လွန်ခဲ့သော ၅ နှစ်ခန့်က အိန္ဒိနယ်စပ်မှတဆင့် မြန်မာဘက်သို့ အအေးမိ အဖျားပျောက်ဆေးများ ပထမဆုံးအကြိမ် ဝင်ရောက်လာသည့် အချိန်တွင် ဒေသဆိုင်ရာ တာဝန်ရှိသူများ စိတ်ရှုပ်ထွေးခဲ့ရသည်။ အဆိုပါဆေးများ မည့်သည့်နေရာသို့ သွားသနည်း။ မည်သည့်အတွက်ကြောင့် မှောင်ခိုသမားများက အလွန်စိတ်ဝင်စားကြသနည်း။
ယနေ့အချိန်တွင် နယ်စပ်ဖြတ်ကျော်စီးဝင်မှုက ရေစီးကြောင်းတခုလို အဆက်မပြတ်ဖြစ်နေပြီး အိန္ဒိယလုပ် ဆေးဝါးများက မည်သည့်အတွက်ကြောင့် အလွန်တန်ဘိုးရှိကြောင်း လူတိုင်းသိနေကြပြီ ဖြစ်သည်။ ၎င်းတို့၏ ဦးတည်ရာမှာ အရှေ့တောင် အာရှတွင် စိတ်ကြွဆေး မက်သဖက်တမင်း အများစုကို ထုတ်လုပ်ပေးနေသည့် မြန်မာနိုင်ငံ အရှေ့ပိုင်းမှ လျှို့ဝှက် ဓာတ်ခွဲခန်းများဆီ ဖြစ်သည်။
အဖျားပျောက်ဆေးများတွင် မက်သဖက်တမင်း ထုတ်လုပ်ရာ၌ အဓိက ပါဝင်ပစ္စည်းဖြစ်သည့် pseudoephedrine ပါ ဝင်နေသည်။ အလွန် စွဲလမ်းစေတတ်သည့် စိတ်ကြွဆေး သုံးစွဲမှုတိုးလာခြင်းက အာရှဒေသမှ အစိုးရများကို အဆက် မပြတ် ထိုးနှက်နေသည်။
ပြီးခဲ့သည့် လများအတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ရွေးချယ်ခံခဲ့ရသည့် သမ္မတက မူးယစ်ဆေးရောင်းချဖြန့်ဖြူးသူများကို ပြင်းထန်စွာ တိုက်ခိုက်နှိမ်နင်းခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံကလည်း မူးယစ်ဆေး ကုန်သွယ်သူများကို သေဒဏ်ချမှတ်ခြင်းများ ပြန်လည်ဆောင်ရွက်လာသည်။ ထိုင်းနိုင်ငံကလည်း အကျဉ်းသား ဦးရေ တိုးမြင့်လာခြင်းနှင့် နပမ်းလုံးနေရသည်။
မြန်မာနိုင်ငံတွင် မက်သဖက်တမင်း ထုတ်လုပ်မှု အလွန်အမင်း တိုးတက်လာသည့် ကိစ္စသည် အိန္ဒိယ နိုင်ငံမှ pseudoephedrine မှောင်ခိုတင်သွင်းမှု အလွန်များပြားလာခြင်းနှင့် ဆေးဝါးကဏ္ဍတွင် ဥပဒေအရ ထိန်းချုပ်မှုပိုင်းဆိုင်ရာ အားနည်းချက်များ ရှိနေခြင်းတို့ မပါဝင်ဘဲ မဖြစ်နိုင်ဟု ရဲအဖွဲ့နှင့် မူးယစ်ဆေးကျွမ်းကျင်သူများက ပြောသည်။
မူးယစ်ဆေးဝါးများ စီးဆင်းနေခြင်းကို မတားမြစ်နိုင်ခြင်းက ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က အာရှ၏ မူးယစ်ဆေးဆိုင်ရာ ခြိမ်းခြောက်မှု နံပါတ် ၁ ဟု အမည်တပ်ထားသော မက်သာဖက်တမင်း ပြဿနာကို ဖြေရှင်းရာတွင် နိုင်ငံများကြား ဆက်သွယ်မှု ကင်းမဲ့နေခြင်းကို ဖော်ပြနေသည်။
“ဒါက အလွန်ကြီးတဲ့ စီးပွားရေးတခုပါ” ဟု သမ္မတဟောင်း ဦးသိန်းစိန် ၏ အကြံပေးဟောင်း ဦးရဲထွဋ်က ပြောသည်။ ဆင်းရဲနွမ်းပါးသည့် ဒေသတခုမှ အကြီးဆုံး မြို့ဖြစ်သည့် ကလေးမြို့တွင် အိမ်ခြံမြေ ပိုင်ဆိုင်မှုများ အလွန် မြင့်တက်လာခြင်းက pseudoephedrine မှောင်ခို ကုန်ကူးခြင်းမှ ရရှိသော အကျိုးအမြတ်များကြောင့် ဖြစ်သည်ဟု သူက မှတ်ယူထားသည်။
မက်သဖက်တမင်းကို ထိုင်းဘာသာစကားအရ ရူးသွပ်စေသောဆေး ဟု အဓိပ္ပါယ်ရသော ရာဘ အမည်ရှိ ဆေးအဖြစ် ရောင်းချသည်။ ပိုမို၍ အစွမ်းထက်ပြီး သလင်းကျောက်ကဲ့သို့ အသွင်ရှိသော ဆေးကို crystal meth၊ ice သို့မဟုတ် shabu ဟုခေါ်သည်။
အိန္ဒိယ နိုင်ငံထုတ် အအေးမိပျောက်ဆေး တပြားကို ရာဘ တပြား ထုတ်လုပ်နိုင်သည်။ ထုတ်လုပ်ရာတွင်လည်း အမေရိကန် ငွေ နှင့်ဆိုလျှင် ဆင့် အနည်းငယ်သာ ကျသည်။ နယ်စပ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံ မြောက်ပိုင်း၏ မြို့တော်နှင့် မှောင်ခို အချက်အချာနေရာ ဖြစ်သည့် မန္တလေးသို့ ရောက်သည့် အချိန်တွင် ဆေးပြား၏ စျေးနှုန်းက အကြမ်းဖျင်းအားဖြင့် ၁၀ ဆ မျှ မြင့်တက်သွားသည်။
၂၀၁၃ ခုနှစ် အတွင်းက အရှေ့တောင်အာရှ ပင်မ ကုန်းမြေတွင် မက်သဖက်တမင်း ကုန်သွယ်မှုတန်ဘိုးက အမေရိကန် ဒေါ်လာ ၅ ဘီလီယံ အထိ ရှိခဲ့သည်ဟု UNODC က ခန့်မှန်းထားသည်။
နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများ
မြေအနေအထားကြမ်းတမ်းပြီး တိုင်းရင်းသားလူမျိုးများ စုံလင်ကွဲပြားသည့် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသသည် မြန်မာနိုင်ငံ တွင် အဆင်းရဲဆုံး ဒေသများထဲမှ တခုဖြစ်ပြီး စက်မှုလုပ်ငန်းများ မဖွံ့ဖြိုးသလို အခြေခံ အဆောက်အဦးများလည်း ပြည့်စုံမှု မရှိပါ။ အဓိက လမ်းအဖြစ် ခနော်နီခနော်နဲ့ တံတားများဖြင့် ဆက်သွယ်ထားသော ၂ လမ်းသွား လမ်းတခု ရှိပြီး နွားလှည်း များဖြင့် ပြည့်နေသည်။
ထိုနေရာတွင် မြန်မာရဲအဖွဲ့က ထရပ်ကားအောက်ခံ ကိုယ်ထည်အတွင်း ဆန်အိတ်များထဲတွင် သို့ မဟုတ် နယ်စပ် ဖြတ်ကျော်လာသည့် ကားစီးခရီးသည်များ၏ အိတ်များအတွင်းတွင် ဝှက်၍သယ်လာသော အအေးမိပျောက်ဆေးများကို ဖမ်းဆီးမိခဲ့သည်။
ဇွန်လ လယ်ပိုင်းတွင် ရဲအဖွဲ့က အိန္ဒိယ နိုင်ငံထုတ် pseudoephedrine ပေါင် ၁၃၀ ကျော် သယ်ဆောင်လာသည့် ကားတစီးကို တားဆီးခဲ့သည်။ အဆိုပါ ပမာဏမှာ ရာဘ ဆေးပြား တသန်းကျော် ထုတ်လုပ်နိုင်သည့် ပမာဏဖြစ်သည်။
ကမ္ဘာပေါ်တွင် မက်သဖက်တမင်း ဝယ်လိုအားရှိလာခြင်းကြောင့် အိန္ဒိယ နိုင်ငံတွင် ဓာတုလုပ်ငန်းရှင်သစ်များ ပေါ်ပေါက် လာခဲ့ရသည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် အစီရင်ခံစာ တစောင်က ဆိုသည်။ တချိန်က မူးယစ် ဆေးမှောင်ခို ကူးသူများက ယခုအခါ ဓာတုလုပ်ငန်း ရှင်များဖြစ်လာကြသည်ဟု ကျွမ်းကျင်သူများက ယုံကြည်ထား ကြသည်။ ထိုလုပ်ငန်းက အကျိုးအမြတ် များပြားသောလည်း ပြစ်ဒဏ် နည်းပါးသည့်အတွက် ဖြစ်သည်။
တရုတ်နိုင်ငံကလည်း pseudoephedrine အဓိက ထောက်ပံ့နေသည့် နေရာတခု ဖြစ်သည်ဟု မြန်မာရဲအဖွဲ့က ပြောသည်။ သို့သော်လည်း တရုတ်နိုင်ငံတွင် ထိန်းချုပ်မှု တင်းကြပ်သည့်အတွက် မက်သဖက်တမင်း သုံးစွဲမှုများပြားလာပြီး pseudoephedrine လိုအပ်ချက် ကြီးမားလာသည့် အချိန်တွင် မူးယစ်ဆေး ထုတ်လုပ်သူများက အိန္ဒိယကို ပို၍ အားထား လာကြသည်။
Pseudoephedrine သည် အိန္ဒိယနိုင်ငံတွင် ထိန်းချုပ်ထားသည့် အရာတခုဖြစ်ပြီး ၎င်းကို ကိုင်တွယ် အသုံးပြုသူများ အားလုံးက အာဏာပိုင်များထံတွင် မှတ်ပုံတင်ရမည် ဖြစ်သည်။ သို့သော်လည်း လက်တွေ့၌ ကုန်သွယ်ရေးတွင် စောင့်ကြည့်ထိန်းချုပ်မှု အားနည်းနေသည်။ အစိုးရအေဂျင်စီများကြားတွင် သတင်းအချက်အလက် ဖလှယ်မှုလည်း အားနည်းသည်ဟု အိန္ဒိယ တာဝန်ရှိသူများက ပြောကြသည်။ အပြစ်ကျူးလွန်သူများကို စွဲချက်တင် အရေးယူခြင်းကလည်း နည်းပါးသည်။
အိန္ဒိယနိုင်ငံမှ လက်တဆုပ်စာခန့်သာရှိသည့် စက်ရုံများတွင် Pseudoephedrine ကုန်ကြမ်းကို ထုတ်လုပ်ပြီး လက်ကား ရောင်းချသူများ၊ ဆေးဝါးထုတ်လုပ်သူ ဖြန့်ဖြူးသူများနှင့် ဆေးဆိုင်များ၏ ကွန်ရက် တလျှောက် ပြန့်နှံ့သွားသည်။
အိန္ဒိယနိုင်ငံမှ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗျူရို (NCB) မှ ရိုက်တာသို့ ပေးပို့သည့် ကြေညာချက်တစောင်တွင် ၂၀၁၃ ခုနှစ်တွင် pseudoephedrine ကို ထိန်းချုပ်ရန် ဆေးဝါးဥပဒေများကို ပြင်ဆင်ခဲ့ပြီးသည့်နောက် ဖမ်းဆီးရရှိမှုများ ကျဆင်း သွားသည်ဟု ဖော်ပြထားသည်။
အမှန်တကယ်တွင်လည်း အိန္ဒိယ နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အဓိက ခရိုင် ၂ ခုဖြစ်သည့် ကလေးနှင့် တမူးမှ ရဲအဖွဲ့ ဝင်များက ပြီးခဲ့သည့် နှစ်အတွင်းတွင် pseudoephedrine ၄၀၀ ကီလို ဂရမ်သာ ဖမ်းမိခဲ့သည်။ ၂၀၁၃ ခုနှစ်က ၃.၅ တန် နှင့် စာလျှင် ကျဆင်းသွားခြင်း ဖြစ်သည်။
သို့သော်လည်း မှောင်ခိုသမားများက စုံစမ်းစစ်ဆေးမှုများကို ရှောင်လွှဲနိုင်သည့် နည်းလမ်းကောင်းများ ရရှိခဲ့ပုံ ရပါသည်။
“ကုန်ကူးတဲ့ သူတွေက နည်းလမ်းပြောင်းသွားတာ အများကြီး ဖြစ်နိုင်ပါတယ်” ဟု UNODC ၏ အာရှ နှင့် ပစိဖိတ် ဒေသ ဆိုင်ရာ အကြီးအကဲ ဂျယ်ရမီ ဒေါက်ကလက်စ် က ပြောသည်။
တမူး ခရိုင်တခုတည်းမှာပင် ၎င်း၏ နယ်မြေအတွင်းရှိ မိုင် ၈၀ ရှည်လျားသည့် နယ်စပ်တလျှောက်တွင် တရားမဝင် ဖြတ် ကျော်နိုင်သည့် နေရာ ၈၀ ကျော်ရှိသည်ဟု ဂျယ်ရမီ ဒေါက်ကလက်စ်က ပြောသည်။ စောင့်ကြည့် ထိန်းချုပ်ရန် မဖြစ်နိုင်သလောက်နီးပါးပင် ဖြစ်သည်။
အဆိုပါ ပြဿနာနှင့် ပတ်သက်၍ ရန်ကုန်မြို့မှ အိန္ဒိယ သံရုံးထံ မှတ်ချက်တောင်းခံခဲ့သော်လည်း တုန့်ပြန်မှု မရရှိခဲ့ပါ။
စံချိန်တင်
ဘိန်းနှင့် ဘိန်းဖြူထုတ်လုပ်မှုတွင် နဂိုကတည်းက အာဖဂန် နစ္စတန်၏ နောက်၌ ဒုတိယ လိုက်နေခဲ့သော မြန်မာနိုင်ငံတွင် လည်း ယခုအခါတွင် မက်သဖက်တမင်း စံချိန်တင်ဖမ်းမိမှုများ ပေါ်ပေါက်နေကြောင်း သိရသည်။ မေလအတွင်းက မြန်မာ နိုင်ငံ မြောက်ပိုင်းတွင် ကုန်တင်ထရပ်ကားတစီးကို ရဲအဖွဲ့က တားဆီးစစ်ဆေးရာ အမေရိကန်ဒေါ်လာ ၃၅ သန်းခန့် တန်ဖိုး ရှိမည့် ရာဘဆေးပြား ၂၁ သန်းကျော်ကို ဖမ်း ဆီးမိခဲ့သည်။
မူးယစ်ဆေးကုန်သွယ်မှု မြင့်တက်လာခြင်းက နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အစိုးရအတွက် စိန်ခေါ်မှုတခု ဖြစ်လာခဲ့သည်။
စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် မြို့ပြဖွံ့ဖြိုးမှု အလျှင်အမြန်တိုးတက်လာနေခြင်းကလည်း ထိုင်းနှင့် ဖိလစ်ပိုင် ကဲ့သို့ မက်သဖက်တမင်းသုံးစွဲမှုများပြားသည့် နေရာမျိုး ဖြစ်လာစေခဲ့သည်။ ပြည်တွင်းတွင် မက်သဖက်တမင်း သုံးစွဲမှု တရှိန်ထိုး မြင့်လာခြင်း ကြောင့် ကျန်းမာရေး ကျွမ်းကျင်သူများ အတွက်လည်း စိတ်ပျက်စရာ ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် အရှေ့ဘက်နယ်စပ်ဒေသများ နှင့် အနောက်ဘက် အိန္ဒိယ နယ်စပ်တို့ကြားမှ အဓိက စခန်းထောက် အချက် အချာနေရာတခု ဖြစ်နေသည့် မန္တလေးမြို့မှ ရဲအဖွဲ့ဝင်များက အိန္ဒိယနိုင်ငံထုတ် pseudoephedrine များကို ဖမ်းမိနေဆဲ ဖြစ်ကြောင်း ပြောကြသည်။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတခုဖြစ်သည့် အိန္ဒိယ-မြန်မာ လမ်းဖောက်လုပ်ရေး စီမံကိန်းများက ကုန်သွယ်ရေး နှင့် ကုန်စည်ကူးသန်းမှုကို တိုးမြင့်လာစေရန် ဖြစ်သည်ဟု UNODC မှ Jeremy Douglas ကပြောသည်။
“အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာ တချို့တော့ ရှိပါတယ်။ ဒါပေမယ့် သူတို့က ပူးပေါင်း စစ် ဆင်ရေး ဒါမှမဟုတ် သတင်းအချက်အလက် ဖလှယ်ခြင်းတွေ တော့ များများစားစား မလုပ်ကြဘူး။” ဟု သူက ဆိုသည်။
ဆေးဝါးနှင့် ဓာတုဗေဒ ပစ္စည်းများကို တမူးမြို့၏ တဘက် အိန္ဒိယ နယ်စပ်မြို့ဖြစ်သည့် မိုးရေး (Moreh ) မှတဆင့် မှောင် ခို တင်ပို့မှု အများဆုံးဖြစ်သည်ဟု မြန်မာရဲအဖွဲ့က ဆိုသည်။ ပစ္စည်းပို့ပေးရသူများ သို့မဟုတ် ဝန်တင်လားများကို ဖမ်းဆီးမိခဲ့သော်လည်း အဓိက လူများကို ဖမ်းဆီးမိရန်အတွက် အိန္ဒိယ နိုင်ငံ၏ အကူအညီလိုအပ်သည်ဟု လည်း သူတို့က ပြောသည်။
၂၀၁၃ ခုနှစ်က များပြားသည့် Pseudoephedrine တင်ပို့မှု ပြုလုပ်ရန် စီစဉ်သူဟု သံသယရှိသော အိန္ဒိယ နို်င်ငံသားတဦး နယ်စပ် တဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု တမူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးနိုင်က ပြောသည်။
“အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့တဲ့အတွက် ကျနော်တို့ သူ့ကို မဖမ်းနိုင်ခဲ့ဘူး” ဟု သူက ပြောသည်။
မှောင်ခိုလုပ်ငန်း၏ အဓိက လူများက အိန္ဒိယနိုင်ငံတွင် ပုန်းခိုနေသည် သို့မဟုတ် အိန္ဒိယ နိုင်ငံလုပ် pseudoephedrine များကိုဖမ်းမိသည် စသည်တို့ကို မြန်မာနိုင်ငံဘက်က အထောက်အထား ပြသခဲ့ခြင်းမရှိဟု အိန္ဒိယနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗျူရို (NCB) က ဆိုသည်။
“တခြားနိုင်ငံတွေကလဲ ရောက်လာနိုင်ပါတယ်” ဟု NCB အကြီးတန်း အရာရှိတဦးက ပြောသည်။ သူ့တွင် စာနယ်ဇင်း များ နှင့် ပြောဆိုရန် အခွင့် အာဏာ မရှိသဖြင့် အမည်ကို ဖော်ပြခြင်း မပြုရန်လည်း တောင်းဆိုခဲ့သည်။
(Reuters သတင်းထောက် Andrew R.C. Marshall ရေးသားပြီး Tommy Wilkes နှင့် Krista Mahr တို့က ဝိုင်းကူကာ Alex Richardson တည်းဖြတ်ထားသော Indian cold pills pour over remote border to fuel Myanmar narcotics boom ကို ဘာသာပြန်သည်)