဝင် အရေးပါသည့် အဖွဲ့အစည်းများ နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည် ဟုလည်း ဆိုသည်။
အချို့မှာ KNU နှင့် မြန်မာ့တပ်မတော်ကြားမှ လက်နက်ကိုင် ပဋိပက္ခများကြောင့် စွန့်ပစ်ထားခဲ့သည့် မြေများဖြစ်သည် ဟု စိုက်ခင်း၏ မန်နေးဂျင်း ဒါရိုက်တာ ဦးမောင်မောင်သက်က ပြောသည်။ နယ်မြေ အစိတ်အပိုင်း အချို့မှာ ခြုံတောများ၊ တောင်ကုန်းများ နှင့် ကျင်းချိုင့်များ ဖြစ်ကြသည်။
“မြေရိုင်းတွေအတွက် လျော်ကြေးကနည်းပါတယ်။ စိုက်ပျိုးရေး လုပ်တဲ့နေရာတွေကိုတော့ ပိုပေးတယ်။ ကျနော်တို့ ဘာမှ စိုက်လို့ မရတဲ့ မြေတွေအတွက်လည်း လျော်ကြေးပေးခဲ့ပါတယ်။ သင်းချိုင်းမြေ အတွက်တောင် ပေးခဲ့ပါတယ်” ဟု သူက ပြောသည်။ “ကျနော်တို့က အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ပါတယ်” ဟု ဦးမောင်မောင်သက်က ထပ်ပြောသည်။
အချို့နေရာများတွေ ဈေးနှုန်းကို တဝက်ခန့်အထိ လျှော့ချပေးရန် KNU တာဝန်ရှိသူများက ကူညီညှိနှိုင်းပေးခဲ့သည်ဟု ဦးမောင်မောင်သက်က ပြောသည်။ ဆင်းရဲနွမ်းပါးသော ဒေသခံများအတွက် ကုမ္ပဏီက ကျောင်းတကျောင်း၊ လမ်းများနှင့် ကျန်းမာရေးဆေးပေးခန်းများ တည်ဆောက်ပေးရန် ကတိပေးခဲ့သည့်အပြင် ကျေးရွာအတွက် လျှပ်စစ်မီးရရှိအောင် လုပ်ဆောင်ပေးမည်ဟုလည်း ပြောခဲ့သည်။
သို့သော်လည်း ပေးသည့်ကတိအားလုံးကို ကျေပွန်အောင် မဆောင်ရွက်နိုင်သည့်အတွက် ဒေသခံအချို့က စိတ်ပျက်ခဲ့ရသည်ဟု ရွှေရောင်ပြ ကျေးရွာ အကြီးအကဲ ဦးအောင်မိုးထွန်းက ပြောသည်။
Max Myanmar ကုမ္ပဏီ၏ Chief Operating Officer ဦးသောင်းဟန်က ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိထားသည့် မြေ ဧက ၅၀၀၀ လုံးတွင် ရာဘာပင်စိုက်ပျိုးမှု မပြုလုပ်ခဲ့ခြင်းက ၎င်းတို့၏ ရည်ရွယ်ချက်ကောင်းများကို ဖော်ပြခြင်း ဖြစ်သည်ဟု အခိုင်အမာ ပြောကြားလိုက်သည်။
“ကျနော်တို့က မရောင်းချင်တဲ့ သူတွေရဲ့ မြေကို မယူပါဘူး။ ဒါကြောင့် ကျနော်တို့ မြေဧက ၃၀၀၀ ကျော်ပဲ အသုံးပြုခဲ့ပါတယ်” ဟု သူက ပြောသည်။
ရွှေရောင်ပြ စိုက်ခင်း တိုးချဲ့သည်နှင့်အမျှ နှစ်စဉ် လျော်ကြေးထုတ်ပေးခဲ့သည့် လုပ်ငန်းများ၏ သတင်းအချက်အလက် အချို့ကို Max Myanmar ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ပထမနှစ် ဖြစ်သည့် ၂၀၀၅-၀၆ တွင် မြေဧက ၉၁၄.၅ ဧက အတွက် ၁ ၈၂၉ ၀၀၀ ၀၀၀ ကျပ် ပေးလျော်ခဲ့သည်ဟု သိရသည်။ နောက်ပိုင်းနှစ်များတွင် လျော်ကြေးပေးမှုများ ပိုမိုပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်ကုန်ရောက်သည့်အခါ စုစုပေါင်း ၆၉၈ ၄၀၀ ၀၀၀ ကျပ် အထိ ထုတ်ပေးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ Max Myanmar ကုမ္ပဏီ အနေဖြင့် သင့်တော်သည့် လျော်ကြေးငွေ အပြည့်အ၀ မရရှိသည့် လယ်သမားအများအပြားကို ထပ်လောင်းလျော်ကြေးငွေများ ၂၀၁၃ ခုနှစ် နောက်ဆုံးအကြိမ်ဖြစ် ပေးအပ်ခဲ့သည်။ ပိုင်ဆိုင်မှုကို ဆက်လက်ထိန်းသိမ်းထားလိုပြီး အလုပ်လုပ်ချင်သည့် လယ်သမားများအတွက် မြေအချို့ကိုလည်း ပြန်ပေးခဲ့ သည်။
မပျော်ဘူး
ဇီးဝုန်း ကျေးရွာတွင် ကုမ္ပဏီက ဆောင်ရွက်ပေးခဲ့သည်များနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်နေသည့် ဒေသခံများသည် အားကိုးရာမဲ့ သလို ခံစားနေရသည်။ စစ်အစိုးရ လက်ထက်နှင့် ယခင်အစိုးရလက်ထက်တွင် ပြည်သူများ သည် သူတို့၏ မကျေနပ်ချက်ကို ဖွင့်မပြောရဲကြကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ကိုယ်စားလှယ်တဦး ဖြစ်သည့် ဝေလေး ကပြောသည်။
လွန်ခဲ့သော ၃ နှစ်ခန့်က KHRG က ကောက်ယူခဲ့သည့် စစ်တမ်းတခုအရ ဇီးဝုန်း နှင့် ရွှေရောင်ပြ ကျေးရွာများ အနီးမှ လျော်ကြေးလက်ခံခဲ့ကြသည့် အိမ်ထောင်စု ၉၄ ခုတွင် အိမ်ထောင်စု ၈ ခုကသာ လျော်ကြေးများကို သဘောတူ လက်ခံကြောင်း ပြောခဲ့ကြသည်ဟု သိရသည်။ အခြား အနီးပတ်ဝန်းကျင် ကျေးရွာများမှ မြေပိုင်ရှင်ဟောင်း လယ်သမား များကိုတော့ စစ်တမ်း မကောက်ယူခဲ့ပါ။ ဇီးဝုန်းကျေးရွာမှ ဒေါ်အေးကြည်က ရွေးချယ်စရာ မရှိသည့်အတွက် ၂၀၁၃ ခုနှစ်တွင် သူ၏ လယ်မြေ ၇ ဧက အတွက် လျော်ကြေးငွေ ၂ ၈၅၀ ၀၀၀ ကျပ်ကို လက်ခံခဲ့ရကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျမကြောက်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ ကျမက လျော်ကြေးကို လက်မခံဘူးဆိုရင် ကျမ ဘာမှ ရမှာ မဟုတ်ဘူးလို့ ဒေသခံအာဏာပိုင်တွေက ကျမကို ခြိမ်းခြောက်လို့ပါ” ဟု ယခုအခါ စိုက်ခင်းတွင် သမီး ၂ ယောက်က အလုပ်ဝင်လုပ်နေရသော ဒေါ်အေးကြည်က ပြောသည်။ ၂၀၁၃ ခုနှစ်တွင် အလုပ်သမား ၆၀၀ ကျော်ရှိသည်ဟု BSR ၏ အစီရင်ခံစာ အရသိရသည်။
သူ၏ မြေဆုံးရှုံးရသည့် အတွက် စိတ်ထိခိုက်ခဲ့ရသည်ဟု ဦးမောင်ဝင်းက ပြောသည်။ သူ့ကိုယ်သူ ဖြေသိမ့်ခဲ့ရသည်။
“တာဝန်ရှိသူတွေပြောတယ်၊ အစိုးရက ရေ ၊ မြေနဲ့ သယံဇာတတွေကို ပိုင်တယ်လို့ ကျနော်တို့ကို ပြောတယ်။ ကျနော့်ရဲ့ ဆုံးရှုံးမှုကို မေ့မပစ်နိုင်ရင် ကျနော် စိတ်မကောင်းဖြစ်ရမယ်ဆိုတာ သိတယ်။ ဒါကြောင့် ဒီမြေက ကျနော်နဲ့ မထိုက်တန်ဘူးလို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ခဲ့တယ်။ ဒါက ကျနော့်ရဲ့ ခံစားချက် တွေကို သက်သာစေတဲ့ တခုတည်းသော နည်းလမ်းပါ” ဟု သူက ပြောသည်။
ဒေသခံတဦး ဖြစ်သည့် ဒေါ်နှင်းကြည်ကလည်း “ကျမရဲ့ လယ် ၅ ဧကကို သူတို့ ယူပြီး ရာဘာစိုက်တယ်။ ပြီးတော့ လျော်ကြေးအနေနဲ့ တဧကကို ၂ သိန်းနှုန်းနဲ့ ယူဖို့ သူတို့က ပြောတယ်။ ဒါကြောင့် ကျမ ကျပ် ၁၀ သိန်း ရတယ်။ ကျမ စောဒက မတက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီပိုက်ဆံနဲ့ ကျမ မကျေနပ်ခဲ့ဘူး။ ကျမရဲ့ စပါးစိုက်ခင်းတွေကိုပဲ အခုထိ တွေးနေတုန်းပဲ” ဟု ပြောသည်။
“ကျမ မြေကို ပြန်လိုချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမြေက ကျမမှာ ရှိတာ အကုန်ပဲ။ ဒီဆန္ဒက ကျမမှာ အခုထိ ရှိနေတုန်းပဲ။ ဒီမြေမှာ စပါးစိုက်ပြီး ကျမရဲ့ ကလေးတွေကို လူလားမြောက်အောင် ပြုစုခဲ့တာပါ” ဟုလည်း သူက ဆိုသည်။
ရွှေရောင်ပြ ကျေးရွာမှ ဒေါ်ကြင်ဥက “ကျမတို့က ငတုံးငအတွေလိုပဲ။ ကျမတို့က ပညာမတတ်ဘူး။ ဒါကြောင့် သူတို့ (စီးပွားရေးသမားများ နှင့် အာဏာပိုင်များ) က ကျမတို့ကို လုပ်ချင်သလို လုပ်နေတယ်။ လျော်ကြေးကို လက်မခံရင် မြေလည်းဆုံး လျော်ကြေးလည်း မရဘဲ ဖြစ်သွားနိုင်တယ်လို့ ကျမတို့ကို ခြိမ်းခြောက်ခဲ့တယ်။ အဲဒီတော့ လျော်ကြေး ယူလိုက်ရုံက လွဲပြီးတော့ ကျမတို့ ဘာမှ မလုပ်နိုင်ခဲ့ဘူး” ဟုပြောသည်။
အခြား ရွာသူရွာသားများကလည်း အလားတူ သဘောထားရှိကြောင်း ပြောကြသည်။ သံဆူးကြိုးများဖြင့် ဝိုင်းရံထားသော စိုက်ခင်းသည် သူတို့၏ ကျွဲနွားစားကျက်နှင့် ထင်း စုဆောင်းရန် အသုံးပြုသည့် မြေများလည်း ဖြစ်သည့်အတွက် မွေးမြူရေး လုပ်ကိုင်ရန် အခက်အခဲများရှိသည်ဟု အချို့က ဆိုသည်။
ဒေါဇန်ကြီးကျေးရွာ မှ KNU အရာရှိတဦး ဖြစ်သည့် စောမင်းသိန်းက ရွှေရောင်ပြ ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် အကြောင်းအရာများ မသိကြောင်း၊ သို့သော်လည်း မြေယာမူဝါဒ ရှင်းလင်းသေချာမှု မရှိသည့် အတွက် မြေအငြင်းပွားမှု ပြဿနာများ တိုးလာနေကြောင်းပြောသည်။
ရွာသူရွာသားများသည် ကြောက်လန့်တတ်ကြပြီး ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ရောက်ရှိလာပြီး အစိုးရ၏ ခွင့်ပြုချက် ဖြင့် မြေကို သူတို့က ပိုင်ဆိုင်ကြောင်း ကြေညာသည့် အခါတွင် ကန့်ကွက်ရန် မတတ်နိုင်ခဲ့ကြဟုလည်း သူက ထပ်ပြော သည်။
တခါတရံ တောင်သူလယ်သမားများသည် စစ်အစိုးရအပြင် သက်ဆိုင်ရာ KNU တာဝန်ရှိသူများ၏ ဖိအားပေးမှုလည်း ခံရတတ်သည်။ စီးပွားရေးသမားများက သက်ဆိုင်ရာဒေသခံ KNU တာဝန်ရှိသူများကို ရင်းနှီးမှုတည်ဆောက်ပြီး တံစိုးလက်ဆောင် သို့မဟုတ် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်သည့်အတွက် ကျေးလက်ပြည်သူများ ထိခိုက်နစ်နာရသည် ဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက စွပ်စွဲခဲ့ကြသည်။
စကားပြောရန် ဖွင့်ပေးခြင်း
အကယ်၍ ကျေးလက်ပြည်သူ အများအပြားကသာ သူတို့၏ စိုးရိမ်မှုများကို တင်ပြလာခဲ့လျှင် ကုမ္ပဏီက စဉ်းစားပေးရန် ဆန္ဒရှိနေသည်ဟု ဦးသောင်းဟန်က ပြောသည်။
“ဒါပေမယ့် လူအနည်းစုက လာပြီး ခဏခဏ လျော်ကြေးထပ်တောင်းမယ်ဆိုရင်တော့ ကုမ္ပဏီအနေနဲ့လည်း တစုံတရာ ဖြေရှင်းပေးဖို့ အခက်အခဲရှိတယ်” ဟု သူက ထပ်ပြောသည်။
ထို့ပြင် အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာနက အရေးယူပိတ်ဆို့သည့် စာရင်းကို ပြင်ဆင်မှုများ ပြုလုပ်ရန်ရှိနေသည့် အချိန်တွင် ယခုကဲ့သို့ လျော်ကြေး ပြဿနာပေါ်ပေါက်လာခြင်းအတွက် စိုးရိမ်ကြောင်းလည်း သူက ပြောသည်။
“ကျနော်တို့ ကုမ္ပဏီ ဥက္ကဌ (ဦးဇော်ဇော်) က အရေးယူပိတ်ဆို့မှုစာရင်းကနေ လွှတ်ချင်တယ်။ ဒါကို တချို့လူတွေက သတိ ထားမိတယ်။ အဲဒါအခါမှာ ဒီအခြေအနေကို လူတချို့က သိတယ်။ ဆိုတော့ သူတို့အတွက် အခွင့်အရေး တခုဖြစ်စေနိုင် တယ်။ လျော်ကြေးပြန်တောင်းဖို့ အတွက် အရမ်းကောင်းတဲ့ အခွင့်အရေးတခု ဖြစ် သွားတယ်” ဟု ဦးသောင်းဟန်က အစောပိုင်းက ကုမ္ပဏီရုံးခန်း၌ ပြုလုပ်ခဲ့သည့် အင်တာဗျူးတခုတွင် ဧရာဝတီ သို့ ပြောသည်။
“တကယ်လို့ ဒေသခံပြည်သူတွေ အတွက် အကျိုးရှိမယ်ဆိုရင် သူ (ဦးဇော်ဇော်)က လျော်ကြေးပေးထားတဲ့ မြေတွေ ပြန်ပေးဖို့နဲ့ ဒါမှမဟုတ် အဆင်ပြေအောင် ဖြေရှင်းပေးဖို့ သူ့မှာ ဆန္ဒရှိပါလိမ့်မယ်” ဟု ဦးသောင်းဟန်က ဆိုသည်။
ဦးဇော်ဇော်ကို အမေရိကန်နိုင်ငံက ၂၀၀၉ ခုနှစ်တွင် အရေးယူပိတ်ဆို့မှုစာရင်းသို့ ထည့်သွင်းခဲ့သည်။ ပေါက်ကြားခဲ့သော အမေရိကန်သံရုံး၏ ၂၀၀၇ ခုနှစ် က ကြေးနန်းသတင်းတခုတွင် ထိုစဉ်က မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်ဗိုလ်ချုပ်ကြီး များ၏ အရေးပေးမူကို ရရှိရန် တက်တက်ကြွကြွကြိုးစားနေသော ခရိုနီ တယောက် အဖြစ် ဖော်ပြခဲ့သည်။
“စံပြဖြစ်ဖို့ ကြိုးစားနေတယ်”
စီးပွားဖြစ် စိုက်ပျိုးရေး နှင့် စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ၊ ဟိုတယ်ဇုန်များ၊ ပိုက်လိုင်းများ နှင့် ဆိပ်ကမ်းများ အပါအဝင် အခြားစီမံကိန်းများအတွက် ယခင်က မြေသိမ်းယူခဲ့ခြင်းများ အပေါ် အငြင်းပွားမှုများက လက်ရှိ အစိုးရအတွက် လာမည့်နှစ်များအတွင်း ရင်ဆိုင်ရမည့် အခက်ခဲဆုံး ပြဿနာများထဲမှ တခု ဖြစ်လာစေခဲ့သည်။
တိုင်ကြားမှု ထောင်ပေါင်းများစွာကို စုံစမ်းစစ်ဆေးရန် ကော်မရှင်တခု တည်ထောင်ရန် ဖြစ်လာသည်။ ပြဿနာ အများစုမှာ စစ်တပ်၊ အစိုးရဝန်ကြီးဌာနများ နှင့် ပုဂ္ဂလိက ကုမ္ပဏီများက မြေသိမ်းယူခဲ့ခြင်းများကြောင့် ဖြစ်သည်ဟု အမျိုးသား လွှတ် တော် တောင်သူလယ်သမားရေးရာ ကော်မတီမှ ဦးဘမျိုးသိန်းက ပြောသည်။
အစိုးရသစ် တာဝန်ယူပြီး နောက်ပိုင်းတွင် တိုင်ကြားမှု အသစ် အနည်းဆုံး ၈၀ ခန့် လက်ခံရရှိခဲ့သည်ဟုလည်း သူက ဆိုသည်။
“အရင် စစ်အစိုးရလက်ထက်က မြေသိမ်းယူမှု သတင်းတွေ ပိုပြီး ကြီးထွားလာတယ်။ ပြည်သူတွေကလည်း ဒါနဲ့ ပတ်သက်ပြီး နိုးကြားမှု ရှိလာပြီး ထုတ်ဖေါ်ပြောဆိုတာ ပိုများလာပါတယ်” ဟု Myanmar Center for Responsible Business မှ Vicky Bowman ကပြောသည်။
မြန်မာနိုင်ငံ မြေယာမူဝါဒ တိုးတက်ကောင်းမွန်လာသည့် အချိန်ထိ ကုမ္ပဏီများကလည်း ဥပဒေအရ အရေးယူ လုပ်ဆောင်မှုများနှင့် လူထုဆန္ဒပြမှုများကို ရင်ဆိုင်နေရမည်ဟု သူက ပြောသည်။
Max Myanmar သည် ချောင်းသာတွင် မြေပိုင်ဆိုင်သူများနှင့် အငြင်းအပွားဖြစ်ခဲ့ရာ မြေပိုင်ရှင်များထံကို ၎င်းသိမ်းယူထားသည့်မြေများကို ပြန်လည်ပေးအပ်ခဲ့သည့် ဖြစ်ရပ်တခု ရှိခဲ့သည်။ ၎င်းဖြစ်ရပ်သည် ထင်ရှားပေါ်လွင်သည့် ကိစ္စတခုဟု Vicky Bowman က ပြောသည်။
ယခုလအစောပိုင်းတွင် Max Myanmar ဥက္ကဌ ဦးဇော်ဇော်က ရာဘာစိုက်ပျိုးရေး ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားမှုများကို ပြေလည်အောင် ဖြေရှင်းလိုကြောင်း ပြောခဲ့သည်။ ထိုစိုက်ခင်းမှ ယခုအချိန်အထိ အကျိုးအမြတ် မရရှိသေးဟု လည်းပြောသည်။
“ကျေးလက်ပြည်သူတွေ အတွက် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုရှိဖို့ ကျနော်တို့ အကောင်းဆုံး ကြိုးစားသွားပါမယ်။ ကျနော်တို့က နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုရဖို့ ကြိုးစားနေတာ ဖြစ်တဲ့ အတွက် ပွင့်လင်း မြင်သာပြီး တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်ဖို့ ကျနော်တို့ အလွန်ဂရုစိုက်ပါတယ်။ ကျနော်တို့က စံပြဖြစ်ဖို့ အစွမ်း ကုန်ကြိုးစားနေပါတယ်” ဟု ဦးဇော်ဇော်က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Saw Yan Naing ၏ At a Southern Plantation, Laments for Lost Land ကို နိုင်မင်းသွင် ဘာသာပြန်သည်)