ဆောင်းပါး

တကမ္ဘာလုံးနဲ့ ဦးဝီရသူ

This article has been converted from Zawgyi One to Unicode

“ယခင်က စာရေးသူကို မုန်းတာ လူမျိုးတစ်စုတည်း ဖြစ်၏။ ယခုကား ပြည်တွင်းပြည်ပ တစ်ကမ္ဘာလုံး” ဟု ဦးဝီရသူ ကိုယ်တိုင် အမှာရေးထားပေးတဲ့ ဦးဝီရသူအကြောင်း “တစ်ကမ္ဘာလုံးနှင့် တစ်ယောက်” ဟာ စာနယ်ဇင်းသမားအမြင်နဲ့ တင်ဆက်ထားတဲ့ စာအုပ်ပါ။ ချီးမွမ်းတာ၊ ဂုဏ်ပြုတာ မပါသလို ကဲ့ရဲ့ရှုတ်ချတာ အပြစ်တင်တာတွေ မပါတဲ့ စာအုပ်တအုပ်မို့ စိတ်ဝင်စားစရာပါ။ စာရေးသူ ကိုယ်တိုင် ဦးဝီရသူနဲ့ အကြိမ်ကြိမ် အင်တာဗျူး လုပ်ပြီး သူ့အပေါ် အမြင်တွေနဲ့ သူ့ဘက်က အမြင်တွေ၊ ခံယူချက်နဲ့ ငယ်စဉ်ကနေစပြီး စာသင်သား ရဟန်းတော်ဘဝ၊ နိုင်ငံရေး အကျဉ်းသား ဘဝနဲ့ လက်ရှိ ကာလအထိ ဖြတ်သန်းမှုတွေကို ဖတ်ရမှာ ဖြစ်ပါတယ်။

၂၀၁၆ မတ်လမှာ ပထမအကြိမ် ထုတ်ဝေပြီး မေလမှာ ဒုတိယအကြိမ် ထပ်မံ ထုတ်ဝေထားတဲ့ ဒီစာအုပ်ဟာ စာနယ်ဇင်းသမား ကျော်ဇေယျာထွန်းက မော်ကွန်း သတင်းမဂ္ဂဇင်းမှာ အခန်းဆက် ဖော်ပြခဲ့တဲ့ ဆောင်းပါးတွေ စုစည်းထားတာ ဖြစ်ပြီး ဦးဝီရသူ၊ မော်ကွန်းသတင်း မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဉာဏ်လင်းနဲ့ စာရေးသူ ကျော်ဇေယျာထွန်း ကိုယ်တိုင် အမှာကိုယ်စီ ရေးထားကြပါတယ်။ ပွင့်လင်းတဲ့ အမှာစကားတွေကလည်း ဒီစာအုပ်ရဲ့ အရသာဖြစ်သလို ဦးဝီရသူလို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ရဲ့ ဦးဆောင်ဆရာတော် တပါးအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြန်ဖြေဆိုထားတဲ့ သဘောထားနဲ့ အမြင်တွေကို လေ့လာနိုင်မှာပါ။

ကျောက်ဆည် အရေးအခင်းကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရပြီး မန္ထလေး အိုးဘိုထောင် ရောက်ရပုံနဲ့ အခန်း (၁) ကို စဖွင့်ပါတယ်။ ၁၉၆၈ ခုနှစ်ဖွား၊ ကျောက်ဆည်ဇာတိ၊ ငယ်နာမည် ဝင်းခိုင်ဦးဆိုတဲ့ ဦးဝီရသူရဲ့ ငယ်ဘ၀ အမှတ် ရစရာတွေဖြစ်ပြီး ငယ်စဉ်ကတည်း ဉာဏ်ရည်ထက်မြက်သူ၊ ပတ်ဝန်းကျင် လေ့လာမှု အားကောင်းသူနဲ့ စာရေးဆရာ ဖြစ်ချင်တဲ့ အကြောင်းတွေ၊ အသက် ၁၆ နှစ်၊ ရှစ်တန်းစာမေးပွဲ ဖြေအပြီးမှာ သင်္ကန်း စည်းခဲ့ပုံနဲ့ ၁၉၉၁ မှာ မန္တလေး မစိုးရိမ်တိုက်သစ်ကို စာသင်သားအဖြစ် စတင်ရောက်ရှိခဲ့ပုံတွေကို အခန်း (၂) ကနေ (၄) အထိ ရေးထားတာ ဖြစ်ပါတယ်။ မစိုးရိမ်တိုက်သစ်မှာ လေ့လာဖတ်ရှုခဲ့ရတဲ့ စာအုပ်စာတမ်းတွေကြောင့် ရှေ့ဆက်မယ့် ခရီးမှာ သူ ဘာလုပ်ရမယ် ဆိုတာကို ထင်ထင်ရှားရှား သိမြင်လာခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားရေးဝါဒီ ဖြစ်လာခဲ့ပြီးနောက် ၁၉၉၇ တုန်းက မန္တလေးသချုႋင်းကုန်းမှာ မျက်နှာဖုံးစွပ် ရုပ်ဖျက်ပြီး တရားဟောခဲ့ပုံ၊ ၂၀၀၁ ကြံခင်းတရားပွဲမှာ သူဟောတဲ့ ထလော့မြန်မာ၊ ရွှေမြန်မာဆိုတဲ့ တရားကြောင့် အောင်မြင်တဲ့ ဓမ္မကထိက ဖြစ်လာပုံ၊ ကျောက်ဆည် အရေးအခင်းအကြောင်း စတာတွေကိုတော့ အခန်း (၅) ကနေ အခန်း (၉) အထိ ဖတ်ရမှာ ဖြစ်ပါတယ်။

အခန်း (၁၀) ကနေ အခန်း (၁၂) အထိ မှာတော့ အရေးအခင်းဖြစ်အောင် ဆူပူလှုံ့ဆော်တဲ့ သံဃာတော်တပါး အဖြစ် ဖမ်းဆီးထိန်းသိမ်းခံရ၊ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရတဲ့ အကြောင်းတွေ ဖော်ပြထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်တွင်းဘဝတွေကို အခန်း (၁၃) ကနေ အခန်း (၂၄) အထိ ရေးပြထားပြီး သီတဂူ ဆရာတော်ကြီး မန္တေလေး အိုးဘိုထောင် ကြွရောက်စဉ်က ထောင်ကို ငရဲပြည်နဲ့ နှိုင်းပြီး လျှောက်တင်ခဲ့တာကြောင့် မြစ်ကြီးနားထောင်ကို အပို့ခံခဲ့ရပုံတွေကို ရေးပြထားပါတယ်။

မြစ်ကြီးနားထောင်မှာ ကြုံဆုံခဲ့ရတဲ့ မွတ်စလင်ဘာသာဝင် မိတ်ဆွေတွေ၊ တခြားနိုင်ငံရေး အကျဉ်းသားတွေ အကြောင်း၊ ကဗျာတွေ၊ သီချင်းတွေ ရေးစပ်ဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ၂၀၁၂ ဇန်နဝါရီမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်ခဲ့ရတဲ့ အကြောင်းတွေ၊ လွတ်မြောက်လာပြီးတဲ့နောက် အခြေအနေတွေကို အခန်း (၂၅) ကနေ (၃၆) အထိ ဖတ်ရမှာပါ။ အခန်း (၃၇) ကနေ အခန်း (၃၉) အထိ ဦးအောင်သောင်းနဲ့ တွေ့ဆုံခန်းကို တင်ဆက်ထားပြီး အခန်း (၄၀) ကနေ အခန်း (၅၄) စာအုပ် ပြီးတဲ့အထိကတော့ ဆရာတော် ဦးဝီရသူအပေါ် မိတ်ဆွေတွေရဲ့ အမြင်တွေ၊ ခံယူချက်နဲ့ သဘောထား အမြင်တွေ၊ စာရေးသူကိုယ်တိုင် ကြုံခဲ့ရတဲ့ အခြေအနေတွေကို ဖတ်ရမှာ ဖြစ်ပါတယ်။

စာအုပ်နာမည်နဲ့ လိုက်အောင် ချစ်သူ၊ မုန်းသူ များလှတဲ့ ဆရာတော ်ဦးဝီရသူအကြောင်း လေ့လာချင်သူတွေ၊ မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူတွေ ပိုင်းခြား ဝေဖန်စရာကောင်းမယ့် စာအုပ်တအုပ် ဖြစ်ပါကြောင်း။

စာအုပ်အမည် – တစ်ကမ္ဘာလုံးနှင့် တစ်ယောက်
ရေးသူ – ကျော်ဇေယျာထွန်း
အကြိမ် – ဒုတိယအကြိမ်၊ မေ၊ ၂၀၁၆
ထုတ်ဝေသူ – ရိုးလှသန္တာစာပေ
တန်ဖိုး – ၂၈၀၀ ကျပ်

Loading