ခေတ်စနစ် ပြောင်းလဲလာတာနဲ့အမျှ လူတွေရဲ့ လူနေမှု ပုံစံ၊ စားသောက်မှု ပုံစံတွေဟာလည်းပဲ ပြောင်းလဲ လာတတ် ကြပါတယ်။
အထူးသဖြင့် မြို့ပြမှာနေသူတွေရဲ့ အစားအစာ စားသုံးမှုပုံစံတွေကြောင့် ကျန်းမာရေး အခြေ အနေတွေဟာလည်းပဲ ပြောင်းလဲ လာနေပါတယ်။
ဓာတုပစ္စည်းမကင်းတဲ့ အစားအသောက်တွေကြောင့် ရောဂါ အသစ်အဆန်းတွေ ဖြစ်ပွားမှုလည်း များပြားလာပါတယ်။
ဓာတု ပစ္စည်း မကင်းတဲ့ အစားအသောက်တွေထဲမှာ အရန်သင့် အစားအစာတွေလည်း ပါဝင် ပါတယ်။
အရန်သင့် အစားအစာတွေ စာသုံးမှု တွင်ကျယ်လာခြင်းနဲ့ ကိုယ်လက် လှုပ်ရှားမှု နည်းပါးလာကြခြင်း ဟာလည်း ရောဂါကို ဖိတ်ခေါ်လိုက်သလိုပဲ ဖြစ်ပါတယ်။
ကျန်းမာရေး လိုက်စားသူတွေကတော့ အဲဒီနှစ်မျိုးစလုံးကို လျှော့ချဖို့အတွက် သူတို့ရဲ့ နေထိုင်မှု ပုံစံတွေကိုပါ ပြောင်းလဲ နေကြပါပြီ။
နေထိုင်စားသုံးမှု ပုံစံပြောင်းလဲတဲ့ အထဲမှာ ဓာတုပစ္စည်းမသုံးတဲ့ အော်ဂဲနစ်သီးနှံ(Organic vegetables) တွေကို စျေးကြီးပေးဝယ် စားသုံးကြသလို ကိုယ်တိုင် စိုက်ပျိုး စားသုံးမှုကို အလေးထား စားသုံးလာကြတာလည်း တွေ့ရ ပါတယ်။
အော်ဂဲနစ် သီးနှံဟာကျေးလက် ဒေသနေလူတွေအတွက် လွယ်ကူပေမယ့် မြို့ပေါ်နေသူတွေ အတွက်တော့ မလွယ် ကူ ပါဘူး။
ဒါပေမယ့် အခုခေတ် နောက်ပိုင်းမှာ တနိုင်တပိုင် အော်ဂဲနစ် သီးနှံစိုက်ခင်းတွေကို စတင်စိုက်ပျိုးလာကြပြီး တချို့က လည်း စီးပွားဖြစ် စိုက်ပျိုးလာကြပါတယ်။
အဲဒီလိုတနိုင်တပိုင် စိုက်ပျိုးနိုင်ဖို့ အတွက်လည်းပဲ သင်တန်းပေးတာတွေ၊ နည်းပညာ ဖြန့်ဝေ ပေးတဲ့ နေရာတွေကို ဖော်ဆောင်ပေးနေသူတွေလည်း ရှိပါတယ်။
အော်ဂဲနစ် သီးနှံတွေ တနိုင်တပိုင် စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပြီးတော့ မှော်ဘီမြို့နယ်ထဲမှာပဲ ပုဂ္ဂလိက သင်တန်း ကျောင်းတခု ဖွင့်လှစ်ထားပါတယ်။
အဲဒီသင်တန်းကျောင်းမှာ အော်ဂဲနစ် စိုက်ပျိုးရေး နည်းပညာတွေကို မြန်မာနိုင်ငံ တဝန်း က သင်တန်းသူ/သင်တန်း သား တွေ လေ့လာ သင်ယူ နေကြပါတယ်။
မှော်ဘီမြို့နယ်ထဲက အော်ဂဲနစ် သင်တန်းကျောင်း
တနိုင်တပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးတွေကို မိမိဒေသမှာ မွေးမြူနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် နည်းပညာ တွေ ပြန့်ပွားဖြန့်ဝေနိုင်ရန် ရည်ရွယ်ပြီးတော့ “မြန်မာနိုင်ငံ သဘာဝ ပတ်ဝန်းကျင်နှင့် စီးပွားဖွံ့ဖြိုးမှု ကွန်ရက်” အမည်နဲ့ သင်တန်းကျောင်း တခုကို ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ထဲမှာ ဖွင့်လှစ်ထားပါတယ်။
မှော်ဘီ နည်းပညာ တက္ကသိုလ် အနီးက အင်ကြင်းကုန်း ဆိုတဲ့ နေရာမှာ ၂၀၁၃ ခုနှစ် ကတည်းက ဖွင့်လှစ်ထားတာပါ။
အဲဒီ သင်တန်းကျောင်းမှာတော့ သဘာဝ အတိုင်း စိုက်ပျိုးရေးနှင့် အခြေခံစွမ်းရည် မြှင့်တင်ရေး၊ စံပြ သစ်တော ထူ ထောင် ရေး၊ ဒေသထွက်ပစ္စည်းနဲ့ အဆောက်အအုံ တည်ဆောက်ရေး၊ မွေးမြူရေးနှင့်စိုက်ပျိုးရေးကို တွဲဖက် ဆောင် ရွက် ရေး တို့ကို အဓိကသင်ကြားပေးပါတယ်။ နိုင်ငံတဝန်းက သင်တန်းသူ၊ သင်တန်းသားစုစုပေါင်း ၄၀ ၀န်းကျင် တက်ရောက် သင်ယူနေ ကြပါတယ်။
သင်တန်းကာလ ၁၀ လ ဖြစ်ပြီးတော့ စာတွေ့ရောလက်တွေ့ပါ လုပ်ဆောင်ရပါတယ်။ အဓိကတော့ သီအိုရီပိုင်းထက် လက်တွေ့ စိုက်ပျိုးနည်းတွေကို ကျောင်းသားတွေ ကိုယ်တိုင် လုပ်ဆောင်ကြရပါတယ်။ သင်တန်းကာလ ၁၀ လပြီးရင် တော့ မိမိဒေသကို ပြန်ပြီး၊ ဒေသခံတွေရဲ့ အခြေအနေတွေကိုလေ့လာဖို့နဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ အတွက် တလ ထပ်မံ ကွင်းဆင်းရပါတယ်။ မိမိဒေသတွင်းကရခဲ့တဲ့ အတွေ့အကြုံတွေကိုသင်တန်းမှာ ပြန်လည် တင်ပြ အစီရင်ခံပြီး တခြားသူတွေကို မျှဝေပေးရပါတယ်။
သင်တန်းကျောင်းရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးခိုင်ဓူဝံ က “အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံတဝန်းက လူငယ်တွေ အနေနဲ့ စိုက်ပျိုးရေးပညာတွေကို ကိုယ့်ဒေသမှာ ကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်နိုင်ဖို့ပါပဲ၊ အထူးသဖြင့်တော့ ကျေးလက် ဒေသက အခွင့်အလမ်းနည်းတဲ့ လူငယ်တွေကိုပိုပြီးတော့ ဦးစားပေးခေါ်ယူပါတယ်”လို့ ပြောပါတယ်။
၂၀၁၃ ကနေ ၂၀၁၆ ခုနှစ်အတွင်း ကျောင်းသား ၁၅၀ ကျော် သင်တန်းပြီးဆုံးသွားကြပြီး သက်ဆိုင်ရာနယ်ပယ် အသီး သီးမှာလက်တွေ့ လုပ်ဆောင်နေပါပြီ။ ကိုယ်ပိုင် စိုက်ခင်းပြန်လည် ထူထောင်ခြင်းကိုတော့ ထားဝယ်၊ မြောက်ဦးတို့မှာ စတင် လုပ် ဆောင်နေကြပြီး မကြာခင်မှာလည်း ရှမ်း၊ ကချင် ဘက်တွေမှာနေရာ ၄ ခုထပ်မံ တည်ဆောက်သွားဖို့ ရှိတယ်လို့လည်း ဦးခိုင်ဓူဝံ က ပြောပြပါတယ်။
အလားတူ တနိုင်တပိုင် စိုက်ပျိုးထုတ်လုပ်နေကြသူတွေလည်း ရှိနေပြီလို့ သိရပါတယ်။
အဲဒီသင်တန်းကျောင်းကို မြန်မာနိုင်ငံမှာ မတည်ထောင်ခင်က ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ၈ နှစ်ခန့် ဖွင့်လှစ်ခဲ့ပြီး မြန်မာ နိုင်ငံ တဝန်းက ကျောင်းသူ၊ ကျောင်းသားတွေကို သင်ကြားပေးခဲ့ပါတယ်။ ချင်းမိုင်မှာ လေ့လာသင်ယူခဲ့တဲ့ သင်တန်း သားတွေ အများစုကတော့ သက်ဆိုင်ရာလုပ်ငန်းခွင်တွေမှာ အောင်မြင်နေကြပါပြီ။
ချင်းမိုင်က သင်တန်းကျောင်းကို အပြီးအပိုင် ဖျက်သိမ်းပြီး မြန်မာနိုင်ငံမှာ အခြေစိုက်ဖို့ စတင်ခဲ့တဲ့အချိန်မှာ အခက်အခဲ တချို့ရှိခဲ့တယ်လို့ ဦးခိုင်ဓူဝံ က ပြောပါတယ်။
သင်တန်းကျောင်း စတင်ချိန်က ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ အားပေး ကူညီမှုတွေ အားနည်း ခဲ့တဲ့အပြင် လွှတ်တော် ကိုယ်စားလှယ်တွေတောင် ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ စိတ်ဝင်စားမှုတွေ ရှိလာကြပြီလို့ သိရပါတယ်။
ဒါပေမယ့်လည်း အစိုးရရဲ့ အားပေး ထောက်ပ့ံမှုကတော့ နည်းနေဆဲဖြစ်ပြီး အစိုးရအနေနဲ့ အော်ဂဲနစ် စိုက်ပျိုးရေး သင် တန်းကျောင်းတွေကို နိုင်ငံတဝန်းမှာ တည်ထောင် ပေးသင့်တယ်လို့လည်း ဦးခိုင်ဓူဝံ က ဆိုပါတယ်။
အဲဒီ သင်တန်းကျောင်းက အော်ဂဲနစ် သီးနှံ စိုက်ပျိုးနည်း တချို့ကို လေ့လာခွင့် ရခဲ့တာကိုလည်း မှတ်သားမိသမျှ ပြန်လည် မျှဝေလိုက် ပါတယ်။
အော်ဂဲနစ်မှို
၁၀ ရက် အတွင်းငွေပြန်ရနိုုင်မယ့် အော်ဂဲနစ်မှို ခေါ် ကောက်ရိုးမှို စိုက်ပျိုးနည်းကတော့ သီးနှံတွေထဲမှာ အမြန်ဆုံး စိုက်ပျိုး စားသုံး ရောင်းချနိုင်တဲ့ အရာဖြစ်ပါတယ်။
မှိုကို ၁၂ လ ရာသီလုံး စိုက်ပျိုးနိုင်ခြင်းဟာလည်းပဲ အားသာချက်တခုပါ။ တခြားသီးနှံ အများစုကတော့ ပွင့်လင်းရာသီ မှာပဲ စိုက်ပျိုးနိုင်တာ များပါတယ်။
မှိုကတော့ ၁၀ ရက်လောက်ပဲ ကြာပြီးတော့ နေရာအကျယ်အဝန်း အများကြီး မလိုအပ်ပါဘူး။ အရင်းအနှီး ကလည်း မများလှပါဘူး။ စတင်စိုက်ပျိုးပြီး ၁၀ ရက်အကြာမှာ ခူးယူစားသုံးနိုင်ပြီး တကြိမ်စိုက်ပျိုးထားရင် ရ ရက်တပတ်လောက် အထိ ခူးယူ နိုင်ပါတယ်။ စျေးကွက်မှာလည်းပဲ အလွယ်တကူ သယ်ယူရောင်းချနိုင်ပါတယ်။
မှိုစိုက်ပျိုးနည်းကလည်း လွယ်ကူပါတယ်။ ပထမဆုံး အနေနဲ့ အပေါက်တွေပါတဲ့ သေတ္တာငယ်တခု လိုအပ်ပါတယ်။ အဲဒီ သေတ္တာထဲမှာ ပထမဆုံး မြေကြီးကိုထည့်ရပါမယ်။ မြေကြီးအပေါ်က နွားချေးခြောက်ကို ထည့်ရပါတယ်။ နွားချေး အပေါ် က ပိုးမွှားတွေ သေစေဖို့အတွက် ထုံးနည်းနည်း ဖြူးပေးရပါတယ်။
အဲဒီအဆင့်ပြီးရင် ကောက်ရိုးဖြစ်စေ၊ ရေနူးထားတဲ့ ကတ်ထူပုံးအခွံ အပိုင်းအစတွေဖြစ်စေ ထည့်ပေးရပါမယ်။ လိုအပ် တဲ့ ပစ္စည်းတွေထည့်ပြီးရင် လေလုံတဲ့ နေရာတခုမှာ သိမ်းထားပြီး ၁၀ ရက်ခန့် အကြာမှာတော့ မှိုတွေကို ခူးယူနိုင်တော့ မှာ ဖြစ်ပါတယ်၊ သီတင်းပတ် တပတ်ကျော် အထိ ခူးယူနိုင်မှာ ဖြစ်ပါတယ်။
ကောက်ရိုးအပြင် လွှစာမှုန့်နဲ့လည်း စိုက်ပျိုးနိုင်ပါတယ်။ သေတ္တာ မသုံးချင်ရင်တော့ ကြွပ်ကြွပ်အိတ်ကလေးတွေနဲ့ လည်း စိုက်ပျိုးနိုင်ပါတယ်။
ပင်ပွားစပါး
ပင်ပွားစပါး စိုက်ပျိုးနည်းကတော့ စပါးအထွက်နှုန်း တဧကကို တင်း ၁၀၀ ကျော် အထိ ထွက်ပါတယ်။ စပါး မစိုက် ပျိုးခင် မျိုးစေ့ ပျိုးထောင်တဲ့အချိန်ကို သီတင်းပတ် တပတ် ကနေ ၁၀ ရက်ခန့်အတွင်းသာ ကြာမြင့်ရမှာ ဖြစ်ပါတယ်။ စပါးစေ့ အက်ကွဲမှု မဖြစ်ပွားမီ ထွန်ယက်ထားတဲ့ လယ်ကွက်မှာ ၈ ပေ ဒါမှမဟုတ် ၁၀ ပေပတ်လည် အကွာဝေးမှာ စိုက်ပျိုးရမှာ ဖြစ်ပါတယ်။ တဧက အတွက် မျိုးစေ့ စပါး တပြည်သာလိုပါတယ်။ မျိုးစေ့တပြည်က အပင်ပေါင်း ၄ သောင်း ကျော် အထိရပါတယ်။
စပါးစေ့ အက်ကွဲမှု မဖြစ်မီ စတင်စိုက်ပျိုးမှသာ စပါးစေ့အခွံထဲက အဆန်ဟာ စပါးစေ့မှာပါတဲ့ မြေဆီသြဇာတွေကို ထိန်းထား နိုင်မှာ ဖြစ်ပြီး စပါးသီးတဲ့အထိ အကျိုးဖြစ်ထွန်းစေမှာပါ။ အလားတူ အပင်တွေလည်း ပြန့်ပွားနိုင်မှာ ဖြစ်ပါ တယ်။ စိုက်ပျိုးပြီး ၃ လ အကြာမှာတော့ ရိတ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။ ပင်ပွားစပါးကို ရေဝပ်တဲ့နေရာတွေမှာ စိုက်ပျိုး မယ် ဆိုရင်တော့ အောင်မြင်မှု နည်းပါးပါတယ်။
မှော်ဘီမြို့နယ်ထဲက အော်ဂဲနစ် သင်တန်းကျောင်းမှာတော့ ပင်ပွားစပါး စိုက်ခင်းအပြင် ရိုးရိုးစိုက်ခင်းဧက စုစုပေါင်း ၂၀ ၀န်းကျင် စိုက်ပျိုးထားပါတယ်။
ရိုးရိုးစပါး စိုက်ပျိုးနည်းကတော့ မျိုးစေ့ထောင်တာ အချိန်တလ ၀န်းကျင် ကြာမြင့်ပါတယ်။
ဒါ့အပြင် ဒေသခံ လယ်သမားတွေနဲ့ ပူးပေါင်းစိုက်ပျိုးထားတဲ့ စပါးစိုက်ဧကလည်း ၅၀ ဧကရှိတယ်လို့ ဦးခိုင်ဓူဝံက ပြော ပါ တယ်။ ရိုးရိုးစပါးစိုက်ခင်းရဲ့ တဧကအထွက်နှုန်းကတော့ တင်း ၆၀ နဲ့ ရ၀ ကြား ရှိပါတယ်။
မြန်မာနိုင်ငံမှာတော့ ပင်ပွားစပါး စိုက်ပျိုးနည်းဟာ တွင်ကျယ်မှု မရှိသေးပါဘူး။ ရှမ်းပြည်နယ်နဲ့ရန်ကုန် ဒေသတွင်းက နေရာတချို့လောက်ပဲ ရှိပါသေးတယ်။ ပင်ပွားစပါးဟာ မိုးမများတဲ့ ဒေသတွေမှာ စိုက်ပျိုးမယ်ဆိုရင် ပိုပြီးတော့ အောင်မြင် နိုင်ခြေရှိတာကြောင့် ကျယ်ပြန့်လာအောင် သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေ အနေနဲ့ အားပေး ဆောင်ရွက် သင့်ပါတယ်။
အဲဒီလို စိုက်ပျိုးနည်း ပညာတွေအပြင် စိုက်ပျိုးနေတဲ့ မြေကြီးကရတဲ့ ရွှံ့နဲ့ ဆောက်လုပ်တဲ့ သဘာဝ ရွှံ့အိမ် တည်ဆောက်ပုံကိုလည်း လေ့လာ သိရှိခွင့် ရခဲ့ပါသေးတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝ ရွှံ့အိမ်
ရွှံ့အိမ်လို့ ပြောလိုက်ရင်တော့ တချို့က အထူးအဆန်းလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ရွှံ့အိမ်ဆိုတာဟာ ပြုလုပ် တဲ့ နည်းစနစ်ကို သိရင်တော့ ငွေကုန်ကြေးကျ သက်သာပြီး အလွယ်တကူ တည်ဆောက်နိုင်တဲ့အရာပါ။
ရွှံ့အိမ်တည်ဆောက်ရာမှာ ရွှံ့စေးက အဓိကဖြစ်ပြီးတော့ ဖွဲခွံ၊ သဲကြမ်းသုံးမျိူးကို ရောစပ်ပြီး တည်ဆောက်နိုင်ပါတယ်။ မိမိဒေသထွက် ရွှံ့စေး ရ၅ ရာခိုင်နှုန်းနဲ့ ဖွဲခွံက ၁၅ ရာခိုင်နှုန်း၊ သဲကြမ်းက ၁၀ ရာခိုင်နှုန်းစတဲ့အရာတွေကိုအချိုးကျ ရောစပ်ပြီး ရေနဲ့ ရောသမ မွှေလိုက်ပါ။ ပြီးရင် ကိုယ်လိုချင်တဲ့ အရွယ်အစားအတိုင်း အုတ်ခဲပုံစံ ပြုလုပ်ပြီး သီတင်းပတ် ၂ ပတ်ခန့် အထိ နေလှန်းထားရမှာ ဖြစ်ပါတယ်။
ရွှံ့အိမ်တွေ တည်တောက်ရတာဟာ လယ်သမားတွေကိုယ်တိုင် မိမိဒေသထွက် သဘာဝ ပစ္စည်းတွေနဲ့ပဲ အဆောက် အအုံတွေကိုအချိန်တိုအတွင်း ဆောက်လုပ်နိုင်တယ်ဆိုတာကို သိစေချင်တဲ့အတွက် ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ဦးခိုင်ဓူဝံက ပြောပါတယ်။
“အဓိကတော့ လယ်သမားတွေက စိုက်ပျိုးရေးလုပ်တာလောက်ပဲ သိကြတယ်။ အဲဒီတော့ သူတို့စိုက်ပျိုးနေတဲ့ မြေကြီး နဲ့ပဲ ခိုင်ခန့်တဲ့ အဆောက်အအုံတွေကိုပါ ဆောက်လုပ်နိုင်တယ်ဆိုတာကို ပြချင်တဲ့အတွက်ပါ”လို့လည်း သူက ဆိုတယ်။
ရွှံ့စေးနဲ့ တည်ဆောက်တဲ့ အိမ်ဟာ အပူဒဏ်၊ အအေးဒဏ်ကို မျှတအောင် ထိန်းပေးနိုင်စွမ်း ရှိပါတယ်။ နေပူနေချိန် မှာတော့ အပြင်ကအပူတွေကို စုပ်ယူထားနိုင်စွမ်းရှိပြီး အေးလွန်းတဲ့အချိန်မှာလည်းပဲ အအေးဓာတ် မလွန်ကဲအောင် ထိန်းထားနိုင် ပါတယ်။ တာရှည်ခံစေချင်ရင်တော့ သစ်သားတချို့ကိုပါ အသုံးပြုနိုင်ပြီး ၃ ထပ် အထိ တည်ဆောက် နိုင်ပါတယ်။
ရွှံ့အိမ်တွေကို တာရှည်ခိုင်ခန့်စေချင်ရင်တော့ အစိုဓာတ်နည်းတဲ့ နေရာတွေမှာပဲ တည်ဆောက်သင့်ပါတယ်။ ရွှံ့စေး အိမ်ရဲ့ အဓိက အားသာချက်ကတော့ မီးဘေးအန္တရာယ် ဖြစ်နိုင်ခြေ နည်းပါးစေတာပါပဲ။ ရွှံ့စေးနဲ့ တည်ဆောက်တာ ဖြစ်လို့ ဘိလပ်မြေနဲ့ဆောက်တဲ့ အိမ်တွေလို မီးလောင်မှုကို အားမပေးပါဘူး။ ။