မြန်မာနိုင်ငံ အနောက်မြောက်ဖက် ချင်းပြည်နယ်ရှိ အိန္ဒိယနယ်စပ်အနီး Leilet အရပ်တွင် နေထိုင်သော Van Biak က နှစ်ပတ်လောက်သာ မိသားစုနှင့် ကွာဝေးခဲ့သည်ကို ပင် မိခင်ဖြစ်သူက နေအိမ်ဝရန်တာတွင် ဖက်ထားရင်း မျက်ရည်ကျသည်။
Van Biak နှင့် သူ၏အမဖြစ်သူ Van Hnem တို့သည် ချင်းပြည်နယ်မှ ဝေးလံခေါင်ဖျားသော ကျေးရွာလေးတွင် အလုပ် အကိုင် အခွင့်အလမ်းနည်းပါးသောကြောင့် စင်ကာပူနိုင်ငံတွင် အိမ်အကူ အဖြစ်လုပ်ကိုင်ရန် ထွက်လာခဲ့ကြသည်။ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ဒေသ ဖြစ်ပြီး လူဦးရေ ၇၃ ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်းပါးမှုနှုန်းအောက်တွင် ရှိနေကြသည်။
Van Biak နှင့် Van Hnem ညီအစ်မနှစ်ယောက်မှာ နိုင်ငံခြားသို့ အိမ်အကူသွားလုပ်ရာတွင် အဆင်မပြေသော သတင်းများ ကိုလည်း ကြားသိထားခဲ့ပါသည်။ ဆော်ဒီအာရေဗျတွင် အိမ်အကူ သွားရောက်လုပ်ကိုင်သော Leilet မှ တခြားအမျိုးသမီး တယောက်သည် လုပ်အားခ သို့မဟုတ် ပြန်လာရန် မျှော်လင့်ချက် မရှိဘဲ ၆ နှစ်ကြာ အလုပ်လုပ်ခဲ့ရသည်။ ထိုသို့ ဖြစ်ရပ်က သီးခြားဖြစ်ရပ်တခုလည်း မဟုတ်ပါ။
အလုပ်သမားများ မတရားခံရသည့် ဖြစ်ရပ်များ မြင့်တက်လာသောကြောင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် အစိုးရက အမျိုးသမီးများ အိမ်အကူ သွားရောက်လုပ်ကိုင်ရန်အတွက် နိုင်ငံခြားထွက်ခွာခြင်းကို ယာယီ တားမြစ်ခဲ့သည်။
သို့သော်လည်း နိုင်ငံတွင်း စီးပွားရေး အခွင့်အလမ်းနည်းပါးခြင်းကြောင့် အိမ်တွင်းလုပ်သား အဖြစ် အလုပ်လုပ်ရန် နိုင်ငံခြား သို့ ထွက်ခွာသော အမျိုးသမီးအရေအတွက်မှာ လျော့ကျမသွားဘဲ တရားမဝင်သွားရောက်ခြင်းများ ပိုများလာသည့် အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသစ်အား ထိုတားမြစ်ချက်ကို ပယ်ဖျက်ပေးရန် တောင်းဆိုမှုများ ရှိလာသည်။
“ကျမ မိသားစုကို ထောက်ပံ့ဖို့ နိုင်ငံခြားမှာ အလုပ်ကြိုးစားလုပ်ပြီး အခက်အခဲတွေကိုလည်း ရင်ဆိုင်ဖို့ အဆင်သင့်ပါပဲ”ဟု အသက် ၁၅ နှစ်အရွယ် Van Biak ကပြောသည်။ သို့သော်လည်း နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် အသက်ငယ်နေသေးသည့် အတွက် အိမ်ပြန်ခဲ့ရသည်။
Leilet မှ အခြားမိန်းကလေး ၆ ဦးနှင့်အတူ စင်ကာပူနိုင်ငံတွင် အလုပ်သွားလုပ်မည့် အသက် ၁၈ နှစ်အရွယ် Van Hnem သည် မြန်မာနိုင်ငံမှ တလလျှင် အနည်းဆုံးလစာ ဒေါ်လာ ၆၇ နှင့် နှိုင်းယှဉ်၍ တလလျှင် အမေရိကန်ဒေါ်လာ ၃၇၀ ရရှိမည့် အခွင့်အရေးဖြင့် သွေးဆောင်ဖြားယောင်းခံခဲ့ရသည်။
“သူတို့ကို ကျွန်တွေလို ခိုင်းမှာကို ကျမ အရမ်းစိုးရိမ်ခဲ့တယ်”ဟု သူတို့၏ မိခင်က ပြောသည်။ လက်ရှိ အချိန်တွင် နိုင်ငံခြားသို့ တရားမဝင်အလုပ် သွားလုပ်နေသော သမီးများ၏ မိဘအားလုံးကလည်း ထိုသို့ပင် စိုးရိမ်နေကြသည်။
အစိုးရ၏ တားမြစ်လိုက်ခြင်းက အမျိုးသမီးများ မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက်လုပ်ကိုင်ခြင်းကို ရပ်တန့်သွားရန် မဆောင်ရွက်နိုင်သည်သာမက ခေါင်းပုံဖြတ်ခြင်းနှင့် ကျွန်ပြုခြင်းတို့ကဲ့သို့ အန္တရာယ်များ ရှိနေသော မှောင်ခိုဈေးကွက်သို့ အမျိုးသမီးများအား တွန်းပို့သလို ဖြစ်သွားကြောင်း ရွေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးကို ကာကွယ်ရန် စင်ကာပူနိုင်ငံတွင် တည်ထောင်ထားသော အဖွဲ့အစည်းတခု ဖြစ်သည့် Humanitarian Organisation for Migration Economics (HOME) က ဆိုသည်။
အလုပ်အတွက် ကြွေးပိခြင်း
ထိုတားမြစ်ချက်ကို စတင်အကောင်အထည်ဖော်သည့် အချိန်မှစ၍ နိုင်ငံခြားတွင် အလုပ်ရရှိရေး သေချာစေရန် အလုပ်သမားများက ပေးရသော ငွေကြေးပမာဏမှာ မြင့်တက်လာခဲ့သည်။ ယင်းတားမြစ်ချက်ကို တိမ်းရှောင်ရန် လိုအပ်သည့် လာဘ်ထိုးမှုများ ပြုလုပ်ရသောကြောင့် ဖြစ်သည်။ အလုပ်သမားများအနေဖြင့် သူတို့၏ အကြွေးများ ကျေသည့်အချိန် ရောက်မှသာ ပိုက်ဆံကို စ၍ မြင်ခွင့်ရကြသည်။
ထို့အပြင် အဆိုပါ အလုပ်သမားများက အလည်အပတ်ပုံစံမျိုးဖြင့် နိုင်ငံမှ ထွက်ခွာလာလေ့ရှိသည့်အတွက် ၎င်းတို့ကို အလုပ်သမားဥပဒေ သို့မဟုတ် ရွေ့ပြောင်းနေထိုင်သူဥပဒေများဖြင့် အကာကွယ်ပေး၍ မရပါ။
HOME မှ အမှုဆောင် ဒါရိုက်တာ Jolovan Wham က စင်ကာပူနိုင်ငံတွင် မြန်မာ အိမ်အကူအရေအတွက်မှာ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ၅၀ ရာခိုင်နှုန်း တိုးလာပြီး လက်ရှိတွင် အိမ်အကူဦးရေ ၃၀၀၀၀ ရှိကြောင်း ပြောသည်။ အစိုးရ၏ တားမြစ်ချက်က မထိရောက်ကြောင်း သက်သေ အထောက်အထားတခု ဖြစ်သည်။
“ကံမကောင်းတာကလည်း စင်ကာပူ အလုပ်ရှင်အများစုကလည်း မြန်မာ အိမ်အကူတွေကိုပဲ ခေါ်ပေးဖို့ တောင်းဆိုကြ တယ်။ ဘာလို့လည်းဆိုတော့ သူတို့က လုပ်အားခလည်း သက်သာပြီးတော့ များသောအားဖြင့် လိုက်လိုက်လျောလျော နေတတ်ကြတယ်” ဟု Jolovan Wham က Thomson Reuters Foundation ကိုပြောသည်။
စင်ကာပူတွင် အိမ်အကူတယောက်အဖြစ် တရားဝင် လုပ်ကိုင်နေသော Sian Men Mawi သည် အကျိုးအမြတ် များပြားသည့် အလုပ်တခု ရမည်ဟူသော ကတိဖြင့် တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ရန် သွေးဆောင်ဖြားယောင်းခံခဲ့ရသည်။ ထို့နောက် Guangzhou သို့ အလည်အပတ်ဗီဇာဖြင့် ရောက်ရှိသွားခဲ့သည်။
အသက် ၂၆ နှစ်အရွယ် Sian Men Mawi က သူ့ကို အေးဂျင့်က ကျွန်ပြုခြင်းခံခဲ့ရကြောင်း၊ ထိုအေးဂျင့်မှာ မြန်မာ အမျိုးသမီး အများအပြား နေအိမ်အသီးသီးတွင် ခွဲ၍ တံခါးပိတ်ထားပြီး မတူညီသော အလုပ်ခွင်များတွင် လှည့်ပတ်လုပ်ကိုင်စေ၍ ရရှိလာသော လုပ်အားခများကို ချုပ်ကိုင်ထားကာ အကြွေးများကျေရန်ကိုလည်း မည်သည့်အခါမှ ခွင့်မပြုခဲ့ကြောင်း ပြောသည်။
“အဲဒီအေးဂျင့်က အခြားသူတွေကိုရော အခုလိုပဲ ခေါင်းပုံဖြတ်နေတာလား ဆိုတာတော့ ကျမတို့လည်းမသိဘူး” ဟု Sian Men Mawi က ချင်းပြည်နယ် Zawgnte ရွာရှိ မိခင်ဖြစ်သူနေအိမ်တွင် ပြောပြသည်။
Sian Men Mawi ထွက်ပြေးရန် စီစဉ်နိုင်ခဲ့ပြီး လမ်းတလျောက်ရှိ စစ်ဆေးရေးဂိတ်များတွင် စောင့်ကြပ်နေသော ရဲများကိုလည်း ရှောင်တိမ်းခဲ့ကာ မြန်မာနိုင်ငံသို့ ဘတ်စ်ကားဖြင့် ပြန်လာခဲ့သည်။
“အေးဂျင့်တွေကြောင့် ကျမတို့ ဒုက္ခရောက်ပါတယ်။ ကျမတို့မှာ တရားဝင် နိုင်ငံကူးလက်မှတ်တွေ အလုပ်ပါမစ်တွေ မရှိတဲ့အတွက် ဘာမှလုပ်လို့မရပါဘူး။ အေးဂျင့်တွေက ပြောတာကိုပဲ ကျမတို့လုပ်ရတယ်”ဟု Sian Men Mawi က ပြောသည်။
Thomson Reuters Foundation က Guangzhouမြို့မှ Sian Men Mawi ၏ အေးဂျင့် ဖြစ်သူ “မယ်လိုဒီ”နှင့်လည်း တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ အကြွေးဆပ်သည့် အနေဖြင့် သူ့အတွက် ၆ လ အလုပ်လုပ်ပေးရန် သတ်မှတ်ထားကြောင်း သူက ဝန်ခံခဲ့သော်လည်း အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
“တကယ်လို့ အလုပ်ရှင်တွေက သူတို့ကို မကြိုက်ဘူးဆိုရင် ကျမက လူစားပြန်လဲပေးရတယ်”ဟု သူက ထပ်တလဲလဲ ပြောသည်။ အေးဂျင့်က သူ၏ နာမည် အပြည့်အစုံကို မပြောခဲ့ပါ။
မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) က မြန်မာနိုင်ငံ နယ်စပ်များ တလျောက်တွင် ပြည်တွင်းလုပ်သားများ၏ လှုပ်ရှားမှုကို စောင့်ကြည့်ရန် တာဝန်ရှိသူများအတွက် ခက်ခဲလာကြောင်း၊ အဘယ်ကြောင့်ဆိုသော် လူကုန်ကူးခံရသူများ၏ ပတ်ဝန်းကျင်၌် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများနေရာတွင် လူကုန်ကူးသူများ အစားဝင်လာခဲ့သောကြောင့် ဖြစ်ကြောင်း ပြောသည်။ တခါတရံတွင် လူကုန်ကူးသူများသည် သားကောင်ဖြစ်ရသူများ၏ လူမှုအသိုင်းအဝိုင်းထဲမှ ဖြစ်နေလေ့ရှိသည်ဟုလည်း သိရသည်။
“ချင်းနဲ့ ကရင်ပြည်နယ်က မိန်းကလေးတွေကို လူကုန်ကူးခံရတာကို ခြေရာခံလိုက်ဖို့ ခက်ပါတယ်။ ဘာလို့လည်းဆိုတော့ လူကုန်ကူးတဲ့ထဲမှာ သူတို့ ဘုရားကျောင်းကလူတွေ ပါဝင်နေတတ်လို့ပါ”ဟု MOEAF ဒုဌက္ကဌ ဦးဝင်းထွန်းက ပြောသည်။
ယမန်နှစ်က မြန်မာနိုင်ငံတွင် လူကုန်ကူးမှု ၁၃၀ ရှိခဲ့ပြီး စုစုပေါင်း လူဦးရေ ၆၄၁ ဦး လူကုန်ကူးခံခဲ့ရသည်။ ချင်းပြည်နယ်သည် မည့်သည့်အမှုကိစ္စများကိုမျှ မှတ်တမ်းတင်မထားသော မြန်မာနိုင်ငံ၏ တခုတည်းသော ဒေသဖြစ်သည်။
ချင်းပြည်နယ်တွင် လူကုန်ကူးမှု ကာကွယ်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ ရုံးခွဲလည်း မရှိပေ။ Thomson Reuters Foundation က အနီးဆုံးဖြစ်သော စစ်ကိုင်းတိုင်း ကလေးမြို့ရှိ စခန်းသို့ ဆက်သွယ်ခဲ့သော်လည်း ၎င်းတို့၏ အိမ်နီးချင်းပြည်နယ်၌ လက်ရှိ ဖြစ်ပွားသော လူကုန်ကူးမှုများအပေါ် မှတ်ချက်မပေးနိုင်ခဲ့ပါ။
၂၀၁၅ ခုနှစ် ဟောင်ကောင်တွင် MOEAF က အလုပ်အကိုင်အေဂျင်စီ ၁၂ ခုနှင့် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ် ရေးထိုးခဲ့သည်။ ဟောင်ကောင်က MOEAF ၏ စံချိန်စံနှုန်းများနှင့်အညီ မြန်မာလုပ်သားများကို ဆက်ဆံရန် သဘောတူညီခဲ့ပြီး အလားတူ သဘောတူညီမှုမျိုးကိုလည်း အခြားနိုင်ငံများတွင် အကောင်အထည် ဖော်ချင်နေသည်။
“ဒီသဘောတူညီချက်တွေက မိန်းကလေးတွေအတွက် အန္တရာယ်ကျရောက်မှု နည်းစေမှာပါ။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ အိမ်ရှင်နိုင်ငံတွေမှာ သူတို့ရဲ့ အလုပ်သမားအခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ သေချာအောင် ကျနော်တို့ က သေချာအောင်လုပ်ပေးနိုင်လို့ ဖြစ်ပါတယ်။ နိုင်ငံခြားရောက်နေတဲ့သူတွေရဲ့ သတင်းအချက်အလက်တွေကို ယူမယ်။ ပြီးတော့ ဒုက္ခရောက်နေတဲ့ ဘယ်သူ့ကိုမဆို အကူအညီပေးနိုင်ပါလိမ့်မယ်” ဟု ဦးဝင်းထွန်းက ပြောသည်။
“ဒါပေမဲ့ အရင်အစိုးရကတော့ သူတို့နဲ့ ပတ်သက်လို့ ဘာမှ မသိချင်ခဲ့ပါဘူး” ဟု ဦးဝင်းထွန်းကပြောသည်။
အာဏာလွဲပြောင်းရယူခဲ့သော ဧပြီလကစ၍ MOEAF က အစိုးရသစ်အဖွဲ့ဝင်များနှင့် ၂ ကြိမ်တွေ့ဆုံခဲ့သည်။ အလုပ်သမား ဌာနက Thomson Reuters Foundation သို့ မှတ်ချက်ပေးရန် ညင်းဆန်ခဲ့သော်လည်း လွှတ်တော်ကော်မတီတခုက ထိုတားမြစ်ချက်ကို ပယ်ဖျက်ပေးရန် သင့်မသင့် စဉ်းစားနေကြောင်း သိရသည်။
“ကျနော်တို့ အစိုးရသစ်ရဲ့ ခွင့်ပြုမိန့်ကို စောင့်နေတာပါ။ စင်ကာပူ၊ ဟောင်ကောင်၊ မကာအို နဲ့ ဂျပန် အပါအဝင် လစာ ကောင်းပြီး လုပ်ငန်းခွင်အခြေအနေ ကောင်းတယ်လို့ ကျနော်တို့ သိထားတဲ့ နိုင်ငံတွေနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ် ထိုးဖို့ ကျနော်တို့ဘက်က အဆင်သင့်ပါပဲ”ဟု ဦးဝင်းထွန်းကပြောသည်။
သို့သော်လည်း ထိုသို့ ခွင့်ပြုသည့်တိုင် ချင်းပြည်နယ်နှင့် မြန်မာနိုင်ငံတလွှားမှ ထောင်ပေါင်းများစွာသော အမျိုးသမီးများက အိမ်တွင်းအလုပ်သမားများအဖြစ် တရားမဝင် လမ်းကြောင်းများမှ တဆင့် အလုပ်ရှာဖွေပြီး ကျွန်ပြုခံရခြင်း၊ လူကုန်ကူး ခံရ ခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်း စသည့် အန္တရာယ်များသို့ သူတို့ကိုယ်တိုင် တိုးဝင်မိခြင်းများ ဆက်လက်ဖြစ်ပွားမည်ကို တက်ကြွလှုပ်ရှားသူများက စိုးရိမ်နေကြရသည်။
Van Biak ကလည်း “ကျမအသက်ပြည့်တဲ့အခါ နောက်တခါထပ်သွားမယ်” ဟု ပြောပါသည်။
( Thomson Reuters Foundation မှ Katie Arnold ၏ From village to victim, Myanmar women fear ban on working as foreign maids puts them at risk ကို ဘာသာပြန်ဆိုသည်)