စစ်အာဏာရှင်စနစ်ကို ခေတ်အဆက်ဆက် တော်လှန်ခဲ့ကြတဲ့ ကျောင်းသားလှုပ်ရှားမှုတွေထဲက မမေ့နိုင်တဲ့ ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်က ကျောင်းသားများ ပစ်ခတ် ဖြိုခွင်း ခံရမှုနဲ့ ၊ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲဖျက်ဆီးခံခဲ့ရမှုဟာ ၅၄ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ရောက်လာခဲ့ပါပြီ။
အဲဒီလို ကျောင်းသားတွေအပေါ် ဖိနှိပ်ပြုကျင့်ခဲ့မှုတွေကို ၅၄ နှစ်တိုင် ကာလအထိ ကြာခဲ့ပြီ ဖြစ်သော်လည်း ဘယ်အစိုးရကမှ တရားခံတွေကို တရားဝင် ဖော်ထုတ်ခဲ့တာ မရှိသလို ဖျက်ဆီးခံခဲ့ရတဲ့ သမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ပေးဖို့ တောင်းဆိုမှုတွေကိုလည်း လျစ်လျူရှုနေခဲ့ပါတယ်။
ကျောင်းသားလှုပ်ရှားမှုတွေရဲ့ ပြယုဂ်၊ သမိုင်းမှန်တွေကို နောင်လာနောက်သား မျိုးဆက်တွေက သိရှိပြီး ဆောင်ရွက်ဖို့ လိုအပ်သလို ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ရှိလာရေးကလည်း နိုင်ငံရဲ့ အစိုးရသစ် အပေါ် မူတည်နေတာ ဖြစ်ပါတယ်။
ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ၁၉၂၇ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှာ ဗြိတိသျှအစိုးရက အုတ်မြစ်ချခဲ့ပြီး ၁၉၂၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ရာ ၁၉၃၀ ခုနှစ် ဇွန်လပိုင်းလောက်မှာ တည်ဆောက်မှု ပြီးစီးခဲ့ပါတယ်။
၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်မှာ စစ်အာဏာရှင် အစိုးရ ဦးနေဝင်းရဲ့ တင်းကျပ်တဲ့ အဆောင်စည်းကမ်း ထုတ်ပြန်မှုတွေအပေါ် ကျောင်းသားတွေက ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြမှုအပြီး ညနေပိုင်းမှာ စစ်ကား ၂ စီး အပြည့်ရှိတဲ့ လက်နက်ကိုင် စစ်သားတွေက တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာရှိတဲ့ ကျောင်းသားမှန်သမျှကို ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။
အဲဒီဖြစ်ရပ်အပြီး ဇူလိုင် ၈ ရက်နေ့ နံနက်ပိုင်းမှာတော့ ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ဦးနေဝင်းအစိုးရ လက်အောက်ခံတွေက ဗုံးခွဲဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ကျောင်းသား သမဂ္ဂ အဆောက်အအုံက နိုင်ငံလွတ်လပ်ရေးရဲ့အခြေတည်ခဲ့နေရာ ဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေကို မွေးဖွားပေးခဲ့ရာ သမိုင်းတန်ဖိုး ဖြတ်မရနိုင်တဲ့ နေရာတခုလို့လည်း ဆိုနိုင်ပါတယ်။
အဲဒီအချိန်က အာဏာသိမ်းခေါင်းဆောင် ဦးနေဝင်းက ဆန္ဒပြကျောင်းသားတွေကို ကွန်မြူနစ်တွေလို့ စွပ်စွဲ ပြောဆိုမှုတွေ ပြုလုပ်ခဲ့သလို ဘောပင်၊ ခဲတံကိုင်ခဲ့သူ ကျောင်းသားတွေအပေါ် “ဓားကို ဓားချင်း၊ လှံကို လှံချင်း ရှင်းမယ်” လို့ ခြိမ်းခြောက်စကားတရပ် အနေနဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တယ်။
အဲဒီပစ်ခတ်မှုတွေအပြီး စစ်အစိုးရအနေနဲ့ သတင်းထုတ်ပြန်ရာမှာလည်း ကျောင်းသား ၁၇ ဦးသာ သေဆုံးကြောင်း ထုတ်ပြန်ခဲ့ပေမယ့် အမှန်တကယ် သေဆုံးခဲ့ရတဲ့ ကျောင်းသားဦးရေ ရာနဲ့ချီ ရှိခဲ့တယ်လို့ ကျောင်းသားမျိုးဆက်တွေက ဆိုပါတယ်။
၁၉၆၃ ခုနှစ် ဇူလိုင်လမှာ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့ ဖျက်ဆီးခံလိုက်ရတဲ့ သမဂ္ဂ အဆောက်အအုံ နေရာမှာ ယာယီတဲထိုးကာ သမဂ္ဂအဆောက်အအုံကို ပြန်လည်တည်ထောင်ခဲ့ပါတယ်။ အရေးခင်းကာလမှာ ကျဆုံးခဲ့ရတဲ့ ကျောင်းသားတွေကို ရည်စူးပြီး ရာကျော်ကျောက်တိုင်ကိုလည်း ဗိုလ်အောင်ကျော် ကျောက်တိုင်အနီးမှာ စိုက်ထူခဲ့ကြပါသေးတယ်။
နောက်ပိုင်း ပြည်တွင်းစစ်တွေ ရပ်စဲရေး ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာချိန်မှာတော့ ကျောင်းတွေပြန်ပိတ်လိုက်ရသလို ယာယီ သမဂ္ဂအဆောက်အအုံနဲ့ ရာကျော်ကျောက်တိုင်လည်း ထပ်မံဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
ဇူလိုင် ၇ ရက်နေ့ ဖြစ်ရပ်မတိုင်မီကလည်း ကျောင်းသားတွေအပေါ် အာဏာရှင်စစ်အစိုးရရဲ့ သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။
၁၉၅၃ ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှာ ရန်ကုန်တက္ကသိုလ်နယ်မြေ အင်းဝကျောင်းဆောင်အနီး ပစ်ခတ်မှု၊ ၁၉၅၆ ခုနှစ် မတ်လအတွင်း ပစ်ခတ်ခဲ့မှုနဲ့ ၁၉၆၀ ပြည့်နှစ်မှာ ပစ်ခတ်ခဲ့မှုတွေ ရှိခဲ့တယ်လို့ ကျောင်းသားလှုပ်ရှား မှုတွေမှာပါဝင်ခဲ့တဲ့ စာရေးဆရာ ဘိုးသိမ်းရဲ့ “ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖောက်ခွဲဖျက်ဆီးမှု တရားခံဘယ်သူလဲ” စာအုပ်မှာ ဖော်ပြထားပါတယ်။
အဲဒီစာအုပ်ထဲမှာ ကျောင်းဝင်းအတွင်း ပစ်ခတ်မှုက တကြိမ်နဲ့ တခြားဖြစ်ရပ်တွေက ကျောင်းဝင်း အပြင်မှာ ဖြစ်ခဲ့ပြီး သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုက အနည်းငယ်သာရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲပြီးချိန်မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က မဲအပြတ် အသတ် အနိုင်ရကာ အစိုးရဖွဲ့နိုင်ခဲ့ပြီဖြစ်တာကြောင့် အစိုးရသစ်တရပ် အနေနဲ့လည်း သမိုင်းဖြစ်ရပ်မှန်တွေကို ဖော်ထုတ်ပေးဖို့ တာဝန်ရှိလာပြီလို့ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတွေက သုံးသပ်ပြောဆိုနေကြပါပြီ။
ကျောင်းသားအဖွဲ့အစည်းတွေက ယခင်အစိုးရအဆက်ဆက်မှာလည်း တောင်းဆိုခဲ့ကြသလို NLD အစိုးရ ကိုလည်း ဇူလိုင် ၇ ရက် တက္ကသိုလ်ကျောင်းဝင်းအတွင်း ပစ်ခတ်ဖြိုခွင်းမှုတွေရဲ့ သမိုင်းမှန်ပေါ်ပေါက်ရေးနဲ့ သမဂ္ဂ အဆောက်အအုံ ပြန်လည်ရရှိရေးကို တောင်းဆိုကြဦးမှာ ဖြစ်ပါတယ်။
လက်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ် က “ဒီဖြစ်ရပ်ရဲ့ တရားခံတွေကို ဖော်ထုတ်ပေးဖို့ တောင်းဆိုနေရတာတွေက လက်စားချေဖို့မဟုတ်ဘူး။ တရားမျှတမှုကို ကျနော်တို့ လိုချင်တာ”လို့ ပြောပါတယ်။
NLD အစိုးရ လက်ထက်မှာတော့ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်မှု အကောင်အထည် ပေါ်လာရေးကို ယုံကြည်မျှော်လင့်ထားတယ်လို့ ကျောင်းသားမျိုးဆက်တွေက ဆိုပါတယ်။
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကိုရဲဇာနည်ထွန်းကလည်း “သမဂ္ဂရဲ့ သမိုင်းမှန်တွေကို စစ်အစိုးရလက်ထက်တလျှောက်လုံး ဖုံးကွယ်ခဲ့တယ်။ ဒီဖြစ်ရပ်တွေကို သင်ခန်းစာယူနိုင်ဖို့နဲ့ နောက်မျိုးဆက်တွေ သိဖို့လိုတယ်။ ဒီအစိုးရလက်ထက်မှာတော့ သမဂ္ဂအဆောက်အအုံ ပြန်လည်ပေါ် ပေါက်လာဖို့ ယုံကြည်ထားတယ်”လို့ ပြောပါတယ်။
ကျောင်းသားသမဂ္ဂတွေရဲ့ လှုပ်ရှားရပ်တည်ခွင့်နဲ့ ပတ်သက်လို့ အသိအမှတ်ပြုတဲ့သဘောသာ ရှိနေပြီး အစိုးရက သမဂ္ဂတွေကို တရားဝင် ရပ်တည်ခွင့်၊ ဖွဲ့စည်းခွင့်တွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးထားတာ မတွေ့ရသေးပါဘူး။
အဲဒီလိုအခြေအနေမှာ အဆောက်အအုံထက် သမဂ္ဂအဖွဲ့အစည်းတွေကို ကျောင်းတိုင်းမှာ တရားဝင်ရပ်တည် ဖွဲ့စည်းခွင့်တွေအတွက် အစိုးရတရပ်အနေနဲ့ ဦးစွာဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ၁၉၆၂ ခုနှစ် ကျောင်းသား အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ရန်ကုန်ခရိုင်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ဦးတင်အောင်က ပြောပါတယ်။
ဦးတင်အောင်က “သမဂ္ဂတွေ တရားဝင်ရပ်တည်ခွင့်ရပြီးမှ အဆောက်အအုံ ဆောက်ဖို့လုပ်တာ ပိုပြီး သဘာဝကျပါတယ်။ ဒီအတွက်လည်း စစ်တပ်ရဲ့ ချုပ်ကိုင်မှုရှိနေသေးတဲ့ အခြေအနေမှာ NLD အစိုးရအနေနဲ့ ရဲရဲတင်းတင်း လုပ်ဖို့ လိုတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တွေရဲ့ ကျောင်းသားတွေအပေါ် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ဖိနှပ်ခဲ့မှုတွေနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖျက်ဆီးခဲ့မှုတွေကို ကျောင်းသားတွေနဲ့ ပြည်သူအများက ယနေ့တိုင် အမှတ်ရနေဆဲပါ။
ကျောင်းသားလှုပ်ရှားမှု သမိုင်းဖြစ်ရပ်မှန်တွေ ဖော်ထုတ်ဖို့နဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပြန်လည်တည်ဆောက်ပေးရေးကို ကျောင်းသားပြည်သူများက မျှော်လင့်နေကြပါတယ်။ ။