ဆောင်းပါး

ပညာအလင်းနဲ့ အမှောင်ခွင်းသူ

This article has been converted from Zawgyi One to Unicode

အပြာရင့်ရင့် ရှမ်းဝတ်စုံလေးကို အထက်အောက် ဝမ်းဆက် ဝတ်ထားတဲ့ အနက်ရောင်ဆံပင်တိုနဲ့ အမျိုးသမီးငယ်တဦးက ကွန်ပျူတာကို အသုံးပြုပြီး အင်တာနက်ပေါ်က အခမဲ့ သင်ကြားပေးတဲ့ အဆင့်မြင့် ပညာရပ်တွေ သင်ယူနေတယ်။

ကီးဘုတ်ကို နှိပ်လိုက်တိုင်း ကွန်ပျူတာထဲက အင်္ဂလိပ် စကားသံတွေ ထွက်လာတယ်။ မျက်နှာ ဘေးတစောင်းအနေအထားနဲ့ နားကို ပိုပြီး အားပြုလို့ ကွန်ပျူတာကို သူ သုံးနေတယ်။

သူ့မျက်စိ ၂ ဖက်လုံး မမြင်ရသေမယ့် ကွန်ပျုတာကို အသုံးပြုပြီး အဆင့်မြင့် ပညာရပ်တွေကို သင်ကြားနေသူကတော့ မအေးချမ်းအောင်လို့ ခေါ်တဲ့ အမျိုးသမီးငယ် တဦး ဖြစ်ပါတယ်။

အမြင်အာရုံ ချို့တဲ့သူအတွက် ရည်ရွယ် ပြုလုပ်ထားတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲ ကျေးဇူးနဲ့ မအေးချမ်းအောင်ဟာ ပညာတွေ ဆက်လက် သင်ကြားနေသလို အင်္ဂလိပ်စာ ဘာသာပြန်လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်ပါတယ်။

သူဟာ မန္တလေးနိုင်ငံခြား ဘာသာ တက္ကသိုလ်ကနေ အင်္ဂလိပ်စာမေဂျာနဲ့၂၀၁၀ ခုနှစ် ကတည်းက ဘွဲ့ရ ခဲ့ပေမယ့်လည်း မတင်းတိမ်နိုင်သေးလို့ အွန်လိုင်းကနေတဆင့် သင်ကြားတဲ့ အမေရိကန်နိုင်ငံရဲ့ Hadley ဆိုတဲ့ ကျောင်းရဲ့ အခမဲ့ သင်ခန်းစာတွေကို လိုက်တက်ခဲ့တယ်လို့ သိရပါတယ်။

နောင်တချိန်မှာ နိုင်ငံခြား တက္ကသိုလ် တခုခု သွားရောက်တက်ပြီး မာစတာဘွဲ့မျိုး ထပ်ယူဖို့လည်း ရည်မှန်းချက် အပြည့်ရှိနေသူလည်း ဖြစ်ပါတယ်။

သူဟာ မွေးကတည်းက ညာဘက်မျက်စိ လုံးဝ မမြင်ရတဲ့အပြင် တဖက်တည်းသာ မြင်ရတဲ့ ဘယ်ဘက်မျက်စိဟာလည်း အသက်ဆယ်နှစ်အရွယ်မှာ လုံးဝ အလင်းကွယ်ခဲ့တယ်။ ဒါပေမယ့်လည်း ဘဝကို လုံးဝ အရှုံးမပေး၊ ဒူးထောက်ခြင်း အလျဉ်း မရှိဘဲ ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ သူ့ဘဝကို သူကိုယ်တိုင် စိတ်တိုင်းကျ ပုံဖော်ထုဆစ်ခဲ့တယ်။ လက်ရှိလည်း ထုဆစ်နေတယ်။

အသက်၂၅ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ မအေးချမ်းအောင်ကို ရခိုင်တိုင်းရင်းသား ဖခင်နဲ့ ဓနုတိုင်းရင်းသူ မိခင်တို့ကနေ ၁၉၉၁ ခုနှစ်က အောင်ပန်းမြို့မှာ မွေးဖွားခဲ့တာပါ။ သူ့ရဲ့ မျက်စိချို့ယွင်းမှုကိုတော့ သူ့ အသက် ၄ နှစ် အရွယ်ရောက်မှ မိဘတွေက စတင် သတိပြုမိခဲ့တာပါ။

“မူကြိုမှာ တခြားကလေးတွေက ကိုယ့်ဖိနပ်ကို ကိုယ်ရွေးပြီး စီးနိုင်ချိန်မှာ သူက ရွေးမစီးနိုင်ခဲ့ဘူး။ အဲဒီအခါကျမှ မျက်စိဆရာဝန်ကိုပြကြည့်မှ ကိုယ်ကလည်း စသိရတယ်” လို့ မိခင် ဒေါက်တာသန်းနုက နံဘေးမှာရှိနေတဲ့ သူ့သမီးကို တချက်လှမ်းကြည့်ရင်း ပြောတယ်။

မျက်စိဆေးခန်းက ပြန်လာတော့ ဘယ်ဘက်မျက်လုံးက ရေတိမ်တွေစတက်နေပြီး ပါဝါ ၁၆၀၀ လောက် ရှိနေပြီ။ နောက်ထပ် လေးနှစ်အကြာ မအေးချမ်းအောင် အသက် ၉ နှစ်အရွယ် ရောက်တဲ့အခါမှာတော့ ဘုရားပန်းကပ်ပြီး အပြန်မှာ မျက်စိက လုံးဝ မမြင်ရတော့လို့ ရုတ်တရက် လဲကျခဲ့တယ်။ ချက်ချင်းပဲ မျက်စိခွဲစိတ်မှုတွေ လုပ်ခဲ့တယ်။

ခွဲစိတ်မှု အောင်မြင်လို့ မွေးရာပါ မမြင်ရတဲ့ ညာဘက်မျက်လုံးကလည်း အလင်းနည်းနည်း ပြန်ရလာပြီး ဘယ်ဘက်မျက်လုံးလည်း ပြန်လည် သက်သာလာခဲ့တယ်။

ဒါပေမယ့် ကံဆိုးချင်တော့ ခွဲစိတ်ပြီး ၂ ပတ်အကြာမှာ ထူးချွန် စာမေးပွဲ ဖြေခဲ့တာရယ်၊ သင်္ကြန်တွင်းမှာ သူ့ပါးကို အိမ်နီးချင်းကလေးတဦးက ရေနံဂျီးသုတ်ခဲ့ရာက မျက်စိမှာ ဒဏ်ပြန်ဖြစ်ခဲ့တယ်။ အဲဒီကနေမှ တဖြည်းဖြည်းနဲ့ သူ့ အသက် ၁၄ နှစ်၊ ကိုးတန်း ရောက်တဲ့အချိန်မှာ မျက်စိ လုံးဝ ကွယ်ခဲ့တာ ဖြစ်ပါတယ်။

မွေးရာပါ မျက်စိ ချို့ယွင်းမှုကြောင့် တနေ့နေ့ တချိန်ချိန်မှာ မျက်စိလုံးဝ မမြင်တော့တဲ့ အခြေအနေမျိုးကို ကြုံတွေ့ရမယ် ဆိုတာ မအေးချမ်းအောင်ကို ဆရာဝန်တွေက ကြိုတင် အသိပေးထားတယ်။

“အဲ့အချိန်တုန်းကတော့ ငယ်သေးလို့လားမသိဘူး။ မမြင်ရတော့မှာသိလည်း ပျော်ပျော်ပဲ” လို့ သူက တောင်ပေါ်သံ ဝဲဝဲနဲ့ အသံထွက်ပြီး တချက်ရယ်တယ်။

မျက်စိမကွယ်ခင် တနေ့ထက် တနေ့ နည်းနည်းချင်း အမြင် မှုန်ဝါး လာကတည်းက ကျောင်းမှာစာမေးပွဲကို လက်နဲ့ရေးပြီး မဖြေနိုင်တော့ဘူး။ သူက နှုတ်တိုက်ရွတ်ဆိုပြတာကို သူ့ထက် တတန်းငယ်တဲ့ ကျောင်းသူတဦးက ပြန်ရေးပြီး ဖြေခိုင်းတဲ့စနစ်ကို စတင်ကျင့်သုံးခဲ့ရတယ်။ ခြောက်တန်းအရွယ်ကနေ တက္ကသိုလ်နောက်ဆုံးနှစ်အထိလို့ သိရတယ်။

မျက်စိ ချို့ယွင်းမှု ဖြစ်ပြီး နောက်မှာလည်း မအေးချမ်းအောင်ဟာ စိတ်ဓာတ်လုံးဝ မကျတဲ့အပြင် ကျောင်းစာတွေဘက်မှာ ပိုပြီး ထူးချွန်လာတယ်။ ခြောက်တန်းကနေ ရှစ်တန်းအထိ နှစ်တိုင်း ပထမအဆင့်နဲ့ အောင်တယ်။

ဆယ်တန်းနှစ်ကတော့ သူ့အတွက် ရင်အမောရဆုံးနှစ် ဖြစ်ခဲ့တယ်လို့ သူ့ အမေကဆိုတယ်။ ဆယ်တန်းနှစ်မှာ မအေးချမ်းဟာ ဝိဇ္ဇာဘွဲ့ကို ယူတယ်။ စာမေးပွဲဖြေတဲ့အခါမှာ ခါတိုင်းနှစ်တွေလို သူက နှုတ်ကရွတ်ပေး၊ သူ့ထက် တနှစ်ငယ်တဲ့ ကျောင်းသူက စာရေးပေးစေတဲ့ ပုံစံနဲ့ဖြေရတယ်။
“ဖြစ်ချင်တော့ စာမေးပွဲမှာ သူ့ပါးစပ်က ပြောမယ့် စာတွေကို ချရေးပေးမယ့်သူက စာတော်တော်ညံ့သူ ဖြစ်နေတယ်။ တော်တော်လည်း စိတ်ပျက်သွားတယ်။ နောက်မှ နှစ်ချင်းပေါက်အောင်ရင် တော်ပါပြီလေ ဆိုပြီး စိတ်ကိုလျှော့ချပစ်လိုက်ရတယ်” လို့ ဒေါက်တာသန်းနုက ပြောတယ်။

သူ့ကို ဆယ်တန်းမှာ ဘာသာစုံ ဂုဏ်ထူး ထွက်မယ်ဆိုပြီး ကျောင်းကဆရာမတွေက မှန်းထားကြတယ်။ တကယ်တမ်းမှာ အင်္ဂလိပ်၊ သမိုင်းနဲ့ ဘောဂဗေဒဘာသာတွေမှာ ဂုဏ်ထူးရခဲ့တယ်။

အမှတ်စာရင်း ထွက်လာတော့ စုစုပေါင်းရမှတ် ၄၈၁ မှတ်နဲ့ တနိုင်ငံလုံးမှာ ဝိဇ္ဇာဘာသာတွဲ ဖြေဆိုသူတွေ အနက် ပထမအဆင့် ချိတ်တယ်။ ဒီလို ထူးထူးချွန်ချွန် အောင်လို့ မအေးချမ်းအောင်က သူ့အမေကို ဒန်းလေးတစီး ဝယ်ပေးဖိ့ု ပူဆာခဲ့တယ်။ သမီးဖြစ်သူအတွက် ဝယ်ပေးခဲ့တဲ့ ဒန်းက ဆေးခန်းကို လာပြတဲ့လူနာတွေ အတွက် အခုအချိန်ထိ အသုံးတည့်နေတယ်။

အဲဒီလို ထူးထူးချွန်ချွန် အောင်မြင်ခဲ့တဲ့နောက်မှာ သူ့ကို ဖိတ်လို့ သွားရတဲ့ ဂုဏ်ပြုပွဲတွေက အများအပြားပါပဲ။ ကလော၊ တောင်ကြီး၊ နေပြည်တော် စတဲ့နေရာတွေ အထိပေါ့။

ဆယ်တန်းမှာရတဲ့ အမှတ်နဲ့ မန္တလေးက နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ အင်္ဂလိပ်စာ မေဂျာနဲ့ ကျောင်း ၃ နှစ် တက်ခဲ့တယ်။ အဲဒီမှာလည်း သူနှုတ်တိုက်ရွတ်ပေးတာကို တခြားသူက စာရေးပြီး ဖြေတဲ့ ပုံစံမျိုးနဲ့ စာမေးပွဲတွေကို အဆင့်ဆင့် ဖြတ်ကျော်ခဲ့ပြီး ဘွဲ့ရခဲ့တယ်။

ဘွဲ့ရပြီးချိန်မှာ အောင်ပန်းကို ခဏပြန်ပြီး ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ အထောက်အပံ့နဲ့ ကွန်ပျူတာသင်တန်း သုံးလ သွားပြီး တက်ခဲ့တယ်။ အဲဒီသင်တန်းဟာ မအေးချမ်းအောင် အတွက် အင်မတန် အကျိုးရှိခဲ့တယ်။

သင်တန်းကနေ ဆက်စပ်ပြီး တခြား NGO အဖွဲ့အစည်းတွေနဲ့ စတင် ချိတ်ဆက်မိခဲ့တယ်။ ဒုတိယတက်ခဲ့တဲ့ သင်တန်းကတော့ ခေါင်းဆောင်မှု ပညာရပ်သင်တန်းဖြစ်တယ်။ အဲဒီသင်တန်းကနေ သူ့ရဲ့လက်ရှိ အသက်မွေးဝမ်းကျောင်း လုပ်ငန်း ဖြစ်တဲ့ ဘာသာပြန်ခြင်းကို စတင်နိုင်ခဲ့တယ်။ NGO အဖွဲ့အစည်းတွေထဲက အသိမိတ်ဆွေတွေက ဘာသာပြန်ဖို့ အလုပ်တွေအပ်ရာကတဆင့် အခုလို ပရော်ဖက်ရှင်နယ် တယောက် ဖြစ်လာခဲ့တယ်လို့ သိရတယ်။

အခုဆိုရင် မအေးချမ်းအောင်ဟာ ကိုယ့်မြို့၊ ကိုယ့်အိမ်မှာ အမေနဲ့အတူ မကွဲမကွာနေရင်း ဘာသာပြန် အလုပ်လုပ်ကာ ဝင်ငွေ အသင့်အတင့် ရှာနိုင်သူ ဖြစ်နေပြီ။ အိမ်ကိုလည်း အထိုက်အလျောက် ထောက်ပံ့နိုင်ပြီ။ အဲဒီလို ထောက်ပံ့နိုင်လို့ ကျေနပ်ပေမယ့်လည်း အခုချိန်ထိ အိမ်ကိုအပ်တဲ့ငွေထက် ပြန်ပြီး တောင်းတဲ့ငွေက ပိုများနေပါသေးတယ်လို့ သူ့ကိုယ်သူ ချိုးနှိမ်စွာပြောရင်း အရွှန်းဖောက်တယ်။

မိခင်ဖြစ်တဲ့ ဒေါက်တာသန်းနုကတော့ သူ့သမီးကို အခုလို အိမ်ကို ထောက်ပံ့နိုင်သူ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူးလို့ပြောတယ်။
မအေးချမ်းအောင် မျက်စိချို့ယွင်းတာကို စသိတဲ့အချိန်ကတည်းက အခုချိန်ထိ သူနဲ့ပတ်သက်ပြီး စိတ်ပင်ပန်းရတာ၊ ပီတိဖြစ်ရတာ၊ ဂုဏ်ယူရတာတွေရော ခံစားချက် စုံနေအောင် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ကို ကျောင်းသွားအပ်တော့ မျက်စိမမြင်တဲ့သူ ကျောင်းအပ်လို့မရပါဘူးဆိုပြီး အပြောခံခဲ့ ရတဲ့အကြောင်း၊ ဒါပေမယ့် နောက်တနေ့မှာတော့ ကျောင်းလာအပ်ဖို့ တက္ကသိုလ်က ဖုန်းဆက်ခေါ်ခဲ့တဲ့အကြောင်း သမီးဖြစ်သူနဲ့ ပတ်သက်ပြီး နာနာကျင်ကျင် ခံစားခဲ့ရတဲ့ အချိန် အခိုက်အတန့်တွေကို ဒေါက်တာသန်းနုက ပြန်ပြောပြတယ်။

မိခင်က စိတ်မောခြင်း၊ စိတ်ပင်ပန်းတာတွေ ခံစားနေရပေမယ့်လည်း သမီးကတော့ စိတ်ဓာတ်မာကြောတတ်သူ ဖြစ်တဲ့အကြောင်း ပြောပြတယ်။

“တော်ရုံတန်ရုံ သူငယ်ချင်းတွေ ပြောတာလောက်နဲ့ သူဘာမှမဖြစ်ဘူး။ ပြန်လည်းမတိုင်ဘူး။ လူကသာ အေးချမ်း၊ တော်တော်ပေတာ။ တခါတရံ တော်တော်ကြီးကို အပြောခံရမှ အမေဆီကိုငိုပြီး ပြန်လာတာလောက်ပဲ ရှိတာ။”

မအေးချမ်းအောင် ရဲ့ငယ်ဘဝ တွေဟာ မချောမွေ့ခဲ့ပေမယ့် တက္ကသိုလ်ပြီးတဲ့ အချိန်ကစလို့ အဆက်အသွယ်ကောင်းတွေ၊ မိတ်ဆွေကောင်းတွေ၊ ဆရာကောင်းတွေနဲ့ ဆုံပြီး ပညာရေးပိုင်းရော၊ အလုပ်အကိုင်ပိုင်းရော အစစအရာရာ အဆင်ပြေလာခဲ့တယ်။

နိုင်ငံခြားကို သုံးခါသွားပြီး သင်တန်းတွေ တက်ခွင့်ရခဲ့တယ်။ အလုပ်အပ်သူတွေ တနေ့ထက်တနေ့ များလာခဲ့တယ်။ ဒီလို အဆင်ပြေလာပေမယ့်လည်း မအေးချမ်းဟာ သူ့ရဲ့ပညာရေးကို ရပ်တန့်မထားဘူး။ အားလပ်ချိန်တွေမှာ အင်တာနက်ကနေတဆင့် အခမဲ့သင်ကြားပေးတဲ့ နိုင်ငံခြား တက္ကသိုလ်တခုမှာ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး သင်ကြားနေဆဲပါ။

သူ့ကို အခုလို အလွယ်တကူ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ခွန်အား မာကျောတဲ့သူဖြစ်ဖို့ တွန်းအားပေးခဲ့သူတွေကတော့ ပြည်ပမှာဆို ဟယ်လင်ကယ်လာနဲ့ ပြည်တွင်းက မစုပုံချစ်တို့ဖြစ်တယ်လို့ သိရပါတယ်။

ဟယ်လင်ကယ်လာဟာ မျက်စိမမြင်တဲ့ အပြင်နားပါ မကြားရတဲ့ မသန်စွမ်းသူဖြစ်သလို မစုပုံချစ်ကတော့ မွေးရာပါ လက် ၂ ဖက် မပါရှိသူ ဖြစ်ပါတယ်။ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိအောင် စိတ်ဓာတ်ကျတဲ့အခါတိုင်း သူတို့နှစ်ယောက်စလုံးရဲ့ သတ္တိတွေကို ပြန်ပြီး မြင်ယောင်ကြည့်ကာ အားတင်းလေ့ရှိတယ်လို့ မအေးချမ်းအောင် ကဆိုတယ်။

“အားလုံးကို မပြောင်းလဲခင် ကိုယ့်ကိုကိုယ် အရင်ပြောင်းပါ” ဆိုတဲ့ ဂန္ဓီကြီးရဲ့လက်စွဲဆောင်ပုဒ်လိုပဲ သူများတွေကို ပြောင်းလဲစေချင်တာကြောင့် အခုဆိုရင် ကိုယ်တိုင် အရင်ဆုံး ပြောင်းလဲဖို့ ကြိုးစားနေတဲ့အကြောင်း မအေးချမ်းအောင်က ပြောတယ်။

“မသန်စွမ်းသူတွေကို လူကောင်းတွေလိုပဲ နေရာတော်တော်များများမှာ တန်းတူဆက်ဆံခံရဖို့ မူဝါဒတွေ ထည့်သွင်းရေးဆွဲချင်တယ်။ မြန်မာနိုင်ငံရဲ့ မူဝါဒရေးဆွဲသူတွေထဲ ပါချင်တယ်။ အဲဒါကြောင့် နိုင်ငံခြားတက္ကသိုလ်ကြီးတခုမှာ Public Policy ပြည်သူ့ရေးရာ မူဝါဒပညာရပ်နဲ့ပတ်သက်တဲ့ မာစတာဘွဲ့ကို သွားယူချင်တယ်”လို့ ပြောပါတယ်။

တိုင်းရင်းသူ လေသံဝဲနေတဲ့ သူရဲ့အသံထဲမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အများကြီးပါနေပါတယ်။

Loading