ယခု လက်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် တရုတ်တို့ အထူးမျှော်လင့်သည်မှာ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ရေးဟု အသားပေး ဖော်ပြသည်။ စိုးရိမ်မှု ရှိကြသည်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးမှ တိုင်းပြည်အတွက် အကျိုးရှိသည့် အခြေအနေ မပေါ်ထွက်လာမည်ကို လူထုက ပြီးခဲ့့သော အတွေ့အကြုံများအရ ပူပန်မှု ရှိကြသည်။
ယခု အရပ်သားအစိုးရသစ် လက်ထက် တရုတ်-မြန်မာဆက်ဆံရေးသည် မြန်မာပြည်လူထု အကျိုးရှိမည့် အခြေအနေ ဖြစ်ပေါ်စေမည်ဟု သုံးသပ်ရသည်။ အဘယ်ကြောင့်ဆိုသော် အရပ်သားအစိုးရသစ်သည် မြန်မာ-တရုတ် ဆက်ဆံရေးသာမက ၎င်းနှင့်အတူ မြန်မာ- အမေရိကန်ဆက်ဆံရေး၊ မြန်မာ-ဥရောပဆက်ဆံရေး၊ မြန်မာ-ဂျပန် ဆက်ဆံရေး၊ မြန်မာ-အိန္ဒိယ ဆက်ဆံရေးတို့ ယှဉ်တွဲ၍ ထူထောင်နိုင်မည် ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ဤသို့သော ဆက်ဆံရေးမျိုးကို နဝတ၊ နအဖ၊ ဦးသိန်းစိန်အစိုးရများ လက်ထက်တွင် အကောင်ထည်နိုင်ခြင်း၊ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။ ဤသို့ မစွမ်းဆောင်နိုင်၍လည်း မြန်မာ-တရုတ် ဆက်ဆံရေးမှ ပြည်သူတို့ အတွက် အကျိုးရှိသည့် အခြေအနေ ဖြစ်မလာနိုင်ခဲ့ပေ။
ယခင်က တရုတ်တဦးတည်းနှင့်သာ ဆက်ဆံနေရသောကာလက မြန်မာ့နိုင်ငံတွင်း တရုတ် အရင်းအနှီးများ မင်းမူစဉ်ကာလက တရုတ်တို့ တဦးတည်း လက်ဝါးကြီးအုပ် ပိုင်ခွင့် ရသကဲ့့သို့ ဖြစ်နေပြီး စိတ်တိုင်းကျ အခြေအနေများကို ဖန်တီးနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ လက်ရှိအရပ်သား အစိုးရလက်ထက် အမေရိကန် ဥရောပ ဂျပန် အိန္ဒိယတို့နှင့်ပါ နိုင်ငံရေးရော စီးပွားရေးပါ ပြိုင်ဆိုင်ရမည့် အခြေအနေဖြစ်ပေါ်လာရာ အပြန်အလှန် ထိန်းချုပ်မှုများမှ တဆင့် မြန်မာပြည် အတွက် အကျိုးရှိသည့် အခြေအနေ ပေါ်ပေါက်လာမည် ဟု ဆိုရပေမည်။
လက်ရှိ တရုတ်သတင်းဌာနများ ပြောဆိုနေသည့် မြန်မာပြည်အနေနှင့် တရုတ်နှင့် ဆက်ဆံရေးကို တိုးမြှင့်ရန် အလေးထားရန် တိုက်တွန်း ပြောဆိုနေမှုများသည် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ် အပြီး အမေရိကန် ခရီးစဉ် အပြင် နောက်ဆက်တွဲ အဖြစ် အိန္ဒိယခရီးစဉ်၊ ဥရောပခရီးစဉ်၊ ဂျပန်ခရီးစဉ်တို့ ပေါ်လာမည်ကို ကောင်းစွာ သဘောပေါက်နေကြ၍ ဖြစ်သည်။ အင်အားကြီး နိုင်ငံများကြားတွင် ပါးနပ်လိမ္မာစွာ ရပ်တည်နိုင်လေ မြန်မာပြည်အတွက် အကျိုးရှိလေဟု ဆိုရပါမည်။
တရုတ်အရွေ့
၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာ့အပြောင်းအလဲများကို ကြည့်၍ တရုတ်တို့ အရွေ့စတင်သည်ဟု ဆိုသည်။ ယခင် စစ်ဘက်အရာရှိများနှင့်သာ အနှစ် ၂၀ ကျော်ခန့် ဆက်ဆံနေသော တရုတ်တို့သည် အတိုက်အခံ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပြောင်းလဲဆက်ဆံသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်သို့ ဖိတ်ခေါ်၍ သူတို့၏ အရွေ့ကို ပြသည်။ မြန်မာ့အပြောင်းအလဲနှင့် ကိုက်ညီအောင် သူတို့၏ ခြေလှမ်းများ ရွေ့လျားသည်ဟု ဆိုရမည်။
တချိန်တည်းတွင် မြန်မာလူထု၏ ဆန့်ကျင်မှု ခံနေရသော သူတို့၏ စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်မှုများ ပြုလုပ်လာသည်။ နိုင်ငံတကာရှိ တရုတ်စီးပွားရေး လုပ်ငန်းများအား နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှု ရှိအောင် တရုတ်အစိုးရက ထိန်းကျောင်းမှုများ ပြုလုပ်သွားမည်ဟု ဆိုလာသည်။
ယခုနှစ်ဆန်းပိုင်း ကာလက ဘေကျင်းအခြေစိုက် Global Environmental Institute မှ သုတေသီများက မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံနေသော တရုတ်ကုမ္ပဏီများအနေနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအား ဂရုစိုက်ကြရန် အကြံပြု သတိပေးလာသည်ကို တွေ့ရသည်။ ၎င်းတို့က တရုတ်ကုမ္ပဏီများအနေနှင့် သဘာဝအန္တရာယ်ကို သဘောပေါက်သော်လည်း လက်တွေ့ အကောင်အထည် ဖော်ရာတွင် မထိရောက်ဟု သုံးသပ်ခဲ့သည်။ ထို့ပြင် မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်းများကို တရုတ်ကုမ္ပဏီများ အကိုင်အတွယ် မတတ်ခြင်းသည်လည်း တရုတ်ဆန့်ကျင်ရေး ပြင်းထန်သည့် အကြောင်းရင်း ဖြစ်သည်ဟု သုံးသပ်သည်ကို တွေ့ရသည်။
မြန်မာပြည်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် သဟာဇာတ ဖြစ်ရေးကို တရုတ်ကုမ္ပဏီများ၏ ရည်ရွယ်ချက် ဖြစ်သင့်သည်ဟု ၎င်းတို့က ထောက်ပြသုံးသပ်သည်ကို တွေ့ရသည်။ တရုတ်တို့ အနေနှင့် နိုင်ငံရေးအရ အတိုက်အခံများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများသို့ မျက်နှာမူလာခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မျက်နှာမူလာခြင်း စသည့် အရွေ့များ ရှိလာပြီ ဖြစ်သည်။ လက်ရှိ မစ္စတာဆုန်တောင်၏ ခရီးစဉ်ကလည်း သူတို့၏ အရွေ့များအတွက် သေချာသည်ထက် သေချာအောင် ထိတွေ့ စဉ်းစားသုံးသပ်နေပုံ ရသည်။ မြန်မာပြည် အပြောင်းအလဲ၊ အင်အား အဟောင်းနှင့်အသစ်ကြား ကူးလူးပြေးလွှားရင်း တရုတ်ပြည်၏ အကျိုးစီးပွားအား ပြောင်းလဲနေသည့် မြန်မာပြည် အခြေအနေနှင့်အညီ ကာကွယ်နိုင်ရန် ကြိုးစားရွေ့လျား နေပုံရသည်။ သို့သော် အားလုံးတော့ မရွေ့နိုင်သေးပေ။ မရွေ့သည်များလည်း ရှိသေးသည်။
၎င်းမှာ မြန်မာပြည်တွင်း၌ တရုတ်ဆန့်ကျင်ရေး လေထုဖြစ်ပေါ်လာခြင်း၊ တရုတ်စီးပွားရေးလုပ်ငန်းများကို မြန်မာလူထုက ဆန့်ကျင်ခြင်းသည် တရုတ်တို့က နဝတ/နအဖ စစ်အစိုးရ ရပ်တည်နိုင်အောင် ကူညီခဲ့၍ ဖြစ်သည် ဆိုသည့် အချက်ကို မျက်ကွယ်ပြုထားဆဲ ဖြစ်ပြီး ထိုကာလ စစ်အစိုးရများကို ကူညီခဲ့ခြင်းအား တရုတ်တို့အနေနှင့် မြန်မာတို့အပေါ် ကူညီခဲ့သည်ဟု မှတ်ယူထားခြင်းသည် နိုင်ငံရေးအရ မရွေ့သေးသည့်အချက်ဖြစ်သည်။
ထို့ပြင် စီးပွားရေးအရ ဆိုလျင် မြန်မာပြည်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် မြန်မာအစိုးရနှင့် သဘောတူစာချုပ် ချုပ်ဆိုထားခြင်းဖြစ်ရာ မြန်မာအစိုးရနှင့် သဘောတူညီထားသည့် အတိုင်း သူတို့လုပ်ဆောင်သည် ဖြစ်ရာ ဖြစ်ပေါ်လာသည့် ပြသနာ အကျိုးဆက် အားလုံး၌ တရုတ်ကုမ္ပဏီများ၌ တာဝန်မရှိဘဲ မြန်မာအစိုးရ၌သာ တာဝန်ရှိသည် ဆိုသည်ကို ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။
ထို့ပြင် စီးပွားရေး လုပ်ငန်းများ၌ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအား တရုတ်တို့ သတိမူလာသော်လည်း လူမှု ပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုများနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာပြည်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် မြန်မာပြည်မှ အလုပ်သမား ခန့်အပ်မှု အထူးသဖြင့် ပညာရှင် အတတ်ပညာသည် စီမံအုပ်ချုပ်ရေး ဆိုင်ရာ အကြီးတန်း ဝန်ထမ်း စသည့် ပညာတတ်များ အလုပ်အကိုင်ရမှု ပြဿနာတို့နှင့် ပတ်သက်၍လည်းကောင်း တရုတ်တို့ အလေးအနက်ထားပြီး “ရွေ့” ခြင်းတော့ မရှိသေးသည်ကို တွေ့ရသည်။
သို့ဖြစ်ရာ မြန်မာပြည် အပြောင်းအလဲနှင့် လိုက်၍ ရွေ့လျားသည့် တရုတ်တို့၏ အရွေ့ကို အသိအမှတ်ပြု သကဲ့့သို့ မရွေ့သေးသည်များကိုလည်း မြန်မာ့အပြောင်းအလဲ ကိုက်ညီစွာ “ရွေ့” နိုင်အောင် တွန်းပေးရန် လိုနေပေသေးသည်ဟု ဆိုရပါမည်။
Win-Win
နယ်စပ် မိုင်ထောင်ချီဆက်စပ်နေပြီး မည်သို့ဆိုစေ ကင်းမရသည့် ဆက်ဆံရေးရှိနေသည့် တရုတ်တို့နှင့် Win-Win အနေအထားရောက်အောင် အားထုတ်သွားရန် လိုသည်။ လက်ရှိ ဖျက်မရနိုင်သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍လည်းကောင်း၊ ပြန်လည် စိစစ်ပြင်ဆင် ဆုံးဖြတ်ချက် ချနိုင်သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍လည်းကောင်း၊ နောင်လာလတံ့သော ရင်းနှိီးမြှုပ်နှံမှုများနှင့် ပတ်သက်၍လည်းကောင်း မိမိတို့ တိုင်းပြည် အကျိုးစီးပွား ပြည်သူလူထု အကျိုးစီးပွား အခြေခံပေါ်မှ ကြည့်မြင်လုပ်ကိုင်သွားရန် ခိုင်မာသော စာချုပ်များ ဥပဒေများ ထားရှိရေးကို ဂရုစိုက် ကြပ်မတ်သွားရန် လိုသည်။
အခြားတဖက်ကတော့ တရုတ်ရင်းနှီးမြှုပ်နှံမှု မှန်သမျှ ဆန့်ကျင်သည့် အစွန်းတဖက်ကိုလည်း ရှောင်ကြဉ်ရန် လိုအပ်သည်။ လာလတံ့သော တရုတ် ရင်းနှီးမြှုပ်နှံမှုများ (ပိုးလမ်းမနှင့် ရင်းနှီးမြှုပ်နှံမှုများ) သည် တရုတ်တို့ လိုလိုချင်ချင်နှင့် လာရောက်မြှုပ်နှံမည့် အရင်းအနှီးများ ဖြစ်သည်။ ဤအချက်သည် နိုင်ငံခြား အရင်းအနှီးများကို တကူးတက လိုက်လံရှာဖွေရန်ပင် မလိုအပ်သည့် အခြေအနေဖြစ်ရာ ထိုအခွင့်အလမ်းကို တိုင်းပြည်နှင့်လူထု အကျိုး ရှိအောင် အသုံးချနိုင်ရန် ကြို းစားဆောင်ရွက်ရန်သာ လိုသည်။ ထို့အတူ အခြားနိုင်ငံများမှ အရင်းအနှီးများ ပြိုင်ဆိုင်ထားရှိရန် လိုအပ်သည်။ သို့မှသာ တဦးတည်း လက်ဝါးကြီးအုပ်မှုကို ကာကွယ်နိုင်မည်။
နှစ်နိုင်ငံဆက်ဆံရေး ဆိုသည်မှာ သူအကျိုးရှိ ကိုယ်အကျိုးရှိစေရန် လိုသည်။ တဖက်တည်း အကျို းရှိပါက ဆက်ဆံရေး ပြတ်တောက်သွားမည်သာ ဖြစ်သည်။ ယခု ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင် တရုတ်တို့ အကူအညီ ပေးအပ်မည့် ရန်ကုန်နှင့် မန္တလေးတွင် ဆေးရုံ တရုံစီ ဆောက်လုပ်ပေးရေးသည် မြန်မာတို့ အကျိုးသက်သက်ဟု ဆိုနိုင်သော်လည်း ကွန်လုံတံတား ဆောက်လုပ်ပေးမည် ဆိုသည်ကတော့ တရုတ်အကျို းစီးပွားလည်းပါသည်ဟု ဆိုရမည်။
ကွန်လုံမြို့ နှင့် မိုင် ၂၀ ကျော်ခန့်အကွာတွင် နယ်စပ်မြို့ ဖြစ်သော ချင်းရွှေဟော် (ကိုးကန့်) သည် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တခု ဖြစ်ပြီး တရုတ်တို့အနေနှင့် လန်စန်ဒေသမှ မြန်မာပြည်သို့ နယ်စပ်ကုန်သွယ်ရေးပြုလုပ်ရန် ရည်ရွယ် စတင်နေသည့် နယ်စပ်ဂိတ်ဖြစ်သည်။ ထို့ပြင် ချင်းရွှေဟော် အနီး၌လည်း အထူးစီးပွားရေးဇုန်တခု ပြုလုပ်ရန် တရုတ်တို့သည် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းစီစဉ်နေသည်။ လားရှိူးမှ သိန္နီသို့ ရောက်လျင် ကွတ်ခိုင်-မူဆယ်ဘက် မသွားဘဲ ကွန်လုံသို့ လမ်းခွဲသွားပါက ချင်းရွှေဟော်ဂိတ်သို့ ရောက်သည်။ ပြီးခဲ့့သော ၂ နှစ်ခန့် လမ်းသစ်ဖောက်လုပ်ထားရာ သိန္နီမှ ကွန်လုံ-ချင်းရွှေဟော်သို့ သွားခြင်းသည် သိန္နီမှ မူဆယ် သွားခြင်းထက် ပို၍ မြန်ဆန် အဆင်ပြေသည်။ ထို့ပြင် တရုတ်ပြည်တွင်းမှလည်း ချင်းရွှေဟော်မှ ပေါက်စမ်း ခွင်းမင်(ကူမင်း) သို့သွားခြင်းက ရွှေလီမှ ပေါက်စမ်း ခွင်းမင်းသို့ သွားခြင်းထက် ပိုနီးသည်။
ထို့ကြောင့် ကွန်လုံမြို့လယ်မှ အိုဟောင်းနေသော ကြိုးတံတား နေရာတွင် တံတားသစ်ဆောက်လုပ်ပါက တရုတ်ပြည်သို့ ကုန်သွယ်မည့် ကုန်တင်ကားကြီးများ သွားလာရာတွင် အဆင်ပြေမည် ဖြစ်သည်။ ထို့ကြောင့် ထိုကွန်လုံ တံတားသည် တရုတ်တို့ အတွက် အကျိုးရှိသည့် တံတားလည်းဖြစ်သည်ဟု ဆိုရမည်။ မြန်မာပြည်အတွက် အိုဟောင်းနေသော တံတားတစင်းအစား တံတားအသစ်တခု ရပြီး ကုန်သွယ်မှု အကျိုးအမြတ် ရနိုင်မည်။ မည်သို့ ဆိုစေ Win-Win ဆိုသည်မှာ ဤအရာမျိုးကို ခေါ်ခြင်း ဖြစ်ပုံရသည်။
နိဂုံး
ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့တာဝန်ယူပြီးနောက် အာဆီယံပြင်ပ နိုင်ငံများ၊ ပြင်ပခရီးစဉ် အဖြစ် တရုတ်နိုင်ငံအား ရွေးချယ်လိုက်ခြင်းပြီး သူမ၏ နိုင်ငံခြားရေး ပေါ်လစီကို ပုံဖော်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် တရုတ်ခရီးစဉ် အပြီးတွင် အမေရိကသို့ သွားမည်။ ထို့နောက် ဥရောပ အိန္ဒိယ ဂျပန်တို့သို့ ခြေဆန့်တော့မည်ကို တရုတ်တို့ သိပြီး ဖြစ်သည်။ ဂျပန်က တဖွဖွခေါ်နေသည့် ကြားက ဂျပန်ကို မရွေးချယ်ခြင်းက တရုတ်တို့အတွက် ရတက်အေးဖွယ် ဖြစ်သည်။ တရုတ်အား အလေးထားခြင်းကို ပြသသည့် အနေဖြင့် တရုတ်ပြည်သို့ ဦးစွာသွားခဲ့ခြင်းသည် တရုတ်တို့အတွက် စိတ်သက် သာရစေသည့်ပြင် ဂုဏ်သိက္ခာရှိသည့် အနေအထားကို ရစေပြီး စိတ်ကျေနပ်မှုကို ရစေခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။
မည်သို့ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည် အစိုးရခေတ်ကာလတွင် မြန်မာနှင့် တရုတ်ဆက်ဆံရာ၌ မြန်မာလူထုအတွက် အကျိုးရှိစေသည့် အခြေအနေများ ပေါ်ထွက်လာစေနိုင်သည့် အခြေအနေများ အစပျိုးစပြုပြီဟု သုံးသပ်ရပေမည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ် တရုတ်ခရီးသည် မြန်မာ-တရုတ် ဆက်ဆံရေး ပြန်လည်ဆန်းသစ်မှု အစဟု ဆိုရပေမည်။ မြန်မာပြည်၏ အပြောင်းအလဲနှင့် အရွေ့များကို တစတစ တိုးတက်မြင်ရဖွယ်ရှိသည်ဟု ဆိုရပါမည် ဖြစ်ပါကြောင်း။
(မောင်မောင်စိုးသည် တိုင်းရင်းသားရေးရာနှင့် တရုတ်-မြန်မာ ဆက်ဆံရေးဆိုင်ရာ ရန်ကုန်အခြေစိုက် သုတေသီတဦး ဖြစ်သည်)
ဆက်စပ်ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ် တရုတ်ခရီးစဉ်ကို လေ့လာချက် အပိုင်း – ၁
ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ် တရုတ်ခရီးစဉ်ကို လေ့လာချက် အပိုင်း – ၂