ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ် တရုတ်ခရီးစဉ်ကို လေ့လာချက် အပိုင်း - ၂

Want create site? Find Free WordPress Themes and plugins.

တရုတ်တို့၏ မဟာဗျူဟာနှင့် ပတ်သက်၍ အရေးပါသော ခြေလှမ်းတရပ်မှာ ကျောက်ဖြူမှ တရုတ်ပြည်သို့ လမ်းကြောင်းဖောက်လုပ်ရေး ဖြစ်သည်။ ဤနေရာတွင် စီမံကိန်းအဆင့်အရ သောလည်းကောင်း၊ မြန်မာတို့ လက်ခံနိုင်သည့် မြန်မာတို့ အတွက်လည်း အကျိုးရှိသည့် အခြေအေ နရရှိနိုင်ရန်သော်လည်းကောင်း တရုတ်တို့သည် မူဆယ် မန္တလေး လမ်းကြောင်းအား ဦးစွာ ဖောက်လုပ်နိုင်ရန် စဉ်းစားပုံရသည်။

ထို့ကြောင့်လည်း NLD အရပ်သားအစိုးရသစ် တက်ပြီး မကြာမီ ၂၀၁၆ ဧပြီ ၂၆ ရက်တွင် ဆောက်လုပ်ရေး ဝန်ကြီး ဦးဝင်းခိုင်နှင့် တရုတ် သံအမတ် မစ္စတာဟုန်လျံတို့ တွေ့ဆုံပြီး မူဆယ် မန္တလေး လမ်းအူကြောင်းသစ် ရှာဖွေရေး ဆွေးနွေး သဘောတူခဲ့ကြသည်။ ဤနေရာတွင် သတိပြုရန်မှာ လမ်းအူကြောင်းသစ်ဟု သုံးစွဲပြီး ကားလမ်းဟုလည်းကောင်း၊ ရထားလမ်းဟု လည်းကောင်း သုံးစွဲခြင်း မရှိပေ။ သို့ဖြစ်ရာ ရထားလမ်းရော ကားလမ်းပါသည့် လမ်းအူကြောင်းလည်း ဖြစ်နိုင်သည်ဟု ထည့်သွင်း တွက်ချက်ရန် လိုပါသည်။

အခြားသတင်းများအရ အဆိုပါလမ်းအူကြောင်းသစ်သည် မူဆယ်-နမ့်ခမ်းမှ မန္တလေးသို့ အဖြောင့်ဆွဲချပြီး ဖောက်လုပ်ပါက ကီလိုမိုင် ၂၈၀ ခန့် သာရှိနိုင်ပြီး လက်ရှိ အသုံးပြုနေသော လမ်းဟောင်းထက် ကီလိုမိုင် ၁၀၀ ကျော် ပိုနီးကာ မန္တလေးမှ တရုတ်နယ်စပ်သို့ နေ့ချင်းပြန် သွားနိုင်ပေလိမ့်မည်။ ထိုလမ်းကြောင်း အတွက် တရုတ်ပြည်အတွင်း နမ့်ခမ်းတဖက်ကမ်းရှိ လုန်တောင်းမြို့လေး အထိ ၆ လမ်းသွား လမ်းမ ဖောက်လုပ်ထားပြီး ဖြစ်သည်။

ဤလမ်းအူကြောင်းသစ် ဖောက်လုပ်ဖြစ်ပါက ကားလမ်းဆိုလျင်ပင် နေ့ချင်းပြန် သွားရောက်နိုင်မည် ဖြစ်ပြီး ရထားလမ်းဆိုပါ တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေး စီးဆင်းမှု သယ်ယူပို့ဆောင်ရေး စရိတ်သက်သာသည့် အကျိုး သက်ရောက်မှု ကိုရရှိမည် ဖြစ်သည်။ ဤသို့ မြန်မာပြည်အတွက် အကျိုးရှိသည့် အစိတ်အပိုင်းမှ စတင်ကာ တရုတ်တို့၏ မဟာဗျူဟာကို အကောင်အထည် ဖော်သွားနိုင်ပါသည်။

ဤသို့ လက်တွေ့ကျသည့် တရုတ်မဟာဗျူဟာကို ကောင်းမွန်စွာ ထည့်သွင်း တွက်ချက်ထားခြင်းဖြင့် တရုတ်မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်သည့် အရွေ့များ ခြေလှမ်းများ အရွေ့များကို သုံးသပ်နိုင်မည်ဖြစ်သည်။ ထို့အတူ တရုတ်၏ မဟာဗျူဟာနှင့် မြန်မာ၏ ပတ်သက်မှုကို ထည့်သွင်းတွက်ချက်ရပေမည်။

ငြိမ်းချမ်းရေးမဟာဗျူဟာ

တရုတ်တို့၏ မဟာဗျူဟာသည် စီပွားရေးပေါ် အခြေပြုသည်။ လက်ရှိ NLD အရပ်သားအစိုးရသစ်၏ မဟာဗျူဟာ ကတော့ ငြိမ်းချမ်းရေး ဖြစ်သည်။ ၂၀၁၆ သြဂုတ်လ ၁၅ ရက်နေ့က ပြုလုပ်သည့် UPDC အစည်းအဝေးတွင် ငြိမ်းချမ်းရေးက အရေးကြီးသည် ဆို၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို လစ်လျူရှု ထားမည် မဟုတ်ကြောင်း၊ သို့သော် ရေရှည်တွင် ငြိမ်းချမ်းရေး မရှိဘဲနှင့် မည်သည့် စီးပွားရေးတိုးတက်မှု မျိုးကို မဆို ထိမ်းသိမ်းထားနိုင်မည် မဟုတ်ကြောင်း၊ စီးပွားရေး မည်မျှ တိုးတက်သည် ဆိုစေကာမူ ငြိမ်းချမ်းရေး ပြိုပြီဆိုသည်နှင့် တိုးတက်မှုများလည်း ပြိုကျ သွားနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပြီး မြန်မာပြည်အတွက် ငြိမ်းချမ်းရေးသည် အခရာကျကြောင်း ထောက်ပြ၍ သူမ၏ မဟာဗျူဟာကို ချ ပြပြောဆိုခဲ့သည်။

မြန်မာပြည်၏ ငြိမ်းချမ်းရေး မဟာဗျူဟာ အတွက် အရေးကြီးသည်မှာ တိုင်းရင်းသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြဿနာဖြစ်သကဲ့သို့ တဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပြဿနာဖြေရှင်းရေး သည် အရေးပါသော ပြသနာဖြစ်သည်။ မြန်မာပြည်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနက် တရုတ်နယ်စပ် တလျောက်တွင် ၇ ဖွဲ့ခန့်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အင်အားအများဆုံး လက်နက်အင်အား အတောင့်တင်းဆုံး အဖွဲ့များလည်း ဖြစ်သည်။

အကဲခတ်အများစုက ထိုအဖွဲ့များသည် တရုတ်နှင့် နီးနီးကပ်ကပ် ပတ်သက်မှု ရှိသည် ဟူလည်းကောင်း၊ တရုတ်ထံမှ လက်နက်ခဲယမ်း အကူအညီ ရရှိထားသည် ဟူ၍လည်းကောင်း၊ သို့မဟုတ် ဝယ်ယူရရှိ ထားသည်ဟု၍လည်းကောင်း၊ တရုတ်တို့၏ သြဇာသက်ရောက်မှု ရှိသည်ဟူ၍လည်ကောင်း၊ စစ်ရေးအရ တရုတ်ကို နောက်ကျောပေး၍ စစ်ဆင်အံတုနေသည် ဟူ၍လည်းကောင်း ယူဆထားကြပါသည်။

ထို့အပြင် အကဲခတ်အချို့က တရုတ်ပြည်တာဝန်ရှိသူများထဲတွင် နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား တရုတ်နယ်စပ်လုံခြုံ ရေးအတွက် လိုအပ်ချက်အဖြစ် သဘောထားသည့်သူများ ရှိသည်ဟု ယူဆကြသည်။ သို့ဖြစ်ရာ လက်ရှိ မြန်မာပြည်၏ ငြိမ်းချမ်းရေး မဟာဗျူဟာနှင့် ပတ်သက်၍ တရုတ်သည် အရေးပါသော အခန်းကဏ္ဍတွင် ရှိသည်ဟု အများက ယူဆကြပါသည်။ သို့ဖြစ်ရာ မြန်မာ၏မဟာဗျူဟာရည်မှန်းချက်နှင့် တရုတ်၏ ပတ်သက်မှုကို ထည့်သွင်း တွက်ချက်စဉ်းစားရန် မိမိတိုင်းပြည်၏မဟာဗျူဟာ ဖြစ်မြောက်ရေး အတွက် တရုတ်အား ဆွေးနွေးညှိနှိုင်း၍ ပူးပေါင်းလုပ်မှု ပြုရန် လိုအပ်ပေသည်။

တရုတ်ဝန်ကြီးခရီးစဉ်

NLD အစိုးရသစ် တက်ပြီး လပိုင်းအတွင်း တရုတ်အစိုးရ ဝန်ကြီးတယောက်ပြီး တယောက် မြန်မာပြည်လာသည့် အထဲမှ မြန်မာပြည်သူများ သတိပြုမိသူမှာ ၂၀၁၆ သြဂုတ်လဆန်းအတွင်း မြန်မာပြည်သို့ ရောက်ရှိလာသော မစ္စတာ ဆုန်တောင် ဖြစ်သည်။ အသက် ၆၁ နှစ်ရှိပြီဖြစ်သော မစ္စတာဆုန်တောင်မှာ တရုတ်ပြည်ဖူကျင့် တက္ကသိုလ်တွင် ပညာသင်ဖူးသူ ဖြစ်သကဲ့သို့ သြစတေးလျနိုင်ငံ မိုနပ်ရှ် (Monash) တက္ကသိုလ်တွင် တက်ရောက်သင်ကြား ဖူးသူ ဖြစ်သည်။ သူသည် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနတွင်လည်းကောင်း၊ ဂူယာနာနှင့် ဖီလစ်ပိုင်တို့တွင်လည်းကောင်း သံတမန်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

၂၀၁၅ နိုဝင်ဘာလမှစ၍ တရုတ်ကွန်မြူ နစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဌာနကြီးမှူး အဖြစ် စတင်တာဝန်ယူ ခဲ့သည်။ အဆိုပါဌာနကြီးမှူး တာဝန်အား ၁၀ နှစ်ကျော် တာဝန်ယူထားခဲ့သည့် မစ္စတာဝမ်ကျားရွေ့ (Wan Jiarui) ထံမှ တာဝန် လွှဲပြောင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာ့သတင်းများတွင် နိုင်ငံတကာဆက်ဆံရေး ဌာနဝန်ကြီး ဟုဖော်ပြကြ သော်လည်း မစ္စတာ ဆုန်တောင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီး မဟုတ်ချေ ။ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ကြီးမှူးသာ ဖြစ်ပေသည်။ တရုတ်ဘာသာစကားဖြင့် “ပူကျန်း” သည် ဝန်ကြီးဟူလည်းကောင်း၊ ဌာနကြီးမှူးဟူ၍လည်းကောင်း အဓိပ္ပာယ်ရသည်။ ဝန်ကြီးနှင့် အဆင့်တူတော့ဖြစ်သည် ဟု ဆိုနိုင်သည်။ အင်္ဂလိပ် ဘာသာဖြင့် Head of the International Lasion Department of the Communist of China ဟုခေါ်ဆိုပါသည်။

၎င်းဌာန၏ တာဝန်သည်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် တာဝန် မတူပါ။ နိုင်ငံခြားရေး ဝန်ကြီးဌာနက အစိုးရချင်း ဆက်ဆံရေးကို အဓိက တာဝန်ယူပါသည်။ တရုတ်ကွန်မြူ နစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး ဌာနသည် အစိုးရချင်း ဆက်ဆံရေးထက် နိုင်ငံရေးပါတီများ အဖွဲ့အစည်းများ ဆက်ဆံရေးကို တာဝန်ယူပြီး တရုတ်ကွန်မြူ နစ်ပါတီ၏ နိုင်ငံခြားပေါ်လစီကို ကိုင်တွယ် သုံးသပ် ဆုံးဖြတ် ပေါ်လစီ ချမှတ်သည့် တာဝန်ကို အဓိက တာဝန်ယူပါသည်။

ထိုချမှတ်သည့် ပေါ်လစီကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ပါသည်။ ထိုပြင် အဆိုပါ ဌာန၏ လက်အောက်တွင် တရုတ်ပြည်ရှိ NGO အဖွဲ့အစည်းများ ဖောင်ဒေးရှင်းများ ထားရှိသည်။ ၂၀၁၅ ခုနှစ်လယ်က ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အား စီစဉ်ဖိတ်ကြားသည်မှာ အစိုးရအနေနှင့် ဖိတ်ကြားသည် မဟုတ်ဘဲ အဆိုပါ တရုတ်ကွန်မြူ နစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ဌာနကြီးမှူးအဖြစ် ထိုစဉ်ကတာဝန်ယူနေသူ မစ္စတာ ဝမ်ကျားရွေ့က စီစဉ်ဖိတ်ကြားခြင်း ဖြစ်ပြီး မစ္စတာရှီကျင့်ပင်ကလည်း တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင် အနေနှင့် ဒေါ်အောင်ဆန်းစုကြည်အား လက်ခံတွေ့ ဆုံခြင်းဖြစ်ပါသည်။သတိပြုရန်မှာ တရုတ်ပြည်၏ ဖွဲ့စည်းပုံအရ တရုတ်ကွန်မြူနစ် ပါတီက အစိုးရအထက်တွင် ရှိပြီး ပေါ်လစီချမှတ်သူများ ဖြစ်သည်။ ပါတီ၏ ပေါ်လစီအား အစိုးရက အကောင်အထည်ဖော်ကြရပါသည်။

မစ္စတာဆုန်တောင်သည် မြန်မာပြည်သို့ ရောက်ရှိလာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဦးဝင်းထိန်၊ ခွန်ထွန်းဦး၊ ဒေါက်တာအေးမောင်တို့အား တဦးချင်းစီ လိုက်လံတွေ့ဆုံ ခဲ့သည့်ပြင် NLD ရုံးချုပ်တွင် ဦးတင်ဦး ဦးစီးသည့် NLD ခေါင်းဆောင်များနှင့်တွေ့ဆုံခြင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးသို့ သွား၍ သူနှင့် အတူပါလာသည့် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ကူညီမှုများ ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

မစ္စတာဆုန်တောင်သည် လက်ရှိအစိုးရအဖွဲ့မှ အဓိက တာဝန်ရှိသူနှစ် ဦးသာ တွေ့ဆုံခဲ့ပြီး ကျန်သူများမှာ မြန်မာပြည်နိုင်ငံရေးတွင် အရေးပါသည့် ပုဂ္ဂို လ်များအား တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ၂၀၁၁ မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲမှ စ၍ အတိုက်အခံပါတီများ အခြားနိုင်ငံရေးအင်အားစုများ နယ်ပယ်အသီးသီးများကိုပါ ပြောင်းလဲ ချဉ်းကပ်လာခဲ့သော တရုတ်တို့သည် ယခုအကြိမ် မစ္စတာ ဆုန်တောင်၏ ခရီးစဉ်နှင့်အတူ မြန်မာနိုင်ငံရေး အခြေအနေ အား ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သည့် တရုတ်တို့၏ ပေါ်လစီအား ပြန်လည်သုံးသပ် ပြင်ဆင်မှုများ ပြုလုပ် အတည်ပြုရန် ရည်ရွယ် လုပ်ဆောင်နေသည်ဟု သုံးသပ်ရပါသည်။

မြစ်ဆုံပြဿနာ

လက်ရှိ ခရီးစဉ်အတွင်း မြစ်ဆုံပြဿနာနှင့် ပတ်သက်ပြီး ယေဘုယျ သဘောထက် ပိုဆွေးနွေးဖွယ် မရှိပါ။ မြန်မာ အရပ်သားအစိုးရဘက်မှ ဆိုလျင် ၂၀၁၆ သြဂုတ်လ ၁၂ ရက်စွဲဖြင့် မြစ်ဆုံ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းလိုက်ပြီးနောက် ၃ လအကြာမှ စုံစမ်းရေးကော်မရှင်၏ အစီအရင်ခံစာ ရရှိမည် ဖြစ်သည်။ ထို့ပြင်ရွေးကောက်ပွဲ မဲဆွယ်ကာလက မြစ်ကြီးနား လူထုအစည်းအဝေး၌ မြစ်ဆုံစာချုပ်အား လူထုအား ချပြမည် ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ ကတိကဝတ်အား အကောင်အထည်လည်း မဖော်ရသေးပေ။ ချုပ်၍ ဆိုရလျင် မြစ်ဆုံကိစ္စဆွေးနွေးရန် မြန်မာအစိုးရသစ် အဆင်သင့် မဖြစ်သေးပေ။ ဆွေးနွေးဖြေရှင်းသွားမည်ဟု အစပြုခြင်း၌သာ ရှိသေးသည်။

တရုတ်ဘက်က ကြည့်လျင် မြစ်ဆုံပြဿနာသည် သူတို့၏ မဟာဗျူူဟာပြသနာ မဟုတ်။ ပြတ်သားသည့် အဖြေတခု လိုချင်သည့် သဘောထားကိုသာ ဖော်ပြနေသည် ဟု ယူဆရသည်။ ထို့အပြင် မြစ်ဆုံပြသနာသည် တရုတ် မြန်မာ ဆက်ဆံရေးတွင် အကဲဆတ်သည့် ပြဿနာ ဖြစ်သည်ကိုလည်းကောင်း၊ လတ်တလော တရုတ်ဆန့်ကျင်ရေး လေထု ကြီးထွားစေသည့် ရေခံမြေခံဖြစ်သည်ကိုလည်းကောင်း၊ ကြံ့ခိုင်ရေး အစိုးရ ရပ်တန့်ထားသည့် စီမံကိန်းတခုကို NLD အစိုးရပြန်လည် စတင်ရန် အကန်အသတ်များစွာ နိုင်ငံရေးအကြပ်အတည်းများစွာ ရှိသည်ကိုလည်းကောင်း တရုတ်တို့ သဘောပေါက်သည့် အားလျော်စွာ ဤအကြိမ် ခရီးစဉ်တွင် မြစ်ဆုံပြဿနာသည် နှစ်နိုင်ငံဆွေးနွေးပွဲတွင် ရှေ့တန်း ရောက်သည့် ပြသနာဖြစ်လာမည် မဟုတ်ပေ။

နယ်စပ်ပြသနာ

ဒေါ်အောင်ဆန်းစုကြည် လိုလားသော နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များ ၂၁ ရာစုပင်လုံညီလာခံတွင် ပါဝင်လာရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမည် ဟု သုံးသပ်ရသကဲ့သို့ တရုတ်တို့ အနေနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားအဖွဲ့များ ၂၁ ရာစု ပင်လုံတွင် ပါဝင်ရေးကို ဖိဖိစီးစီး တွန်းအားပေးသွားဖွယ်ရှိသည်။ တရုတ်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ပြသနာအား စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းကို မနှစ်သက်သည့် တရုတ်တို့အဖို့ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးကို ပူးပေါင်းပါဝင်သွားမည် ဟု သုံးသပ်ရသည်။

ဤသို့ ပူးပေါင်းဆောင်ရွက်မှု တွင် နှစ်နိုင်ငံစစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ပါဝင်ဖွယ် လုံးဝမရှိပါ။ စစ်ရေး နည်းလမ်းကို တရုတ်တို့ လက်ခံမည် မဟုတ်ချေ ။ တရုတ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် တိုက်တွန်းမည် ဖြစ်သကဲ့သို့ မြန်မာအစိုးရ အားလည်း တိုင်းရင်းသားများနှင့် ပတ်သက်ပြီး အခွင့်အရေးပေးရန်လိုကြောင်း လူနည်းစု တိုင်းရင်းသားများကို ပို၍ အထူးအခွင့်အရေး ပေးရန် လိုအပ်ကြောင်း ဆွေးနွေးတိုက်တွန်းဖွယ်ရှိသည်။ တိကျစွာပြောလျင် တရုတ်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် ပြသနာအား နိုင်ငံရေးအရ ဖြေရှင်းရေးနှင့် ပတ်သက်၍ တရုတ်တို့ အပြည့်အဝ ပူးပေါင်းပါဝင်မည် ဖြစ်သော်လည်း ထိုအဖွဲ့များအား နှစ်နိုင်ငံပူးပေါင်း၍ စစ်ရေးအရ ဖြေရှင်းရန် တရုတ်တို့ လက်ခံလိမ့်မည် မဟုတ်ဟု သုံးသပ်ရပါသည်။

မြန်မာပြည်နယ်စပ်ရှိ လက်နက်ကိုင်နေသည့် တိုင်းရင်းသားများ ဖြစ်သည့် ကချင်၊ ရှမ်း၊ တအန်းပလောင်၊ ကိုးကန့်၊ ဝ၊ အခါ စသည့် လူမျိုးစုတိုင်းသည် တရုတ်ပြည်တွင်း၌ များစွာရှိပေရာ ထိုလူမျို းများ နေထိုင်ရာဒေသတွင် တရုတ်တို့ ကျင့်သုံးသည့် အတွေ့အကြုံများ ကိုသာ မျှဝေဖွယ်ရှိသည်။

တရုတ်မဟာဗျူဟာ ချဉ်းကပ်မှု

၂၀၁၃ ခုနှစ်ခန့်က စတင်ချမှတ်ခဲ့သည့် တရုတ်တို့၏ ပိုးလမ်းခါးပတ် အတွက် မြန်မာပြည်နှင့် ပတ်သက်သည့် အပိုင်းများနှင့် ပတ်သက်ပြီး တရုတ်တို့ တဆင့်ချင်း ဆွေးနွေးသွားဖွယ် ရှိသည်။ မြန်မာ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်နွယ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုံနှင့် တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် မြန်မာတို့လည်းအကျိုး ရှိစေမည့် မူဆယ် မန္တလေးလမ်းအူ ကြောင်းသစ်တို့ ဖြစ်ဖွယ်ရှိသည်။

မြစ်ဆုံစုံစမ်းရေး ကော်မရှင်ဖွဲ့သည့် ၂၀၁၆ သြဂုတ် ၁၂ ရက်နေ့တွင်ပင် သမ္မတ ဦးထင်ကျော်အမိန့်နှင့် အထူး စီးပွားရေး ဇုန်ကြီးကြပ်သည့် ဗဟိုအဖွဲ့ ဖွဲ့စည်းသည့် အမိန့် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ မြန်မာပြည်၏ စီးပွားရေး ဖွံ့ဖြို းတိုးတက်မှု အတွက် အထူးစီးပွားရေးဇုန်များ လိုအပ်သည်ကို အရပ်သား အစိုးရသစ်က အသိမှတ်ပြု ဆောင်ရွက်သွားမည်ကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။

မြန်မာဘက်က အထူး စဉ်းစားသုံးသပ်ရမည့် အပိုင်းမှာ မြန်မာပြည် စီးပွားရေး အတွက် လူထုအတွက် အကျိုး ရှိမည့် အပိုင်း သေချာထည့်သွင်းစဉ်း စားတွက်ချက်ရန် တိကျသော ဥပဒေများ ပြဌာန်း အကာကွယ်ပေးရန်လိုအပ်ပေမည်။

(ဆက်လက်ဖော်ပြပါမည်)

(မောင်မောင်စိုးသည် တိုင်းရင်းသားရေးရာနှင့် တရုတ်-မြန်မာ ဆက်ဆံရေးဆိုင်ရာ ရန်ကုန်အခြေစိုက် သုတေသီတဦး ဖြစ်သည်)

ဆက်စပ်ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ် တရုတ်ခရီးစဉ်ကို လေ့လာချက် အပိုင်း – ၁ 

Did you find apk for android? You can find new Free Android Games and apps.
Loading