ဆောင်းပါး

စစ်တပ် ကြီးစိုးမည့် ဖွဲ့စည်းပုံကို ထိုင်းတွေ ဘာကြောင့်ထောက်ခံသလဲ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဆန္ဒခံယူပွဲရလဒ်များသည် လေ့လာသူများကို စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

နောင်လာမည့်နှစ်ပေါင်းများစွာတွင် စစ်အုပ်ချုပ်ရေးကို ခိုင်မာအောင် ပြုလုပ်သည့် နည်းလမ်းဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးသူ ၆၁ ရာခိုင်နှုန်းကျော်တို့က ထောက်ခံမဲပေးခဲ့ကြသည်။

ယင်းမှာ ရွေးကောက်ခံမဟုတ်သော အထက်လွှတ်တော်က ဝန်ကြီးချုပ်တဦးအား ရွေးချယ်ခွင့်ရှိသည်ဆိုသော အချက်ကြောင့် ဝန်ကြီးချုပ်မှာ ရွေးကောက်ခံ ဖြစ်လာမည် မဟုတ် ဟူသည်ကို ထောက်ခံခဲ့ကြခြင်းဖြစ်သည်။

မဲထွက်ပေးသူ ရာခိုင်နှုန်းမှာ နည်းပါးပြီး စုစုပေါင်း မဲပေးနိုင်သူ၏ ၅၄ ရာခိုင်နှုန်းသာ ရှိသည်။

ထိုရလဒ်အတွက် အချက်အလက် အများအပြားကို ကိုးကားပြောဆိုကြသည်။ ဆန္ဒခံယူပွဲမတိုင်မီက ဖိနှိပ်သော အခြေအနေများသည်လည်း အကြောင်းရင်းတခုဖြစ်သည်။ မဲဆွယ်မှုအားလုံးကို ပိတ်ပင်ထားခဲ့သည်။ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဝေဖန်သော တက်ကြွလှုပ်ရှားသူများကို ဒါဇင်နှင့် ချီ၍ ဖမ်းဆီးတရားစွဲဆိုခဲ့သည်။

ဤအချက်မှာ ထိုင်းလူမျိုးအနည်းငယ်သာ ထိုဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကောင်းကျိုးဆိုးပြစ်များကို သိကြရသည်ဟု အဓိပ္ပာယ်ရသည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေ စာမူကြမ်းကို မြင်ဖူးသူ မရှိသလောက်ပင်ဖြစ်ပြီး မြင်ဖူးသူများမှာလည်း ၎င်း၏ပုဒ်မပေါင်း ၂၇၉ ခုကို ပျင်းပျင်းရိရိ ဖတ်ကြရသည်။

ထို့ကြောင့် မဲပေးသူအများစုသည် ဖွဲစည်းပုံအခြေခံဥပဒေတွင် မည်သည်တို့ ပါဝင်သည်ကို မသိဘဲ မဲရုံသို့ သွားခဲ့ကြသည်။

ဆန့်ကျင်ဖက်အမြင်များကို ကြားရန် ခက်ခဲလှသည်။ အချို့သောသူများကမူ စစ်တပ်၏စီမံကိန်းကို ယုံကြသည်။ ဗိုလ်ချုပ်ကြီးများ မှန်မှန်ကန်ကန်လုပ်မည်ဟု ယုံကြသည်။ သို့သော် မဲဆန္ဒရှင်အများအပြားမှာ ထို်င်းနိုင်ငံ၏ မဆုံးနိုင်သော အကျပ်အတည်းများကို စိတ်ကုန်နေပြီး ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပုံမှန်အနေအထားသို့ တစုံတရာ ပြန်လည်ပို့ဆောင်ပေးမည်ဟု မြင်ကြသည်။

ဤဖွဲ့စည်းပုံအခြေခံဥပဒေ ပယ်ချခံရပါက မည်သို့လုပ်မည်ကို စစ်ဘက်က ပြောကြားခြင်းမရှိသော်လည်း နိုင်ငံကို ၎င်းတို့သာ ဆက်လက်ဦးဆောင်မည်ဖြစ်ကြောင်းကိုမူ ရှင်းရှင်းလင်းလင်း သိရှိစေခဲ့သည်။

“ဒါဟာ ဒီနေ့ဒီခေတ်မှာ ကျနော်တို့ မျှော်လင့်ထားတဲ့ ဒီမိုကရေစီ မဟုတ်ဘူး။ ဒါပေမယ့် မဲဆန္ဒရှင်တွေရဲ့ဆန္ဒကို ကျနော် လေးစားရမယ်” ဟု ဒုတိယအကြီးဆုံးပါတီဖြစ်သော ဒီမိုကရက်တစ်ပါတီခေါင်းဆောင်  (Abhisit Vejjajiva) အဖိဆစ် ဝေ့ချာချီဝ ပြောသည်။

ယခု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီ၏ ပထမဆုုံးအလုပ်မှာ နိုင်ငံရေးစနစ်ကို ထိန်းချုပ်မည့် ဥပဒေ ၁၀ ခု ရေးဆွဲရန်ဖြစ်သည်။ ဤဥပဒေများတွင် မည်သည်တို့ ပါဝင်မည်ကို မည်သူမျှ သေသေချာချာ မသိကြသော်လည်း တည်ထောင်ပြီး နိုင်ငံရေးပါတီများကမူ ် မိမိတို့ပါတီများ မိမိတို့ဘာသာဖျက်သိမ်းပြီး အစိတ်စိတ်အမွှာမွှာ ပါတီငယ်များ ပြန်ဖွဲ့စည်းရန် လိုအပ်ကောင်း လိုအပ်စေမည်ကို စိုးရိမ်နေကြသည်။

မည်သို့ပင်ဆိုစေ အချိုးကျကိုယ်စားပြု မဲပေးစနစ်သစ်သည် ပါတီကြီးများ အများအပြား အနိုင်ရရန် ပိုမိုခက်ခဲစေပြီး အင်အားချိနဲ့သော ညွန့်ပေါင်းအစိုးရကိုသာ ဖြစ်စေသည်။

၈ လအတွင်း ထိုဥပဒေများ ပြီးစီးသောအခါ အစောဆုံးဖြစ်သော ရှေ့နှစ်နှောင်းပိုင်းတွင် ရွေးကောက်ပွဲတခု ကျင်းပနိုင်မည်ဖြစ်သည်။

အစိုးရသစ်တရပ် ရွေးချယ်ပြီးသောအခါ ထိုအစိုးရကို အဖွဲ့ဝင် ၂၅၀ ပါဝင်သော အထက်လွှတ်တော်က ထိန်းချုပ်ထားမည်ဖြစ်သည်။ ယင်းအဖွဲ့ဝင်များကို စစ်တပ်နှင့် စစ်တပ်၏မဟာမိတ်များက ခန့်အပ်မည်ဖြစ်သည်။

ထိပ်တန်းတရားရုံးများဟု ခေါ်ကြသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအဖွဲ့များကလည်း ထိန်းချုပ်ထားမည်ဖြစ်သည်။

နို်င်ငံရေးသမားများကို စွဲချက်တင်ခြင်းမှာလည်း ပိုမိုလွယ်ကူလာပြီး လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ တဦး ဝန်ကြီးချုပ် ဖြစ်လာနိုင်ခြေရှိသည်။

ဤအချက်က လက်ရှိ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာယွတ်သည် ပထမဆုံးရွေးကောက်ခံအစိုးရတွင် ဝန်ကြီးချုပ်ရာထူး ဆက်လက်ရရှိစေမည်ဟု အချို့က ယူဆကြသည်။

အနာဂတ်အစိုးရများသည် စစ်တပ်၏ နှစ် ၂၀ နိုင်ငံပြုပြင်ပြောင်းလဲရေးအစီအစဉ်ကိုလည်း လိုက်နာရန် လိုအပ်သည်။

ဤစနစ်တွင် သိသာထင်ရှားသော ဆုံးရှုံးသူမှာ ၂၀၀၁ ခုနှစ်မှစ၍ အမည်အမျိုးမျိုးဖြင့် ရွေးကောက်ပွဲတိုင်းအနိုင်ရခဲ့သော ဖြုတ်ချခံ ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝါထရာ၏ “တို့ထိုင်း”ပါတီဖြစ်သည်။

ရွေးကောက်ပွဲစနစ်သစ်သည် ယခင်က ထိုပါတီအနိုင်ရသော အမတ်နေရာများ၏ ၁၀ မှ ၂၀ ရာခိုင်နှုန်း အထိ ဆုံးရှုံးစေမည်ဖြစ်ပြီး ယင်လတ်ကိုုလည်း ရာထူးမှ ၅ နှစ်ပိတ်ပင်ထားသည်။

ယင်လတ်ရှင်နာဝါထရာမှာ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံရသည်။ အကိုဖြစ်သူ သက်ဆင်မှာလည်း ၂၀၀၈ ခုနှစ်က အာဏာအလွဲသုံးစားမှုဖြင့် စီရင်ထားခံရပြီး ပြည်ပတွင် နေထိုင်လျက်ရှိသည်။

ထိုင်းစစ်ခေါင်းဆောင်များသည် ရှင်နာဝါထရာ မျိုးဆက်အပေါ် မနှစ်မြို့မှုကို လျှို့ဝှက်မထားကြသည့်အပြင် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ထိုမျိုးဆက်ကို ရာထူးမရစေရေး ရည်ရွယ်လုပ်ဆောင်ထားသည်။

ဤဖြစ်ရပ်များအပေါ် လွှမ်းမိုးနေသောကိစ္စမှာ အသက်အရွယ် ကြီးရင့်လှပြီဖြစ်သော ဘုရင် ဘူမိဘော အဒူရာဒက်၏ ကျန်းမာရေးချို့တဲ့နေခြင်း ဖြစ်သည်။

ဤကိစ္စမှာ ထိုင်းနိုင်ငံတွင် မပြောကောင်းသောကိစ္စဖြစ်သော်လည်း ထိုင်းတို့သည် မကြာမီ ဘုရင်ကောင်း ကင်းမဲ့သော အနာဂတ်နှင် ့ရင်ဆိုင်ရတော့မည်ကို ပြင်ပတွင် လူတိုင်းသိနေကြသည်။

သူ၏ ထီးနန်စိုးစံချိန် နှစ် ၇၀ အတွင်း ဘုရင်သည် ထိုင်းနိုင်ငံတွင် အဓိကအာဏာရင်းမြစ် သို့မဟုတ် အဆုံးအဖြတ်ပေးသောဒိုင် ဖြစ်လာသည်။

သူ၏ နောက်ဆုံးရှောင်လွဲမရသော နတ်ရွာစံခြင်းနှင့် လူကြိုက်နည်းသော သားဖြစ်သူ ထီးနန်းဆက်ခံခြင်းက စစ်အရာရှိများ၊ ဗျူရိုကရက်ထိပ်တန်းအရာရှိများ၊ လုပ်ငန်းရှင်ကြီးများနှင့် ယခုထိပ်တန်း အာဏာဆုပ််ကိုင်ထားသော နန်းတွင်းအရာရှိ အသိုင်းအဝန်းကို လှုပ်ခါစေပြီး ထိုင်းနိုင်ငံရေးတည်ငြိမ်မှုအတွက် မခန့်မှန်းနိုင်သောအကျိုးဆက်များ ဖြစ်လာမည်ဖြစ်သည်။

ထိုင်းတပ်ဖွဲ့များသည် ထိုင်းဘုရင်အား ကာကွယ်စောင့်ရှောက်သူများဖြစ်ရခြင်းကို အခြားအရာများထက် ဂုဏ်ယူကြသည်။ ခက်ခဲသော ထီးနန်းဆက်ခံမှု မပြီးမချင်း အလျှော့ပေးမည် မဟုတ်ပေ။

(ကိုးကား။      ။ Jonathan Head ၏ Thai referendum: Why Thais backed a military-backed constitution)

Did you find apk for android? You can find new Free Android Games and apps.
Loading