ကျမ၏ ဦးလေးဖြစ်သူ စဝ်ကျောက်ဝ်မိန်း အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ် မြို့တွင် ဧပြီလ ၁၀ ရက်နေ့က ကွယ်လွန်သွားခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၅ နှစ်အရွယ် ရှိပြီး ၁၈၇၄ ခုနှစ်မှ ၁၉၃၅ ခုနှစ်အထိ ကျိုင်းတုံမြို့ကို အုပ်ချုပ်ခဲ့သော စော်ဘွားကြီး စဝ်ကွမ်ကျောက်ဝ်၏ နောက်ဆုံး အသက်ရှင်ကျန်ရစ်သော သားဖြစ်သည်။
မွေးချင်း ၁၉ ယောက်အနက် ၁၈ ယောက်မြောက်ဖြစ်သော စဝ်ကျောက်ဝ်မိန်းသည် ကြွယ်ဝချမ်းသာမှု သို့မဟုတ် အာဏာကို အနည်းငယ်မျှသာ အမွေဆက်ခံနိုင်ခဲ့ပြီး သူ၏ ကွယ်လွန်မှုမှာလည်း သတင်းတပုဒ် မဖြစ်ခဲ့ပါ။ သို့သော်လည်း ကြင်နာတတ်၍ ကိုယ်ကျင့်တရား ကောင်းမွန်သည့် အမျိုးသားတယောက်ဖြစ်သော၊ ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာ သိမ်းပြီးနောက် မတရားဖိနှိပ်မှုများ ခံစားခဲ့ရကာ တိုင်းပြည်မှ ထွက်ခွာသွားခဲ့ရသော သူ့ဇာတ်ကြောင်းကို ပြန်ပြောပြဖို့တော့ ထိုက်တန်ခဲ့ပါသည်။ အနည်းဆုံးအနေဖြင့် မဝေးသေးသော အတိတ်က ရှမ်းပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိခဲ့သည်ကို အမှတ်ရစေရန်အတွက် စဝ်ကျောက်ဝ်မိန်း၏ ဘဝဇာတ်ကြောင်းကို ပြန်ပြောပြသင့်ပါသည်။
စဝ်ကျောက်ဝ်မိန်း မွေးဖွားခဲ့သော ၁၉၂၀ ခုနှစ် ကာလသည် ကျိုင်းတုံမြို့ အဖွံ့ဖြိုးဆုံး အချိန်ဖြစ်ခဲ့သည်။ ရှမ်းနယ် ၃၃ နယ်တွင် အကြီးဆုံးဖြစ်သော ကျိုင်းတုံမြို့သည် သံလွင်မြစ် ဧရိယာတလျှောက် အများဆုံး နေရာယူထားပြီး ကြွယ်ဝချမ်းသာမှု၏ အဓိက အရင်းအမြစ်မှာ ဘိန်းဖြစ်ပါသည်။ ထိုအချိန်က ဘိန်းကို ဥပဒေအရ တားမြစ်တားခြင်းမရှိပါ။ သူ၏ ဖခင်ဖြစ်သူ စော်ဘွားကြီးက ခမ်းနားကြီးကျယ်စွာဖြင့် မဟာရာဂျာ ပုံစံ ဟော်နန်းတွင် ဇနီး ၆ ဦးနှင့်အတူ နေထိုင်ပါသည်။ မြန်မာနိုင်ငံကို ဗြိတိသျှတို့က တိုက်ခိုက် သိမ်းပိုက်ခဲ့သော်လည်း တခြား ရှမ်းစော်ဘွားများ ကဲ့သို့ပင် သူ၏ကိုယ်ပိုင်နယ်ကို ဆက်လက် အုပ်ချုပ်ခွင့် ရထားခဲ့ပါသည်။
စော်ဘွားကြီး စဝ်ကွမ်ကျောက်ဝ်၏ တတိယ ဇနီးဖြစ်သူ နန်းဘိုသီလောင်ဝ်က စဝ်ကျောက်ဝ်မိန်းကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ကျိုင်းတုံမြို့ရှိ အမေရိကန် နှစ်ခြင်းသာသနာပြုကျောင်းတွင် တက်ရောက်ခဲ့ပြီးနောက် ၂ နှစ်ကြာအောင် ကိုရင် ဝတ်ခဲ့ပြီး မိခင်ဘာသာစကားဖြစ်သော Tai Khuen (ထိုင်းမြောက် ဘာသာစကားနှင့် ဆင်တူသော) ကို အရေး အဖတ် သင်ကြားခဲ့ပါသည်။ တောင်ကြီးမြို့ရှိ ရှမ်းစော်ဘွားများ၏ သားသမီးများ အတွက် ဖွင့်လှစ်ထားသော ကျောင်းတွင်လည်း တက်ရောက် သင်ကြားခဲ့သည်။
စော်ဘွားမိသားစုမှ မွေးချင်းများ ယှဉ်ပြိုင်မှုတွင် ဝမ်းနည်း ကြေကွဲစရာများလည်း ရှိခဲ့သည်။ သူ၏ အစ်ကိုအကြီးဆုံး ဖြစ်သော စပ်ဝ်ကောင်တိုင်း နန်းတက်ပြီး မကြာမီ ၁၉၃၇ ခုနှစ်တွင် ဝမ်းကွဲတယောက်၏ လုပ်ကြံခြင်းကို ခဲ့ရသည်။ ထို့နောက် အသတ်ခံခဲ့ရသော စော်ဘွား၏ အသက် ၁၀ နှစ်အရွယ်ရှိ သားဖြစ်သူ စဝ်စိုင်းလောဝ်က ကျိုင်းတုံမြို၏ နောက်ဆုံး စော်ဘွား ဖြစ်လာခဲ့သည်။
ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်များ ကျူးကျော်ဝင်ရောက်ခြင်းနှင့် နောက်ပိုင်းတွင် ကျိုင်းတုံကို ထိုင်းက သိမ်းပိုက်ခဲ့ခြင်းများကို စဝ်ကျောက်ဝ်မိန်း တွေ့ကြုံဖြတ်သန်းခဲ့ရသည်။ ၁၉၄၃ ခုနှစ်တွင် သဘောတူညီချက် တခုအရ ကျိုင်းတုံမြို့ကို ဂျပန်က ထိုင်းလက်သို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းဗိုလ်ချုပ်ကြီး Phibulsongkram ၏ အမိန့်အရ ထိုင်းလူမျိုးများက ရှမ်းများကို ခေတ်မီလာစေရန် အကြီးအကျယ် အားထုတ်ခဲ့သည့် အကြောင်းများ ဦးလေး ပြန်ပြောပြနေသည်ကို ကျမမှတ်မိနေပါသေးသည်။
“သူတို့က ငါတို့ကို ဘုရားကျောင်းမှာ ဖိနပ်စီးခိုင်းတယ်။ ငါ့ညီမတွေလည်း ဆံပင်တွေဖြတ်ခိုင်းပြီး ကောက်ခဲ့ရတယ်။ နောက်ပြီး စကတ်တွေ ဝတ်ခိုင်းတယ်။ လူတွေ ကွမ်းစားတာကို ရပ်ဖို့အတွက်လည်း ကွမ်းပင်တွေကို ခုတ်ပစ်တယ်” ဟု သူက ပြောပြသည်။
စစ်ပြီးသွားနောက် ရှမ်းလူမျိုးတို့ မူလအတိုင်း ပြန်နေခဲ့ကြသော်လည်း ထိုင်း ရွံ့မုန်းစိတ်က ကျန်ရှိနေခဲ့ပါသည်။ ပင်လုံ ညီလာခံ မကျင်းပမီ British War Enquiry Commission က ထိုင်းနိုင်ငံ လက်အောက်တွင် နေချင်သလားဟု မေးသောအခါ ကျိုင်းတုံ ခေါင်းဆောင်များက ငြင်းပယ်ခဲ့ကြပါသည်။
စစ်ပြီးခါနီးအချိန်တွင် မောက်မယ်စော်ဘွား မိသားစုမှ စဝ်စိန်မြနှင့် စဝ်ကျောက်ဝ်မိန်း လက်ထပ်ခဲ့ပြီး ရပ်စောက်မြို့ရှိ စက္ကူပြုလုပ်သော ဂျပန်ကုမ္ပဏီတခုတွင် အလုပ်လုပ်ခဲ့သည်။ ရပ်စောက်မြို့ကို မဟာမိတ်တပ်များက စတင် ဗုံးကြဲသောအခါ တောထဲတွင်ပုန်းရန် မိသားစုကို ခေါ်ဆောင်သွားခဲ့ပြီးနောက် ဂျပန်များအား တိုက်ရန် အမေရိကန် (၁၀၁) တပ်ဖွဲ့ နှင့် ဆက်သွယ်ခဲ့သည်။
စစ်ပြီးနောက် စဝ်ကျောက်ဝ်မိန်းသည် တောင်ကြီးမြို့တွင် ဥပဒေပညာ သင်ကြားခဲ့ပြီး ကျိုင်းတုံမြို့၏ ရာဇဝတ် တရားသူကြီး ဖြစ်လာကာ တူဖြစ်သူ စော်ဘွား စဝ်စိုင်းလောဝ်အား စီမံခန့်ခွဲအုပ်ချုပ်ရာတွင် ကူညီခဲ့သည်။ တရုတ်နိုင်ငံတွင် ကွန်မြူနစ်များ ကြီးစိုးလာပြီးနောက် ကူမင်တန်တပ်များ ထောင်နှင့်ချီ၍ ထွက်ပြေးလာသောအခါ ကျိုင်းတုံမြို့၌ ရှုပ်ထွေးသော အခြေအနေများ ပေါ်ပေါက်လာသည်။
ကူမင်တန်တပ်များကို တိုက်ထုတ်ရန် မြန်မာတပ်များ ပထမဆုံး အနေဖြင့် ရောက်ရှိလာကြသည်။ စစ်ဆင်ရေးကို ကိုယ်တိုင် ကြီးကြပ်ရန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် နေဝင်းလည်း ရောက်ရှိလာခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ဗိုလ်ချုပ် နေဝင်း၏ ယာဉ်တန်း တာချီလိတ်မြို့အနီးတွင် ကူမင်တန်တပ်များ၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ် နေဝင်း အနာတရ မဖြစ်ခဲ့သော်လည်း ကျိုင်းတုံ ရောက်သောအခါ သူ့ကို သတိမပေးခဲ့သည့်အတွက် ကျမ၏ ဦးလေးများကို ဒေါသတကြီး အပြစ်တင်ခဲ့သည်။
နောက်တနှစ်ကြာပြီးနောက် ဗိုလ်ချုပ် နေဝင်းက အိမ်စောင့်အစိုးရကို ဦးဆောင်ချိန်တွင် စစ်တပ်၏ တရားမျှတမှု ဆိုသည်ကို စဝ်ကျောက်ဝ်မိန်း စတင် ထိတွေ့ခဲ့ရသည်။ လာရှိုးတွင် ရှိနေစဉ် သူ၏ ၁၃ နှစ်အရွယ် သားဖြစ်သူ စီးလာသော စက်ဘီးကို မြန်မာစစ်တပ်မှ ဂျစ်ကားတစီးက တိုက်မိခဲ့သည့်အတွက် ကလေး၏ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ စဝ်ကျောက်ဝ်မိန်းက လိုင်စင်မရှိဘဲ ထိုကားကို မောင်းလာသော တပ်ကြပ်ကြီးအား တရားစွဲ ချင်သော်လည်း လားရှိုးမှ ရဲအရာရှိတဦး ဖြစ်သော ယောက်ဖဖြစ်သူက စစ်တပ်သည် တို့ထိ၍ မရနိုင်သည့်အရာ ဖြစ်လာနေသည့် အတွက် အချိန် မဖြုန်းရန် တားမြစ်ခဲ့သည်။
စဝ်ကျောက်ဝ်မိန်း ကိုယ်တိုင်လည်း တရားမျှတမှု ရှိအောင် အမြဲတမ်း ကြိုးစားနေထိုင်ခဲ့သည်။ တရားသူကြီးအဖြစ် တာဝန် ထမ်းဆောင်သော ၁၃ နှစ်အတွင်း သေဒဏ် ချမှတ်ခြင်းကို ရှောင်ရှားခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ် နေဝင်းက အာဏာသိမ်းခဲ့ပြီးနောက် ရှမ်းစော်ဘွား မိသားစုများနှင့် အတူ အဖမ်းခံရချိန်၌ ထိုအချက်ကိုပင် အကြောင်းပြု၍ စစ်တပ် တာဝန်ရှိသူများက စဝ်ကျောက်ဝ်မိန်းကို စွဲချက်တင်နိုင်ရန် ကြိုးစားခဲ့ကြသည်။
သူ၏အစ်ကို ၃ ယောက်နှင့် တူဖြစ်သူ စောဘွား စဝ်စိုင်းလောဝ်တို့ အင်းစိန်ထောင်တွင် ၆ နှစ်ကျော် ၇ နှစ် နီးပါး နေခဲ့ရသည်။ စဝ်ကျောက်ဝ်မိန်းကိုမူ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် လူသတ်မှု ၂ မှုတွင် သေဒဏ်ချမှတ်ရန် ပျက်ကွက်ခဲ့ခြင်းကို အကြောင်းပြု၍ အရေးယူနိုင်ရန် တာဝန်ရှိသူများက အမှားရှာဖွေရန် ကြိုးစားနေစဉ်အတွင်း စစ်တပ်က ဖမ်းဆီး ထိန်းသိမ်း အကျဉ်းချထားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့က မှားယွင်းမှုရှိကြောင်း သက်သေ အထောက်အထား မရှာနိုင်ခဲ့ကြပါ။ နောက် ၁ နှစ်ကြာသည့် အချိန်တွင် စဝ်ကျောက်မိန်း ပြန်လွတ်လာခဲ့သည်။ သို့သော်လည်း တခြားစော်ဘွား မိသားစုဝင်များကဲ့သို့ပင် သူ့ကို ကျိုင်းတုံတွင် နေထိုင်ခွင့်မပြုခဲ့ပါ။ ထို့ကြောင့် ဇနီး နှင့် ကလေး ၅ ယောက် တို့ကိုခေါ်၍ တောင်ကြီးသို့ ပြောင်းရွှေ့လာခဲ့ရကာ စားဝတ်နေရေး အတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။ ဇနီးဖြစ်သူက သိုးမွှေးထိုး၍ ဝင်ငွေရအောင် ရှာဖွေစဉ် စဝ်ကျောက်မိန်းက ဦးထုပ်များချုပ်ပြီး ရောင်းရန်အတွက် အပ်ချုပ်စက် အသုံးပြုပုံကို သင်ယူခဲ့သည်။
စဝ်ကျောက်မိန်းသည် သူ၏ဇာတိမြို့ဖြစ်သော ကျိုင်းတုံသို့ နောက်ထပ် ပြန်မရောက်တော့ပါ။ စစ်အာဏာရှင်များက ကျိုင်းတုံ ဟော်နန်းကို ရုံးတရုံးအဖြစ် အသွင်ပြောင်းပစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အပြီးတိုင် ဖြိုဖျက်၍ ထိုနေရာတွင် ဟိုတယ် တခု တည်ဆောက်ခဲ့သည်။ ထိုသို့ ပြုလုပ်ခဲ့ခြင်းကို အများစုက ရိုးရာယဉ်ကျေးမှုအား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု မြင်ကြသည်။
၁၉၉၆ ခုနှစ်က ကျိုင်းတုံမြို့တွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်ကို စစ်အာဏာရှင်များ၏ အရှေ့ပိုင်း ခံတပ်အဖြစ် တည်ထောင်ခဲ့ရာတွင် ပထမဆုံး တိုင်းမှူးမှာ အနာဂတ်တွင် သမ္မတဖြစ်လာသော ဦးသိန်းစိန် ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် စဝ်ကျောက်ဝ်မိန်းနှင့် ဇနီးဖြစ်သူတို့သည် ၎င်းတို့၏ အငယ်ဆုံးသမီးနှင့် အတူနေထိုင်ရန် အင်္ဂလန်သို့ သွားခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံသို့ မည့်သည့်အခါမျှ ပြန်မလာကြတော့ပါ။
စဝ်ကျောက်ဝ်မိန်း အတွက် ကောင်းမှုကုသိုလ် ပြုလုပ်သည့် အခမ်းအနားကို ဇွန်လ ၂၉ နှင့် ၃၀ ရက် တို့တွင် လွန်ခဲ့သော ၈၅ နှစ်ခန့်က သူ ရဟန်းဝတ်ခဲ့ဖူးသော ကျိုင်းတုံမြို့ ရှိ Wat Ho Khoang ကျောင်း၌ ကျင်းပသွားမည်ဖြစ်ပါသည်။
(Shan Herald Agency for News တွင် ဖော်ပြထားသော Pippa Curwen ၏ Obituary of Sao Kiaomurng (1920-2016): From prince to hat-maker ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။)