ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက အချက် ၁၂ ချက်ပါတဲ့ စီးပွားရေးဆိုင်ရာ မူဝါဒသစ်တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအထဲမှာ “ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်ပြီး စည်းလုံးညီညွတ်သော ဖယ်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုကြီးဖြစ် တည်လာစေရေးကို အထောက်အပံ့ ဖြစ်စေသောမူဝါဒအဖြစ် ကျင့်သုံးရန်” ဆိုတဲ့ အချက်တချက် ပါဝင်ပါတယ်။
အစိုးရသစ်အနေနဲ ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လို ချိတ်ဆက် ဆောင်ရွက်သွားမယ် ဆိုတာက စိတ်ဝင်စားစရာပါပဲ။ ကိုယ်ကျိုးစီးပွားတွေကြောင့် ပဋိပက္ခတွေနဲ ့ ချာချာလည် နေခဲ့ရတဲ့ မြန်မာ့ စီးပွားရေးကို ရင်ကြားစေ့ရေးဆိုတဲ့ လမ်းကြောင်းပေါ်ကို ဆွဲတင်ဖို ့အတွက် အစိုးရသစ်က ဘယ်လို ကိုင်တွယ်မှာပါလဲ။
ဒေါ်လာဘီလျံနဲ ့ ချီတဲ့ မှောင်ခိုစီးပွားရေး အရှုပ်ထုပ်အတွင်းမှာ ပါဝင်နေတဲ့ ခရိုုနီတွေ လက်နက်ကိုင်တပ်ဖွဲ ့တွေနဲ ့ လက်တွဲပြီး ရင်ကြားစေ့ စီးပွားရေးကို ဘယ်လိုနည်းလမ်းတွေနဲ ့ လုုပ်မှာပါလဲ။ ဒါဟာ NLD အတွက်တော့ ငြိမ်းချမ်းရေးနဲ ့အတူ တနွယ်ငယ်တစင်ပါ ဖြေရှင်းရမယ့် အကြီးမားဆုံး ပြဿနာ ဖြစ်လာပါပြီ။
“ကျနော် နားလည်သလောက် အခု စီးပွားရေးပေါ်လစီမှာ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့ စီးပွားရေး ဆိုပြီး ရေးထားတယ်။ ဆိုလိုတဲ့ သဘောကတော့ ပြည်နယ်နဲ့ တိုင်းတွေအားလုံး တန်းတူညီမျှ ရရေးဆိုတဲ့ သဘောတော့ ပါပါတယ်။ သယံဇာတခွဲဝေရေးကို တော့ တိတိကျကျ မရေးထားပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး မျှမျှတတ ခွဲဝေပါမယ် ဆိုတာမျိုးတော့ တွေးလို့ရပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေး ညှိနှိုင်းပြီးရင် ဒီလို ပဋိပက္ခ စီးပွားရေးတွေကို လျှော့ချလို့ရမလားဆိုတော့ ပြဿနာက အခုက ဘာမှ တိတိကျကျ ရေး မထားဘဲ မူသဘောပဲ ရေးထားတော့ ဘယ်လို လုပ်မယ် ဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး”လို့ ISP (Institute for Strategy and Policy ) ရဲ့ Training Director ဖြစ်တဲ့ ကိုအောင်သူငြိမ်းက ပြောပါတယ်။
ပဋိပက္ခ ကျောက်စိမ်း
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အောက်တိုဘာလမှာ Global Witness အဖွဲ ့က “မြန်မာနိုင်ငံ၏ နိုင်ငံတော် လျှို့ဝှက်ချက်ကြီး” အမည်နဲ့ ကျောက်စိမ်း အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပါတယ်။ အစီရင်ခံစာမှာ ကျောက်စိမ်း ရောင်းဝယ်မှုတွေကြောင့် ရရှိနေတဲ့ ဒေါ်လာသန်း ထောင်ပေါင်းများစွာကို စစ်တပ်အသိုင်းအဝိုင်း၊ မူးယစ် ရာဇာတွေနဲ့ ခရိုနီတွေက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတယ်လို ့ ရေးထားပါတယ်။
“၂၀၁၄ ခုနှစ် တနှစ်ထဲ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံ ထွက်ရှိပြီး လုပ်ငန်းတခုလုံးရဲ့ တန်ဖိုး ပမာဏက ၃၁ ဘီလျံလောက်ရှိပါတယ်။ အဓိက လုပ်ပိုင်ခွင့်ချထားတဲ့နေရာကတော့ အစိုးရထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ် ဖားကန့်မြိုနယ်ထဲက ဒေသတွေဖြစ်တယ်” လို ့တရုတ်နိုင်ငံဘက်က ရရှိတဲ့ သွင်းကုန် အချက်အလက်တွေကို မူတည်ပြီး ကျောက်စိမ်းလုပ်ငန်းရဲ့ ဝင်ငွေအနေအထားကို Global Witness ရဲ ့ အစီရင်ခံစာထဲမှာ အခုလို တွက်ပြ ထားပါတယ်။
အလားတူပဲ ကျောက်စိမ်းဟာ KIA ၊ KIO အတွက် ဝင်ငွေ ရရှိစေတဲ့ အဓိက အရင်းအမြစ်ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် ကျောက်စိမ်းကရမယ့် ဝင်ငွေတွေကို ထိန်းချုပ်ထားနိုင်ဖို့ တိုက်ပွဲဆင်နွှဲနေတာဟာ နှစ်ဖက်စလုံး အတွက် မဟာဗျူဟာကျတဲ့ ဦးစားပေးမှု ဖြစ်လာတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။ ဒီလို ပဋိပက္ခ စီးပွားရေးအတွက်မှာ နစ်နာသူတွေကတော့ ကချင်လူထုပါပဲ။ မြေယာသိမ်းပိုက်ခံရတာတွေ၊ ခြိမ်းခြောက်ခံရ တာတွေ၊ အကြမ်းဖက်ခံရတာက အများအပြားပါပဲ။
ဒီလို ပုံမှန်မဟုတ်တဲ့ ကဏ္ဍ (Informal Sector) စီးပွားရေးတွေ အားကောင်းနေတာက ပဋိပက္ခတွေ ကြောင့်ဖြစ်သလို ဒီလို စီးပွားရေးတွေကြောင့်လည်း ပဋိပက္ခတွေ ထပ်ထပ်ဖြစ်နေရပြီး သံသရာလည်နေရတယ်လို ့ ဒေါက်တာ အောင်ကိုကို ( စီးပွားရေးပေါ်လစီ) က ကောက်ချက်ဆွဲပါတယ်။
“ ပဋိပက္ခ (Conflict) လျော့အောင်လုပ်နေတဲ့ အပိုင်းကတော့ စီးပွားရေး ပေါ်လစီထဲမှာ နံပတ်တစ်အနေနဲ့ ပါတဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ရှေးရှုတဲ့ ဘဏ္ဍာရေး ခွဲဝေသုံးစွဲမှုဆိုတာပါပဲ။ ဒါဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်” လို့ သူက ပြောပြခဲ့ပေမယ့် ဘယ်လိုလုပ်ဆောင်မယ်ဆိုတာကိုတော့ ပြောပြခဲ့ခြင်း မရှိပါဘူး။
သစ်မှောင်ခို
အလားတူပဲ ပဋိပက္ခ စီးပွာရေးတွေကြောင့် မြန်မာနိုင်ငံရဲ့ သစ်တောတွေလည်း တနေ့တခြား ပျက်သုဉ်းလာနေပါတယ်။ မကြာသေးခင်က ထွက်ပေါ်လာတဲ့ UNODC ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ယခင်က ၄၄ ရာနှုန်းလောက်အထိ သစ်တောဖုုံးလွှမ်းမှု ရှိခဲ့တဲ့ အနေအထားကနေ တဖြည်းဖြည်း လျော့နည်း လာတာတွေ့ရတဲ့အကြောင်း၊ ၂၀၁၀ ခုနှစ်နဲ ့၂၀၁၅ ခုနှစ်အတွင်း အနေအထားကို ပြန်ကြည့်ရင် ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု တတိယ အမြင့်ဆုံးနိုင်ငံဖြစ်ပြီးတော့ နှစ်စဉ် ဟက်တာပေါင်း (၅၄၆၀၀၀) ငါးသိန်းခွဲလောက် ဆုံးရှုံးနေတဲ့အကြောင်း၊ ၁၉၉၀ ခုနှစ်ကတည်းက မြန်မာနိုင်ငံ သစ်တော ပြုန်းတီးမှု မြင့်တက်လာပြီး ယခုအချိန်ထိဆိုရင် ၂၆ ရာနှုန်းအထိ ပြုန်းတီးသွားခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။
ဗြိတိန်အခြေစိုက် Enviromental Investigation Agency (EIA) ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံက သစ်တွေ တရုတ်နိုင်ငံဆီကို ခိုးထုတ်ရာမှာ သစ်တစ်လုံးချင်း ဝယ်ယူတာမဟုတ်ဘဲ တောင်အလုံးလိုက် ပုတ်ပြတ် ဝယ်ယူနေတဲ့အကြောင်း၊ ဒီလိုအရောင်းအဝယ်ကို ပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ချိတ်ဆက် ဝယ်ယူ နေတာဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် အနှစ် ၂၀ ကျော်ကြာ တရုတ် နိုင်ငံဘက်က သစ်ခိုးထုတ်မှု ဒဏ်ကို ခံနေရတဲ့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကျော် ကာလအတွင်းမှာ သစ်တော ဧရိယာ ဟက်တာ ၁ ဒဿမ ၇ သန်းကျော် ဆုံးရှုံးသွားခဲ့ပြီလို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် အစိုးရရဲ့ သစ်တောရေးရာ တာဝန်ရှိသူတွေက ထင်းနဲ့ တောင်ယာခုတ်မှုတွေဟာ သစ်တောပြုန်းတီးရခြင်းရဲ့ အဓိက အကြောင်းရင်းလို့ ရှုမြင်နေတုန်းပါ။
ဘိန်းစီးပွားရေး
သစ်နဲ့ ကျောက်စိမ်းအပြင် ပဋိပက္ခကြောင့် အကြီးအကျယ်ဖြစ်ထွန်းနေခဲ့တဲ့ နောက် စီးပွားရေးခုက ဘိန်းနဲ့ မူးယစ်ဆေးဝါးပါ။ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်မှာ နယ်သာလန် အခြေစိုက် TNI (Transnational Institutue) က အစီရင်ခံစာတခု ထုတ်ပြန်ခဲ့ပါတယ်။ ရွှေတြိဂံဒေသတွင်း နိုင်ငံများဖြစ်ကြတဲ့ မြန်မာ၊ လာအိုနှင့် ထိုင်း နိုင်ငံတွေ ထဲမှာ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ အမြင့်ဆုံးဖြစ်နေတဲ့အကြောင်းနဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ ့အတူ အကျင့်ပျက်ခြစားမှုတို့ က အဓိကအကြောင်းရင်းတွေ ဖြစ်နေတဲ့အကြောင်းတွေပါ။
UNODC ၏ ထုတ်ပြန်ချက်မှာတော့ “ မြန်မာနိုင်ငံရဲ့ဘိန်းစိုက်ပျိုးမှုဟာ ၂၀၀၆ ခုနှစ်မှာ ဟက်တာပေါင်း နှစ်သောင်းတစ်ထောင် (၂၁၀၀၀ ) ရှိခဲ့ရာက ၂၀၁၄ ခုနှစ်မှာတော့ ဟက်တာပေါင်း ငါးသောင်းခုနစ်ထောင် (၅၇၀၀၀) အထိ ရှိလာတဲ့အတွက် ထုတ်လုပ်မှု တန်ချိန်မှာလည်း ၃၄၀ ကနေပြီး ၆၇၀ အထိ တိုးလာခဲ့တယ် ” လို ့ ဖော်ပြထားပါတယ်။
ဘိန်းနှင့် ဘိန်းဖြူထုတ်လုပ်မှုမှာ နဂိုကတည်းက အာဖဂန် နစ္စတန် နောက်က ဒုတိယ လိုက်နေခဲ့တဲ့ မြန်မာနိုင်ငံဟာ စိတ်ကြွဆေး မက်သဖက်တမင်း စံချိန်တင်ဖမ်းဆီးမိနေပါတယ်။ ဖမ်းဆီးရမိမှုတွေမှာ ကနဦး ပိုင်ရှင်မဲ့တွေသာ ဖြစ်ခဲ့ပေမယ် နောက်ပိုင်း ရှမ်းပြည် တောင်ပိုင်းမှာ သယ်ဆောင်သူတွေကို လက်ရဖမ်းမိမှုတွေ ရှိလာပါတယ်။ ပြည်တွင်း မက်သဖက်တမင်း သုံးစွဲမှု တရှိန်ထိုး မြင့်လာနေတယ်လို့လည်း သိရပါတယ်။
အထက်က ဆိုခဲ့သလို ပဋိပက္ခကြားက ထွက်လာတဲ့ စီးပွားရေးအကျိုးအမြတ်တွေဟာ ပဋိပက္ခကိုပဲ ပြန်မီးထိုးနေတာကြောင့် ဒီသံသရာကို ဖြတ်ပစ်နိုင်မှ ပဋိပက္ခချုပ်ငြိမ်းပြီး အဲဒီဒေသတွင်းက လူထုအတွက် ကောင်းရာကောင်းကျိုး ဖန်တီးပေးနိုင်မှာပါ။
ဒါပေမယ့် “တိုင်းပြည်စီးပွားရေး ကောင်းမွန်လာဖို့၊ တရားမျှတမှုရှိဖို့နဲ့ အရင်းအမြစ်တွေကို ခွဲဝေဖို့ဆိုတဲ့ ကိစ္စဟာ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် အင်မတန် အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာက ပဋိပက္ခ စီးပွာရေး လုပ်ငန်းတွေလို မြင်သာတဲ့ လုပ်ငန်းတွေ သာမကပါဘူး၊ စီးပွားရေး လောကမှာ တရား မမျှတမှုတွေလည်း နေရာတိုင်းမှာ ရှိနေပါတယ်။ ဒါကြောင့် စီးပွားရေးတိုးတက်ဖို့က ငြိမ်းချမ်းရေးရဖို့ အရေးကြီးသလို အခြား အရေးကြီးတဲ့ အကြောင်းတရားတွေလည်း ရှိနေပါသေးတယ်” လို့တော့ စီးပွားရေးပညာရှင် ရှောင်တာနယ်လ် (SeanTurnell) က ရှေ့သွားရမယ့် ပြုပြင်ပြောင်းလဲရေးခရီးစဉ်ကို မှတ်ချက်ပေးပါတယ်။