ဆောင်းပါး

ရှမ်းရိုးမတောင်ခြေက ဇီဝိတဒါန ဘေးမဲ့ခြံ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ခြံထဲကိုဝင်လိုက်တာနဲ့ လည်ပင်းမှာအရွတ်နီနီကြီးတွေ တွဲရရွဲကျနေတဲ့ ကြက်ဆင်ကြီးနှစ်ကောင်က တဂီးဂီးနဲ့ ကြိုနေတယ်။ မြေပေါ်မှာကလည်း နောက်ချေးပုံတွေက ဟိုတကွက်ဒီတကွက်။  ကြက်ဆင်တွေနဲ့ မလှမ်းမကမ်းနေရာ လေးမှာ တိုက်ကြက်မဲမဲလေးတကောင်ကလည်း ဟိုလျှောက်လိုက်ဒီလျှောက်လိုက် လုပ်နေတယ်။

‘ဂလောက်၊ဂလောက်’နဲ့ အသံကြားလို့ မျက်လုံးတချက်ဝေ့ကြည့်လိုက်တော့ ခြံ ကြီးရဲ့အတွင်းပိုင်းကျကျမှာ နွားအုပ်ကြီးကို ခပ်ပျပျလောက်ပဲမြင်ရတယ်။ ခြံက အကျယ်ကြီးဆိုပေမယ့်လည်း သစ်ပင်တွေက ကျိုးတိုးကျဲတဲ နည်းနည်း သာရှိနေတယ်။

ဒါပေမယ့် ခြံရဲ့အနောက်ဘက်မှာ သစ်ပင်တွေနဲ့အုံ့မှိုင်းနေတဲ့ တောင်တန်းကြီးတွေရှိနေတယ်။ ဒီတောင်တွေရဲ့အထက်မှာမှ ကောင်းကင်ပြာနဲ့ တိမ်တိုက်တိမ်ခဲတွေက ဟိုတစုဒီတစု။  ဆိုင်ကယ်တွေ၊ ကားတွေရဲ့ အသံဗလံတွေပေါင်းစုံနဲ့ မီးခိုးငွေ့ တွေ၊လူငွေ့တွေပေါင်းစုံ ရောပြွမ်းနေတဲ့ မြို့ ပြကနေ ကင်း လွတ်ပြီး တိတ်ဆိတ်အေးချမ်းလှတဲ့ တကယ့်ကျေးလက်ဘဝကို တဒင်္ဂ ခံစားသွား စေနိုင်မယ့်နေရာလေးတခု မန္တလေးမြို့ ရဲ့ အနီးနားမှာပဲ ရှိနေပါတယ်။

အခုညွှန်းနေတဲ့ နေရာကတော့ ပုသိမ်ကြီးမြို့ နယ်၊ ဆည်တော်လေးကျေးရွာထဲမှာရှိတဲ့ ‘တိရစ္ဆာန်ဘေးမဲ့ဥယျာဉ်’ ပဲဖြစ်ပါ တယ်။ ဒီဘေးမဲ့ဥယျာဉ်လေးကို အရောက်သွားချင်ရင်တော့ ပထမဆုံးအနေနဲ့ မန္တလေး-ပြင်ဦးလွင်ကားလမ်း မိုင်တိုင် အမှတ် ၁၄ အနီးကတဆင့် ဆည်တော်လေးဆည်ကို အရောက်သွားရမှာပါ။

 

ရွာကိုသွားတဲ့လမ်းတလျှောက်မှာ ဘေးမဲ့ဥယျာဉ်ကိုလမ်းညွှန်ထားတဲ့ ဗီနိုင်းဆိုင်းဘုတ်လေးတွေရှိတယ်။ ဆည်ကိုရောက် ပြီဆိုရင်တော့ ဆည်ရဲ့မြောက်ဘက်မှာတွေ့ရတဲ့လမ်းလေးအတိုင်း လိုက်ဝင်သွားရတယ်။ သိပ်မကြာခင်မှာပဲ ဘေးမဲ့ဥယျာဉ် ဆိုင်းဘုတ် ချိတ်ထားတဲ့ခြံရှေ့ကို ရောက်သွားပါလိမ့်မယ်။ ဆည်ကနေ ဘေးမဲ့ခြံအထိ လမ်းကတော့ ကျောက်တုံးကျောက်ခဲ တွေနဲ့ တောလမ်းခရီးကိုသွားရသလို တော်တော်ကြမ်းပါသေးတယ်။ ဆည်တော်လေးရွာထိပ်ဝကို ရောက်ရင်ပဲ ဘယ်သူ့ ကို မေးမေး ဒီဘေးမဲ့ခြံကို ကောင်းကောင်းညွှန်ပြတတ်ကြ ပါတယ်။

ဇီဝိတဒါန ဘေးမဲ့ခြံ။(ဓာတ်ပုံ-အေးမွန်ရာပြည့်/ဧရာဝတီ)
ဇီဝိတဒါန ဘေးမဲ့ခြံ။(ဓာတ်ပုံ-အေးမွန်ရာပြည့်/ဧရာဝတီ)

ဘေးမဲ့ခြံထဲကို ဝင်လိုက်တာနဲ့ အထက်မှာရေးထားခဲ့သလိုပဲ ကြက်ဆင်၂ကောင်ရယ်၊ တိုက်ကြက်တကောင်ရယ်က လာကြို နေတယ်။ သူတို့နောက်မှာမှ အပေါ်ပိုင်းစွပ်ကျယ်ချိုင်းပြတ်ခါးအောက်ပိုင်း ပုဆိုးခပ်တိုတို ကိုဝတ်ထားတဲ့ အသက် ၆၀ ကျော်အရွယ် ကရင်တိုင်းရင်းသား ဦးလားစတူး ထွက်လာတယ်။ ဦးလားစတူးဟာ သူ့မိသားစုနဲ့အတူ ဒီဘေးမဲ့ဥယျာဉ် ခြံမှာ နွားကျောင်းတဲ့အလုပ်၊ ဥယျာဉ်ခြံကိုထိန်းသိမ်းတဲ့အလုပ်တွေကို ဝင်လုပ်နေတာပါ။

ဦးလားစတူးက ခြံဝင်းထဲက တိရစ္ဆာန်တွေကို အကုန်လိုက်ပြပြီး သိချင်တာတွေကို စိတ်ရှည်လက်ရှည် ဖြေပေးတယ်။ ဘေးမဲ့ခြံထဲမှာ နွားတွေ၊ ကြက်ဆင်တွေ၊ ယုန်တွေ၊ ကြက်တွေ ၊ ဘဲတွေ အများကြီးရှိနေတယ်။ အားလုံးဟာ ဘေးမဲ့ခြံထဲကို   ဘေးမဲ့တိရစ္ဆာန်တွေအဖြစ်နဲ့ တစုတစည်းလာဆုံနေကြတဲ့ သူတွေချည်းပါ။

ဒီဘေးမဲ့ခြံစတင်ဖြစ်ပေါ်ခဲ့တာကတော့ မန္တလေးမြို့က ဝါခင်းကုန်းကျောင်းတိုက် ဆရာတော်ကြီး ဦးတိက္ခပါ။ ဆရာတော် ဟာ တောင်တန်းသာသာနာပြုသွားရင်း ကလေးဝမြို့ရောက်တဲ့အချိန်မှာ အဲ့ဒီမြို့က ဘေးမဲ့ပေးထားတဲ့ နွားတွေ မကြာခဏ ပျောက်နေတာကြောင့် ဒီနွားတွေကို မန္တလေးအထိ ခေါ်သွားပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လူကြီးတချို့က ဝိုင်းဝန်း တောင်းဆိုရာက အခုလို နွားဘေးမဲ့ခြံ စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဇီဝိတဒါန ဘေးမဲ့ခြံ။(ဓာတ်ပုံ-အေးမွန်ရာပြည့်/ဧရာဝတီ)
ဇီဝိတဒါန ဘေးမဲ့ခြံ။(ဓာတ်ပုံ-အေးမွန်ရာပြည့်/ဧရာဝတီ)

လူတွေက နောက်ပိုင်းမှာ နွားတွေအပြင်  ကြက်တွေ၊ ဘဲတွေကိုပါ လာလှုကြလို့ လက်ခံခဲ့ရာကတဆင့် တဖြေးဖြေးနဲ့ တိရစ္ဆာန်မျိုးစုံရှိတဲ့ တိရစ္ဆာန်ဘေးမဲ့ဥယျာဉ် ဖြစ်လာခဲ့တာပါ။ အခုဆိုရင် ဒီဘေးမဲ့ဥယျာဉ် ဖြစ်ပေါ်လာတာ သုံးနှစ် ကျော်ရှိ သွားပါပြီ။

ခြံထဲမှာ ခွေးကလွဲပြီး  ဘယ်လိုတိရိစ္ဆာန်မျိုးကိုမဆို လာလှူရင်လက်ခံပါတယ်။ ခွေးကိုလက်မခံရတဲ့ အချက်၂ချက် ရှိပါတယ်။ ခွေးတွေအတွက်သီးသန့်စောင့်ရှောက်တဲ့ခွေးဂေဟာတွေရှိနေတာရယ်၊ ခြံထဲမှာရှိတဲ့ ကြက်တွေ၊ ဘဲတွေ ယုန်တွေကို လိုက်ဆွဲတတ်တာကြောင့်ရယ် စတဲ့အချက်တွေကြောင့်ပါ။

၁၃ဧကလောက်ကျယ်ဝန်းတဲ့ ခြံကြီးထဲမှာ အကောင်ရေအများဆုံးကတော့ ယုန်တွေပါ။ အကောင်ရေ ရှစ်ဆယ် လောက်ရှိပါတယ်။ အားလုံးကို သွပ်ပြားနဲ့ကာထားတဲ့ခြံကလေးထဲမှာ စုထည့်ထားတယ်။ ရောက်သွားချိန်မှာ ယုန်ကလေး တွေဟာ အစာစားနေကြတယ်။

ဒုတိယအများဆုံးကတော့ နွားတွေပါ။ စုစုပေါင်းနွားအကောင်ရေ (၇၀)ရှိတယ်။ ဘေးမဲ့ခြံကိုရောက်မှ မွေးလာတဲ့ နွားပေါက် သေးသေးလေးတွေက (၁၄)ကောင်ရှိတယ်။ လသားအရွယ် ပိစိကွေးကလေးတွေလည်းပါတယ်။ နွားလေးတွေက အရမ်း ချစ်စရာကောင်းလွန်းတယ်။ သူ့နွားတွေဆီလာလည်တဲ့သူရှိလို့ ဦးလားစတူးက နွားတွေကို အစာကျွေးပြတယ်။ တကယ် တော့နွားတွေကို နံနက်ကတည်းကကျွေးထားပြီးသားပါ။

ဇီဝိတဒါန ဘေးမဲ့ခြံ။(ဓာတ်ပုံ-အေးမွန်ရာပြည့်/ဧရာဝတီ)
ဇီဝိတဒါန ဘေးမဲ့ခြံ။(ဓာတ်ပုံ-အေးမွန်ရာပြည့်/ဧရာဝတီ)

နွားကြီးတွေကတော့အလုအယက်စားနေကြတယ်။ နွားပေါက်လေးတွေကတော့မတိုးရဲလို့ ဘေးမှာငြိမ်ကုပ်ပြီး နွားကြီးတွေစားအပြီးကိုစောင့်နေတယ်။ တအောင့်ကြာတော့ ဦးလားစတူးက နွားကြီးတွေကိုဖယ်ခိုင်းပြီး နွားပေါက် လေးတွေကို စားဖို့အစာရှေ့ ကို တွန်းပို့လိုက်တယ်။

အကောင်ရေအနည်းဆုံးကတော့ ကြက်ဆင်ဖြစ်ပြီး စုစုပေါင်း၂ကောင်သာရှိပါတယ်။ ခြံထဲကို ကြက်တွေလည်း လာလှူကြပေမယ့် ကြက်တွေကိုရွာတွင်းကခွေးတွေဆွဲတာကြောင့် အခုချိန်မှာ အရေအတွက်နည်းနည်းသာ ကျန် နေပါတယ်။

တခြားတိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ရတာထက် နွားတွေကိုထိန်းသိမ်းရတာ ပိုပြီးလက်ဝင်လှပါတယ်။ ခြံဝင်းထဲမှာ နွားတွေအတွက် တင်းကုပ်ခပ်ကြီးကြီးတလုံး၊ အစာသိုလှောင်ရုံ၊ ရေကန် စတာတွေကို စနစ်တကျနဲ့ သပ်သပ်ရပ်ရပ် တည်ဆောက်ထားတာတွေ့ရတယ်။

တိရစ္ဆာန်တွေနေတဲ့နေရာနဲ့ ခပ်လှမ်းလှမ်းတနေရာမှာတော့ ဆုံးပါးသွားတဲ့နွားတွေအတွက် မီးသဂြိုဟ်ပေးတဲ့နေရာရှိတယ်။ မီးသဂြိုဟ်တဲ့နေရာနံဘေးကပ်လျက်မှာ မီးရှို့ရင်လောင်စာအဖြစ်သုံးတဲ့ ကားတာယာအဟောင်းတွေကို အပုံလိုက်ကြီး ပုံထားတယ်။  သဂြိုဟ်တဲ့နေရာကိုသွားတဲ့လမ်းမှာ အလေ့ကျအပင်နီနီ၊ ဝါဝါလေးတွေ ဟိုတစု၊ဒီတစု ပေါက်နေတယ်။

ဘေးမဲ့ခြံအတွက် လက်ရှိအချိန်မှာ အခက်အခဲဖြစ်ဆုံးကတော့ စားကျက်မြေရှားပါးလွန်းတာပါပဲ။ ခြံထဲကမြေက ကျောက်သားနဲ့ မြေသားရောနေတဲ့မြေတွေဖြစ်လို့  နွားတွေအတွက် စားကျက်မြေ ကောင်းကောင်းမဖြစ်ထွန်းပါဘူး။ ဘေးမဲ့ခြံထဲမှာ စားကျက်မြေကောင်းကောင်းသာဖြစ်ထွန်းလို့ကတော့  ဒီဘေးမဲ့ဥယျာဉ်ကလေးဟာ တိရစ္ဆာန်တွေ အတွက်ရော၊လာလည်မယ့်သူတွေအတွက်ပါ တော်တော့ကို နေပျော်စရာကောင်းတဲ့ နေရာကလေးဖြစ်မှာအမှန်ပါ။ အခုတော့ ခြောက်ကပ်ကပ်ကျောက်မြေတွေဖြစ်လို့ တခုခုလိုနေသလိုခံစားနေရတယ်။

ဇီဝိတဒါန ဘေးမဲ့ခြံ။(ဓာတ်ပုံ-အေးမွန်ရာပြည့်/ဧရာဝတီ)
ဇီဝိတဒါန ဘေးမဲ့ခြံ။(ဓာတ်ပုံ-အေးမွန်ရာပြည့်/ဧရာဝတီ)

စားကျက်မြေအခက်အခဲကြောင့် ဘေးမဲ့ခြံရဲ့အနောက်ဘက် သစ်ပင်တွေပေါတဲ့ ရှမ်းရိုးမ တောင်ကုန်းတွေပေါ်အထိ ဦးလားစတူးတို့ ထွက်ကျောင်းနေရတယ်။ ဒါ့ကြောင့် နွားစာအတွက် အခက်အခဲမဖြစ်အောင် ကောက်ရိုး၊မြက်နုတွေ ကြိုတင်သိုလှောင်ထားရပါတယ်။

ခြံထဲမှာတိရစ္ဆာန်ပေါင်းစုံရှိတဲ့အထဲမှာ နွားတွေအတွက် ကျွေးမွေးစရိတ်ကုန်ကျစရိတ်က အများဆုံးပါ။ ရွာခံတချို့ကတော့ တခါတလေ နွားတွေအတွက် ကောက်ရိုးလို အစာကြမ်းတွေကို လှူတတ်ပါတယ်။

တခြံလုံးက တိရစ္ဆာန်တွေအားလုံးအတွက် တနေ့တာကျွေးမွေးစရိတ်က ငွေငါးသောင်းကနေ ရှစ်သောင်းလောက်ထိ ကုန်ကျပါတယ်။ ဒီကုန်ကျစရိတ်တွေအားလုံးကာမိဖို့အတွက် လစဉ် ငွေတသောင်းကျပ်စီ လှူဒါန်းနိုင်မယ့် အစီအစဉ်တွေ ထားရှိထားတယ်။  လစဉ်လှူနေသူတွေရှိနေပေမယ့် အလှူရှင်ဦးရေတော်တော်နည်းတယ်။

ဘေးမဲ့ဥယျာဉ်စတည်ကာစအချိန်ကတော့ လစဉ်ကျပ်တသောင်းလှူတဲ့သူအရေအတွက်ဟာ ၁၀ ဦးကျော်အထိရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ လစဉ်ပုံမှန်လှူတဲ့အလှူရှင်တဦးသာ ရှိနေပါတယ်။

ဆရာတော်ဦးတိက္ခဦးဆောင်ဖွင့်လှစ်တဲ့ ဒီဘေးမဲ့ဥယျာဉ်လိုဥယျာဉ်တွေကို စစ်ကိုင်းတိုင်းဒေသကြီးထဲက ဒီပဲယင်းကွဲ ကျေးရွာ၊ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ထဲက ကုလားကွဲကျေးရွာနဲ့ ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင် မြို့နယ်ထဲက ကသစ်ဝိုင်ဘုန်းကြီးကျောင်း စတဲ့နေရာသုံးနေရာမှာ တည်ထားတယ်။

ဘေးမဲ့တိရစ္ဆာန်တွေ အသက်ရှင်ရပ်တည်ရေးအတွက် ငွေကြေးလှူဒါန်းထောက်ပံ့ချင်သူတွေအနေနဲ့  မန္တလေးမြို့မှ ဆရာတော်ကြီး ဦးတိက္ခရဲ့  ဗုဒ္မသာသနာပြန့်ပွားရေးအသင်းချုပ်မှာလှုူဒါန်းနိုင်သလို၊ ဖုန်းနံပါတ် ၀၂-၆၈၃၀၅ နဲ့ ၀၉-၄၀၂၆၉ ၂၅၂၂ တို့ကို ဆက်သွယ်ပြီးလည်း စုံစမ်းမေးမြန်းကာ လှုဒါန်းနိုင်တယ်လို့ သိရပါတယ်။

တိရစ္ဆာန်တွေကို ဘေးမဲ့လွှတ်ပေးချင်ရင်တော့ လူကိုယ်တိုင်ခြံအထိ လာပို့ပေးရမှာပါ။ မြို့ ပြလူနေမှုစရိုက်မှာ ကိုယ့်ကိုကိုယ် အရမ်းကိုငြီးငွေ့ပြီး စိတ်ရှုပ်နေပြီဆိုရင် တဒင်္ဂစိတ်အေးငြိမ်းဖို့ ဆည်တော်လေးရွာထဲက ဒီဘေးမဲ့ခြံလေးဆီကို တခါတခေါက် လောက်ဖြစ်ဖြစ် သွားရောက်လေ့လာကြည့်ကြဖို့ တိုက်တွန်းပါတယ်။

ဘေးမဲ့ခြံကိုလာလည်သူတွေကို ဦးလားစတူးတို့မိသားစုကလည်း သူတို့ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ တိရစ္ဆာန်လေး တွေအကြောင်း မမောနိုင်မပန်းနိုင်၊ စိတ်ရှည်လက်ရှည် လိုက်လံရှင်းပြပေးဖို့ စောင့်မျှော်နေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading