နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းအစိုးရ၏ ဖိတ်ကြားချက်ဖြင့် ဇွန်လ ၂၃ ရက်တွင် ထိုင်းနိုင်ငံကို သွားရောက်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ၌ ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်း မြန်မာ နိုင်ငံသားများ၏ တွေ့ကြုံခံစားနေကြရသည့် အခက်အခဲ ဒုက္ခများကိုလည်း ကြားသိရဖွယ် ရှိနေသည်။
သုံးရက်ကြာ ခရီးစဉ်အတွင်း ထိုင်းအစိုးရ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်ဖြစ်သကဲ့သို့ မြန်မာ အလုပ်သမားများ၊ စစ်ပြေး ဒုက္ခသည်များနှင့် ထိုင်းတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် သွားရောက် တွေ့ဆုံရန် ရှိသည်ဟု ဆို သည်။
ထိုင်းအစိုးရက ယခုခရီးစဉ်ကို ကြိုတင်ပြင်ဆင်ထားပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် အထူး တင်းကျပ်ထားမည်ဟုလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တလျှောက် ထိုင်းအစိုးရလသတင်း မီဒီယာများကိုသာ ဦးစားပေး သတင်းယူခွင့် ပြုမည် ဖြစ်ပြီး ထိုင်းပုဂ္ဂလိက သတင်းမီဒီယာများနှင့် နိုင်ငံတကာ သတင်းမီဒီယာများ၏ သတင်းယူခွင့်ကို တင်းကျပ်မည်ဟု အသိ ပေးထားသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထိုင်းခရီးစဉ်၌ မြန်မာ အလုပ်သမားများနှင့် တွေ့ဆုံမည်ဆိုသည့် အစီအစဉ်ကို ကြားခဲ့စဉ် ကတည်းက ရွှေ့ပြောင်းအလုပ်သမားများ၊ အလုပ်သမားအရေး ဆောင်ရွက်သူများအကြား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် စိတ်လှုပ်ရှားနေကြကြောင်း ပြောဆိုကြသည်။
ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသရှိ ငါးသေတ္တာစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် ကိုမျိုးမင်းထွန်းက “ကျနော်တို့က မရ ရတဲ့ နည်းနဲ့ သွားကြိုမှာ၊ သူငယ်ချင်းတွေနဲ့ ပြင်ဆင်ထားပြီးပြီ။ ကျနော်တို့ အခက်အခဲတွေကို တင်ပြခွင့်မရှိခဲ့ရင်တောင် ကျနော် တို့လို အနှိမ်ခံ အလုပ်သမားတွေကို ဂရုတစိုက်လာတွေတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ဟာ မြန်မာဆိုတာ ထိုင်းလူမျိုးတွေကို သိစေ ချင်တယ်”ဟု စိတ်အားထက်သန်စွာဖြင့် ဧရာဝတီကို ပြောသည်။
ထိုသို့တွေ့ဆုံချိန်တွင် ထိုင်းနိုင်ငံ၌ လက်တွေ့ တွေ့ကြုံခံစားနေကြရသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရတို့၏ အလုပ်သမားအရေးဆိုင်ရာ မူဝါဒအားနည်းချက် စသည့် အခက်အခဲ ဒုက္ခများကို အမေ တယောက်အား အားကိုးတကြီးဖြင့် ဝိုင်းဝန်း တိုင်းတန်းသကဲ့သို့ နှုတ်ဖြင့်တဖုံ စာဖြင့်တမျိုး တိုင်တန်းကြရန် ပြင်ဆင်နေကြ ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများက ပြောဆိုကြသည်။
၎င်းတို့ ခံစားနေကြရသည့် အခက်အခဲဒုက္ခများ၊ သောကများနှင့် အနိုင်ကျင့်ခံရမှုများကို ဒေါ်အောင်ဆန်းစုကြည်က ဖယ်ရှား ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြကြောင်းလည်း အလုပ်သမားများက ဆိုသည်။
မဟာချိုင်ရှိ ကြက်သားစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမ တဦးဖြစ်သူ မဌေးဌေး ကလည်း “နှစ်နိုင်ငံ အစိုးရတွေရဲ့ အလုပ်သမားဆိုင်ရာ မူဝါဒတွေက အလုပ်ရှင်နဲ့ ပွဲစားတွေ၊ ရုံးဌာနဆိုင်ရာ ကောင်းစားရေးတွေပဲ ဖြစ်နေ တယ်။ MOU နဲ့လာတဲ့လူတွေလည်း ခံရတာပဲ။ ယာယီပတ်စ်ပို့၊ အခုပန်းရောင်ကတ်အထိ ကျမတို့ အလုပ်သမားတွေပဲ ခံနေရတာ။ ကျမတို့အလုပ်လုပ်တာ သူတို့အတွက် ဖြစ်နေတယ်။ ဒီကြားထဲ အလုပ်ရှင်တွေရဲ့ခေါင်းပုံဖြတ်ခံရတာတွေ ရှိ တယ်။ ဒါတွေကို အမေစုနဲ့တွေ့တဲ့အခါ ကျမတို့က တင်ပြမှာပါ”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် အရပ်သားဘဝဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မေလ ကုန် ပိုင်း က ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သေးသည်။
ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအလုပ်သမား သိန်းနှင့်ချီ အလုပ်လုပ်ကိုင်နေကြသည့် မဟာချိုင်ဒေသသို့ သွားရောက်ခဲ့ရာ အလုပ်သမားများကလည်း ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့သဖြင့် ထိုင်းသတင်း မီဒီယာ များကပင် တအံ့တသြ ဖြစ်ခဲ့ရကြောင်း ရေးသား တင်ဆက်ကြသည်ကို တွေ့ရသည်။
အလုပ်သမားများက ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ရဲ့ ရွှေ့ပြောင်း အလုပ်သမားတွေတင် မကဘူး။ အလုပ်သမားအားလုံးရဲ့ အခွင့်အရေးတွေကို တတ်နိုင်သမျှ ဥပဒေဘောင် အတွင်းကနေ ကာကွယ်စောင့်ရှောက်မယ်။ ဒီလိုကာကွယ် စောင့်ရှောက်တဲ့နေရာမှာ စနစ်တကျနဲ့ အေးအေးချမ်းချမ်းပဲ လုပ်စေချင်တယ်”ဟု ပြန်လည်ပြောဆိုခဲ့သည့်အပေါ် အလုပ်သမားများက ကျေနပ် ပီတိဖြစ်ခဲ့ရသည်ဟု ပြန်လည် ပြောဆို ကြသည်။
ထို့နောက် ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာတွင် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက သတ်မှတ် ထား သည့် လုပ်အားခ လစာ အတိုင်းပေးရန် ဒေါ်အောင်ဆန်းစုကြည်က ဖိအားပေး တိုက်တွန်းခဲ့သည်ဟုလည်း ကြားသိ ရ သည်။
ယခုတခေါက် ထိုင်းနိုင်ငံသို့ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ် တဦးအနေဖြင့် ရောက်ရှိလာမည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် သည် မြန်မာအလုပ်သမားများ အခွင့်အရေးနှင့်ပတ်သက်ပြီး ယခင်တခေါက် ခရီးစဉ်ထက်ပို၍ ထိုင်းအစိုးရအပေါ် ဖိအား ပေးမှုများ ပြုလုပ်သွားလိမ့်မည်ဟု မြန်မာ အလုပ်သမားများက မျှော်လင့်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယခုတခေါက် ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရောက်ခြင်း စမွတ်စခွန် ခရိုင်ရှိ မြန်မာ အလုပ်သမားများနှင့် ပထမဆုံး သွားရောက်တွေ့ဆုံမည်ဟု သတင်း ထုတ်ပြန်ထားသည်။
စမွတ်စခွန် ခရိုင်ရှိ လူ ၅၀၀ ဆံ့ ခန်းမတခုတွင် မြန်မာအလုပ်သမားများ၊ အလုပ်သမားအရေး ဆောင်ရွက်နေကြသူများ နှင့် တွေ့ဆုံပြီး ကြုံတွေ့နေရသည့် အခက်အခဲများကို အပြန်အလှန် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများက မြန်မာ အလုပ်သမားများ၏ ထိုင်းနိုင်ငံ အတွင်း နေထိုင် လုပ်ကိုင်ခွင့် အထောက်အထားများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်ပေးရေး၊ အလုပ်ရှင်က အလုပ်သမားများ အပေါ် ခေါင်းပုံဖြတ်မှုများ လျှော့ချရေးတို့ကို အဓိကတင်ပြသွားမည်ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ဧရာဝတီကို ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီတခေါက်ခရီးစဉ်ဟာ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တဦးအနေနဲ့ လာတာဖြစ်လို့ အရင်တခေါက် ထက် ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အားလည်းကိုးပါတယ်။ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေကို စာနဲ့လည်း တင်ပြသွားဖို့ ရှိပါတယ်”ဟုလည်း ဦးအောင်ကျော်က ပြောဆိုသည်။
လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) အဖွဲ့ တာဝန်ခံ ဒေါ်အေးမာချိုကလည်း “အမေစုကို ရွှေ့ပြောင်း အလုပ် သမားတွေရဲ့ စာသင်ကျောင်းလေးကို လည်ပတ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အဲဒီမှာက အလုပ်သမားတွေရဲ့ သားသမီး ၄၀၀ လောက် ကျောင်းတက်နေကြပါတယ်။ အမေစု တခေါက်လောက် ဝင်ကြည့်လိုက်ရင် နောက်ဆို ထိုင်းရဲတွေလည်း လာလာ မရစ်ရဲတော့ဘူး”ဟု ဧရာဝတီကို ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)က ဒေါ်အောင်ဆန်းစုကြည်အား ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း အပါအဝင် ထိုင်းနိုင်ငံ ဒေသအသီးသီးတွင် ရောင်းစားခံနေရသည့် မြန်မာနိုင်ငံသားများအရေး၊ အိမ်ဖော်အလုပ်သမားများ အလုပ် နား ရက် ရရှိရေးနှင့် အလုပ်သမား အခွင့်အရေး တန်းတူရရှိရေး ကိစ္စရပ်များကို တင်ပြသွားမည်ဖြစ်သည်ဟု MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းကလည်း ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရန် ကြိုးပမ်းနေသူများတွင် ဘန်ကောက်မြို့ဝန်းကျင်မှ မြန်မာအလုပ်သမားများ သာမက ထိုင်းနိုင်ငံအတွင်း နယ်ခရိုင်အများစုတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများလည်း တွေ့ဆုံ နိုင် ရန် ကြိုးပမ်းနေကြကြောင်းနှင့် ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို ကိုယ်တိုင်ရှင်းပြလိုကြသည်ဟု ပြောဆိုကြ သည်။
သို့သော် ထိုင်းနိုင်ငံ နယ်ခရိုင်များရှိ မြန်မာအလုပ်သမား အများစုသည် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရကြမည် မဟုတ်ပေ။
မြန်မာအလုပ်သမားတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံလိုသည့် ဆန္ဒပြင်းပြနေကြသော်လည်း အများစုသည် တွေ့ခွင့် ရရန် မလွယ်ကူသည့် အခြေအနေတွင် ရှိသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသာ အလုပ်သမား စုစုပေါင်း ၃ သန်းခန့်ရှိပြီး တဝက်လောက်သည် နေထိုင်ခွင့် အထောက် အထား အပြည့်အစုံရှိသူများ ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရရှိကြသူ အများစုသည် လုပ်ငန်းခွင်များက ခွင့်ပြုချက်မရသူများ၊ ပန်းရောင်ကတ်ပြား ကိုင်ဆောင်ထားသူများ ဖြစ်ကြသည်။
ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ကတ်ပြား ကိုင်ဆောင်ထားသူများသည် ခရီးသွားလာခွင့် နယ်မြေ အကန့်အသတ် ရှိနေပြီး အလုပ်အကိုင်ပြောင်းရွှေ့ လုပ်ကိုင်ရန်လည်း အခက်အခဲရှိနေသူများ ဖြစ်ကြသည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့စမွီခရိုင် လိပ်ကျွန်းရှိ ဆိုင်ကယ်အငှားဆိုင်တွင် အလုပ်လုပ်ကိုင်နေသော ကိုသန်းဇော်ဦးက “အမေစုကို အပြင်မှာတွေ့ရမှာဆိုတော့ တော်တော် စိတ်လှုပ်ရှားပါတယ်။ ဒါပေမယ့် ကျနော့် အလုပ်ရှင်က ခွင့်မပြုတဲ့ အတွက် ကျနော် သွားခွင့်မရဘူး။ သွားခွင့်ရခဲ့မယ်ဆိုရင် ကျနော်တို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ရှင်းပြချင်ပါတယ်။ အမေစုနဲ့ တွေ့ခွင့်ရဖို့ ကျနော် နောက်ဆုံးအချိန်အထိ ကြိုးစားကြည့်ဦးမှာပါ”ဟု ဧရာဝတီကို ပြောပြသည်။
အလားတူ ထိုင်းနိုင်ငံ ခိုလမြို့နယ်ရှိ ကြက်သားစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် ကိုသွင်ငြိမ်းကလည်း “ကျနော်က တော်တော် သွားချင်တာ။ ကိုင်ထားတာက ပန်းရောင်ကတ်ဆိုတော့ ကျနော်သွားလို့မရဘူး ဖြစ်နေတယ်။ တော်တော်ကို စိတ်မကောင်း ဖြစ်တယ်။ သတင်းကြားကြားခြင်းတုန်းက သွားကြိုဖို့စိတ်ကူးတာ။ ဒေါ်အောင်ဆန်းစုကြည် ပြောမယ့် မိန့်ခွန်း တွေ၊ ဆုံးမစကားတွေကို နားထောင်ချင်တာ။ အခုတော့ အဲဒီအခွင့်အရေးကို ကျနော်ဆုံးရှုံးသွားပြီ”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်အတွင်း ဒုတိယမြောက်နေ့တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနရုံး၌ ဆွေးနွေးခြင်းနှင့် မိန့်ခွန်း ပြောမည်ဖြစ်ပြီး ထိုင်းတက္ကသိုလ်ကျောင်းသားများကိုလည်း “Myanmar, ASEAN and The World: The Way Forward ” ခေါင်းစဉ်ဖြင့် ဟောပြောမည်ဟု သတင်းထုတ်ပြန်ထားသည်။
ထို့နောက် ထိုင်းအစိုးရရုံးတွင် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ သဘောတူစာချုပ် တချို့ကို ချုပ်ဆို သွားရန် ရှိကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ခရီးစဉ် တတိယမြောက်နေ့တွင် ရတ်ချ်ဘူရီ ခရိုင်ရှိ ထမ်ဟင်း ဒုက္ခသည်စခန်းကို သွားရောက်၍ မြန်မာနိုင်ငံသား စစ်ဘေး ရှောင် ဒုက္ခသည်များနှင့် သွားရောက်တွေ့ဆုံ အားပေးစကားပြောမည် ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်အပေါ် မြန်မာ အလုပ်သမားများ၊ မြန်မာ ဒုက္ခသည်များက မျှော်လင့်တကြီး စောင့်မျှော် ကြိုဆိုနေကြသကဲ့သို့ ထိုင်းစစ်တပ်၏ အာဏာသိမ်း အုပ်ချုပ်မှုအောက်ကို ရောက်ရှိနေကြသည့် ထိုင်းပြည်သူ များကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ချက် ရှိနေကြကြောင်း ပြောဆိုသည်။
ထိုင်းပြည်သူများက ဒေါ်အောင်ဆန်းစုကြည်အား နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင်၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်ဟု သိရှိ မှတ်ယူ ထားကြပြီး စစ်အာဏာရှင် အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီအရေး ရုန်းကန်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့အပေါ် စာနာသည့် မိန့်ခွန်းစကား ဘယ်လိုပြောဆိုမလဲဆိုသည်ကို စောင့်မျှော်နေကြသည်ဟု ထိုင်းသတင်းစာများက လည်း ရေးသား ဖော်ပြနေကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်အတွင်း မြန်မာ အလုပ်သမားနှင့် ပတ်သက်၍ ကြားလာရမည့် အကြောင်းအရာများ သည် အခက်အခဲ သောကသံများသာ အများဆုံးဖြစ်နိုင်ပြီး သူ့ကို မျှော်လင့်တကြီး စောင့်ကြိုနေကြသူများ၏ မျှော်လင့်ချက် များစွာကို မည်မျှအထိ ဖြေရှင်းနိုင်မည်လဲ ဆိုသည်ကိုတော့ စောင့်ကြည့်ရမည် ဖြစ်ပါသည်။ ။