ခွန်ဆာလို့ ဆိုလိုက်ပါက မြန်မာသာမက ကမ္ဘာကပါ ဘိန်းဘုရင်တဦးအဖြစ် အားလုံးသိသူ၊ ခုထိလည်း ရွှေတြိဂံ ဘိန်းကိစ္စတွေမှာ ထည့်သွင်းရည်ညွှန်းခံနေရဆဲ သူတဦး ဖြစ်ပါတယ်။
တဖက်ကကြည့်တော့ ခေါင်း၊ တဖက်ကကြည့်တော့ ပန်း၊ လက်ဖဝါးနှင့် လက်ဖမိုး ဆိုသည့် လောကဓမ္မတာလိုပင် တဖက်က ဘိန်းဘုရင်ဟု သမုတ်ကြသော်လည်း ရှမ်းတိုင်းသား တချို့အတွက်တော့ ခွန်ဆာဟာ မျိုးချစ်သူရဲကောင်းတဦး ဖြစ်နေပါတယ်။
ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနယ်စပ်အနီး တောင်တန်း တနေရာမှာရှိတဲ့ ဘန့်ထော့ထိုင်း ဆိုတဲ့ရွာလေးမှာ တွေ့ခဲ့ရတဲ့ မြင်ကွင်း၊ ကြားခဲ့ရတဲ့ ပြောဆိုချက်တွေကြောင့် ဖြစ်ပါတယ်။
ထိုင်းနယ်နိမိတ်ထဲက ဘန့်ထော့ထိုင်းရွာလေးဟာ လွယ်မော် ကာကွယ်ရေးက အစပြုခဲ့တဲ့ ရှမ်းပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၊ နောင်မှာတော့ Mong Tai Army လို့ ခေါ်တဲ့ MTA တပ်ရဲ့ ခေါင်းဆောင် ခွန်ဆာ စခန်းချ အခြေစိုက်ခဲ့တဲ့ ရွာလေးဖြစ်ပါတယ်။
အရင်ကတော့ ဘန့်ဟင်တက်လို့ လူသိများတဲ့ ဒီရွာလေးမှာ ခွန်ဆာဟာ ၁၉၆၄ ခုနှစ်ကနေ ၁၉၈၂ တဝိုက်အထိ အခြေချခဲ့ တာပါ။
မယ့်စလောင်း တောင်ရိုးပေါ်မှာရှိတဲ့ ဒီရွာလေးဟာ မြန်မာနယ်စပ်နဲ့ဆိုရင် ကီလို ၃၀ ခန့် ဝေးပြီး၊ မယ်စလောင်းမြို့ငယ်လေး ကနေ တောင်ပေါ်ကားလမ်းအတိုင်း မယ့်စလောင်၊ ကျင်းတပ် စတဲ့ရွာလေးတွေကို ဖြတ်ကာ နာရီဝက်ခန့် သွားလိုက်ရင်ဖြင့် ဘန့်ထော့ထိုင်း ရွာလေးကို ရောက်ပါပြီ။
ရွာအဝင် ကားလမ်းဘေး တနေရာမှာတော့ Khum Sa Old Camp လို့ ထိုင်း – အင်္ဂလိပ် ၂ ဘာသာနဲ့ ရေးသားထားတဲ့ ခွန်ဆာစခန်းဟောင်းဆီကို လမ်းညွှန်ထားတဲ့ မထင်မရှား ဆိုင်းဘုတ်လေး တခုရှိပါတယ်။ ခွန်ဆာ စတင်စခန်းချစဉ်က အိမ်ခြေ ၇ အိမ်ခန့်သာ ရှိတဲ့ ဘန့်ထော့ထိုင်းရွာလေးဟာ အခုဆိုရင် လူဦးရေ ထောင်ဂဏန်းရှိတဲ့ ရွာကြီးတရွာ ဖြစ်နေပါပြီ။
ဒီရွာလေးမှာ နေထိုင်သူအများစုဟာ ခွန်ဆာရဲ့ ယခင် ရှမ်းရဲဘော်များဖြစ်ပြီး၊ အကြောင်း အမျိုးမျိုးကြောင့် မြန်မာပြည်ကို မပြန်နိုင်တော့တဲ့သူတွေ၊ ခွန်ဆာ လက်နက်ချတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သဘောကွဲလွဲသူတွေဟာ ဒီရွာလေးမှာ ဇာတ်မြှုပ်ပြီး အခြေချ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။
စည်ကားလှတဲ့ ရွာလည်ကို ဖြတ်ကာ အရှေ့ဘက်တောင်ခြေကို သွားလိုက်ရင် စိန်ပန်းပင်အိုကြီးတွေ အုပ်မိုးထားတဲ့ မြေကွက်လပ်မှာတော့ လူကြီးတယောက် မြင်းကြီးစီးနေတဲ့ ရုပ်တုတခု။ သူကတော့ ကျနော်တို့ အားလုံးသိကြတဲ့ ကမ္ဘာကျော် ခွန်ဆာ ပါပဲ။ ဒီနေရာမှာ စခန်းချသွားတဲ့ ခွန်ဆာကို အမှတ်ရတဲ့ အနေနဲ့ ဘန်ထော့ထိုင်းရွာလေးက ရှမ်းတိုင်းရင်းသားတွေဟာ ခွန်ဆာပုံတူ မြင်းစီးကျောက်ရုပ်ကို ထုလုပ်ထားတာဖြစ် ပါတယ်။
ခွန်ဆာရုပ်ထုရဲ့ ရှေ့မှာတော့ သူရှိစဉ်က ရုံးထိုင်ခဲ့တဲ့ ရုံးခန်း၊ အစည်းအဝေးခန်းမ၊ စစ်သားတွေနေတဲ့ တန်းလျား၊ သူနေတဲ့ အခန်းတွေကို ဟိုအရင် ခွန်ဆာ တပ်စခန်းချခဲ့တဲ့ အနေအထားအတိုင်းပဲ မြင်တွေ့နေရပါတယ်။
တောင်စောင်း တနေရာမှာတော့ တပ်စည်းကမ်း ဖောက်ပျက်သူတွေ၊ တပ်ပြေးတွေ၊ ပြစ်မှုကျူးလွန်သူ၊ မူးယစ်ဆေးဝါး သုံးစွဲ သူတွေကို ထားရှိရာ မှောင်မဲနေတဲ့ မြေအောက် အကျဉ်းစခန်းရှိပါတယ်။
ရုံးခန်းရှေ့မှာတော့ ၁၉၈၂ ခုနှစ်မှာ ထိုင်းတပ်မတော်က ခွန်ဆာရဲ့ ဘန့်ဟင်တက်စခန်းကို ကြည်းတပ်၊ လေတပ်တွေနဲ့ ထိုးစစ်ဆင်စဉ် လေတပ်က ကြဲချခဲ့တဲ့ လူရဲ့ရင်စို့လောက်ရှိတဲ့ ဗုံးဆံခွံကြီးတခုကို ထောင်ထားကာ အမှတ်တရအနေနဲ့ ပြသ ထားပါတယ်။
မကြာခင်မှာပဲ ဒီပြတိုက်ကို ဦးဆောင်ထိန်းသိမ်းနေတဲ့ စိုင်းခေးလုံ ရောက်လာပါတယ်။ စိုင်းခေးလုံဟာ အရင်က ခွန်ဆာရဲ့ တပ်က မိဘမဲ့ကလေးတွေကို စာသင်ပေးရတဲ့ ကျောင်းဆရာတဦးပါ။
သူ့ရဲ့ ပြောပြချက်အရ တောင် ၃ လုံး ကာရံထားတဲ့ ဘန့်ဟင်တက် တပ်စခန်းဟာ ၁၂ ဧက ကျယ်ဝန်းပြီး၊ တောင်တွေပေါ်မှာ စစ်သား ၂၀၀ လောက် စခန်းချထားတဲ့အတွက် ရန်သူတွေ လာရောက် တိုက်ခိုက်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ စိုင်းခေးလုံက ပြတိုက်လုပ်ထားတဲ့ ခွန်ဆာရဲ့ စစ်တန်းလျားကို လှည့်လည်ပြသပါတယ်။ ခွန်ဆာ စခန်းဟောင်းကို ပြတိုက်ဖွင့်လှစ်ခြင်းရဲ့ ရည်ရွယ်ချက်က နောင်လာနောက်သားတွေ အတွက် သမိုင်းဝင် နေရာတခုအဖြစ် သိရှိဖို့လို့ ဆိုပါတယ်။
ပြတိုက်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ပင်လုံ စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးနေကြတဲ့ ပန်းချီကားကြီးကို ချိတ်ဆွဲထားပြီး၊ ရှမ်းစော်ဘွားတွေဖြစ်တဲ့ မိုင်းပွန်၊ သီပေါ၊ ကျိုင်းတုံ၊ ညောင်ရွှေစော်ဘွားနဲ့ မဟာဒေဝီတို့ပုံတွေ၊ အဲဒီနောက် ရှမ်းတော်လှန်ရေးကိုစတင်ခဲ့တဲ့ နွံစစ်ဟန်အဖွဲ့ ခေါင်းဆောင် စဝ်နွဲ့၊ တခြား ခေါင်းဆောင်များဖြစ်တဲ့ ဗိုလ်မိုးဟိန်း၊ ဗိုလ်စိုင်းလိတ် (ကုလား)၊ ဗိုလ်ကမ်းရွက်၊ ဗိုလ်ချုပ် ဆေထင်၊ ဗိုလ်ချုပ် ရွက်ဆစ် စသူများရဲ့ဓာတ်ပုံများအပြင် ရှမ်းပြည်နယ် အတွင်းက ပအိုဝ်၊ ပလောင်၊ ၀၊ မိုင်းလားစတဲ့ ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေ၊ ရှမ်းစာပေနဲ့ယဉ်ကျေးမှုအပိုင်းက ဦးဆောင် သူတွေဖြစ်တဲ့ ဦးခွန်းဆိုင်၊ ဦးစိန်ကြည်နဲ့ ရှမ်းနိုင်ငံရေးသမားတွေ့ရဲ့ ဓာတ်ပုံတွေ ရှိပါတယ်။
ထူးထူးခြားခြား သတိထားမိတာ တခုကတော့ သီချင်းရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်၊ အဆိုတော် စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ် စသူများရဲ့ ဓာတ်ပုံများကိုလည်း မူးယစ်ဆေးဝါးနဲ့ နာမည်ကြီးတဲ့ ခွန်ဆာတို့လို ဝေရှောက်ခန်၊ စိုင်းလင်း၊ ဗိုလ်မွန်း စတဲ့သူတွေနဲ့ အတူတူတွေ့ရခြင်းပါပဲ။
စိုင်းခေးလုံကတော့ “ခွန်ဆာဟာ တခြားသူတွေလိုပဲ ရှမ်းပြည် လွတ်မြောက်ရေးမှာ တတပ်တအား ပါဝင်ခဲ့တာကြောင့် အားလုံးနဲ့ တန်းတူထားတာ ဖြစ်တယ်” လို့ ဆိုပါတယ်။
ဒါအပြင် ရှမ်းစစ်သားတွေကို တရားဟောနေတဲ့ ခွန်ဆာ၊ သေနတ်ကိုင်ထားတဲ့ ခွန်ဆာ၊ မြင်းစီးနေတဲ့ ခွန်ဆာ၊ ကျွန်းပင်ကြီး အောက်မှာ အနားယူနေတဲ့ ခွန်ဆာ စတဲ့ ဓာတ်ပုံ အမျိုးမျိုးကိုလည်း ချိတ်ဆွဲထားသလို ဘိန်းနဲ့ ကုန်ပစ္စည်းတွေ လက်နက်တွေ သယ်ဆောင်ရာမှာ သုံးတဲ့ လားတွေရဲ့ ကုန်းနှီးတွေကိုလည်း ပြသထားပါတယ်။
ခွန်ဆာနေခဲ့တဲ့ အခန်းမှာတော့ သူဝတ်ဆင်ခဲ့တဲ့ ယူနီဖောင်း ၄ ထည်ခန့်နဲ့ ကုတင်တလုံး၊ မှန်တင်ခုံ စတာတွေကိုတွေ့ရပြီး၊ နံရံမှာတော့ ရှမ်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ ခွန်ဆာရဲ့ ဓာတ်ပုံတပုံနဲ့အတူ ဓား ၁ လက်ကို ချိတ်ဆွဲထားပါတယ်၊ ဧည့်ခန်း ထောင့်တနေရာမှာ ထိုင်နေတဲ့ ခွန်ဆာရဲ့ရုပ်ထုဟာ အသက်ဝင်လှသလို အမှတ်တမဲ့ ကြည့်လိုက်ပါက လူတယောက် ထိုင်နေ သည့်အလား ၂ ခါ ပြန်ကြည့်ရတဲ့ အနေအထားပါ။
ခွန်ဆာဟာ ဒီ ဘန်ဟင့်တက်စခန်းမှာ အခြေချကာ ရှမ်းပြည်နယ်နေရာ အသီးသီးက လူသစ်တွေကို တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ ရွှေတြိဂံ လမ်းကြောင်းနဲ့ ကျောက်မဲ၊ သီပေါ၊ လာရှိုး၊ တန့်ယန်းကနေ သံလွင်မြစ်ကို ကျော်ဖြတ်တဲ့ လမ်းကနေ ခေါ်ဆောင်ကာ စစ်သင်တန်း တက်စေပါတယ်။ တခါတခါ လူသစ် ၆၀၀ မှ ၈၀၀ ခန့်အထိ စုဆောင်းသင်တန်းပေးကာ ထိုင်းကနေ လက်နက်ဝယ်ယူ တပ်ဆင်ပေးလိုက်ပြီး ရှမ်းပြည်ကို ပြန်ကြတယ်လို့ သိရပါတယ်။
ခွန်ဆာရဲ့ စခန်းနဲ့ သူရဲ့ ရုပ်ပုံတွေကို ကြည့်ရင်း တွေးမိတာကတော့ တချိန်က အမေရိကန်က အလိုရှိခဲ့ပြီး စစ်ဗိုလ်ချုပ်ကြီး တွေနဲ့ စည်းဝါးရိုက်ကာ အလင်းဝင်ခဲ့့တဲ့ ဘိန်းဘုရင်ဟောင်း ခွန်ဆာအကြောင်းပါပဲ။
တကယ်တော့ ခွန်ဆာဆိုတာ ကွန်မြူနစ်ရန်ကနေ ကာကွယ်ဖို့ အစိုးရက မွေးထုတ်လိုက်တဲ့ ဘိန်းဘုရင်ဟောင်း လော်စစ်ဟန် တို့လို ဒေသခံ ပြည်သူ့စစ်ခေါင်းဆောင် တဦးပါ။
၁၉၃၄ ခုနှစ် နောင်လိုင်မြို့စားရဲ့ ဒုတိယဇနီးက မွေးဖွားခဲ့တဲ့ ခွန်ဆာဟာ ၁၉၅၈ ခုနှစ်မှာ တရုတ်ဖြူတို့နဲ့ အတူ ဖော်မိုဆာ ကျွန်းအထိ လိုက်ပါသွားကာ၊ ၁၉၆၀ ခုနှစ်မှာ နောင်လိုင်ဒေသကို ပြန်လည် ရောက်ရှိလာပြီး အင်အား ၄၀ ခန့်နဲ့ နောင်လိုင် ကာကွယ်ရေးတပ်ကို ဖွဲ့ခဲ့ပါတယ်။
၁၉၆၃ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ အာဏာသိမ်း တော်လှန်ရေးကောင်စီက ကျပ် ၁၀၀ တန်နဲ့ ၅၀ တန် ငွေစက္ကူတွေကို တရားမဝင်တော့ကြောင်း ကြေညာလိုက်တဲ့ အခါမှာတော့ ခွန်ဆာဟာ မကျေမနပ်ဖြစ်ပြီး တောခိုသွားပေမယ့် ၁၉၆၆ ခုနှစ်မှာတော့ ပြန်လည် အလင်းဝင်ခဲ့ပြန်ပါတယ်။
အဲဒီအချိန်မှာ အင်အား ၁၇၀၀ ခန့်ရှိတဲ့ ခွန်ဆာရဲ့ ကာကွယ်ရေးတပ်ဟာ ကွန်မြူနစ်ရန် ကာကွယ်ဖို့ အရေးပါလာသလို ဘိန်းလုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် ခွန်ဆာကို ဖမ်းဆီးလိုက်တဲ့ အခါမှာတော့ ကျန်ဆူးရှင် ခေါင်းဆောင်တဲ့ လွယ်မော် ကာကွယ်ရေးတပ်တွေဟာ တပ်မတော်ကို ပြန်လည် တိုက်ခိုက်ပြီး ခွန်ဆာလွတ်မြောက်ရေးကို ကြိုးစားခဲ့ပါတယ်။
အထင်ရှားဆုံးကတော့ တောင်ကြီး စဝ်စံထွန်းဆေးရုံက ရုရှား ဆရာဝန်တွေကို ပြန်ပေးဆွဲကာ ခွန်ဆာ လွတ်မြောက်ရေး အတွက် ကြိုးစားခဲ့ခြင်းပါပဲ။ ထိုင်းအစိုးရ ဝန်ကြီးတဦးရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောာင့် ရုရှား ဆရာဝန်တွေ လွတ်မြောက် လာခဲ့သလို၊ ခွန်ဆာလည်း ထောင်ကနေ လွတ်မြောက်ခဲ့ပါတယ်။
၁၉၇၆ ခုနှစ် ထောင်ကနေ လွတ်မြောက်လာတဲ့ ခွန်ဆာဟာ ဘန့်ဟင်တက်ရွာလေးမှာ ဒုတိယအကြိမ် အခြေချကာ ဘိန်းလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ပါတော့တယ်။ အဲဒီနောက်မှာတော့ အမေရိကန်ဘက် ကိုယ်စားလှယ်တွေ စေလွှတ်ပြီး အကြိမ်ကြိမ် လာရောက် ညှိနှိုင်းခဲ့ပေမယ့် အောင်မြင်ခြင်း မရှိပါဘူး။ တကယ်တော့လည်း ခွန်ဆာလို လူမျိုးတွေကို ကွန်မြူနစ် ရန်ကာကွယ်ဖို့ အမေရိကန်နဲ့ ဒေသတွင်းက ထိုင်း၊ မြန်မာ စတဲ့အစိုးရတွေက မြေတောင် မြှောက်ပေးခဲ့တာပါပဲ။
အမေရိကန်နဲ့ ဆွေးနွေးပွဲ ပျက်ပြားပြီးတဲ့နောက် ထိုင်းအစိုးရကလည်း ခွန်ဆာကို သူ့ရဲ့ နယ်မြေထဲမှာ ဆက်လက် လက်ခံ မထားလိုတော့တဲ့ အတွက် ၁၉၈၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ဘန့်ဟင်တက် စခန်းကို တိုက်ခိုက်လာရာ ခွန်ဆာဟာ ဟိုမိန်းစခန်းကို ပြောင်းရွေ့သွားသလို၊ သူ့ရဲ့ စစ်သားတချို့ဟာလည်း လွယ်လန်းဘက်ကို ပြောင်းရွေ့အခြေချခဲ့ပါတယ်။ သူကလည်း နယ်စပ်မြို့ မယ်ဆိုင်ကို တိုက်ခိုက်ခဲ့ပါတယ်။
၁၉၈၅ ခုနှစ်မှာတော့ ရှမ်းလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ SSA ၊ SURA နဲ့ ခွန်ဆာရဲ့ SUA ပူးပေါင်းကာ Mong Tai Army လို့ ခေါ်တဲ့ MTA ကို ဖွဲ့စည်းခဲ့ပါတယ်။
၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲကာ ၀၊ ကိုးကန့် စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူချိန်မှာတော့ ခွန်ဆာရဲ့ အင်အားဟာ ပိုမိုကြီးထွားလာရာ ရှမ်းပြည်နယ်ရဲ့ သမ္မတလို့တောင် သူ့ကိုယ်သူ ကြေညာခဲ့ပါသေးတယ်။
အဲဒီနောက်မှာ အမေရိကန်က မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ဆုငွေထုတ် ဖမ်းဆီးဖို့ ကြိုးစားလာတာရယ်၊ မြန်မာ့ တပ်မတော်ရဲ့ တိုက်ခိုက်မှုတွေရယ်၊ ၀ နဲ့ နယ်မြေလုပွဲ အကြိတ်အနယ် ဖြစ်နေတာတွေရယ်ကြောင့် နောက်ဆုံး ခွန်ဆာဟာ စစ်ထောက်လှမ်းရေးနဲ့ ဆက်သွယ်ပြီး မြန်မာစစ်အစိုးရရဲ့ အစောင့်အရှောက်ကို ခံယူခဲ့ပါတယ်။
တကယ်တော့ ခွန်ဆာရဲ့ လုပ်ရပ်ဟာ စစ်အစိုးရရော သူ့အတွက်ပါ ၂ ဦး ၂ ဖက် အကျိုးရှိစေတဲ့ Win-Win အခြေအနေလို့ ဆိုရမှာပါ၊ အဲဒီတုန်းက ခွန်ဆာရဲ့ အင်အားက ၁ သောင်း ၄ ထောင်ကျော်နဲ့ လေယာဉ်ပစ် ဆမ်-၇ ဒုံးကျည်တွေ ရှိသလို လက်နက်စက်ရုံ အပါအဝင် TNT ယမ်းတန်ချိန်က ၂ တန်ကျော် နဲ့ လက်နက်ပေါင်းများစွာ ရှိပါတယ်။
ခွန်ဆာ အကြွင်းမဲ့ လက်နက်ချဖို့ ဆက်သွယ်လာတဲ့ အခြေအနေကို စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က မယုံတဝက် ယုံတဝက်လို့ သူရဲ့အင်တာဗျူး စာအုပ်မှာ ဆိုခဲ့ပါတယ်။ နှစ်ဖက် လူယုံတွေလွှတ် ၅ ကြိမ် တိုင်တိုင် ဆွေးနွေးပြီးတဲ့နောက် ခွန်ဆာကြီး လက်နက်စွန့်တဲ့အခါ တပ်မတော်က တပ်ရင်း ၃၀ နဲ့ အဲဒီဒေသကို ဝင်ရောက်ခဲ့ပါတယ်။ လက်နက်စွန့်တဲ့ အခမ်းအနားကိုတော့ ထောက်လှမ်းရေးတွေ တက်ရောက်ခွင့် မရတော့ဘဲ လူပေါ်လူဇော် အလုပ် ခံရတာကိုလည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က သူ့စာအုပ်မှာ ရင်ဖွင့်ထားပါတယ်။
သူမသေခင် ဘိန်းဘုရင်ဆိုတဲ့ သူ့ရဲ့သမိုင်းကို ဖျက်ခဲ့ချင်တယ်ဆိုတဲ့ ခွန်ဆာတယောက် စစ်အစိုးရ ထီးရိပ်အောက်မှာ အစောင့်အရှောက်ခံ ဘဝနဲ့ နေထိုင်သွားရင်း ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဘိန်းဘုရင်ဆိုတဲ့ သမိုင်းကို ဖျောက်ဖျက်ချင်တဲ့ ခွန်ဆာလည်း စစ်အစိုးရဆောက်ခဲ့တဲ့ ရန်ကုန် မူးယစ်ဆေးဝါး ပြတိုက်မှာ ဓာတ်ပုံနှင့်တကွ သမိုင်းတင်ကျန်ရစ်ခဲ့ပါတယ်။
ခွန်ဆာရဲ့ တော်လှန်ရေးကို ယုံကြည်လို့ အသက် ၁၇-၁၈ နှစ်ကတည်းက ကျိုင်းတုံနယ်ကနေ လာရောက်ပူးပေါင်းခဲ့ကြတဲ့ အခု အသက် ၈၀ အရွယ် ဘန့်ဟင်တက်ရွာမှာပဲ အခြေချနေတဲ့ အဖိုးအို လုံဘွန်းမီး အပါအဝင် ၃ ဦးကတော့ သူတို့ခေါင်းဆောင် ခွန်ဆာဟာ ရှမ်းပြည်က အကွဲကွဲအပြားပြား ဖြစ်နေတဲ့ တော်လှန်ရေး အုပ်စုတွေကို စုစည်းနိုင်ခဲ့သူ ဖြစ်ပေမယ့် တော်လှန်ရေး အတွက် အနှစ် ၂၀၊ ၃၀ လောက် ဒုက္ခခံလာပြီးမှ သူတို့ လိုချင်တဲ့ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး ဆိုတာတွေ မရခင်မှာ လက်နက်ချသွားတာနဲ့ ပတ်သက်ပြီး စိတ်ပျက်မိကြောင်း ပြောကြပါတယ်။ ဒါပေမယ့်၊ ခွန်ဆာဟာ သူတို့အတွက်တော့ သူရဲကောင်း တော်လှန် ရေးသမားတဦး၊ ခေါင်းဆောင်ကောင်းလို့ ဆိုပါတယ်။
ဒါ့အပြင် ခွန်ဆာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်ဆိုတာက သူကိုယ်တိုင်လည်း စိုက်ခဲ့တာ၊ ရောင်းဝယ် ဖောက်ကားခဲ့တာ မရှိဘူး၊ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အပေါ်ကနေ အခွန်အတုတ် ကောက်ယူတာသာ ဖြစ်တယ်၊ ဒီလိုမှ မကောက်ရင်လည်း သူတို့ဟာ နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရ မဟုတ်တဲ့အတွက် ဝင်ငွေ မရှိဘူး၊ ဒါကြောင့် အခွန်အတုတ် ကောက်တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်၊ ဘိန်းဘုရင်ဆိုတာ စွပ်စွဲခံ သက်သက်သာ ဖြစ်တယ်လို့ သူတို့ ယုံကြည်နေကြပါတယ်။
ဘာပဲပြောပြော ခွန်ဆာဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူတဦး အခြေချနေထိုင်ခဲ့တဲ့ နေရာလေးကတော့ ပြတိုက်အိုလေး အဖြစ် လူမသိသူမသိ မထင်မရှား ရှိနေဆဲပါ။