ဆောင်းပါး

မြန်မာ့ စားသောက်ကုန် လုပ်ငန်းရဲ့ ပြတ်နေတဲ့ အရေးကြီး ကွင်းဆက်

This article has been converted from Zawgyi One to Unicode

မြန်မာ့ စားသောက်ကုန် (စိုက်ပျိုးရေး အခြေခံ စားသောက်ကုန် ထုတ်လုပ်ရေး လုပ်ငန်း) ထုတ်လုပ်မှု အတွက် အလွန် အရေး ပါတဲ့ နှိုးဆော်မှု သတင်း တရပ် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၈ ရက်ထုတ် ဆဲဗင်းဒေး သတင်းစာမှာ ဖော်ပြထားတာ တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံထုတ် ပဲတီစိမ်းတွေမှာ ပိုးသတ်ဆေး ဓာတ်ကြွင်းတွေ ပါရှိခဲ့လို့ ထိုင်ဝမ်(တိုင်ပေ) နဲ့ ဥရောပ သမဂ္ဂ(EU) နိုင်ငံ တွေက အဝယ်ရပ်ထားကြောင်း ပဲကုန်သည်တွေဆီက ရရှိတဲ့ သတင်းကို ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ထိုင်ဝမ် နဲ့ EU နိုင်ငံတွေကို တင်ပို့တဲ့ ပဲတွေမှာ ပိုးသတ်ဆေး ဓာတ်ကြွင်း (Pesticide Residue) တွေ ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိရတဲ့ အတွက် အဲဒီနိုင်ငံတွေက ၂၀၁၅ စက်တင်ဘာလက စပြီး ဒီနေ့ အထိ ဝယ်ယူမှုကို ရပ်ဆိုင်းထားကြောင်းကို မြန်မာနိုင်ငံ ပဲမျိုးစုံ နဲ့ နှမ်း ကုန်သည်များ အသင်းကနေ တဆင့် သိရှိရ ကြောင်း လည်း ဆဲဗင်းဒေး သတင်းမှာ ပါရှိပါတယ်။

ပို့ကုန်ပဲတွေကို အစိုးရ အသိအမှတ်ပြု ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးပြီးမှ ပြည်ပကို တင်ပို့တာ ဖြစ်ပေမယ့် ဝယ်သူ နိုင်ငံမှာ ထပ်ဆင့် စစ်ဆေးတဲ့ အချိန်မှာ ပိုးသတ်ဆေး ဓာတ်ကြွင်းတွေ ပါဝင်တာကို တွေ့ရှိရလို့ ငြင်းပယ်ခံရသလို လုံးဝ အဝယ် ရပ်ထားကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဒီနေရာမှာ အဓိက အချက်က နိုင်ငံ၂ ခုရဲ့ ဓာတ်ခွဲခန်း စစ်ဆေးချက် မတူညီ ကွဲပြားခြားနားမှုမှာ မိမိတို့ရဲ့ ဓာတ်ခွဲခန်း စစ်ဆေးမှု အဖြေ (Lab Result) သာ မှန်ကန်ကြောင်းကို ကုန်ပို့နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံ ဘက်က အခိုင်အမာ သက်သေ ထူပြီး သက်သေခံစေနိုင်ခြင်း မရှိတဲ့ အချက် ဖြစ်ပါတယ်။

EU အဖွဲ့ဝင် နိုင်ငံတွေကတော့ ပဲတီစိမ်းကို သူတို့ကိုယ်တိုင် GAP (Good Agricultural Practice) ဓာတု ကင်းစင်တဲ့ စိုက်ပျိုးရေးစနစ် ဒါမှမဟုတ် ကောင်းမွန်သော စိုက်ပျိုးရေး စနစ် သင်တန်းပေးထားတဲ့ စိုက်ခင်းတွေက ထွက်တဲ့ ပဲကိုပဲ ဝယ်တော့ကြောင်းလည်း သိရပါတယ်။

အဲဒီလို GAP စိုက်ပျိုးခြင်း စနစ်ကို မြန်မာ တနိုင်ငံလုံးမှာ ရှိတဲ့ ပဲစိုက်တောင်သူ အားလုံးကို ပို့ချပေးနိုင်ဖို့ အစိုးရအနေနဲ့ ကြိုးစားသင့်ကြောင်း ပဲကုန်သည်တွေက သုံးသပ်ကြောင်းလည်း သတင်းက ဆိုပါတယ်။

အဲဒီ သတင်းကြောင့် မြန်မာ့ စားသောက်ကုန် ထုတ်လုပ်မှု လုပ်ငန်းနဲ့ ကုန်သွယ်မှု (Food Manufacturing and Trading Industry of Myanmar) ကဏ္ဍကို ထင်ထင်ရှားရှား မီးမောင်းထိုးပြ သွားတာကတော့ မြန်မာနိုင်ငံ အတွက် နိုင်ငံတကာ အဆင့်မီ စားသောက်ကုန် ဓာတ်ခွဲခန်း (Food Laboratory) နဲ့ နည်းပညာ ထူထောင်နိုင်ရေး (Advance Food Technology Implementation) လိုအပ်နေပြီ ဖြစ်ကြောင်း သက်ဆိုင်ရာ ဝန်ကြီး ဌာနနဲ့ နိုင်ငံတော် အစိုးရကို တိုက်တွန်း လိုက်သလို ဖြစ်သွားခြင်း ပါပဲ။

သတိချပ်စရာ ဖြစ်ရပ်တွေ အနေနဲ့ ထုတ်နုတ်ပြရရင် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့မှာ ကြက်ငှက် တုပ်ကွေး ရောဂါ (Avian Flu) ဖြစ်ပွားပြီး ကြက်ခြံ ရာပေါင်းများစွာနဲ့ ကြက်ကောင်ရေ သိန်းဂဏန်း သုတ်သင် ရှင်းလင်းပြီး ကာကွယ်ရခြင်းကြောင့် ဒေသ စီးပွားရေး ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ရောဂါဖြစ်စေတဲ့ အကြောင်းရင်း ဖြစ်တဲ့ ကြက်ငှက် တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးစိတ်(Strain) ဟာ ပြင်းထန်တဲ့ ကူးစက်မှု ဖြစ်စေတဲ့ဗိုင်းရပ်စ် မျိုးစိတ် ဟုတ်မဟုတ် မြန်မာနိုင်ငံ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာန ရဲ့ သုတေသန ဓာတ်ခွဲခန်း က မစစ်ဆေးနိုင်တာကြောင့် သြစတြေးလျ နိုင်ငံ ဗဟို တိရစ္ဆာန် ရောဂါ ဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးခဲ့ရတာဟာ ဒီအချက်ကို ပေါ်လွင် ထင်ရှားစေပါတယ်။

ကုန်ကျစရိတ် များပြားခဲ့ရသလို ရောဂါပိုးကို ဖော်ထုတ်ပြီး လိုအပ်တဲ့ ကာကွယ်မှု လုပ်ဆောင်ချက်တွေ (Preventive Measures) ကိုလည်း အမြန်ဆုံး မလုပ်ဆောင်နိုင်တာကြောင့် နိုင်ငံနဲ့ ဒေသရဲ့ ဇီဝ လုံခြုံရေး (Biosafety) မှာ အားနည်း     ချက်အန္တရာယ်တွေ ဖြစ်ပေါ်စေခဲ့တာဟာ အနာဂတ် အတွက် အလေးထား စဉ်းစားစရာ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံ လူတန်းစားတွေ အများဆုံး သောက်သုံးနေကြတဲ့ အသင့်သောက်သုံး ကော်ဖီ (Instant Coffee) မြန်မာ အခေါ် Coffee Mix အထုပ်တွေမှာ အုန်းဆံမှုန့်နဲ့ စားအုန်းဆီ ကြိတ်ဖတ်တွေ ပါဝင်နေမှု ရှိမရှိကို မြန်မာနိုင်ငံ အစိုးရ ကျန်းမာရေး ဝန်ကြီးဌာန အစားအစာနဲ့ ဆေးဝါး ကြီးကြပ် ကွပ်ကဲမှု ဦးစီးဌာန (Food and Drug Administration – FDA) က ဓာတ်ခွဲ စစ်ဆေး ဖော်ထုတ်မှု မပြုနိုင်တာကြောင့် သြစတြေးလျ နိုင်ငံမှာ ရှိတဲ့ စားသောက်ကုန် ဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးရာမှာ ဒီနေ့အထိ အဖြေမရရှိသေးဘဲ စားသုံးသူ အများပြည်သူသို့ အသိပေး ထုတ်ပြန်ခြင်းနဲ့ မသမာသူ ထုတ်လုပ် ရေး လုပ်ငန်းရှင်တွေကိုလည်း အရေးမယူနိုင်သေးပါဘူး။

စားသုံးသူ ပြည်သူတွေမှာသာ အဲဒီ သံသယဖြစ်ဖွယ် ကော်ဖီထုပ်တွေကိုပဲ ဆက်ပြီး သောက်သုံး နေရတာဟာ အစားအစာ ဘေးကင်း လုံခြုံရေး (Food Safety) နဲ့ ဆက်စပ်နေတဲ့ ပြည်သူ့ ကျန်းမာရေး (Public Health)လုပ်ငန်းစဉ်မှာ အားနည်းချက်၊ ချို့ယွင်းချက်တွေ ရှိနေကြောင်း နိုင်ငံတော် အစိုးရကို တိုက်တွန်း နှိုးဆော်ထားတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် မတ်လက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) ခန်းမမှာ မြန်မာ လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံ ရာမှာ ၅ နှစ်(၂၀၁၆ ကနေ ၂၀၂၀) အတွင်း ကုန်ထုတ်လုပ်မှုကို ၃ ဆ တိုးမြှင့် ထုတ်လုပ်မယ်လို့ ပြောကြား သွားပါတယ်။

အဲဒီလို တိုးမြှင့် ထုတ်လုပ်ရာမှာ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ပြီး ကမ္ဘာ့ စျေးကွက် ကို ထိုးဖောက် နေရာယူနိုင်ရေး၊ ပြည်တွင်း စားသုံးမှုမှာလည်း အရည်အသွေးနဲ့ စံချိန်စံညွှန်း(Quality and Standard) ပြည့်မီတဲ့ ထုတ်လုပ်မှု ဖြစ်ပြီး ပြည်တွင်း စားသုံးသူတွေကို လုံခြုံ စိတ်ချရပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရပြည့် စားသုံးမှု ရရှိစေနိုင်ရေးဟာ အလွန်အရေးကြီးကြောင်းကို ဆဲဗင်းဒေး သတင်းစာမှာ ပါရှိတဲ့သတင်းက အထင်အရှား မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

နိုင်ငံတော် အစိုးရ အနေနဲ့ နိုင်ငံရဲ့ ပို့ကုန်စီးပွားရေး အောင်မြင်ရေး၊ မြန်မာနိုင်ငံရဲ့ စားသောက်ကုန် ထုတ်လုပ် တင်ပို့ ရောင်းချမှုမှာ နာမည်ကောင်း(Goodwill) ရရှိပြီး နိုင်ငံတကာ စျေးကွက်မှာ မျက်နှာ ပွင့်လန်းပြီး ဂုဏ်သိက္ခာ မြင့်မားရေး၊ ပြည်တွင်းမှာလည်း စားသုံးသူတွေရဲ့ ကျန်းမာရေး၊ ဖွံ့ထွား သန်စွမ်း ကြံ့ခိုင်ရေး၊ ဉာဏ်ရည် ဖွံ့ဖြိုးရေးတွေ ဖြစ်စေဖို့ နိုင်ငံတကာ အဆင့်မီ ဓာတ်ခွဲခန်းနဲ့ ထုတ်လုပ်မှု ကျင့်စဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း တင်ပြ လိုက်ပါတယ်။   ။

ဒေါက်တာစိုးခိုင်သည် အစားအစာ ဘေးကင်းလုံခြုံရေး(Food Safety) နှင့်ပတ်သက်ပြီး အကြံပေး လုပ်ကိုင်နေသူ (Food Safety Consultant and Management) တဦး ဖြစ်ပါသည်။

Loading