ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်မှ မခင်ထားကြူသည် လယ်သမားများ ဖြစ်သည့် သူတို့မိသားစု၏အကြွေးများ ကူဆပ် ပေးနိုင်ရန် အတွက် ရန်ကုန်တွင် အလုပ်ရှာရန် ဆယ်ကျော်သက်နှောင်းပိုင်း အရွယ်တွင် ညီမငယ်တယောက်နှင့်အတူ ရွာမှ ထွက်လာခဲ့ပါသည်။
ရန်ကုန်သို့ ရောက်သည့်အခါ သူ့အတွက် ပထမဆုံး အလုပ်ရရှိခဲ့ပါသည်။ စမ်းချောင်းမြို့နယ်တွင် နေထိုင်သော မိသားစု တစု၏ အိမ်တွင် အိမ်အကူ တယောက်အဖြစ ်နေထိုင်၍ အလုပ် စလုပ်ခဲ့ခြင်းဖြစ်သည်။
၄ နှစ်ကြာ အလုပ်လုပ်ပြီးနောက် အသက် ၂၃ နှစ်အရွယ် ရောက်ခဲ့ပြီဖြစ်သော မခင်ထားကြူအတွက် နားရက် ၁ ရက်သာ ရှားရှားပါးပါး ရရှိခဲ့ပါသည်။ ပုံမှန်အားဖြင့် မနက် ၄ နာရီမှ ည ၁၀ နာရီအထိ ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ကလေး ထိန်းခြင်း စသည့်အလုပ်များ လုပ်ရပြီး တလလျှင် နေစရိတ်၊ စားစရိတ် အငြိမ်း ကျပ် ၈ သောင်းခွဲခန့် ရရှိပါသည်။
“တခါတလေ တပတ်မှာ တရက်လောက် နားရက် လိုချင်ပါတယ်။ ဒါပေမယ့် ကျမ မရနိုင်ပါဘူး”ဟု မခင်ထားကြူက ပြောသည်။
“လယ်လုပ်ရရင် ကျမ ပိုပျော်မှာပါ။ ကျမ အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ် နေခဲ့ရတယ်။ ကျမ စပါးခင်းတွေက လွဲလို့ ဘာကိုမှ ဂရုစိုက်စရာ မလိုဘူး။”
မြန်မာနိုင်ငံတလွှား မခင်ထားကြူကဲ့သို့ အိမ်တွင်းအလုပ်သမားတယောက်အဖြစ် လုပ်ကိုင်၍ အိမ်ကို ငွေပြန်ပို့ရန် မိသားစုထံမှ ထွက်ခွာလာခဲ့သော မိန်းကလေး သိန်းပေါင်းများစွာ ရှိပါသည်။
မြန်မာနိုင်ငံတွင် မြို့ပြသို့ ရွေ့ပြောင်းခြင်းမှာ အချိန်ရှည်ကြာစွာ တည်ရှိခဲ့သော အလေ့အထတခုဖြစ်သော်လည်း အလုပ် လုပ်မည့် မိန်းကလေးများအား ချမ်းသာသော မိသားစုများနှင့် ဆက်သွယ်ပေးသည့် ဆွေမျိုးများ သို့မဟုတ် အိမ်နီးချင်းများ ၏နေရာ၌ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၊ တရားမဝင် ပွဲစားများက နေရာဝင်ယူလာခဲ့သည့် အတွက် အလုပ်သမား များအနေဖြင့် သူတို့ကို ကောင်းမွန်စွာ ဆက်ဆံရန်နှင့် သူတို့၏ အခွင့်အရေးများကို သိရှိရေးအတွက် ပိုမိုဆောင်ရွက်ကြရန် တောင်းဆိုမှုများ ပေါ်ထွက်လာစေသည်။
အမျိုးသမီးနှင့် ကလေးအခွင့်အရေးလှုပ်ရှားသူများက ထိုအိမ်အကူများမှာ လစာအနည်းငယ် ရရှိပြီး အလုပ်သမား အခွင့် အရေး အကာအကွယ်ပေးမှု နည်းပါးကာ ငယ်ရွယ်သော သို့မဟုတ် အသက်မပြည့်သော အိမ်ဖော်များသည် သူတို့၏ အလုပ်ရှင်က နည်းအမျိုးမျိုးဖြင့် အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်သည့် အန္တရာယ်တွေ့နိုင်ကြောင်း ပြောကြသည်။
ရန်ကုန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် Women Can Do It မှ programme manager ဒေါ်နော်အေးအေးလှိုင်က အလုပ်သမားများသည် များသောအားဖြင့် အိမ်ရှင်များ၏ နေအိမ်တွင် ပြင်ပနှင့် အဆက် အသွယ်ပြတ်တောက် နေသည့်အတွက် စောဒက တက်နိုင်ခြင်း မရှိဘဲ အခွင့်အရေးချိုးဖောက်ခံရမှုများကို တိုင်ကြားချင် သောအခါတွင်လည်း အကူအညီ မရနိုင်ကြောင်း ပြောသည်။
“မြန်မာနိုင်ငံမှာ အိမ်ဖော်တွေကို အရေးမကြီးတဲ့ အလုပ်သမားတွေလို့ ယူဆကြတဲ့အတွက် သူတို့ကို သီးသန့် အကူအညီ ပေးတဲ့ အဖွဲ့မရှိပါဘူး”ဟု သူက ပြောသည်။ အလုပ်သမားများအား သင့်လျော်စွာ ပြုမှုဆက်ဆံရေးကို သေချာစေရန် ဆောင်ရွက်ရမည့် ကိစ္စများစွာ ရှိသေးသည်ဟုလည်း ဒေါ်နော်အေးအေးလှိုင်က ပြောသည်။
“အိမ်ဖော်တွေမှာ မျှတသင့်လျော်တဲ့ အလုပ်တာဝန် သတ်မှတ်ပေးသင့်ပါတယ်။ ပြီးတော့ အလုပ်ရှင်တွေကလည်း လုံခြုံတဲ့ အလုပ်ပတ်ဝန်းကျင် ဖန်တီးပေးဖို့ တာဝန်ယူသင့်ပါတယ်”ဟု သူက ဆိုသည်။
အားနည်းပြီး အကာအကွယ်မဲ့သူ
NGO အဖွွဲ့တခုဖြစ်သော Equality Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက အိမ်အကူအများအပြားမှာ သူတို့ကို စောင့်ရှောက်မှု မပေးနိုင်သော ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ကလေးများဖြစ်ကြကြောင်း ပြောသည်။ ထို ကလေးများသည် ချမ်းသာသော အိမ်ထောင်စုများတွင် နေထိုင်ကြပြီး ထိုသို့နေထိုင်ခွင့့်အတွက် လုပ်အားခ မရဘဲ အလုပ် လုပ်ပေးကြရသည်။
“တချို့ အဲဒီလို ကလေးတွေဆိုရင် အိမ်အကူတွေထက်တောင် အခြေအနေ နိမ့်ပါးကြတယ်။ အစားအသောက်နဲ့ နေရာ လေးပဲ ရကြပြီးတော့ လုပ်အားခ မရဘူး”ဟု ဦးအောင်မျိုးမင်းက ပြောသည်။
ရန်ကုန်မြို့မှ ရှေ့နေတဦးဖြစ်သည့် ဦးမောင်မောင်စိုးက အိမ်ဖော်များမှာ အစားဆင်းရဲ၊ အနေအထိုင်ဆင်းရဲကြကာ အမြဲတမ်းလိုလို အရိုက်ခံကြရကြောင်း Myanmar Now သတင်းဌာနသို့ ပြောသည်။ Myanmar Now သတင်းဌာနသည် Thomson Reuters Foundation က အထောက်အပံ့ပြုသည့် လွတ်လပ်သော သတင်းဝက်ဆိုဒ်တခုဖြစ်သည်။
အိမ်ဖော်များအနေဖြင့်လည်း ဥပဒေနားမလည်ကြသဖြင့် နှိပ်စက်သည့် အလုပ်ရှင်များအပေါ် တရားစွဲဆိုခြင်း (ယခုအချိန်အထိ) အလွန်နည်းပါးပါသည်။
“အလုပ်ရှင်တွေနဲ့ ပတ်သတ်ပြီးတော့ အိမ်အကူတွေကို ကာကွယ်ဖို့ အလုပ်သမားဥပဒေတွေ မရှိတဲ့အခါ သူတို့ အနေနဲ့ တရားဥပဒေရဲ့ အကာအကွယ်ရရှိနိုင်မှု နည်းပါတယ်။ ဒါပေမယ့် အိမ်အကူတွေက သူတို့ရဲ့ အလုပ်ရှင်ဆီက ပိုက်ဆံခိုး တယ်လို့ အစွပ်စွဲခံရရင်တော့ သူတို့အနေနဲ့ အလွယ်တကူ တရားစွဲခံရနိုင်ပါတယ်”ဟု အခွင့်အရေးချိုးဖောက်ခံရသော အလုပ်သမားများအတွက် ဥပဒေဆိုင်ရာ အကူအညီများပေးနေသည့် ဦးမောင်မောင်စိုးကပြောသည်။
Myanmar Now သတင်းဌာနက ရရှိခဲ့သော ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့များရှိ အမှုတွဲများတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း တနိုင်ငံလုံး၌ အလုပ်ရှင်များက အိမ်အကူများအပေါ် ကျူးလွန်သော ရာဇဝတ်မှု ၈ မှုသာရှိပြီး ၄ မှုမှာ ရန် ကုန်မြို့ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တမှုတွင်သာ အလုပ်ရှင်တဦး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှ ဦးကြည်လှမြင့်သည် အသက် ၁၄ နှစ် အရွယ် မိန်းကလေး လက်ကို ဟင်းချက်ဆီဖြင့် အပူလောင်စေခြင်း၊ အစားမကျွေးဘဲ အခန်းတခန်းတွင် ပိတ်ထားခြင်း စသည့်တ့ိုကို ကျူးလွန်ခဲ့သည့်အတွက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရသည်။
၂၀၁၃ ခုနှစ်တွင် အသက် ၁၄ နှစ်အရွယ် အိမ်အကူတဦးက သူ ၄ နှစ်ကြာအလုပ်လုပ်ခဲ့သော မြောက်ဒဂုံမြို့နယ်မှ မိသားစု ဝင်များက ၎င်း၏ ဦးခေါင်း၊ ကျောကုန်း၊ လက်မောင်းများနှင့် ရင်ဘတ်ကို ရိုက်နှက်ခဲ့ကြောင်း ရဲစခန်းကို တိုင်ကြားခဲ့သည်။ လက်ရှိတွင် ထိုမိသားစုဝင်များအနက် ၃ ဦးမှာ ပြစ်မှုကျူးလွန်ခြင်းအတွက် တရားရင်ဆိုင်နေရပါသည်။
ဥပဒေ အကာအကွယ် ရှိသင့်
အခွင့်အရေးချိုးဖောက်ခံရသော အိမ်အကူများက ၎င်းတို့အလုပ်ရှင်များနှင့် ရင်ဆိုင်ရန် ဗဟုသုတနည်းပါးခြင်း သို့မဟုတ် အလုပ်ရှင်များက တိတ်တဆိတ ်ဖြေရှင်းခဲ့သော ဖြစ်ရပ်များကြောင့် ယခုဖော်ပြခဲ့သော အမှုများသည် အပေါ်ယံ တစွန်းတစ သာဖြစ်သည်ဟု ဆိုနိုင်ကြောင်း၊ တိုင်ကြားခြင်း မပြုနိုင်သည့် လူမသိသူမသိ ဖြစ်ရပ်များစွာ ရှိနေသေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြသည်။
“အိမ်အကူတွေက သူတို့ ခန္ဓာကိုယ်မှာ ထိခိုက်မှု ကြီးကြီးမားမားဖြစ်မှသာ ရဲစခန်းမှာ တိုင်ဖို့အတွက် သက်သေ အလုံ အလောက် ရပါတယ်။ အဲဒီလိုမှ မဟုတ်ရင် သူတို့အတွက် ခက်ခဲပါတယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။
Equality Myanmar မှ ဦးအောင်မျိုးမင်းက အစိုးရအနေဖြင့် အိမ်အကူအလုပ်သမားများအတွက် အကာအကွယ်ပေးသော ဥပဒေ ရေးဆွဲပြီး သူတို့၏အခွင့်အရေးများကိုလည်း အသိပေးထားသင့်ကြောင်း ပြောသည်။
“အိမ်အကူတွေအနေနဲ့ အလုပ်ရှင်တွေ အခွင့်အရေးချိုးဖောက်မှုကို ဘယ်လို ဘယ်မှာ တိုင်ကြားလို့ရတယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွှန့်ဝင်းက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အိမ်အကူအလုပ်သမားများ အတွက် အနိမ့်ဆုံး အသက်အရွယ် သတ်မှတ်ရန်နှင့် အလုပ်ချိန်၊ အားလပ်ရက်များကဲ့သို့ အခြေခံအလုပ်သမားအခွင့်အရေးများ ပေးနိုင်မည့် ဥပဒေတခု ရေးဆွဲ ရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးခဲ့ကြောင်း ပြောသည်။
အလုပ်သမားများ၏ အခြေအနေနှင့် ပတ်သက်၍ ဥပဒေ အားနည်းမှုများရှိနေကြောင်းကိုလည်း သူက အသိအမှတ်ပြုခဲ့ ပါ သည်။
“အိမ်အကူတွေနဲ့ ပတ်သတ်ပြီးတော့ အလုပ်ချိန်၊ အားလပ်ရက် အပါအဝင် အငြင်းပွားဖွယ်ရာကိစ္စတွေ အများကြီး ရှိပါတယ်” ဟု ဦးညွှန့်ဝင်းက ပြောသည်။ အိမ်အကူများ အနေဖြင့်လည်း အလုပ်ရှင် အိမ်ပြန်ရောက်လာသောအခါ အစားအသောက် ပြင်ပေးရန် အဝတ်လျော်ပေးရန် မငြင်းသင့်ဟုလည်း သူက ဆိုသည်။
Myanmar Now သတင်းဌာနက အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ်အချို့ကို ဆက်သွယ်မေး မြန်းခဲ့သော်လည်း ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ မသိကြပါ။
ရန်ကုန် ကရင်နှစ်ခြင်း အမျိုးသမီးများအဖွဲ့ (YKBWA)က မိန်းကလေးများအား ၎င်းတို့ကို ကောင်းမွန်စွာ ဆက်ဆံသော မိသားစုများထံတွင် အလုပ်လုပ်ကိုင်နိုင်ရေးဆောင်ရွက်ပေးရန် Protection for Women in Household Services ဟုခေါ်သော အဖွဲ့တခုကို တည်ထောင်ခဲ့သည်။
YKBWA ၏ ဒါရိုက်တာ ဒေါ်နော်ဖောဝါက သူ၏ဝန်ထမ်းများက အိမ်အကူ ၁၀၀ ခန့်ကို လုံခြုံမှုရှိသော အလုပ်များ ကူညီ ရှာဖွေပေးခဲ့ကာ ၎င်းတို့၏ အလုပ်ခွင် အခြေအနေကိုလည်း ပုံမှန်သွားရောက် စစ်ဆေးကြောင်း ပြောသည်။
“အကယ်လို့ အိမ်အကူမိန်းကလေးတွေမှာ ဆိုးဆိုးရွားရွား နှိပ်စပ်ခံထားရတာတွေ့ခဲ့ရင် အဲဒီအလုပ်ရှင်ကို တကြိမ် သတိပေးပါတယ်။ ကျမတို့ သတိပေးတာကို အရေးမထားရင်တော့ ကျမတို့အဖွဲ့က အဲဒီအိမ်အကူကို ပြန်ခေါ်လိုက် ပါတယ်”ဟု ဒေါ်နော်ဖောဝါက ပြောသည်။
မခင်ထားကြူက အိမ်အကူတယောက်လုပ်ရသည်ကို စိတ်ပျက်၍ အလုပ်ထွက်ချင်သော်လည်း သူ၏မိသားစုထံ ငွေပြန်ပို့ ရန်လိုအပ်ပြီး ချမ်းသာသော အိမ်နီးချင်းတဦးထံ ၁၀ သိန်းကျပ်ဖြင့် ပေါင်နှံထားသည့် လယ်မြေကို ပြန်ရွေးရန် ကူညီရမည် ဖြစ်ကြောင်း ပြောသည်။
“ကျမတို့ မိသားစုရဲ့ လယ်ကိုပြန်ရပြီး ကျမလည်း ရွာပြန်နိုင်မယ့် နေ့ကို ခန့်မှန်းလို့မရသေးဘူး”ဟု မခင်ထားကြူက ပြောသည်။
( Thomson Reuters Foundation ဝက်ဘ်ဆိုက်ပါ Ei Cherry Aung ၏ Isolated and lacking labour rights, Myanmar’s housemaids toil in silence ကို ဆုမွန်ဖြိုး ဘာသာပြန်သည်)