ကျနော်တို့ဟာ သမရိုးကျ အစဉ်အလာကို ဖောက်ထွက်ပြီး ရေးကြဖွဲ့ကြတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေ အပေါ် အလေးအနက် ထားကြပါတယ်။ ဒါကြောင့်မို့လည်း ကဗျာဆရာမ “ကြည်အေး”ကို ကျနော်တို့ လေးနက်ခဲ့ကြတာပါ။
ကျနော်တို့ ငယ်စဉ် (၁၉၇၀) စာပေဝါသနာ ပါကာစက အမျိုးသမီး ကဗျာဆရာမ အရေအတွက်ကလည်း နည်းတယ်။ အဲဒီလို အရေအတွက် နည်းတဲ့ကြားထဲကပဲ ကြည်အေးကို ကျနော်တို့ အာရုံညွှတ်ခဲ့ကြတယ်။
ကဗျာဆရာမ ကြည်အေးတို့ ခေတ်တုန်းကဆိုရင် အစဉ်အလာကို ဖောက်ထွက်ဖို့ ကြိုးစားတဲ့ ကဗျာဆရာမ ဆိုတာက ပိုပြီးတောင်မှ ရှားပါးခဲ့တာပဲ။ ဒါပေမယ့် ကံအားလျော်စွာ ကဗျာဆရာမ ကြည်အေးကို ကျနော်တို့ ရခဲ့တယ်။ ကြည်အေးဟာ အစဉ်အလာကို ဖောက်ထွက်ဖို့ ကြိုးစားတဲ့ ရှားရှားပါးပါး ကဗျာဆရာမ။
တွေးနည်းတွေးပုံ အဟောင်းထဲက ထွက်ရပ်ဖို့ ကြိုးစားခဲ့တဲ့ ကဗျာဆရာမ။ တခါတရံ ပြောင်းပြန် ပြန်ပြီးတွေးတတ်တဲ့ အတွေးကဗျာမျိုးကအစ ရေးတတ်တဲ့ ကဗျာဆရာမ။ ကျနော်တို့ မော့ကြည့်ခဲ့ရသည်ပေါ့။
အခု သူ နောက်ဆုံးထုတ်ဝေတဲ့ “ပွင့်ဒင်္ဂ” ကဗျာစာအုပ်ကို ဖတ်ပြီး ကဗျာဆရာမ ကြည်အေးဟာ သူ အရင်က ရပ်တည် ကိုင်စွဲခဲ့တဲ့ ဒဿနကို ပစ်ချပြီး တခြား ဒဿနတခုကို ပြောင်းလဲကိုင်စွဲသွားတဲ့ အဖြစ်ကို ထောက်ပြချင်လို့သာ ဒီဆောင်းပါးကို အခုလို နိဒါန်းပျိုးနေခြင်းပါ။
ကြည်အေးက တချိန်တုန်းကတော့ ဘယ်လို ဒဿနကို ကိုင်စွဲထားခဲ့သလဲ။ သူ ယခင် ကိုင်စွဲထားတဲ့ ဒဿနက ဘာလဲ။ ဒါကို နည်းနည်းတော့ ဦးစွာပထမ ပြောပြချင်ပါတယ်။ “ပွင့်ဒင်္ဂ” မတိုင်ခင်က ကဗျာဆရာမ ကြည်အေး ကိုင်စွဲထားခဲ့တဲ့ကဗျာနဲ့ ပတ်သက်တဲ့ ဒဿန အနှစ်သာရက ဘာလဲ။
အိပ်လို့မရ
ညကြီးမင်းကြီး၊
ထပြီးထိုင်နေ၊
မွေ့ရာတွေလည်း၊
ကြွေမွတွန့်လိပ်၊
သိပ်စိတ်ညစ်တယ်၊
သတိပြယ်လွင့်
ခိုတွယ် စရာ၊
အတည်မကျ။
ဒီကဗျာပိုဒ်ကတော့ ကြည်အေးရဲ့ကျော်ကြားလှတဲ့ “တစ္ဆေ” ကဗျာရဲ့ ပထမ ကဗျာပိုဒ်ပါပဲ။ ဒီကဗျာဟာ ကြည်အေးကို အစဉ်အလာက ချိုးဖောက် ရပ်တည်လိုက်တဲ့ ကဗျာဆရာမအဖြစ် အထင်ရှားဆုံး သက်သေထူနိုင်တဲ့ ကဗျာဖြစ်ခဲ့ပါတယ်။
အဲဒီခေတ် အဲဒီအချိန်က မြန်မာကဗျာ နယ်ပယ်မှာ စိတ်လှုပ်ရှားမှုကို ပေါ်အောင်ဖော်နိုင်တဲ့ အထူးသဖြင့် ငယ်ရွယ်သူ မိန်းမငယ်လေး တဦးရဲ့ စိတ်သန္တာန်ကို ပေါ်အောင်ဖော်ဖို့ ကြိုးစားခြင်းနဲ့ ကဗျာမှာ စကားပြောသလို ထည့်ရေးခြင်းဟာ ရိုးရာလမ်း ကြောင်းပေါ်မှာ နောက်ထပ် လမ်းကြောင်းသစ်တခု ထပ်ဖောက်လိုက်သလို ဖြစ်ခဲ့ပါတယ်။
မြန်မာမိန်းကလေးတွေ အဲဒီအချိန်က မတွေးရဲ မရေးရဲတဲ့ အတွေးနဲ့အရေးကို မိအောင်မီအောင် ရေးခဲ့ပြီး အင်မတန်ကောင်းတဲ့ အချစ်ကဗျာတွေ၊ ရင်ခုန်ဖို့ကောင်းတဲ့ ကဗျာတွေပါပဲ။ Comfessional ဆန်တဲ့ ကဗျာတွေပါပဲ။
မိရိုးဖလာ ဘာသာရေး အယူအဆ ရောယှက်တဲ့ ဘဝနေနည်း ထုကြီးထည်ကြီးနဲ့ လွှမ်းမိုးထားတဲ့ အဆောက်အအုံတခု အတွင်းမှာ ကြည်အေးက ဘဝဆိုတာ နေပျော်တယ်။ ချစ်မက်ဖို့ကောင်းတယ်။ တွယ်တာဖို့ သင့်တယ်။ ဘဝတန်ဖိုးက ဒါပဲ။ ဘဝနေနည်းက ဒါပဲ။ ဘဝကို ချစ်လို့ရတဲ့ နှလုံးသားက ဒါပဲ။
မိရိုးဖလာ ရိုးရာလှောင်အိမ်ထဲက အစဉ်အလာသမားတွေ အဖို့ မျက်လုံးထဲ ဆားပက်ထည့်လိုက်သလို ဖြစ်ကုန်စေတော့တာပေါ့။ မိန်းကလေးတန်မဲ့ ဒီလိုရေးသင့်သလား။ ဝိုင်းပြောကြတော့တာပေါ့။
ကြည်အေးကတော့ သူ ယုံကြည်ရာလမ်းကို ဆက်လျှောက်ပါတယ်။ ဆက်လျှောက်တာမှ ရဲရဲရိုင်းရိုင်းကိုပဲ လျှောက်တာပါ။ အောက်က ကဗျာပိုဒ်ကို ကြည့်ပါ။
ရှေးကဆိုရိုး၊
ပိုးဖလံမျိုး၊
မ်ီးကို တိုးသတဲ့၊
မောက်ဖြိုးရွှေတောင်၊
မြိုက်လောင်ပူနွေး၊
မီးငွေ့ပေးမှ၊
အသက်ရရှိ၊
ကျွန်မချစ်မြဲ၊
သံသာဝဲမှ၊
ခွဲထွက်ချင်ဘူး၊
တပ်မက်ဦးမည်။
ဒီကဗျာပိုဒ်က ကြည်အေးရဲ့၁၉၇၁ ခုနှစ် “သစ္စာသစ်” ကဗျာမှာ ရေးခဲ့တဲ့ ကဗျာပိုဒ်ပါ။ ဒီကဗျာပိုဒ်ဟာ အဲဒီခေတ်မှာ ကြီးပြင်းရတဲ့ ကျနော်တို့ကို ချောက်ချောက်ချားချား ဖြစ်ရလောက်အောင် ဆွဲခေါ်သွားခဲ့တယ်။ ရှေးဆိုရိုးက ပိုးဖလံဆိုတာ မိုက်မဲသူ ဖြစ်တယ်လို့ ဆိုပေမယ့် ကြည်အေးကတော့ အဲဒီအပူကိုပင်လျှင် မောက်ဖြိုးရွှေတောင် ဖြစ်တယ်လို့ ယုံကြည်သတဲ့။ အဲဒီမီး အပူဓာတ်က မြိုက်လောင်ပူနွေး၊ မီးငွေ့ပေးမှ၊ အသက်ဓာတ် ရရှိသတဲ့။
ပြီးတော့ “လခြမ်း လဝိုင်း၊ ညတိုင်းမြင်ချင်” သတဲ့။ “ငွေစင်နေဝန်း၊ ဆည်းဆာကွန်းမှ၊ ပေါ်ယွန်းစေ့စေ့၊ နေ့တိုင်း တွေ့ချင်” သတဲ့။ နောက်ဆုံးတော့ ကြည်အေးရဲ့ကျော်ကြားလှတဲ့ စာသား၊ “ကျွန်မချစ်မြဲ၊ သံသာဝဲမှ၊ ခွဲထွက်ချင်ဘူး၊ တပ်မက်ဦးမည်” ဆို တဲ့စာသား။
ဒီကဗျာဟာ ကြည်အေးရဲ့ “သစ္စာသစ်” ကဗျာထဲက နောက်ဆုံးကဗျာပုဒ်ပါပဲ။ တနည်းအားဖြင့် ပြောရရင် ကြည်အေးရဲ့“အနုပညာဆိုင်ရာ၊ ဘဝအမြင်ဆိုင်ရာ ကြေညာစာတမ်း” ပါပဲ။
ကြည်အေးရဲ့ အစဉ်အလာဖောက်ထွက်ပြီး အများမြင်တဲ့အမြင်နဲ့ ဆန့်ကျင်ဘက် ပြောင်းပြန် ပြန်တွေးပြီးရေးတဲ့ တခြား ကဗျာ ရှိပါသေးတယ်။ ဥပမာ “၂၀ ရာစုနှစ် အလွမ်းသစ်” လိုကဗျာမျိုးပါပဲ။
ကျနော်တို့ဟာ ကြည်အေးကို အဲဒီလိုကဗျာတွေ၊ အဲဒီလို အယူအဆတွေ၊ အဲဒီလို တပ်မက်မှုတွေကြောင့် လေးနက်ခဲ့ကြတယ်။ ကြည်အေးဟာ မြန်မာပြည်ရဲ့ ပုဂ္ဂလဓိဋ္ဌာန် အဇ္ဈတ္တခံစားမှုကို တရှိုက်မက်မက် ရေးဖွဲ့နိုင်သူ။ မြန်မာပြည်ရဲ့အစော ဆုံး ပေါ်ပေါက်လာခဲ့တဲ့ “အတ္တဘဝအမှန်ဝါဒီ”။ ကြည်အေးဟာ အလှဝါဒီ၊ ဘဝဝါဒီ။ ဒီလို ကျနော်တို့ မော့ကြည့်ခဲ့ကြတယ်။ ဒီလိုနဲ့ ကြည်အေးဟာ မြန်မာကဗျာ နယ်ပယ်ထဲက သစ္စာသစ်ကို ရှာဖွေသူ၊ ဆုပ်ကိုင်ရပ်တည်သူ။ ဒီလိုပဲ ကျနော်တို့ နေရာ ပေးခဲ့ကြရပါတယ်။
၂၀၁၆ ခု၊ ဇွန်လထဲမှာ ဆန်းစသော်တာ စာပေတိုက်ကနေပြီး ကြည်အေးရဲ့ “ပွင့်ဒင်္ဂ” ကဗျာစာအုပ် ထွက်လာပါတယ်။ ကြည်အေးရဲ့ ကဗျာတွေကို တလုံးတစည်းတည်း မဖတ်ရတာကြာလို့ အပြေးအလွှား သွားဝယ်ပြီး ဖတ်ရပါတယ်။ ကဗျာပုဒ် ရေ ၁၈ ပုဒ်။
ပွင့်ဒင်္ဂ ကဗျာစာအုပ်ကို ဖတ်တဲ့အခါ ပထမဆုံး သတိပြုမိတဲ့အချက်က ဘာသာရေး အယူအဆတချို့ကို ကာရံထည့်ပြီး ကဗျာအဖြစ် ဖော်ပြထားတဲ့ ကဗျာစာအုပ်ဖြစ်တယ် ဆိုတဲ့အချက်ပါပဲ။ ကာရံထည့်ထားလို့သာ ကဗျာအဖြစ် ပြောရမလို ဖြစ်ပေမယ့် ကဗျာအငွေ့အသက် ခြောက်သယောင်းလွန်းလို့ စာအုပ်ကို ကိုင်ထားရင်းက တအံ့တသြ ငေးမော တွေးတောမိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
ဒီကနေ့ “ကြည်အေး” ဟာ အရင်က “ကြည်အေး” နဲ့ လုံးဝကြီး ခြားနားသွားခဲ့ပြီပဲ။ အထူးသဖြင့် အယူအဆရေးရာ ကိစ္စမှာ ယခုကြည်အေးက ယခင်ကြည်အေးကို စွန့်ခွာသွားခဲ့ပြီပဲ။ ပွင့်ဒင်္ဂ ကဗျာစာအုပ်ထဲက “ဒုတိယသစ္စာ” လို့ ခေါင်းစဉ်တပ်ထား တဲ့ကဗျာမှာ ကြည်အေး အခုလို ရေးပါတယ်။
သူ စုံမက်သော ထိုသုခသည်၊
မမြဲသော တဏှာလောဘ၊
အားလုံး အားလုံး အနိစ္စ၊
နောက်ဆုံးဒုက္ခ ဒုက္ခသာ ကျန်ရှိ၏ဟု
ကြည့်တတ်က မြင်သိနိုင်သည်မှာ၊
ဒုတိယသစ္စာ၊
သမုဒယသစ္စာ၊
ကာမတဏှာ၊
ဘဝတဏှာ၊
ဝိဘဝတဏှာ။
အဲဒါ “ပွင့်ဒင်္ဂ” ကဗျာစာအုပ် စာမျက်နှာ ၁၇ မှာ ဖော်ပြတဲ့ “ဒုတိယသစ္စာ” ကဗျာရဲ့ နောက်ဆုံးကဗျာပိုဒ်ပါပဲ။ ဒါဟာ ကြည်အေး နောက်ဆုံးဖွဲ့သီတဲ့ ကဗျာစာအုပ်ထဲက ကြည်အေးရဲ့ တိမ်းစောင်း ပြောင်းလဲမှုကြီးအပေါ် ခြေရာခံလို့ရတဲ့ ကဗျာပိုဒ် ဖြစ်လာခဲ့ပါတယ်။ ပြီးတော့ နောက်ထပ် ခြေရာတခု။
ပဋိစ္စ သမုပ္ပါအရ၊
ဒုက္ခကြီးစွာ၊
ဘဝကုဋေကဋာသည်၊
ဖြစ်ပျက်ခြင်းသာ၊
ဆင်းရဲခြင်းသာ ရှိမြဲ၊
မိုက်မဲစွဲလမ်း၊
တဏှာ အစွမ်းဖြင့်၊
အဝိဇ္ဇာနှင့် လွမ်းသည်ကို၊
ရှက်ရ ကြောက်ရမှန်းမသိ…….
အခုတော့ ကြည်အေးက ဘဝကို ခုံမင်တာ၊ အလှကို စုံမက်တာ၊ သဘာဝကို ချစ်မက်တာတွေဟာ “ရှက်ရမှန်း ကြောက်ရမှန်း မသိတဲ့ အလုပ်တွေ” လို့ ဆိုလိုက်ပါပြီကော။ သူသည် သူ၏ တခြားကဗျာတပုဒ်ဖြစ်တဲ့ “ချစ်သူဟူသည်မှာ” ကဗျာထဲ၌ “အချစ်ဖြစ် အချစ်ပျက်ကြ၊ နှစ်သက်ခဲ့သမျှ ပျောက်ပြယ်၊ သဲမှုန်မျှ မခင်တွယ်တော့ဘဲ” ဟုဆိုကာ သူ၏ မူလသစ္စာကို စွန့်ပယ်လိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါပြီ။
ကျနော် ရည်ညွှန်းပြောဆိုလိုခြင်းမှာ ကဗျာဆရာမကြီး ကြည်အေး ပြောင်းလဲ ကိုင်ဆွဲသွားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အယူအဆတွေကို မှားသည်မှန်သည် ခွဲခြားပြောဆိုလိုရင်း အလျဉ်းမဟုတ်ပါ။ သူရဲ့ မူူလပထမ ကိုင်စွဲ ယုံကြည်ခဲ့တဲ့ သူကိုယ်တိုင်က အမည်သညာမှည့်ခေါ်ခဲ့တဲ့ “သစ္စာသစ်” ကို လွှတ်ပစ်လိုက်ပြီဖြစ်သည်ဆိုတဲ့ အချက်ကိုသာ ညွှန်းလိုခြင်း ဆိုလိုရင်းဖြစ်ပါတယ်။
ဒီဆောင်းပါးကို ကဗျာဆရာမကြီး “ကြည်အေး” နဲ့ ခေတ်ပြိုင်လည်းဖြစ် မိတ်ဆွေရင်းချာလည်းဖြစ်သူ ကွယ်လွန်သူ ကဗျာ ဆရာကြီး “ဒဂုန်တာရာ” ရဲ့ ကဗျာတပိုဒ်နဲ့ နိဂုံးချုပ်ချင်ပါတယ်။ ဆရာ ဒဂုန်တာရာက သူ့ရဲ့ “ဒိုင်နိုဆောနှင့် ပန်းလိပ်ပြာ” ကဗျာမှာ အခုလို ရေးခဲ့ပါတယ်။
ငါ တမူကား၊
နေရာမပျက်၊
ယုံကြည်ချက်မပျက်၊
ငြိမ်းချမ်းရေးဘက်တွင်၊
အစဉ်ရှိလျက်၊
သမိုင်းသက်သေ၊
ရှာဖွေနိုင်သည်၊
ငါသည် သစ္စာဖောက်သလော။
ဒါကတော့ ဆရာဒဂုန်တာရာ ရေးခဲ့တာပါ။ ကဗျာဆရာမ ကြည်အေးကတော့ ဆရာ ဒဂုန်တာရာလို မဟုတ်ပါ။ ကဗျာဆရာမ ကြည်အေးက သူရဲ့ယခင်မူလ ယုံကြည်ထက်သန်ခဲ့ရာ အယူအဆကို စွန့်ပစ်ကာ နောက်ထပ် ယုံကြည်ထက်သန်မှုတခုကို ပြောင်းလဲဆွဲကိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီလို ပြောင်းလဲသွားပြီ ဖြစ်ကြောင်းကို “ပွင့်ဒင်္ဂ”ကဗျာစာအုပ်က ငြင်းလို့မရနိုင်အောင် အခိုင်အမာ သက်သေပြလိုက်ပြီ ဖြစ်ပါကြောင်း။
ကဗျာဆရာမ – ကြည်အေး
စာအုပ်အမည် – ပွင့်ဒင်္ဂ
အမျိုးအစား – ကဗျာ
ထုတ်ဝေသည့်ကာလ – ဇွန်၊ ၂၀၁၆
ထုတ်ဝေသည့်တိုက် – ဆန်းစသော်တာ
တန်ဖိုး – ၂၀၀၀ ကျပ်