ဆောင်းပါး

ပဲခူးရိုးမ ကာကွယ်ရေးအတွက် သစ်တောဌာနကို အားဖြည့်ပေးရမယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပဲခူး (Myanmar Now) – ပဲခူးတိုင်းဒေသကြီးအတွင်း သစ်တောဝန်ထမ်းတွေဟာ သစ်မှောင်ခိုလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းတဲ့အခါ ရန်မူ၊ တိုက်ခိုက်တာမျိုးနဲ့ ကြုံနေရတဲ့အတွက် သတိထားပြီး ဆောင်ရွက် နေရတယ်လို့ ညောင်လေးပင်မြို့နယ်၊ သစ်တောဦးစီးမှူး ဦးတင်စိုးက ပြောပါတယ်။

မှောင်ခိုသမားတွေက သစ်လုံးတွေကို တောထဲမှာတင် ခွဲစိတ်ပြီး မော်တော်ယာဉ်အငယ်စားတွေနဲ့ သယ်ယူပို့ဆောင်နေတာကို သွားရောက် ဟန့်တားရာမှာလည်း သစ်တောအရာရှိတွေအတွက် အခက်အခဲ ဖြစ်နေတယ်လို့ သစ်တောဦးစီးမှူးက ရှင်းပြပါတယ်။

“ခိုးထုတ်တဲ့သူတွေက ကားကောင်းတွေနဲ့။ ကျနော်တို့က တောထဲတောင်ထဲမှာ သူတို့ကိုလိုက်ဖမ်းဖို့ ဆိုရင် ဆိုင်ကယ်လေးနဲ့ဆိုတော့ ဘယ်လိုလုပ်လိုက်နိုင်မှာလဲ။ သူတို့သွားလာတတ်တဲ့ လမ်းတွေကိုပဲ ပိတ်ဆို့ ဖမ်းတာမျိုး လုပ်နေနိုင်တာ”လို့ ဦးတင်စိုးက ဆိုပါတယ်။

ပဲခူးရိုးမအတွင်းက သစ်ခိုးထုတ်မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့အတွက် သစ်တောဝန်ထမ်း အင်အား မလုံလောက်၊ အထောက်အပံ့ မပြည့်စုံဘူးလို့ ပဲခူးတိုင်းဒေသကြီး သစ်တောအရာရှိတွေက Myanmar Now ကို ပြောကြပါတယ်။

အစိုးရသစ်လက်ထက်မှာလည်း သစ်မှောင်ခိုလုပ်ငန်းကတော့ ပဲခူးတိုင်းဒေသကြီးမှာ လျော့ကျမသွားပါဘူး။

ယခုနှစ် ပထမ ခြောက်လအတွင်း ပဲခူးတိုင်းဒေသကြီးမှာ သစ်မျိုးစုံ ၁,၂၇၄ တန် ဖမ်းဆီးရမိတယ်၊ ဒါဟာ ပြီးခဲ့တဲ့နှစ် ပထမ ခြောက်လအတွင်း ဖမ်းမိတဲ့ ပမာဏထက် တန်တစ်ရာကျော် ပိုများနေတယ်လို့ ပဲခူးတိုင်းဒေသကြီး၊ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်မင်းစံက ပြောပါတယ်။

သစ်တောရဲ

ပဲခူးတိုင်းမှာ သစ်တောဝန်ထမ်း ၆၁၄ ဦး ခန့်ထားကြောင်း သိရပါတယ်။ အဲဒီထဲမှာ လက်နက်တပ်ဆင်ထားတဲ့ သစ်တောရဲဝန်ထမ်း ၂ဝ ဟာ ပဲခူးမြို့နဲ့ဝန်းကျင်မှာ တာဝန်ကျသူတွေပါ။

ကျန်တဲ့နေရာတွေမှာ သစ်ခိုးထုတ်သူတွေကို ဖမ်းဆီး အရေးယူဖို့အတွက် လက်နက်တပ်ဆင်မထားတဲ့ တခြား သစ်တောဝန်ထမ်းတွေက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးကျော်မင်းစံက မကြာသေးခင်က Myanmar Now နဲ့ တွေ့ဆုံစဉ်မှာ ရှင်းပြပါတယ်။

“သစ်မှောင်ခိုတွေကို ဖမ်းဆီးရေးအရှိန် တိုးမြှင့်လုပ်ဆောင်နေသလို အရေအတွက် အလွန်နည်းနေတဲ့ သစ်တောရဲ တွေကို တိုးမြှင့်ခန့်ထားဖို့၊ အထောက်အပံ့တွေ လုံလောက်တဲ့အထိ တိုးမြှင့်ပေးဖို့ စီစဉ်နေတယ်” လို့ ဝန်ကြီးက ဆိုပါတယ်။

ပဲခူးတိုင်းအတွင်း ခရိုင် ၄ ခရိုင်လုံးမှာ သစ်တောရဲဝန်ထမ်း ၁ဝ ဦးစီ ခန့်ထားမယ်၊ ဖမ်းဆီးရေးမှာ သူတို့ အသုံးပြုလို့ ရအောင် ခရိုင်တိုင်းမှာ တောလမ်းသွား ဟိုင်းလတ်ကား ၄ စီး ပေးထားဖို့လည်း စီစဉ်နေတယ်လို့ ဝန်ကြီးဦးကျော်မင်းစံက သူ့မှတ်စုစာအုပ်လေးကို ဖွင့်ပြီး ရှေ့ဆက် လုပ်မယ့် အစီအစဉ်တွေကို ရှင်းပြပါတယ်။

ရှိပြီးသား သစ်တောရဲတွေမှာ လက်နက်ပြည့်စုံမှုမရှိတာကိုလည်း အစိုးရအဖွဲ့ကို တင်ပြမယ်၊ ရဲတပ်ဖွဲ့ရဲ့ အကူအညီတွေ ပိုမိုရရှိလာအောင် လုပ်ဆောင်သွားမယ်လို့ သူက ဆိုပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ နိုဝင်ဘာလ အစီရင်ခံစာမှာတော့ မြန်မာပြည် မှာ သစ်တောရဲ ဆိုတဲ့ ရာထူးကို အခုမှ ခန့်ထားခြင်း ဖြစ်တယ်၊ ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို စုံစမ်း ထောက်လှမ်း အရေးယူဖို့အတွက် သူတို့ ဘယ်လောက်အထိ ဆောင်ရွက်နိုင်တယ်ဆိုတာကိုလည်း ရှင်းရှင်း လင်းလင်း မသိရသေးဘူးလို့ သုံးသပ်ထားပါတယ်။

ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် သစ်တောရဲနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း စုံစမ်း ထောက်လှမ်းတဲ့အဖွဲ့တွေ ဖွဲ့သင့်ပြီလို့ UNODC က အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

ပဲခူးတိုင်းဒေသကြီးထဲက သစ်စက်လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးအောင်အောင်က သစ်တောအရာရှိတွေဟာ တောထဲမှာ စစ်ဆေး၊ ဖမ်းဆီးရေး အရေးပေါ် လုပ်ငန်းတွေအတွက် ရဲတပ်ဖွဲ့ကို အကူအညီတောင်းရာမှာ အခက်အခဲတွေ များပြားပုံရတယ်၊ ပူးပေါင်းဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့မှာလည်း အထက်အဖွဲ့အစည်း အဆင့်ဆင့်ကို သတင်းပို့ အစီရင်ခံ၊ ခွင့်ပြုချက်တောင်းရတယ် ဆိုတဲ့ အနေအထားတွေကြောင့် သစ်မှောင်ခို နှိမ်နင်းရေးကို ထိထိရောက်ရောက်၊ မြန်မြန်ဆန်ဆန် မဆောင်ရွက်နိုင်တာ ဖြစ်မယ်လို့ သုံးသပ်ပါတယ်။

တောပြုန်းခြင်း

၂ဝ၁ဝ ကနေ ၂ဝ၁၅ အတွင်း သစ်တော ဟတ်တာ ၃ သန်း (ဧက ၇ ဒသမ ၄ သန်း)ခန့် ပြုန်းတီးကာ ကမ္ဘာ့သစ်တောပြုန်းတီးမှုစာရင်းမှာ မြန်မာနိုင်ငံဟာ အဆင့် ၃ ကို ရောက်ရှိခဲ့တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ FAO က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံထဲကနေ သစ်ခိုးထုတ်တာတွေ ဟန့်တားတဲ့အနေနဲ့ သစ်အလုံးလိုက် ပြည်ပတင်ပို့မှုကို ၂ဝ၁၄ က စပြီး တော့ ရပ်ဆိုင်းခဲ့ပြီးပါပြီ။ ဒီလို ဟန့်တားထားပေမယ့် သစ်ခိုးထုတ်မှုတွေကတော့ ရှိနေသေးတယ်၊ ၂ဝ၁၅ ဇန်နဝါရီတုန်းက တရုတ်နိုင်ငံသား ၁၅၅ ဦး ကချင်ပြည်နယ်မှာ သစ် တရားမဝင် ရောင်းဝယ်မှုနဲ့ အရေးယူ ခံခဲ့ရတယ် လို့ UNODC က ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာ ထောက်ပြ ထားပါတယ်။
မကြာသေးမီ နှစ်များအတွင်း ပေါ်ပေါက်လာတဲ့ စီမံကိန်းစိုက်ခင်း ဆိုတာတွေကလည်း သစ်တောတွေ ပြောင်တလင်းခါသွားရခြင်းရဲ့ အဓိက တရားခံစာရင်းထဲ ပါဝင်နေပါတယ်။

သစ်တောမြေမှာ စီမံကိန်းစိုက်ခင်း လုပ်ကိုင်ခွင့်ရသူ အများအပြားဟာ “သစ်ပင်တွေကို အောက်ခြေကနေ အပြောင်ရှင်းပြီး ရသမျှသစ်တွေကို ထုတ်ယူသွားတယ်၊” ပြီးမှ စီမံကိန်းအပင်၊ စက်မှုကုန်ကြမ်းစိုက်ခင်း ဆိုတာတွေကို စိုက်ပျိုးကြတယ်လို့ နေခြည်သစ်စက်ပိုင်ရှင် ဦးအောင်အောင်က ရှင်းပြပါတယ်။

သစ်ခိုးထုတ်သူတွေ အသုံးပြုတတ်တဲ့ လက်ကိုင်လွှစက်ဟာ သစ်ပင်ကြီး အများအပြားကို အချိန်တိုအတွင်း မြေပြင်ပေါ် လဲှချနိုင်ပါတယ်။ ဒါကြောင့် ချိန်းဆော လို့ ခေါ်ကြတဲ့ လက်ကိုင်လွှစက်တွေကို ဒေသတွင်း အရောင်းဆိုင်တွေမှာ ရောင်းချခွင့် ပိတ်ပင်လိုက်ပြီလို့ ဝန်ကြီး ဦးကျော်မင်းစံက ပြောပြတယ်။

အပေါ့စားဖြစ်ပေမယ့် တောမြန်မြန်ပြုန်းအောင် အထောက်အကူဖြစ်စေတဲ့ လက်ကိုင်လွှစက်တွေကို လိုင်စင် မရှိဘဲ ကိုင်ဆောင်ရင် ဥပဒေအရ အရေးယူသွားမယ်လို့ သူက ဆက်ပြောတယ်။

၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံလုံးမှာ သစ်ထုတ်ယူခွင့် တစ်နှစ် ရပ်ဆိုင်းထားမယ်၊ သစ်ထုတ် ယူနိုင်စွမ်း အကြီးအကျယ် ကျဆင်းနေတဲ့၊ မြန်မာ့ ကျွန်းသစ်မူရင်းဒေသဖြစ်တဲ့ ပဲခူးရိုးမမှာတော့ ၁ဝ နှစ် အထိ ကျွန်းနှင့်သစ်မာ ထုတ်လုပ်ခြင်းမပြုဘဲ အနားပေးဆောင်ရွက်သွားဖို့ ဆွေးနွေး သုံးသပ်ထားတယ်လို့ သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဇွန်လလယ် ဆွေးနွေးပွဲတစ်ခုမှာ ပြောပါတယ်။

ထိန်းသိမ်းရေးနဲ့ ကာကွယ်ရေး

သစ်ခိုးထုတ်သူတွေဟာ ရန်ကုန်-မန္တလေး အမြန်လမ်းကို အဓိကအသုံးပြုပြီး ရန်ကုန်ဈေးကွက်နဲ့ မန္တလေး ဈေးကွက်တို့ကို တင်ပို့ကြပြီးတော့ ယခင်ကလို သစ်တင်ကား၊ လုပ်ငန်းသုံးကားကြီးတွေကို အသုံးပြုတာထက် အိမ်သုံးကားတွေနဲ့ ခိုးထုတ်ကြတာကို ပိုမို ပြုလုပ်လာကြတယ်လို့ ဦးတင်စိုးက ပြောပြ တယ်။

“ကျွန်တော်တို့လည်း ဖိဖိစီးစီးနဲ့ ဖမ်းဆီးရေးတွေ လုပ်လာပါတယ်။ ဒါပေမယ့် နေရာတိုင်းကိုတော့ လက်လှမ်း မမီနိုင်သေးဘူး” လို့ သူက ဆိုပါတယ်။

သစ်တော ဧရိယာ အများအပြားကို ရှင်းလင်းပြီး အမြန်လမ်းမကြီး တည်ဆောက်တာမျိုးလို ဖံွ့ဖြိုးရေး လုပ်ငန်း တွေကြောင့် တောပြုန်းတာ၊ တောပြုန်းအောင် အထောက်အကူ ဖြစ်စေတာမျိုးလို ဘေးထွက် ဆိုးကျိုးတွေ ပေါ်ပေါက်လာပါတယ်။

“အရင်အစိုးရတွေက ပဲခူးရိုးမပေါ်မှာ လမ်းတွေဖောက်၊ ရန်ကုန်-မန္တလေး အမြန်လမ်းကိုလည်း ဖောက်ခဲ့တော့ ခိုးထုတ်ရတာ ပိုတောင်လွယ်သွားသေးတယ်” လို့ ဝန်ကြီး ဦးကျော်မင်းစံက ဆိုပါတယ်။

ပဲခူးဒေသဟာ တခြား တိုင်း၊ ပြည်နယ်တွေနဲ့ ယှဉ်လိုက်ရင် သစ်တောဧရိယာ တော်တော်လေး ကျန်နေ သေးတယ်၊ စနစ်တကျ မထိန်းသိမ်းနိုင်ခဲ့ဘူး ဆိုရင်တော့ သစ်တောပြုန်းတီးမှု ပိုအားကောင်းလာမယ်လို့ ဝန်ကြီးက ဆိုပါတယ်။

“ရှိနေတဲ့တောတွေကို ကျနော့် လက်ထက်မှာ ထပ်မပြုန်းတီးအောင် ကာကွယ်သွားဖို့၊ သစ်တောတွေ ပြန်လည်ဖြစ်ထွန်းလာဖို့ ရနိုင်တဲ့နည်းလမ်းမျိုးစုံနဲ့ လုပ်ဖို့ ဆုံးဖြတ်ထားတယ်။ ကျန်နေသေးတဲ့ ကြိုးဝိုင်းတွေထဲက သစ်ပင်တွေကို အင်္ဂလိပ်လက်ထက်က အကွက်အလိုက် သစ်စာရင်းတွေ ပြုစုခဲ့သလို ပြန်ပြုစုနိုင်အောင် လုပ်ဖို့စဉ်းစားထားတယ်” လို့ ဝန်ကြီးဦးကျော်မင်းစံက ပြောပါတယ်။

သစ်တောထိန်းသိမ်းရေး လုပ်ဆောင်ဖို့ အရေးကြီးသလို သစ်မှောင်ခိုသမားတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့လည်း မဖြစ်မနေ ဆောင်ရွက်ရမယ်လို့ ရေတာရှည်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်က သုံးသပ်ပါတယ်။

ရေတာရှည်မြို့နယ်တခွင်မှာ သစ်မှောင်ခိုထုတ်နေသူ ၁ဝ ဦးလောက်ရှိနေကြောင်း သူက ဆက်ပြောပါတယ်။

“အခု မိတဲ့ဟာတွေက တခေါက်ဆိုရင် ဆယ်ခေါက်လောက်က လွတ်နေတာပဲ။ ဖမ်းဆီးရေးတစ်ခါ ဝင်ပြီး သွားပြီဆို နောက်ထပ် ဆယ်ရက်လောက်ကို သစ်ခိုးထုတ်သူတွေက အင်တိုက်အားတိုက်လုပ်တာ။ အမြဲတမ်း ဖမ်းဆီးရေးမှ မလုပ်နိုင်တာ” လို့ ဒေါက်တာကျော်ကျော်က ပြောလိုက်ပါတယ်။ ။

(ထက်ခေါင်လင်းသည် Myanmar Now မှ အကြီးတန်းသတင်းထောက်တဦးဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading