ဆောင်းပါး

ဗိုလ်ချုပ်အောင်ဆန်း ကျင့်သုံးခဲ့သော အစဉ်အလာနှင့် ထိုင်း-မြန်မာ ဆက်ဆံရေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

“ကျနော်တို့ အနာဂတ်နဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ အပြန်အလှန် အကျိုးစီးပွားနဲ့ အတိတ်အတွေ့အကြုံအရ အတူတကွ ရပ်တည်သင့်တယ်။ ကျနော်တို့ကြားမှာ မည်သည့် နားလည်မှုလွဲမှားခြင်း အတွက်မျှ အချိန်မရှိစေဘဲ ကျနော်တို့ နှစ်နိုင်ငံကြားမှာ ပိုမိုကောင်းမွန်နီးကပ်တဲ့ ဆက်ဆံရေး ထူထောင်ဖို့ မည့််သည့် အားထုတ်မှုကိုမျှ ချန်လှပ်မထားသင့်ဘူး။ အဲဒီလို ဆက်ဆံရေးကို ရင်းနှီးတဲ့ ပုံမှန် ထိတွေ့မှုတွေနဲ့သာ ထိန်းသိမ်းထားနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

၁၉၄၇ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းက ရန်ကုန်တွင် ဖရာရာ အနူမန်ရာဂျဟွန် ဦးဆောင်သည့် ထိုင်းကိုယ်စားလှယ် အဖွဲ့ကို ထိုသို့ ပြောကြားခဲ့သည်။ ထိုစဉ်က ဆိုင်ယမ်နှင့် ဘားမားဟုခေါ်သော နှစ်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေး မရှိကြပေ။ သို့သော် နှစ်နိုင်ငံရှိ ဘာသာရေး ကိုယ်စားလှယ်များနှင့် ပညာရှင်များမှာမူ မကြာခဏ ထိတွေ့ဆက်ဆံမှု ရှိကြသည်။

မကြာသေးမီက ထိုင်းနိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ်တခုလုံးတွင် အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ဆယ်စုနှစ် ၇ ခုနီးပါးက ထုတ်ဖော်ပြောကြားခဲ့သည့် ဖခင်ဖြစ်သူ၏ ထိုင်း-မြန်မာ ဆက်ဆံရေး အမြင်ကို ဆက်လက် ပဲ့တင်ထပ်ခဲ့သည်။ မဟာချိုင်တွင် ခရီးတထောက် ရပ်နားစဉ် နိုင်ငံခြာရေး ဝန်ကြီးဌာနတွင် အထူး ဟောပြော ပို့ချမှုတခု ပြုလုပ်ခဲ့သည်။ အစိုးရအိမ်တော် နှစ်နိုင်ငံဆွေးပွဲနှင့် သတင်းရှင်းလင်းပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်နိုင်ငံ ဆက်ဆံရေး လက်ရှိ အခြေအနေကို ယခင်မကြုံဖူးသော အခြေအနေဟု ပြုံးပြုံးရွှင်ရွှင်ပြောပြီး သက်တောင့်သက်သာ ရှိလှသည်။

သူ၏ အထူးပို့ချချက်တွင် နိုင်ငံတော်အကြံပေး ပုဂ္ဂိုလ်သည် အနာဂတ်တွင် ပိုမိုငြိမ်းချမ်းပြီး တရားဥပဒေအခြေပြု ကြွယ်ဝသော လူ့အဖွဲ့အစည်း ထူထောင်ရာတွင် လူငယ်များ၏ အခန်းကဏ္ဏ အကြောင်း ပြောသည်။ မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိင်သော ကိစ္စများကိုလည်း ဆွေးနွေးသည်။

အာဆီယံ အနေအထားအရ ဆိုပါက ဒေသတွင်းနှင့် မြန်မာ ကျောင်းသားများအား နိုးကြားစေသော မိန့်ခွန်းတခု ပြောခွင့်ပေးခြင်းမှာ မကြုံစဖူး ထူးခြားသော အခါသမယ ဖြစ်သည်။ ပုံမှန်အားဖြင့် အာဆီယံမှ လာရောက်လည်ပတ်သော ဂုဏ်သရေရှိ ဧည့်သည်တော်များသည် စီးပွားရေး အသိုင်းအဝန်းကိုသာ မိန့်ခွန်းပြောကြပြီး လူငယ်များကို မပြောကြပေ။ ဤအချက်သည် အာစီယံတွင် လမ်းကြောင်သစ်တခုကို စတင်ပေးလိုက်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် ဤဒေသတွင်း ခရီးစဉ်များအတွင်း ငယ်ရွယ်သော အာဆီယံ ကျောင်းသားများနှင့် တွေဆုံပြောကြားခွင့် ရရှိခဲ့သည်။

ပူးတွဲသတင်း စာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက နှစ်ပေါင်း ၇၀၀ ကြာ နယ်ပယ် အသီးသီးတွင် အပြန်အလှန် အကျိုးစီးပွားဖြင့် နက်ရှိုင်းစွာ ယှက်နွှယ်နေသာ ဆက်ဆံရေးကို ဖွင့်ဆိုရန်အတွက် မြန်မာနိုင်ငံကို သဘာဝတရားက ပေးသေ ာပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် ဟန်ဆွန် သမာချတ် အဖြစ် သရုပ်ဖော်သည်။ မြန်မာ၏ လုံခြုံရေးနှင့် ကြွယ်ဝချမ်းသာရေးသည် ထိုင်း၏ လုံခြုံရေးနှင့် ကြွယ်ဝချမ်းသာရေး ဖြစ်သည်ဟုပင် သူက ဆိုလိုက်ပါသေးသည်။

ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏ ဆိုးရွားလှသော ကံကြမ္မာကို များစွာ အာရုံစူးစိုက်ခဲ့သည်မှာလည်း အထင်အရှားပင် ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း ၎င်းတို့၏ အခက်အခဲများနှင့် သွေးစုပ်ခံရမှု ဇာတ်လမ်းများသည် နိုင်ငံတကာ သတင်းခေါင်းကြီးများတွင် လွှမ်းမိုးနေခဲ့ပြီး နိုင်ငံ၏ ဂုဏ်သိက္ခာကို မှိန်သွားစေခဲ့သည်။ ပိုမိုဆိုးရွားသည်မှာ နိုင်ငံခြား အစိုးရများသည် ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခြင်းကို ထိုင်းနိုင်ငံက တာဝန်ယူရမည်ဟု ယူဆပြီး အရေးယူ ပိတ်ဆို့မှုများဖြင့် ခြိမ်းခြောက်ကြသည်။

သို့သော် ရွှေ့ပြောင်းလုပ်သားများ၏ အခြေအနေမှာ လူကုန်ကူးမှုနှင့် ကျွန်ပြုလုပ်အားကို တိုက်ဖျက်ရန် လက်ရှိ အစိုးရက ကျင့်သုံးသော လုံးဝသည်းမခံရေး နည်းလမ်းဟုခေါ်သည့် နည်းလမ်းကြောင့် လွန်ခဲ့သော နှစ်နှစ်အတွင်း ပြောင်းလဲနေသည်။ အကျင့်ပျက် အရာရှိများနှင့် ရွှေ့ပြောင်းလုပ်သားများအပေါ် အမြတ်ထုတ်နေသော သြဇာကြီးသော အုပ်စုများကို ဖမ်းဆီးသည်။ ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးများကို ပိုမိုကောာင်းမွန်စွာ ကာကွယ်ရန် ပဝေသဏီက ဥပဒေများကို ပြင်ဆင်ပြီး ဥပဒေသစ်များ ပြဌာန်းသည်။ သို့သော် ဤအားထုတ်မှုများသည် ဆက်လက် လုပ်ဆောင်ရန် လိုအပ်နေသေးသော အားထုတ်မှုများဟု ယူဆကြသည်။

သူ၏ ခရီးစဉ် နောက်ဆုံးနေ့တွင် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ပတ်သက်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ မကြာခဏ ဖြစ်ပွားသော စမွတ်စခွန် ပြည်နယ်မှ အရာရှိတစုကို စွပ်စွဲထားသော ချိုးဖောက်မှုများအတွက် စမ်းကမ်းအရ အရေးယူမှု၊ ဥပဒေအရ အရေးယူမှုများဖြင့် ခြိမ်းခြောက်ပြီး ရုတ်တရက်ပြောင်းရွှေ့ခဲ့သည်။ ၎င်းတို့တွင် ပြည်နယ် အုပ်ချုပ်ရေးမှူး မန်ရက်ရာတာစူခွန် သာမက ပြည်သူ့ဥပဒေအရာရှိများ၊ ရဲများလည်း ပါဝင်သည်။ လွန်ခဲ့သောနှစ်အတွင်း တရားခံ ၁၀၀ နီးပါးကိုလည်း စွဲချက်တင်ခဲ့သည်။

မဟာချိုင်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခြင်းသည် အမေရိကန် ပြည်ထောင်စုက နှစ်စဉ်ထုတ်ပြန်သော လူကုန်ကူးမှုနှင့် တရားမဝင် ငါးခိုးဖမ်းမှု အစီအရင်ခံစာတွင် ဖော်ပြထားသော လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် လုပ်အား ချိုးဖောက်မှုများကြောင့် ကျဆင်းနေသော နိုင်ငံ၏ ဂုဏ်သိက္ခာ တိုးတက်ရေးအတွက် တနည်းမက ထူးခြားသည်။ ဇွန်လ ၃၀ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ထိုင်းနိုင်ငံ အခြေအနေကို ပြန်လည် သုံးသပ်မည်ဖြစ်ပြီး လတ်တလော ကြောက်မက်ဖွယ်အဆင့် ၃ မှ မြှင့်တင်ပေး၊ မပေးကို ဆုံးဖြတ်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားများ၏ လုပ်ငန်းခွင်သို့ သွားရောက်မှုနှင့် ရွှေ့ပြောင်းလုပ်သားများ၏ တုံ့ပြန်မှုများသည် ၎င်းတို့၏ အခြေအနေ အကြီးအကျယ်တိုးတက်မှုကို ပြသသည်။

ရွှေ့ပြောင်းလုပ်သားများကို စောင့်ရှောက်ခြင်းအတွက် သူက ထိုင်းအစိုးရကို ကျေးဇူးတင်ပြီး ကောင်းမွန်စွာ နေထိုင်ရန် ၎င်းတို့ကို တိုက်တွန်းသည်။ ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများသည် အိမ်ရှင်၏ ဧည့်သည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ၎င်းတို့သည် အိမ်ရှင်များသို့ ချစ်ခင်ရိုးသားစွာ ပြုမူသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ ဤအခြေအနေသည် လွန်ခဲ့သော ၄ နှစ် အတိုက်အခံဘဝက အလုပ်သမားများကို ၎င်းတို့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် ပြောခဲ့သော ထိုင်းနိုင်ငံသို့ ပထမအကြိမ် သွားရောက် လည်ပတ်စဉ်ထက် များစွာကွာခြားသော အခြေအနေဖြစ်သည်။

ထိုင်းနိုင်ငံတွင်ရှိစဉ် ဤ အလုပ်သမားများ၏ သာယာဝပြောမှု အထူးသဖြင့် ၎င်းတို့၏ ကျွမ်းကျင်မှု မြှင့်တင်ခြင်းနှင့် စွမ်းရည် တည်ဆောက်မှုတွင် စဉ်ဆက်မပြတ် ပိုမိုတိုးတက်မှုကို ဒေါ်အောင်ဆန်းစုကြည် မြင်လိုသည်မှာလည်း ထင်ရှားလှသည်။ တရားဝင် အတည်မပြုနိုင်သော စာရင်းအရ ရွှေ့ပြောင်းလုပ်သား ၄၊ ၅ သန်းခန့်နှင့် ဒေသ စွန့်ခွာ ထွက်ပြေးရသူများသည် ထိုင်းနိုင်ငံတွင် နေထိုင်နေသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း အလုပ်သမား ၁ ဒသမ ၅ သန်းကို မှတ်ပုံတင်နိုင်ခဲ့ပြီး အလုပ်လုပ်ရန်၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် လူမှုဖူလုံရေး ခံစားခွင့်များ ရရန် ခွင့်ပြုခဲ့သည်။ လာမည့်လများအတွင်း ပိုမို မှတ်ပုံတင်ပေးမည်ဟုလည်း မျှော်လင့်ရသည်။

လွန်ခဲ့သောလက လက်မှတ်ရေးထိုးခဲ့သော နားလည်မှု စာချွန်လွှာနှင့် သဘောတူညီချက် ၃ ခုလုံးသည် မြန်မာ အလုပ်သမားများအတွက် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှု၊ အဆင်ပြေချောမွေ့မှု၊ စွမ်းရည် တည်ဆောက်မှုများနှင့်သာ သီးခြားဆက်စပ်နေသည်။ တနည်းဆိုရပါက ၎င်းတို့သည် ထိုင်းအလုပ်သမား ဥပဒေများ၏ အကာအကွယ်အောက် ရောက်နေပြီ ဖြစ်သည်။ အနာဂတ်တွင် ယခင်နှစ်က ကမ္ဘောဒီယားနှင့် ချုပ်ဆိုသည့် သဘောတူစာချုပ်နှင့် အလားတူသော အလုပ်သမား သဘောတူညီချက်များကို အစိုးရခြင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြုလုပ်မည်ဖြစ်သည်။

နှစ်ဘက် ဆွေးနွေးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မကြာခဏဆိုသလို ဖခင်ဖြစ်သူ၏ ထိုင်း-မြန်မာ ဆက်ဆံရေး အမြင်ကို ထင်ဟပ်ပြသည်။ အထက်တွင် ကိုးကားခဲ့သော သူ့ဖခင်၏ ၁၉၄၇ ခုနှစ် မိန့်ခွန်းတွင် နှစ်နိုင်ငံစလုံးသည် တူညီသော အချက်အများအပြားရှိပြီး၊ အထူးသဖြင့် ယုံကြည်မှုနှင့် ထုံးတမ်းစဉ်လာတွင် တူညီသောအချက် အများအပြားရှိသည်ဟု သူ၏ဖခင်က ပြောခဲ့သည်။ အရေးအကြီးဆုံး အချက်မှာ ဗိုလ်ချုပ် အောင်ဆန်းက ကျွန်ုပ်တို့သည် တဦးနှင့်တဦး လေးစားရန်နှင့် တဦး၏စွမ်းရည်ကို တဦးက လေးစားအားကျရန် လေ့လာရမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

နီးကပ်သော အိမ်နီးချင်းဖြစ်ပြီး ရှည်လျားသော နယ်စပ်ချင်း ထိစပ်မှုရှိသကဲ့သို့ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံလုံးတွင် ခေတ်ကောင်းများနှင့် ခေတ်ဆိုးများ ရှိခဲ့သည်ဟူသော အချက်ကို ဒေါ်အောင်ဆန်းစုကြည်က အလေးထား ပြောဆိုသည်။ ဗုဒ္ဓ၏ တရားတော်ဖြစ်သော မတည်မြဲမှုကို ထောက်ပြပြီး နှစ်ဘက်စလုံးက ဆက်ဆံရေးကို အကောင်းဆုံးဖြစ်အောင် လုပ်ရမည်ဟု သူကပြောသည်။ ပရာရွတ် ကလည်း ချက်ခြင်းတုန့်ပြန်ပြီး ထိုင်းမြန်မာနယ်စပ်မှ ဒေသစွန့်ခွာ ထွက်ပြေးလာသူများ ပြန်လည်ပို့ဆောင်ရေး အပါအဝင် မြန်မာနိုင်ငံ ဘက်စုံတိုးတက်ရေးအတွက် အကူအညီပေးရန် ထိုင်းနိုင်ငံက လုပ်နိုင်သမျှ အစွမ်းကုန်လုပ်မည်ဟု ကတိပြုသည်။ လတ်တလောတွင် မြန်မာ၊ ထိုင်းနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့သည် ဤစီမံချက်အတွက် ပူးပေါင်းဆောင်ရွက်နေသည်။

နောက်အချက်မှာ ထိုင်းက နေပြည်တော်က တောင်းသည့် မည်သည့် အကူအညီမဆို ပေးမည်ဟုဆိုကာ လတ်တလော မြန်မာပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်အပြည်အဝ ထောက်ခံမှု ပြသခြင်းဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ် ၄ ခုလုံးတွင် နယ်စပ်ခွထိုင်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် အဆင်မပြေမှုှနှင့် အနောက်ဘက် အိမ်နီးချင်းအပေါ်မယုံကြည်မှုတို့ကို ဖြစ်စေခဲ့သည်။ ယခုအခါ အရှည်အကြာ ရှိခဲ့သော သံသယတို့မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ထိုင်းနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် နိဂုံးချုပ်သွားပြီ ဖြစ်သည်။

အဆင်ပြေသလို ပေါင်းသင်းဆက်ဆံရေး ခေတ်မှာ ကုန်ဆုံးသွားပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်စုကြည်၏ ခရီးစဉ်အပြီး ပူပူနွေးနွေးတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန် ထိုင်း ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ် (တ်) ဝုန်ဆူဝန်သည် နေပြည်တော်သို့ ရောက်ရှိနေသည်။

ရာစုနှစ်တဝက်ကျော်တွင် ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံလုံးသည် ပိုမိုတည်ငြိမ်ပြီး ကြိုတင်မှန်းဆနိုင်မည့် ပုံမှန်အလုပ်ဖြစ်သော ဆက်ဆံရေးကို စစ်မှန်စွာ စတင်နိုင်ခဲ့ကြသည်။ ရေရှည်တွင် ၎င်းတို့၏ အသစ်တွေ့ရှိသော ယုံကြည်မှုအားထားမှုသည် အရှေ့တောင်အာရှ ကုန်းမြေမ၏ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး ရှုခင်းအပေါ် သက်ရောက်လာမည် ဖြစ်သည်။

(The Nation သတင်းစာတွင် ဖော်ပြထားသော Kavi Chongkittavorn ၏ Suu Kyi revives her father’s appeal for Thai-Myanmar ties ကို မြင့်ဝင်းသိန်း ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading