ဆည်းဆာရိပ်ထဲက ဇရာအိုတွေရဲ့ ဘဝ ဆည်းဆာချိန်
This article has been converted from Zawgyi One to Unicode
“ကိုယ့်ရဲ့မိဘတွေကို ဂရုစိုက်ကြနှော်” လို့ ကြည်လင် ပြတ်သားတဲ့အသံနဲ့ သူ့ကိုယ်သူ မိတ်ဆက်တဲ့ အသက် ၉၇ နှစ် အ ရွယ် အဘွား ဒေါ်ထွေးဟာ လမ်းမလျှောက်နိုင်တော့ ပါဘူး။
အဘွား ဒေါ်ထွေးဟာ ပဲခူးတိုင်း ရွှေတောင်မြို့နယ်ထဲက ကျေးရွာတရွာမှာ နေထိုင်သူ ဖြစ်ပါတယ်။ သားသမီး ဆွေမျိုး သားချင်းတွေ မရှိ၊ ကျောထောက်နောက်ခံလည်း မရှိလို့ သူဟာ ဒေသခံ ရွာသားတွေရဲ့ အစီအစဉ်နဲ့ ဘိုးဘွား ရိပ်သာကို ရောက်လာရတာ ဖြစ်ပါတယ်။
ဒီ ဘိုးဘွားရိပ်သာမှာ အသက်အရွယ် အကြီးဆုံးလည်း ဖြစ်တဲ့ အဘွားဒေါ်ထွေးရဲ့ ဘေးပတ်လည်မှာတော့ ပုတီးစိပ်သူက စိပ်၊ တရားစာရွတ်သူက ရွတ်၊ အိပ်သူက အိပ်၊ ငိုက်သူငိုက်၊ ဟိုကြည့်ဒီကြည့် လုပ်နေသူ စတဲ့ ပုံစံ မျိုးစုံနဲ့အတူ အဘွား ဦးရေ ၄၀ ဝန်းကျင်ဟာ ကျယ်ဝန်းတဲ့ ခန်းမကြီး တခုထဲမှာ တစုတဝေးတည်း နေထိုင်ကြပါတယ်။
ပုံစံမျိုးစုံနဲ့တွေ့ရတဲ့ အဘွားတွေဟာ သူတို့ရဲ့ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေရဲ့ နည်းလမ်းပေါင်းစုံနဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ ရပြီးနောက် “ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ” ကို ရောက်လာကြရ သူတွေပါ။
အဘွား အများစုဟာ အသက် ၈၀ နဲ့ အထက် အရွယ်တွေဖြစ်ကြပြီး ကိုယ့်ရဲ့ ဝေယျာဝစ္စ တွေကို ကိုယ်တိုင် မလုပ်နိုင်ကြ တော့ပါဘူး။
မြောက်ဒဂုံမြို့နယ်ထဲက ဆည်းဆာရိပ် ဂိလာန ဘိုးဘွားများရိပ်သာမှာ အဘိုးအဘွား စုစုပေါင်း ၁၁၀ ရှိပါတယ်။ ၁၁၀ အနက် ၈၀ ကျော်ဟာ အဘွားတွေဖြစ်ပါတယ်။
သူတို့တွေဟာ သားသမီးရင်းချာတွေရဲ့ မေတ္တာတွေကို မရကြပေမယ့် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာက ဝန်ထမ်းတွေရဲ့ ကျွေးမွေးပြုစုမှုတွေကြောင့် သားသမီးနဲ့မခြားတဲ့ မေတ္တာတွေကို ရယူရင်းနဲ့ပဲ သူတို့ရဲ့ နောက်ဆုံး နေ့ရက်တွေကို ဖြတ်သန်း နေကြရပါတယ်။
အဘွား ဒေါ်ထွေးကတော့ “ဒီမှာနေရတာ ပျော်ပါတယ်” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ တဝန်းမှာ သက်ကြီးရွယ်အို မိဘတွေကို စွန့်ပစ်မှု မြင့်မားလာနေပါတယ်။ အထူးသဖြင့် မြို့ပြဒေသတွေမှာ ပိုမို တိုး ပွားလာတယ်လို့ သက်ကြီးရွယ်အိုတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ လူမှု အဖွဲ့တွေက ပြောပါတယ်။
အဲဒီလို စွန့်ပစ်မှုတွေကို လျှော့ချနိုင်ဖို့အတွက် ဥပဒေနဲ့တားဆီးမှသာ ရနိုင်တော့မယ့် အခြေအနေ ဖြစ်နေတယ်လို့ ဆည်းဆာရိပ် ဘိုးဘွား ရိပ်သာရဲ့ ဒု ဥက္ကဋ္ဌ ဒေါ်ခင်မမ က ဧရာဝတီ ကို ပြောပါတယ်။
“ဥပဒေတရပ် ပြဌာန်းပြီးတော့ တားဆီးမှပဲ ရတော့မယ့် အနေအထားဖြစ်နေပါတယ်၊ ဘာကြောင့်လဲဆိုတော့ သက်ကြီးရွယ် အိုတွေကို စွန့်ပစ်မှုဟာ အတော့်ကို ဆိုးလာနေတယ်၊ တနေ့တခြား ပိုတိုးပွားလာနေတယ်၊ နည်းမျိုးစုံနဲ့ပေါ့”လို့လည်း သူက ပြောဆိုပါတယ်။
အမှန်တကယ် မစောင့်ရှောက်နိုင်ကြတဲ့အတွက် စွန့်ပစ်ခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဥပမာ-သားအမိ နှစ်ယောက်ပဲ ရှိတဲ့သူတွေအနက် သားသမီးက နာမကျန်းဖြစ်နေလို့ မိအို၊ ဖအိုကို မလုပ်ကျွေးနိုင်တဲ့ အတွက် စွန့်ပစ်မှုမျိုးတွေလည်း ရှိပါတယ်။
တကယ်လို့ လုံး၀ မစောင့်ရှောက်နိုင်ရင်တောင် အမှိုက်ပုံတွေ၊ လမ်းဘေးတွေမှာ မစွန့်ပစ်ကြဘဲ အဖွဲ့ အစည်းတွေ၊ ရိပ်သာ တွေနဲ့ စနစ်တကျ ဆက်သွယ်ကြဖို့တော့ လိုအပ်ပါတယ်။
လမ်းမတွေပေါ်မှာ စွန့်ပစ်ခံထားရဆဲ သက်ကြီးရွယ်အို ဘိုးဘွားတွေဟာလည်းပဲ အများအပြားရှိနေပါသေးတယ်။ တချို့ သားသမီးတွေဆိုရင် သက်ကြီးရွယ်အို မိဘတွေကို လူစည်ကားရာ လမ်းဆုံ၊ လမ်းခွတွေ၊ ဘတ်စ်ကား မှတ်တိုင်တွေမှာ တောင်းရမ်းခိုင်းထားပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ ရန်ကုန်နဲ့မန္တလေးလို မြို့ကြီးတွေမှာ အဓိက ဖြစ်ပွားနေပါတယ်။
အဲဒီ အဖြစ်အပျက်တွေကို လူမှုကွန်ရက်တွေမှာ ဖော်ပြ ဝေဖန်နေကြတာတွေလည်း ရှိပါတယ်။
ဒေါ်ခင်မမ ကလည်း “မိခင်အိုကြီးကို တောင်းခိုင်းပြီးတော့ ရတဲ့ငွေနဲ့ သားဖြစ်သူနဲ့ချွေးမတို့က အလောင်းကစားလုပ် နေတာမျိုး ကြုံဖူးပါတယ်၊ အဘွားအိုက အိမ်ထောင်ဦးစီး ငွေရှာပေးသူဖြစ်နေတယ်၊ ဒီလို မိသားစု ကိစ္စမျိုးဆိုရင် အဘွားအိုကို ကယ် ထုတ်နိုင်ဖို့ ခက်ခဲတာပေါ့”လို့ ပြောပြပါတယ်။
စွန့်ပစ်ခံ အဘိုးအဘွားအများစုဟာ ကိုယ်တိုင် မစားနိုင်၊ မသောက်နိုင်တဲ့အတွက် စွန့်ပစ်ခံရတာဖြစ်တယ်လို့ ပြန်ပြောပြကြ ပါတယ်။ စီးပွားရေး အရ လုံး၀ မကျွေးမွေးနိုင်လို့ စွန့်ပစ်ခံရသူ ရှိသလို တချို့ကလည်း စီးပွားရေး ပြေလည်ပေမယ့် အချိန် ပေးမပြုစုချင်တဲ့ အတွက် စွန့်ပစ်ခံရသူတွေလည်း ရှိပါတယ်။
စွန့်ပစ်ခံရတဲ့အဘိုး အဘွားတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ပြင်ပက ဒဏ်ရာတွေထက် ရင်ထဲက စိတ်ဒဏ်ရာကို ပိုမိုကြီးကြီး မားမား ခံစားနေကြရပါတယ်။ ဒါကြောင့်ပဲ တချို့အဘိုးအဘွား ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အထိတောင် ကြိုးပမ်း ခဲ့တဲ့သူတွေ ရှိတယ်လို့ သိရပါတယ်။
ဆည်းဆာရိပ်ထဲက အဘိုးအဘွားတွေထဲမှာ သားသမီး ကျောထောက်နောက်ခံ မရှိတဲ့ ဝန်ထမ်းအငြိမ်းစားတွေ၊ ငွေကြေး ပြည့်စုံတဲ့ ဘဝမှာ နေခဲ့ဖူးတဲ့ အဘိုးအဘွား တချို့လည်းရှိပါတယ်။ သူတို့ရဲ့ အတိတ်ကာလ အကြောင်း ပြန်ပြောင်း ပြော နေကြတာကိုလည်း တွေ့ရပါတယ်။
အသက် ၈၉ နှစ် အရွယ်ရှိတဲ့ အဘိုး ဦးလှရွှေ ဆိုရင် စက်မှု(၁) ရဲ့ အငြိမ်းစား ဝန်ထမ်းတဦးပါ။
စက်မှု (၁) မှာ တာဝန်ထမ်းဆောင်စဉ် က ဒီဇိုင်းရေးဆွဲသူ တဦးဖြစ်ခဲ့ပြီး လက်ရှိ အချိန်မှာလည်းပဲ သူဝါသနာပါတဲ့ ပန်းမျိုး စုံ၊ ဒီဇိုင်းမျိုးစုံကို ရေးဆွဲနေရင်း သူ့ရဲ့ နောက်ဆုံး နေဝင်ချိန်ကို ဖြတ်သန်းနေပါတယ်။
သူ့ရဲ့ ခုတင်ဘေးက စင်လေးပေါ်မှာတော့ သူရေးဆွဲထားတဲ့ ပန်းမျိုးစုံ၊ ငှက်လေးတွေ ပျံနေတဲ့ပုံ၊ တိရစ္ဆာန်လေးတွေရဲ့ပုံ စတာတွေပါဝင်တဲ့ စာအုပ် အများအပြား ရှိပါတယ်။
မိမိဝါသနာပါရာကို လုပ်ကိုင်ခွင့်ရနေတဲ့ အဘိုးအဘွားတွေကတော့ သူတို့ရဲ့ စွန့်ပစ်ခံဘဝတွေကို မေ့ပျောက်နေပုံပါပဲ။ သူ တို့ကို ပြုစုပေးနေတဲ့သူတွေကိုလည်းပဲ သူတို့ရဲ့ သွေးသားရင်းချာတွေလိုပဲ သဘောထားပုံရပါတယ်။ အဘိုးအဘွားတွေ အနေနဲ့ အဓိက လိုအပ်နေတာကတော့ စကားပြောဖော်ပါ။
စွန့်ပစ်ခံ အဘိုးအဘွားတွေကို စောင့်ရှောက်ပေးနေတဲ့ နေရာတွေ ရန်ကုန်မြို့မှာရှိပေမယ့်၊ စွန့်ပစ်ခံ ဦးရေများပြား လာတာ ကြောင့် အစိုးရ အနေနဲ့လည်း ကူညီစောင့်ရှောက်ရေး ဂေဟာတွေ ဆောက်လုပ်ပေးဖို့ လိုအပ်နေပါတယ်။
လက်ရှိ အစိုးရ ကတော့ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေကို ကူညီထောက်ပံ့နိုင်မယ့် ဥပဒေ တရပ်ပြဌာန်း နိုင်ဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။
အဲဒီ ဥပဒေကြမ်းကို လွှတ်တော်မှာ တင်ပြထားပါတယ်။ ဥပဒေကြမ်းမှာ သက်ကြီးရွယ်အိုတွေကို ကျန်းမာရေး စောင့် ရှောက်မှု၊ ခရီးသွားလာမှု သက်သာခွင့် စတဲ့ လူမှုဘ၀ လိုအပ်ချက်တွေပါဝင်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည် နေရာချထားရေး ဝန်ကြီးဌာန လက်အောက် က ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က ဧရာဝတီ ကို ပြောပါတယ်။
အလားတူပဲ မိဘတွေကို စွန့်ပစ်တဲ့ သားသမီးတွေကို အရေးယူနိုင်ဖို့အတွက် ဥပဒေတွေကိုပါ ထည့်သွင်း ရေးဆွဲထား တယ်လို့ အဲဒီ ဥပဒေကြမ်းရေးဆွဲရာမှာ ပါဝင်သူလည်း ဖြစ်တဲ့ ဒေါ်ခင်မမ ကလည်း ပြောဆိုပါတယ်။
မြန်မာနိုင်ငံတဝန်းက သက်ကြီးရွယ်အိုတွေနဲ့ ကူညီထောက်ပံ့မယ့်သူ လုံးဝမရှိတဲ့ သက်ကြီးရွယ်အိုတွေရဲ့ ခရီးသွားလာ တာ၊ ကျန်းမာရေးကိစ္စတွေ ဆောင်ရွက်တာနဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကို လုပ်ဆောင်ရာမှာ သက်သာခွင့် ရရှိစေရေး စတာတွေအတွက် ရည်ရွယ်ပြီးတော့ အဲဒီ ဥပဒေကြမ်းကို ပြဌာန်းဖို့ ဆောင်ရွက်ကြတာ ဖြစ်တယ်လို့ ဦးစိုးကြည် က ပြောပြ ပါတယ်။
အဲဒီ ဥပဒေကြမ်းကိုတော့ ဒီနှစ်အတွင်းမှာ အတည်ပြု ပြဌာန်းနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ဦးစိုးကြည်က ပြော တယ်။ ဥပဒေပြဌာန်းပြီးရင်တော့ အသက် ၆၀ နဲ့အထက်ရှိသူတွေ အားလုံးကို သက်ကြီးရွယ်အို သက်သေခံ လက်မှတ်တွေ အရင် ထုတ်ပေးသွားမယ်လို့လည်း ဦးစိုးကြည် က ပြောပါတယ်။
အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေကို စစ်တမ်းကောက်ယူတဲ့ အခါမှာ မှတ်ပုံတင်ကတ် ရှိသူတွေကို အဓိက ထားပြီး ကတ်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မှတ်ပုံတင်မရှိသူ၊ အိမ်ထောင်စု စာရင်းမရှိသူတွေကို လည်းပဲ စဉ်းစား ပေးဖို့ နည်း လမ်းတွေ ရှာဖွေသွားမယ်လို့ သိရတယ်။ ကျေးလက် ဒေသနေ အဘိုးအဘွား အများစုမှာတော့ မှတ်ပုံတင်တို့၊ အိမ်ထောင်စု စာရင်းတို့ မရှိကြပါဘူး။
မြန်မာနိုင်ငံရဲ့ သက်ကြီးရွယ်အိုဦးရေဟာ နိုင်ငံလူဦးရေရဲ့ ၈ ဒသမ ၉ ရာခိုင်နှုန်း ရှိပြီးတော့၊ ၅ သန်း ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
သက်ကြီးရွယ်အို ဦးရေများပြားလာခြင်းနဲ့အတူ ကူညီစောင့်ရှောက်ပေးမယ့် ပုဂ္ဂလိက အဖွဲ့အစည်းတွေလည်း ပေါ်ပေါက် လာပါတယ်။ ဒါပေမယ့် အစိုးရရဲ့ ကူညီထောက်ပံ့မှုကတော့ အပြည့်အ၀ မရသေးပါဘူး။ အစိုးရ အနေနဲ့ လူမှုအဖွဲ့တွေနဲ့ ပိုမို ပူးပေါင်းဖို့ လိုအပ်တယ်လို့ ဒေါ်ခင်မမ က ပြောပါတယ်။
အစိုးရ အနေနဲ့ထောက်ပံ့ရာမှာလည်း အကန့်အသတ်နဲ့ကူညီထောက်ပံ့တာတွေကို လျှော့ချသင့်တယ်လို့ လူမှုအဖွဲ့တွေက ပြောပါတယ်။ အစိုးရရဲ့ လူမှု ဖူလုံရေးဌာန က ထောက်ပံ့ပေးတဲ့အခါ ကန့်သတ်မှုတချို့ ရှိတယ်လို့ သိရတယ်။
ဥပမာ – ဆန် မလိုအပ်တဲ့ ဘိုးဘွားရိပ်သာအတွက် ဆန်ထောက်ပံ့မယ့် အစား တခြားလိုအပ်တဲ့ ဆေးဝါးနဲ့အထွေထွေ လိုအပ်ချက်တွေကို ဆောင်ရွက်နိုင်ဖို့ ငွေကြေးသာ ထောက်ပံ့သင့်တယ်လို့ လူမှုအဖွဲ့တွေ က ပြောပါတယ်။
ဒေါ်ခင်မမက “ဒီမှာက လှူထားကြတဲ့ ဆန်တွေရှိတယ်၊ ဒါပေမယ့် ဆန်ပဲလှူမယ်၊ ဆန်ဝယ်တဲ့ ဘောင်ချာပြန်ပေးရတော့ ဆန်ဝယ်ပြီး ပြန်ရောင်းရတော့ အလုပ်ရှုပ်ကုန်တာပေါ့၊ ဒါကြောင့် ငွေသာပေးပါ ဆိုတော့လဲ မပေးဘူး၊ ဆန်-ဘောင်ချာသာ ကြည့်လုပ်ပေးပါဆိုတော့ ကျမတို့ကို ဘောင်ချာအတု လုပ်ပေးဖို့ ပြောသလိုပဲလေ၊ အဲဒီတော့ အတုတော့ မလုပ်နိုင်ဘူးလို့ ပြန်ပြောရတယ်”လို့ ပြောပါတယ်။
ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာအတွက် တနေ့တာ ဆွမ်း၊ ဆေးဝါး အလှူရှင်တွေရဲ့ စာရင်းဟာ ၂၀၁၇ ဇန်နဝါရီလ အထိ ရှိနေပြီးသားလို့ သိရပါတယ်။
ဆည်းဆာရိပ်ရဲ့ ထူးခြားမှုကတော့ ကျန်းမာရေး မကောင်းတဲ့ ဂိလာန ဘိုးဘွားတွေကိုပါ လက်ခံပေးခြင်းပါပဲ။
“ဒီရိပ်သာကို အဓိက တည်ထောင်ရတဲ့ ရည်ရွယ်ချက်က ကွယ်ပျောက်နေတဲ့ မေတ္တာတွေကို ပြန်လည်ရရှိဖို့ လုပ်ပေးတာ ဖြစ်ပါတယ်”လို့ ဒေါ်ခင်မမ က ပြောပါတယ်။
အဲဒီမှာ ရှိတဲ့ အဘိုး အဘွားတွေထဲမှာ လမ်းမလျှောက်နိုင်သူ၊ လေဖြတ်ထားသူ၊ စိတ်ပုံမှန် မဟုတ်သူ စတဲ့ ကျန်းမာရေး အားနည်းသူအများအပြား ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဘိုးဘွားရိပ်သာအများစုကတော့ တကိုယ်ရည် ကိစ္စတွေကို ကိုယ်တိုင် လုပ်နိုင်သူတွေကိုသာ လက်ခံကြတယ်လို့ သိရပါတယ်။
အဘွားဒေါ်ထွေးကတော့ ကိုယ်တိုင် လမ်းမလျှောက်နိုင်တာက လွဲရင် ကျန်းမာရေးက အတော်ကောင်းပါတယ်။ အသက် အရွယ်နဲ့မလိုက်အောင် နားပါးတာ၊ မျက်စိကောင်းတာတွေဟာလည်း သူရဲ့ပါရမီလို့ ဆိုရမှာပါ။
အဘွားဒေါ်ထွေး ကလည်း “အဘွားက အကုန်ကြားတယ်၊ အတင်းပြောလို့မရဘူး၊ အတင်းပြောရင် တိုးတိုးလေး ပြောတာ တောင် ကြားရတယ်”လို့ ရယ်ရယ် မောမော ပြောဆိုလိုက်ပါတယ်။ ။