နေပြည်တော်၏ အရှေ့တောင်ဘက်မှ အထက်ပေါင်းလောင်းဆည်က ရှမ်းပြည်နယ်တောင်ပိုင်းနှင့် နယ်စပ်အမှတ်အသား ဖြစ်သည့် တောင်ကုန်းများကို ရစ်ခွေ တည်ရှိပြီး ကားဖြင့်သွားလျှင် ၄ နာရီခန့် ကြာမြင့်မည်ဖြစ်သည်။ တချိန်က တောင်ကြား ချိုင့်ဝှမ်းများတွင် တည်ရှိခဲ့သော ကျေးရွာငယ်လေးများက ယခုအချိန်တွင် ကုန်တွင်းပိုင်း ရေပြင်ကျယ်၏ အောက်တွင် နစ်မြုပ်နေပြီ ဖြစ်သည်။ သူတို့ကို အစိုးရက ပြန်လည်နေရာချထားပေးသည့် နေရာသို့ ရောက်ရန် ၂ နာရီကြာ လှေစီးသွားရသည့် ခရီးက အမြန်ဆုံး ဖြစ်ပါသည်။
ရေလှောင်တမံ၏ အလယ်အနီးတွင် ပြန်လည်နေရာချထားခံရသော ပေါင်းလောင်းရွာမှ သက်ကြီးရွယ်အိုများ ဖြစ်ကြသော ဒေါ်တင်သန့်နှင့် ခင်ပွန်းတို့သည် သူတို့၏ ခြေတံရှည် သစ်သားအိမ် ကြမ်းပြင်ထက်တွင် ထိုင်နေကြပါသည်။ သူတို့ ယခင်က နေထိုင်ခဲ့သည့် ထိန်ပင်ကျေးရွာသည် ရေမြုပ်ဧရိယာတွင် ပါဝင်နေကြောင်း အစိုးရက ပြောပြီး၂၀၁၃ ခုနှစ်တွင် အတင်းအကျပ် ရွှေ့ပြောင်းစေခဲ့သည်။
“ကျမတို့ မပြောင်းပေးရင် ကျမတို့အိမ်တွေကို ဘူဒိုဇာနဲ့ ဖျက်ဆီးပစ်မယ်လို့ သူတို့က ပြောတယ်” ဟု ဒေါ်တင်သန့်က ပြန် ပြောပြသည်။ ယခုအခါ သူတို့၏မြေမှာ ရေမျက်နှာပြင်၏အောက် ကိုက် ၄၀ (၃၆ မီတာ) တွင် ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့၏ သားဖြစ်သူ မောင်ငွေက ထိန်ပင်ရွာမှ စပါးစိုက် တောင်သူတယောက်ဖြစ်ပြီး ပြောင်းရွှေ့ခိုင်းခြင်းကို လက်မခံခဲ့ပါ။ လူမရှိတော့သည့် မိသားစုအိမ်တွင် ဆက်လက်နေထိုင်ရင်း သူမြတ်နိုးသော စပါးခင်းများအား တဖြည်းဖြည်းချင်း ရေဖုံး လွှမ်းလာသည်ကို နာရီပေါင်းများစွာ ငေးစိုက်ကြည့်နေခဲ့သည်။
လများစွာကြာပြီးနောက် မောင်ငွေက အရက်နှင့် ပိုးသတ်ဆေးရော သောက်၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်။ ထိုအချိန်တွင် သူ၏ အသက်မှာ ၃၅ နှစ် ဖြစ်သည်။
၂၀၀၆ ခုနှစ်တွင် စတင်ခဲ့သော အထက်ပေါင်းလောင်းဆည် ဆောက်လုပ်စဉ်ကာလအတွင်း စစ်အစိုးရက ကျေးရွာ ၂၃ ရွာမှ လူပေါင်း ၈၀၀၀ ကျော်တို့ကို အတင်းအဓမ္မ ရွှေ့ပြောင်းစေခဲ့သည်။ ပြောင်းရွှေ့ နေထိုင်ကြရသော ထောင်ပေါင်း များစွာသော လူများကြားတွင် ဆင်းရဲနွမ်းပါးမှု၊ ဆာလောင်မှုနှင့် ကိုယ်ကိုကိုယ်အဆုံးစီရင်မှုများလည်း ပေါ်ပေါက်လာ ခဲ့ရသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ၏ သမိုင်းဝင်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထောက်ခံမဲ အပြတ်အသတ်ဖြင့် အနိုင်ရပြီးနောက် နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဆုံး ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံ အရပ်သားအစိုးရအဖြစ် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက် နေ့တွင် အာဏာလွှဲပြောင်းယူနိုင်ခဲ့သည်။
အစိုးရ အပြောင်းအလဲက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နိုင်ငံတွင်းသို့ ပိုမို ဝင်ရောက်ပြီး လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း ဆယ်စုနှစ်များစွာ ရှည်ကြာနေသော ပြည်တွင်း စစ်အပါအဝင် မရေမတွက်နိုင်သော ပြဿနာများနှင့် အတူ အစိုးရသစ်သည် ယခင် အစိုးရများ စီစဉ်ပြုလုပ်ခဲ့သည့် ရေအားလျှပ်စစ်စီမံကိန်း ၄၃ ခုကိုလည်း အမွေဆက်ခံခဲ့ရသည်။
စိတ်ကျရောဂါနှင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုများ
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသော လယ်သမား ကိုမောင်ငွေ၏ မိခင်ဖြစ်သူ ဒေါ်တင်သန့်က သားဖြစ်သူ သေဆုံးရခြင်း အတွက် အစိုးရကို အပြစ်တင်ခဲ့သည်။ “ဒါပေမယ့် သူတို့ကိုလည်း ဘာမှ မပြောရဲဘူး။ ဘာလို့လည်းဆိုတော့ သူတို့က အစိုးရဆိုတော့ ကျမတို့ ပြောလို့မရဘူးလေ”ဟု ပြောသည်။
ပြောင်းရွေ့ခံရသောသူများကြား စိတ်ဓာတ်ကျဆင်းမှုများလည်း ပျံ့နှံ့နေခဲ့သည်။ မြေဆုံးရှုံးခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းက ပေါင်းလောင်းမြစ်ဝှမ်းတွင် နေထိုင်ကြသော လူငယ်များအပေါ် အကြီးအကျယ် သက်ရောက်မှုရှိစေခဲ့သည်။ ၂၀၁၃ ခုနှစ် မှစ၍ ထိန်ပင်ရွာမှ လူငယ်များအနက် ၄ ဦးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပြီး သတ်သေရန် ကြိုးစားခဲ့သူ ၆ ဦးထက်ပိုကာ အချို့မှာ အသက ်၁၈ နှစ် လူငယ်များဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အဆိုအရ သိရသည်။
ဒေါ်တင်သန့်၏ မြေးဖြစ်သူ အသက် ၂၆ နှစ်အရွယ် မနီလာသိန်းသည်လည်း ၂၀၁၅ ခုနှစ် မေလအတွင်းက သူ၏ ဦးလေး ကဲ့သို့ပင် ပိုးသတ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့သေးသော်လည်း အသက်ရှင်ခဲ့သည်။ ထိုသို့ သတ်သေရန် ကြိုးစားပြီးနောက် လူငယ်မိခင် တဦးဖြစ်သူ မနီလာသိန်း တပတ်ကြာ ဆေးရုံ တက်ခဲ့ရသည်။ ပြန်လည် ကျန်းမာလာသည်အထိ တလခန့် အလုပ်လည်း မလုပ်နိုင်ခဲ့ပါ။
မနီလာသိန်းနှင့် ခင်ပွန်းဖြစ်သူတို့က ဆည်မတည်ဆောက်မီက စပါးစိုက်ပျိုးသော လယ်သမားများ ဖြစ်ကြသော်လည်း ယခုအခါ ဝင်ငွေအတွက် စိုက်ခင်းအပေါ်တွင် မှီခိုနေရသည်။ ပေါင်းလောင်းမြစ်ဝှမ်းတွင် နေထိုင်ကြသော အခြား လယ်သမားများကဲ့သို့ပင် သူတို့ကိုလည်း ယခင်အစိုးရက လျော်ကြေးအဖြစ် စပါးစိုက်ရန် မသင့်လျော်သည့် ကျောက်တုံး ထူထပ်သည့် မတ်စောက်သော အမြင့်ပိုင်းနေရာတွင် မြေတကွက်ပေးခဲ့သည်။
“ကျမယောက်ျားက နေ့တိုင်း အရမ်း အလုပ်ကြိုးစားတယ်။ ဒါပေမယ့် ကျမတို့ ကျပ်တည်းနေတုန်းပဲ။ လူငယ်တွေ အကုန်လုံး စိတ်ဓာတ်ကျနေကြတယ်။ ဘာလို့လည်းဆိုတော့ အရင်က ကျမတို့ ပိုင်တဲ့မြေတွေ အကုန်လုံး မရှိတော့ဘူးလေ။ ကျမ ကတော့ ကျမမြေကိုပဲ ပြန်လိုချင်ပါတယ်”ဟု မနီလာသိန်းက ငေးငိုင်လျက် ပြောသည်။
ဆင်းရဲမွဲတေမှုနဲ့ ဆာလောင်မှု
သားဖြစ်သူလည်း မရှိတော့သလို အလုပ်လုပ်ရန် အသက်အရွယ်ကြီးလွန်းနေပြီ ဖြစ်သည့် မနီလာသိန်း၏ အဘိုးအဘွားတို့ က လွန်ခဲ့သော ၃ နှစ် ထိန်ပင်ရွာတွင် ရှိစဉ်က သိုလှောင်စုဆောင်းခဲ့သော ဆန် လက်ကျန် အပေါ်တွင် မှီခိုနေရသည်။ သူတို့ အတွက် ရိက္ခာ ကြာကြာခံစေရန် တနေ့ ၂ ကြိမ်သာ စားကြောင်း ဒေါ်တင်သန့်က ပြောသည်။
“တကယ်လို့ ကျမတို့သားသာ ရှိနေရင် ကျမတို့ ရတဲ့ မြေပေါ်မှာ အလုပ်လုပ်လို့ရတယ်။ ဒါပေမယ့် အခုတော့ ကျမတို့ မလုပ်နိုင်ဘူး။ မလုပ်နိုင်တော့မှတော့ ကျမတို့ သေသွားတာက ပိုကောင်းမယ်”ဟု ဒေါ်တင်သန့်က ပြောသည်။
အစာရေစာ ရှားပါးခြင်းနှင့် ဆင်းရဲနွမ်းပါးမှုက ထိန်ပင်ရွာမှ ပြောင်းရွှေ့လာကြသူများကြား မထူးဆန်းသည့် သာမန် ကိစ္စ တခုဟု လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Physicians for Human Rights (PHR) က ထုတ်ပြန်သော အစီရင်ခံစာ တခုအရ သိရသည်။ PHR သည် မြန်မာနိုင်ငံ အခြေစိုက် အရပ်ဖက်လူမှု အဖွဲ့အစည်းများဖြစ်သော ဒို့မြေကွန်ရက် (LIOH)၊ ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ (KNGY) တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါသည်။
ရေအားလျှပ်စစ် စီမံကိန်းကြောင့် ရွေ့ပြောင်းခံရသည့် အိမ်ထောင်စုပေါင်း ၈၀ နှင့် တွေ့ဆုံမေးမြန်းမှုများကို အခြေခံ ထားသော အဆိုပါ အစီရင်ခံစာတွင် နေရာမပြောင်းရွှေ့မီက ဆင်းရဲနွမ်းပါးမှု စံနှုန်းသတ်မှတ်ချက်အောက်တွင် ရှိသူ ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုအခါ ဆင်းရဲနွမ်းပါးမှု သတ်မှတ်စံနှုန်းများထက် နိမ့်ကျနေသူ ၈၄ ရာခိုင်နှုန်းရှိနေကြောင်း နှိုင်းယှဉ် ဖော်ပြထားသည်။ ရွှေ့ပြောင်းလာခဲ့ရပြီးနောက် ဆင်းရဲနွမ်းပါးမှု တိုးလာခဲ့သည်။ လယ်ယာလုပ်ကိုင်နိုင်သည့် မြေ အကန့်အသတ် ရှိနေခြင်းတို့ကြောင့် အိမ်ထောင်စုများမှာ တနှစ်တွင် ၉ လနီးပါး အစာရေစာ လုံလောက်မှု မရှိခြင်းနှင့် ရင်ဆိုင်နေကြရသည်ဟု PHR ၏ အစီရင်ခံစာက ဆိုသည်။
“နေရာ ရွှေ့ပြောင်းပေးသည့်အခါ နိုင်ငံတကာ စံနှုန်းများအတိုင်း မလိုက်နာဘဲ အင်အားသုံး ရွေပြောင်းခိုင်းခြင်းက လူ့အခွင့် အရေး ချိုးဖောက်မှု ဖြစ်သည်။ ထို့အပြင် ယင်းကနဦး အခွင့်အရေး ချိုးဖောက်မှုများကြောင့် နောက်ပိုင်းတွင် အစားအစာ၊ နေရာ၊ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ အခွင့်အရေး ချိုးဖောက်ခြင်းများ နောက်ဆက်တွဲ ဖြစ်ပေါ်လာသည်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
မျှခံရမယ့် တာဝန်
အတင်းအဓမ္မ ရွေ့ပြောင်းခံရသော ပေါင်းလောင်းမြစ်ဝှမ်းမှ ဒေသခံများနှင့် စပ်လျဉ်း၍ မေးမြန်းရန် အတွက် Al Jazeera သတင်းဌာနက တောင်းဆိုခဲ့သော်လည်း ယခင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန သို့မဟုတ် ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေး ဦးစီးဌာနမှ ကိုယ်စားလှယ် တဦးတယောက်ကမျှ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။
လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၄၀ ထုတ်လုပ်ပေးမည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းက နေပြည်တော်မြို့ အတွက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ကြီးမားသော လွှတ်တော် အဆောက်အဦးများ၊ အဆင့်မြင့် ဟိုတယ်ကြီးများနှင့် လူသူကင်းမဲ့သော ၈ လမ်းသွား အဝေးပြေး လမ်းမကြီးများကြောင့် လူသိများသော နေပြည်တော်ကို ယခင် စစ်အာဏာရှင်များက ငွေကြေးများစွာ အကုန်အကျခံကာ လျှို့ဝှက်ဆောက်လုပ်ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ် မနက်ခင်းတခုတွင် မြန်မာနိုင်ငံ၏ မြို့တော်အသစ် ဖြစ်လာခဲ့သည်။
ပေါင်းလောင်းဆည်ကို ဆွစ်ဇာလန်၊ ဗြိတိန်နှင့် တရုတ်ကုမ္ပဏီများက ငွေကြေးထောက်ပံ့ တည်ဆောက်ပေးခဲ့ကြသည်။ ဆည်တည်ဆောက်ခြင်းနှင့် ဒီဇိုင်းရေးဆွဲခြင်းတို့အတွက် အကြံပေး အဖြစ်ဆောင်ရွက်ခဲ့သော ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် AF-Consult ကုမ္ပဏီက ရွာသားများအား ပြန်လည်နေရာချထားခြင်းကိစ္စတွင် သူတို့ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိကြောင်း ပြောသည်။
“ကျမတို့ သိရတဲ့ သတင်းအရကတော့ သူတို့ (ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန) က လယ်ယာမြေ အသစ်တွေ၊ အခြေခံအဆောက်အဦးတွေနဲ့ နစ်နာကြေး ကိစ္စတွေကို အကောင်အထည်ဖော်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ကျမတို့ မသိရပါဘူး”ဟု AF-Consult Switzerland မှ လက်ထောက် အမှုဆောင်အရာရှိ Sabine Bargetz က Al Jazeera သတင်းဌာနကို အီးမေးလ်ဖြင့် ပြောသည်။
အလားတူပင် ထိုရေအားလျှပ်စစ်စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သော ဗြိတိန်အခြေစိုက် အင်ဂျင်နီယာ ကုမ္ပဏီဖြစ်သော Malcolm Dunstan and Associates မှ ကိုယ်စားလှယ်တဦးကလည်း “စီမံကိန်းထဲမှာပါတဲ့ ရွာသားတွေကို ပြန်လည် နေရာချထားရေးက ကျနော်တို့ နဲ့ ဘာမှ မပတ်သက်ပါဘူး” ဟု Al Jazeera သို့ ပြောသည်။
ရေအားလျှပ်စစ်စီမံကိန်းတွင် ပါဝင်ခဲ့သော တရုတ်ကုမ္ပဏီ Yunnan Machinery and Equipment Import and Export Company Ltd ကို Al Jazeera သတင်းဌာနက အီးမေးလ်နှင့် တယ်လီဖုန်းမှတဆင့် ဆက်သွယ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မရခဲ့ပါ။
လူ့အခွင့်အရေးအဖွဲ့အစည်းများက အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံတွင် တည်ဆောက်သော အခြား ရေအားလျှပ်စစ်စီမံကိန်းများတွင်လည်း ပါဝင်ခဲ့ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။
လူ့အခွင့်အရေးအဖွဲ့ အစည်းတခုဖြစ်သည့် Burma Campaign UK ၏ ဒါရိုက်တာ Mark Farmaner က ထိုရေအားလျှပ်စစ် စီမံကိန်းတွင် ပါဝင်သော နိုင်ငံခြား ကုမ္ပဏီများသည် ရွာသားများအား အတင်းအဓမ္မ ပြန်လည်နေရာချထားရေး ကိစ္စတွင် တိုက်ရိုက်မပါဝင်သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် ၎င်းတို့တွင်လည်း တာဝန်ရှိကြောင်း ပြောသည်။
“ဒီရေအားလျှပ်စစ်စီမံကိန်း စတင်ချိန်မှာ NLD အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက ဒီလို စီမံကိန်းတွေကို ပိတ်ပင်တားမြစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အရင်က စီမံကိန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တဲ့ အထောက်အထားတွေကြောင့်လည်း ထင်ရှားတဲ့ နိုင်ငံတကာ လှုပ်ရှားမှုတွေကလည်း မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ ကို ဦးတည် သပိတ်မှောက်ခဲ့တာတွေရှိပါတယ်”ဟု Mark Farmanerက အီးမေးလ်မှ တဆင့် Al Jazeera သို့ ပြောသည်။
မြန်မာ့ရေအားလျှပ်စစ် အနာဂတ်
ယခင် စစ်အစိုးရက မြန်မာနိုင်ငံမှ ရေအားလျှပ်စစ် မထုတ်ယူရသေးသော ကျယ်ပြောသည့် အရင်းအမြစ်များ၏ တန်ဖိုးကို နားလည်ပြီး ကြီးမားသော ရေအားလှျှပ်စစ် စီမံကိန်း ဒါဇင်ပေါင်းများစွာ ဆောက်လုပ်နိုင်ရေးအတွက် အကျိုးအမြတ်များသော စာချုပ်များကို တရုတ်၊ ထိုင်း သို့မဟုတ် အိန္ဒိယနိုင်ငံများနှင့် ချုပ်ဆိုခဲ့ကြသည်။
လေ့လာသုံးသပ်သူ အများအပြားက NLD အစိုးရတက်လာချိန်တွင် ထိုသို့ လူမှုပတ်ဝန်းကျင်အရ သဘာဝပတ်ဝန်းကျင် အရ စရိတ်ကြီးသော ရေအားလျှပ်စစ် စီမံကိန်းများမှာ အတိတ်က အကြောင်းအရာတခုသာ ဖြစ်လာလိမ့်မည်ဟု မျှော်လင့် ကြသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ လူဦးရေ ၆၅ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်ကြပြီး ကျေးလက်နေ ပြည်သူတို့၏ ၈၅ ရာခိုင်နှုန်းသော အိမ်ထောင်စုများမှာ လျှပ်စစ်မီးမရှိပါ။
၂၀၁၃ ခုနှစ်တွင် ဦးသိန်းစိန်က ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံတလွှားကို လျှပ်စစ်မီး ၁၀၀ ရာခိုင်နှုန်း ပေးနိုင်ရန် ရည်ရွယ်သော အမျိုးသားလုံးဆိုင်ရာ လျှပ်စစ်ဓာတ်အား ရရှိရေး အစီအစဉ်တခုကို စတင်ခဲ့ပြီး ယင်းလျှပ်စစ်ဓာတ်အား၏ ၃၈ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်မှ ထုတ်ယူမည်ဟု ခန့်မှန်းခဲ့သည်။
မြန်မာနိုင်ငံမှ အငြင်းပွားဖွယ်ရာ ရေအားလျှပ်စစ်စီမံကိန်းများ၏ အနာဂတ်ကို မဆုံးဖြတ်ရသေးသော်လည်း NLD အဖွဲ့ဝင် အချို့က ရေအားလျှပ်စစ်သည် မြန်မာနိုင်ငံအတွက် အောင်မြင်သည့် ဖြေရှင်းမှုတခု မဟုတ်ကြောင်း သူတို့၏ အမြင်ကို ထုတ်ဖော် ပြောဆိုခဲ့ကြသည်။ အထူးသဖြင့် ပြည်သူများ၏ စားဝတ်နေရေး ပြေလည်ရေးကို အဓိက တာဝန်အဖြစ် သဘောထားသော အရပ်သားအစိုးရ တခုအတွက် ဖြစ်သည်။
NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး မကြာခင်က ဖွဲ့စည်းခဲ့သော သဘာဝအရင်းအမြစ်နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ (Natural Resources and Environmental Conservation Committee) ၏ အဖွဲ့ဝင်တဦးလည်းဖြစ်သူ ဦးကျော်သီဟက “ကျနော်တို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ သဘာ၀ အရင်းအမြစ်တွေကိုလည်း ထိန်းသိမ်းဖို့ လိုပါတယ်။ လုပ်စရာ နည်းလမ်းတွေလည်း ရှိပါတယ်။ ဥပမာ လေနဲ့ နေရောင်ခြည် ကနေလည်း လျှပ်စစ်ထုတ်လို့ ရပါတယ်။ ကျောက်မီးသွေးနဲ့ ရေအားလျှပ်စစ်ကတော့ ကျနော်တို့ နိုင်ငံအတွက် မကောင်းပါဘူး” ဟုပြောသည်။
“ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီမံကွပ်ကဲနေပါပြီ။ ဘာလုပ်ရမယ်ဆိုတာ သူသိပါတယ်”ဟု ဦးကျော်သီဟက ပြောသည်။
ရွေ့ပြောင်းခံခဲ့ရသော ဒေါ်တင်သန့်သည်လည်း အလားတူပင် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်မှုဖြင့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် NLD ပါတီကို မဲပေးခဲ့ပါသည်။ သို့သော်လည်း သူတို့ရွာမှ ပျက်စီးသွားခဲ့ရသော ဘဝများမှာ မည်သည့် အခါတွင်မှ အပြည့်အ၀ ပြန်လည်ပြင်ဆင်နိုင်မည်တော့ မဟုတ်ကြောင်း ဝန်ခံခဲ့သည်။
“(ဒါပေမယ့်) ကျမတို့ တဦးတယောက်ချင်း အကျိုးကို မကြည့်ပါဘူး။ ဒါက ဒီရွာတရွာတည်း နဲ့ဆိုင်တာ မဟုတ်ပါဘူး။ နိုင်ငံတခုလုံး ပြုပြင်ရမယ့် ကိစ္စပါ”ဟု ဒေါ်တင်သန့်က ပြောသည်။
(Al Jazeera ပါ Connor Macdonald ၏ Myanmar: Hydropower and the cost of life ကို ဆုမွန်ဖြိုး ဘာသာပြန်သည်)