ရန်ကုန်မြို့ ရွှေတိဂုံဘုရား မြောက်ဖက်မုခ် အနီးက အာဇာနည်ဗိမာန်ကို ယခင်က ရောက်ရှိဖူးသူများအနေဖြင့် မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏အစိုးရအဖွဲ့ဝင်များ ကျဆုံးခဲ့ရသည့် အထိမ်းအမှတ် နှစ်ပတ်လည်နေ့ဖြစ်သည့် ဇူလိုင် ၁၉ရက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်ကို မြင်ရသည့်အခါ အံ့ဩသွားပါလိမ့်မည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် လုပ်ကြံခံခဲ့ရသည့် ဗိုလ်ချုပ်နှင့်အပေါင်းအပါ ၈ယောက်ကို ဂူသွင်း မြှုပ်နှံထားရာ အနီရောင်အဆောက်အအုံ၏ ဘယ်ဘက်အပေါ်ပိုင်းရှိ ကြယ်အဖြုကြီး မရှိတော့မည်ကို တွေ့ရမည်။ ပြီးခဲ့သော နှစ်ပေါင်း ၃၀ လုံးလုံး ကြယ်ပွင့် ရှိခဲ့ရာနေရာသည် ဟောင်းလောင်းပေါက်ကြီး ဖြစ်နေသည်ကို တွေ့ရပါလိမ့်မည်။
ထိုကြယ်ကြီး ဘယ်ရောက်သွားသလဲ သိချင်သူများအနေဖြင့် သိပ်ဝေးဝေးသွားစရာမလိုပါ။ အာဇာနည်ဗိမာန်၏ အနောက်ဖက်သို့ မီတာအနည်းငယ်လျှောက်လိုက်ရင် မြေကြီးထဲတွင် တဝက်တပျက် နစ်မြုပ်နေသော ကြယ်ကြီးကို တွေ့ရပါလိမ့်မည်။
“အဲဒီကြွေသွားတဲ့ ကြယ်ပွင့်က ကျဆုံးသွားတဲ့ ဗိုလ်ချုပ်နဲ့ အခြား အာဇာနည်ခေါင်းဆောင်တွေကို ကိုယ်စားပြုပါတယ်။ ကျန်ရစ်ခဲ့တဲ့ ဟောင်းလောင်းပေါက်ကတော့ သူတို့တွေ မရှိတော့ဘူး၊ ကြွေလွင့်သွားပြီ။ ကျနော်တို့ သူတို့ကို ဆုံးရှုံးလိုက်ရပြီလို့ ရည်ညွှန်းပါတယ်”ဟု လွန်ခဲ့သော နှစ်ပေါင်း ၃၀ နီးပါးက အာဇာနည်ဗိမာန်ကို ဆောက်လုပ်ခဲ့သည့် ဗိသုကာပညာရှင်များထဲမှ ခေါင်းဆောင်တဦးဖြစ်သူ ဦးဆန်းဦးကပြောသည်။
နှစ်တွေ ဒီလောက်ကြာပြီးမှ အခုလို ဒီဇိုင်း အသစ် ပြောင်းရတာ ဘာကြောင့်လဲ ဟု မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။
အသက် ၆၁ နှစ် ရှိပြီ ဖြစ်သည့် ဗိသုကာ ဦးဆန်းဦးက ၎င်းသည် ဒီဇိုင်းအသစ်မဟုတ်ဘဲ သူ၏ ဗိသုကာအဖွဲ့မှ အဆိုပြုခဲ့သည့် မူလဒီဇိုင်း၏ အစိတ်အပိုင်းတခုသာ ဖြစ်သည်ဟု ပြောသည်။
“အဲဒီအချိန်တုန်းက ဆောက်လုပ်ရေးအဖွဲ့က အကြောင်းအမျိုးမျိုးပြပြီး ကျနော်တို့ရဲ့ ဒီဇိုင်းထဲမှာ ပါတဲ့ အချက် အချို့ကို လျစ်လျှုရှုခဲ့တယ်”ဟု ဦးဆန်းဦးက ဆိုသည်။
ပိုပြီး အရေးကြီးသည့်အချက်ကတော့ ထိုအချိန်တုန်းက နိုင်ငံကို အုပ်ချုပ်နေသည့် စစ်အာဏာရှင် ခေါင်းဆောင် ဦးနေဝင်းက အာဇာနည်ဗိမာန်၏ ဒီဇိုင်းသည် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် သူနှင့်အတူ ကျဆုံးသွားသည့် အာဇာနည်များကို အသားပေးသည့် ဒီဇိုင်းမဖြစ်စေရန် အမိန့်ပေးခဲ့သည်ဟု ဆိုသည်။
“ဒီနေရာမှာ မြုပ်နှံထားတဲ့သူတွေဟာ ဘယ်သူ ဘယ်ဝါတွေဖြစ်ပါတယ် ဆိုတာတောင် နာမည်တပ်ခွင့် မရခဲ့ဘူး” ဟု ဦးဆန်းဦးက ပြောသည်။
ထို့ကြောင့် ဦးဆန်းဦး အနေဖြင့် အာဇာနည်ဗိမာန် တည်ဆောက်ခဲ့မှုအတွက် ဂုဏ်မယူနိုင်ခဲ့ပါ။ “အာဇာနည်ဗိမာန်အနေနဲ့ သူမှာ ရှိသင့်တဲ့ ဝိညာဉ်ကင်းမဲ့နေတယ်” ဟု ရှင်းပြသည်။
ထိုအချက်များကြောင့်ပင် အာဇာနည်ဗိမာန်အား ဆောက်လုပ်ပြီးနောက် သူ့အနေဖြင့် ထိုနေရာသို့ တခေါက်မှ မရောက်ခဲ့။ သို့ရာတွင် ပြီးခဲ့သည့် လမှာတော့ NLD အစိုးရ၏ ဖိတ်ခေါ်မှုအရ အာဇာနည်နေ့ အခမ်းအနား အတွက် အာဇာနည်ဗိမာန်၏ ဒီဇိုင်းကို ပြန်လည်ပြင်ဆင်ရာတွင် ကြီးကြပ်ရန် အာဇာနည်ဗိမာန်သို့ ရောက်ခဲ့သည်။
ပြန်လည်ဆင်မှုများတွင် ကြယ်ကို နေရာရွေ့ထားခြင်းအပြင် အာဇာနည်ခေါင်းဆောင်များ၏ အမည် ကမ္ဗည်းပြား ထားရှိရန်လည်း ပါဝင်သည်။ ကမ္ဗည်းပြားများအဖြစ် အသုံးပြုမည့် အနီရောင် ဂဝံကျောက်တုံးများ တရုတ်နိုင်ငံမှ မှာယူခဲ့ပြီး မကြာသေးမီက ရောက်ရှိခဲ့သည် ။ အလံတိုင်ကို ဗိမာန်ထိပ်၏ အလယ်ပိုင်းမှနေ၍ မူလနေရာ ညာဖက်ပိုင်းသို့ ရွှေ့ပြောင်းပြီး ဖြစ်သည်။
မူလဗိသုကာအဖွဲ့မှ တခြားဗိသုကာတယောက်သည် အာဇာနည်ခေါင်းဆောင်များ၏ ဓာတ်ပုံ၊ အတ္ထုပ္ပတ္တိနှင့် မိန့်ခွန်းများကို ကောက်နှုတ်ပြသထားမည့် ဆိုင်းဘုတ်များကို ပြင်ဆင်နေသည်။
“ဆိုင်းဘုတ်တွေကို ဗိမာန်ကိုသွားတဲ့ လမ်းတလျှောက်မှာ စိုက်ထားပါမယ်။ ဗိုလ်ချုပ်ရဲ့ ထင်ရှားတဲ့ မိန့်ခွန်းအချို့ကို အဲဒီဆိုင်းဘုတ်တွေပေါ်မှာ ကပ်ထားမယ်။ ဆိုင်းဘုတ်တွေကတော့ ယာယီပဲထားမှာ”လို့ ဗိသုကာ ဦမော်လင်းကပြောသည်။
“ကျနော်တို့ရဲ့ မူလဒီဇိုင်းထဲမှာတော့ အဲဒါမျိုးတွေအတွက် နေရာချန်ထားပါတယ်။ ဒီနှစ်အတွက်ကတော့ အချိန်သိပ်မရှိတော့လို့ ယာယီသဘောမျိုးပဲ လုပ်နိုင်တော့တယ်”ဟု ဦးမော်လင်းကပြောသည်။
ယခုပြင်ဆင်လိုက်သည့် ပုံစံသည် မူလဒီဇိုင်းနှင့် ၉၅ ရာခိုင်နှုန်း တူညီသည်ဟု ဦးဆန်းဦးက ဆိုသည်။ ကျန်သည့် ၅ ရာခိုင်နှုန်း ဖြစ်သည့် အာဇာနည်ခေါင်းဆောင်များနှင့် ပတ်သက်သည့် ပြတိုက်အပါအဝင် အခြားအရာများကို ထည့်သွင်းဖို့ အစီအစဉ်ရှိသည်ဟုလည်း သိရသည်။
၁၉၈၅ ခုနှစ်တွင် အာဇာနည်ဗိမာန်ကို တည်ဆောက်ပြီးချိန်မှ စ၍ ပထမဆုံးအကြိမ် မွမ်းမံပြင်ဆင်နေခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းယူပြီးချိန်မှစ၍ စစ်အစိုးရသည် ပြည်သူများ အာဇာနည်ဗိမာန်အတွင်း ဝင်ရောက်ခွင့်ကို တားမြစ်ခဲ့သည်။ လူစုလူဝေးများမှတဆင့် မငြိမ်သက်မှုများ ဖြစ်ပွားမည်ကို စိုးရိမ်သောကြာင့် ဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် အာဏာရလာခဲ့သည့် စစ်တပ်နောက်ခံ ဦးသိန်းစိန်အစိုးရက အာဇာနည်ဗိမာန်တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် အာဇာနည်နေ့အခမ်းအနားတွင် ပြည်သူများ ပါဝင်ရန်ခွင့်ပြုခဲ့သည်။
သမ္မတဦးထင်ကျော်က အာဇာနည်ဗိမာန်တွင် ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်မည် မဟုတ်ပါ။ သို့ရာတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခင်နှစ်များကဲ့သို့ပင် အခမ်းအနားကို တက်ရောက်မည်ဖြစ်သည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်း တွင်ဖော်ပြခဲ့သည့် Kyaw Phyo Tha ၏ Rangoon’s Martyrs’ Monument Revamped to Highlight Aung San ကို ဘာသာပြန်သည်။