အီတလီနိုင်ငံသား ပန်းပုပညာရှင် မိုက်ကယ် အိန်ဂျယ်လိုရဲ့ နာမည်ကျော် အဆိုအမိန့်တခုက “ကျောက်တုံးထဲမှာ အရုပ်က ရှိပြီးသား။ ကျနော်က မလိုတာတွေ ခွာချပေးလိုက်ရုံပဲ” တဲ့။ အီတလီနိုင်ငံ၊ ရောမမြို့က ထင်ရှားတဲ့ ကျောက်တုံး ပန်းပုပေါင်းများစွာကို မိုက်ကယ် အိန်ဂျလိုက အနုပညာလက်ရာမြောက်စွာ ထုဆစ်ခဲ့တာပါ။
မန္တလေး ကျောက်ဆစ်တန်းမှာလည်း ခေတ်သစ် မိုက်ကယ် အိန်ဂျလိုတွေ ရှိနေတယ်။ မန္တလေးမြို့ ၊ မဟာမြတ်မုနိ ဘုရားကြီး တောင်ဘက် စစ်ကိုင်း-မန္တလေး လမ်းတလျှောက်မှာ ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်ကြသူတွေရဲ့ ကျောက်ဆစ်တန်း ရပ်ကွက် တည်ရှိတယ်။ အဲဒီမှာ ကျောက်တုံး အရွယ်အစားစုံကို ဖြတ်တောက်၊ ထုဆစ်၊ ပုံဖော်နေတာကို တွေ့နိုင်တယ်။
ဆောက်ဖြတ်သံ၊ တူထုသံ၊ ကော်ပတ်စားသံ၊ ကျောက်စက်တိုက်သံတွေ တဒီဒီကြားနေရတဲ့ နေရာလည်းဖြစ်တယ်။ ဘုရား ဆင်းတုတော် အရွယ်အစားအမျိုးမျိုး၊ မုဒြာ အမျိုးမျိုး၊ ကွမ်ရင်မယ်တော် စတဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ဆိုင်တာတွေလည်း ထုဆစ်ကြတယ်။
ကျောက်စာအရွယ်စုံ၊ မြင်းစီးကျောက်ရုပ်၊ ခြင်္သေရုပ်နဲ့ ခြူးရုပ် စတဲ့ ကျောက်ပန်းပုမျိုးစုံကို ကျောက်ဆစ် လုပ်သားတွေက ကျွမ်းကျင်ရာအလိုက် ထုဆစ်နေတာဖြစ်တယ်။ ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်ကြသူတွေထဲ အမျိုးသမီး၊ အမျိုးသား အသက်အရွယ် စုံလင်တယ်။
ကျောက်ဆစ် လုပ်ငန်းမှာသုံးတဲ့ ကျောက်တုံးတွေက မန္တလေးမြို့ရဲ့ မြောက်ဘက် မိုင် ၃၀ ကျော်အကွာမှာရှိတဲ့ မတ္တရာမြို့နယ်၊ စကျင်တောင်က ထွက်ရှိတဲ့ စကျင်ကျောက်တွေကို ထုဆစ်နေကြတာ ဖြစ်ပါတယ်။ စကျင်ကျောက်နဲ့ ထုဆစ်ထားတဲ့ ပန်းပုရုပ် အမျိုးမျိုးက ပြည်တွင်းနေရာ အနှံ့သာမက ပြည်ပနိုင်ငံတချို့အထိ ရောက်ရှိနေပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်အထိ ရောက်ရှိပါတယ်။
ကျောက်ဆစ်လုပ်ငန်းက မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးမှာ ပန်းတမော့ လုပ်ငန်းအဖြစ် ထင်ရှားတယ်။ ရှေးနှစ်ပေါင်း များစွာကတည်းက ပန်းတမော့ လုပ်ငန်းဆိုတာ မြန်မာနိုင်ငံမှာ ထွန်းကားခဲ့တယ်။ ပုဂံခေတ်က ရာဇကုမာရ ကျောက်စာနဲ့ ပုဂံစေတီတွေမှာ ထည့်သွင်းခဲ့ကြတဲ့ ကျောက်ထွင်းပန်းပု (ပန်းတမော့) တွေက ထင်ရှားတဲ့ သာဓက ဖြစ်ပါတယ်။ (ပုဂံခေတ် ကျောက်ထွင်းပန်းပုတွေက သဲကျောက်တွေကို ထုဆစ်ထားတာ ဖြစ်ပါတယ်။)
ကျောက်ဆစ်တန်းမှာ ရှိတဲ့ မုဒိတာ ပန်းတမော့ လုပ်ငန်းမှာ ပုဂံခေတ် နံရံဆေးပန်းချီထဲက ပုံစံအတိုင်း မြတ်စွာဘုရားရဲ့ ဖွား၊ ပွင့်၊ ဟော၊ စံ တွေကို ထုဆစ်နေကြပါတယ်။
“ဒီပုံတွေ ထုဆစ်နိုင်ဖို့ ပုံထုတ်တာ ၃ လကြာတယ်။ တမ္ပဝတီဆရာ ဦးဝင်းမောင် ထုတ်ပေးထားတာ။ ပုံတွေ မထုဆစ်ခင် မိုလ် အရင်လောင်းပြီး စိတ်တိုင်းကျမှ ထုဆစ်ကြရတာ” လို့ ကိုမင်းသူက ပြောတယ်။ ဒီကျောက်ဆစ် ပန်းပုတွေကို စစ်ကိုင်းတောင်ရိုးအနီးက သီတဂူဆရာတော်ကြီးရဲ့ ဝိပဿနာ အကယ်ဒမီမှာ ထားရှိ အပူဇော်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကိုမင်းသူက မန္တလေး ပန်းချီပန်းပု ကျောင်းဆင်းတယောက်ဖြစ်ပြီး ကျောင်းပြီးတဲ့နောက် မိဘလက်ငုတ်လက်ရင်း ကျောက်ဆစ် လုပ်ငန်းထဲ ဝင်ရောက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ကိုမင်းသူ အနေနဲ့ ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်လာတာ ဆယ်စုနှစ်တိုင်ခဲ့ပါပြီ။
ကျောက်ဆစ်လုပ်ငန်းမှာ ယခင်က လက်နဲ့သာ ထုဆစ်မှုများခဲ့ပေမယ့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ တရုတ်နိုင်ငံက လာတဲ့ စက်ကိရိယာတွေနဲ့ တွင်တွင်ကျယ်ကျယ် ထုဆစ်လာကြပါတယ်။
အမရပူရ တောင်လေးလုံး ကျောင်းတိုက်အတွင်းက သူဌေးဘုရားရင်ပြင်မှာ ဟံသာဝတီ ဦးဝင်းတင်၊ ဆရာ မြသန်းတင့်၊ ဆရာ တင်မိုး၊ ဆရာ ကြည်အောင် စတဲ့ ထင်ရှားတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ အမှတ်တရ ကျောက်တိုင်တွေ စိုက်ထူထားပါတယ်။
ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကျောက်ထွင်းပန်းပုရုပ်ကို ဆရာဝတ်နေကျ ရှပ်အကျႌအပြာရောင်နဲ့ မျက်မှန်တပ်ထားတဲ့ ကိုယ် တပိုင်းပုံ ထုဆစ်ထားပါတယ်။ စကျင်ကျောက်သား အဖြူရောင်ပေါ်မှာ အပြာရောင် ပါလာအောင် ဘယ်လို ထုဆစ်ထားသလဲလို့ ကိုယ်တိုင်ထုဆစ်ခဲ့တဲ့ ကိုမင်းသူကို မေးခွန်းထုတ်မိတယ်။
“ကျောက်ထွင်းပန်းပုမှာ ပြာချင်လို့ ဆေးအပြာသုတ်လို့ မရဘူး။ ဆေးအပြာသုတ်ခဲ့ရင် တနှစ်လောက်ပဲ ခံမယ်။ တာရာဇို
အပြာရောင် သေချာထည့်ပြီး လုပ်ခဲ့တာကြောင့် မပဲ့မချင်း ခံသွားပြီ” လို့ သူက ပြောပါတယ်။
ကျောက်ဆစ်လုပ်ငန်းမှာ ပန်းပုထုဆစ်တဲ့အခါ မပဲ့မရွဲ့အောင် သတိကြီးကြီးထားပြီး လုပ်ကိုင်ကြရကြောင်း၊ ဆင်းတုတော်တွေ အများစုကို စကျင်တောင်မှာ ပုံကြမ်းအဆင့် ထုဆစ်ခဲ့ပြီး ကျောက်ဆစ်တန်း ရောက်မှသာ အချောကိုင်ကြကြောင်း သိရပါတယ်။
လမ်းခရီး ကွာဝေးတာကြောင့် မတော်တဆ ပဲ့မှာစိုးတဲ့အတွက် အချောသပ်လုပ်ငန်းကို ကျောက်ဆစ်တန်းရောက်မှ လုပ်ကြတာဖြစ်ပါတယ်။ ပဲ့ရင် ကော်နဲ့ကပ်ဖို့ မလွယ်ကူပါဘူး။ အခုနောက်ပိုင်း အဆင့်မြင့်တဲ့ ကော်တွေ တရုတ်နိုင်ငံက ဝင်လာတာရှိပေမယ့် ၄၊ ၅ နှစ်သာခံပြီး ပြန်ပြီး ကွာကျတာတွေ ရှိပါတယ်။
ပြည်မကြီးက တရုတ်ကုန်သည်တချို့ စိတ်ကြိုက် အရုပ်ပြပြီး အော်ဒါမှာတာ ရှိပေမယ့် ပညာရှင်ကြေး ထိုက်ထိုက်တန်တန် မရတာလည်း ရှိကြောင်း သိရတယ်။ ၂ ပေလောက်အမြင့်ရှိတဲ့ ရုပ်တုတခုအတွက် ပြည်တွင်းက ပန်းတမော့ ပညာရှင်က (သယ်ယူစရိတ် + ပစ္စည်းဖိုး+ လက်ခ) ကျပ် ၂ သိန်းလောက်သာ ရရှိကြတယ်။
အချောသပ် လက်ရာကိုတော့ ပြည်မကြီးရောက်မှ အဲဒီမှာရှိတဲ့ ကျွမ်းကျင်ပညာရှင်နဲ့ အချောကိုင်ကြတာ ဖြစ်ပါတယ်။ အချောကိုင်ပြီးရင်၂ သိန်းတန် ပန်းပုက ကျပ်သိန်း ၂၀ လောက်အထိ ဈေးမြင့်သွားကြောင်း သိရပါတယ်။
ကျောက်ဆစ် ပညာရှင်တဦးက “အခုတော့ ပြည်မကြီးက ကုန်သည်တွေက ရုပ်လုံးပေါ်ရုံလောက်ပဲ အကြမ်းထည် အပ်ကြတော့တယ်။ ဟိုရောက်မှ သူတို့ ပညာရှင်နဲ့ အချောကိုင်ကြတယ်။ ဒီမှာက ဈေးမပေးတော့ လက်ရာ မကောင်း၊ လက်ရာ မသေသပ်တော့ ဈေးမရ ဖြစ်ပြီး သံသရာ လည်နေကြတာ။ သူတို့ဆီမှာတော့ စက်ကိရိယာပိုင်းရော လက်ရာ အသေးစိတ်တာရော၊ ဈေးရော ပြည်တွင်းမှာထက် အများကြီးသာတယ်” လို့ လက်ရှိ ကျောက်ဆစ်လုပ်ငန်း အခြေအနေကို တွက်ဆပြပါတယ်။
ကျောက်ဆစ် လုပ်ငန်းအတွက် လုပ်ငန်းစဉ်တိုင်းမှာ သူ့နေရာနဲ့သူ အရေးပါတယ်။ စကျင်တောင်က ကျောက်ထုတ်ပါပြီ ဆိုကတည်းက ကျောက်ထုတ်ပညာရှင်က တောင်ပေါ်တက်ကြည့်ရတယ်။ ဘယ်အရွယ်အစား ထုတ်မယ်။ ဘယ်နေရာက ဖဲ့ချမယ်ဆိုတာ တွက်ရတယ်။ တောင်ပေါ်က ဖဲ့လာတဲ့ ကျောက်ကို ကျောက်ထုတ် ပညာရှင်တွေက ‘လေးဘက်ကျ’ ထုဆစ်ရပြန်တယ်။ (လေးဘက်ကျ ဆိုတာ ဈေးကွက်လိုအပ်ချက်ရှိတဲ့ လေးထောင့် ကုဗတုံးအရွယ်ဖြစ်အောင် ထုဆစ်တာကို ခေါ်တာပါ)
စကျင်တောင်ခြေမှာ အကြမ်းထည် ထုဆစ်တဲ့အခါရှိသလို ကျောက်ဆစ်တန်းရောက်မှ ထုဆစ်ကြတာလည်း ရှိပါတယ်။ တရုတ်ကုန်သည်တချို့ စကျင်တောင်အထိ သွားပြီး စကျင်ကျောက်တုံးတွေ အရိုင်းတုံးအတိုင်း ဝယ်ယူနေကြတာလည်း ရှိပါတယ်။ ၂၀၁၂ ခုနှစ်ဝန်းကျင်မှာ ဘာမျှ မထုဆစ်ရသေးတဲ့ စကျင်ကျောက်တုံး အရိုင်းတွေ ကားကြီးကားငယ်နဲ့ အဝယ်များခဲ့ပြီး အခုနောက်ပိုင်းမှာ အဝယ် အနည်းငယ် အေးသွားကြောင်း သိရပါတယ်။
စကျင်တောင်က ထွက်တဲ့ စကျင်ကျောက်နဲ့ ထုလုပ်ပူဇော်ထားတဲ့ ကျောက်ဆင်းတုတွေ မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိပါတယ်။ ပြင်ဦးလွင်က ပြည်ချစ်ဘုရား (တရုတ်ပြည် တင်ပို့ဖို့ သွားစဉ် ပွဲကောက် ရေတံခွန်အနီးမှာ ကားပေါ်က ပြုတ်ကျလို့ ကရိန်းနဲ့ ပင့်ပြီး အပူဇော်ခံထားတဲ့ဘုရား)၊ မန္တလေး ဧရာဝတီမြစ်ကမ်းအနီး ချော်ဆိပ် ရပ်ကွက်မှာ မြစ်အတွင်းက ဆယ်ယူရရှိခဲ့တဲ့ ပေါ်တော်မူဘုရား ငါးဆူ၊ မန္တလေး တောင်ခြေမှာရှိတဲ့ မန္တလေးမြို့တည် နန်းတည် မဟာလောက မာရဇိန် ကျောက်တော်ကြီးဘုရား၊ ရန်ကုန်မြို့ မင်းဓမ္မကုန်းတော်မှာရှိတဲ့ ကျောက်တော်ကြီးဘုရား (နဝတခေတ်မှာ စကျင်တောင်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဒေသစာရီကြွ ချီခဲ့တဲ့ဘုရား) စတဲ့ ဆင်းတုတော်ကြီးတွေက စကျင်ကျောက်နဲ့ ထုဆစ်ထားတာဖြစ်ပါတယ်။
စကျင်ကျောက် ဆင်းတုတော်တွေကို ဉာဏ်တော် တထွာ တမိုက်အမြင့်ကနေ ၁၈ ပေနီးပါး ဉာဏ်တော်အမြင့် အထိရှိတဲ့ ရုပ်ပွားတော်တွေကို မုဒြာအမျိုးမျိုးနဲ့ ကျောက်ဆစ် ပညာရှင်တွေ ထုဆစ်နေကြတာ ဖြစ်တယ်။
ပန်းတမော့ လုပ်ငန်းတွေဆိုတာ အရင်က မန္တလေးမြို့မှာသာ အများဆုံး လုပ်ကိုင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ မြို့ကြီးတချို့မှာ လုပ်ကိုင်လာကြတာတွေ ရှိပါတယ်။ ကျောက်ဆစ် ပညာရှင်တွေရဲ့ ပန်းတမော့ လုပ်ငန်းတွေက ဆက်လက် ဦးမော့နေဦးမှာ ဖြစ်ပါတယ်။